← Chapters

အခန်း (၂၃၇)

Vol. 24 Ch. 237

အခန်း (၂၃၇)

Vol. 24 Ch. 237

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၂၃၇

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

ဤနိုင်ငံရေးတိုက်ပွဲတွင် စိတ်အဆင်းရဲရဆုံးလူမှာ လူပေါင်းများစွာ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံနေရသည့် လီဝမ်ဟွေ့ မဟုတ်ပေ။ အင်ပါယာအတွက် ၊ မွေးစားသားအတွက် ၊ ဧကရာဇ်မင်းမြတ်အတွက် သူသည် တရားမျှတမှုအား ရှာဖွေခဲ့ပြီး ရရှိခဲ့ပြီ ဖြစ်သည်။ ဧကရာဇ်မင်းမြတ်က သူ့ကို ကွပ်မျက်ရန် အမိန့်ချမှတ်ခဲ့လျှင်ပင် သူ့အနေဖြင့် နောင်တရမည် မဟုတ်ပေ။

စိတ်အဆင်းရဲရဆုံးလူမှာ ဧကရာဇ်မင်းမြတ် ဖြစ်သည်။ ဟန်မင်းဆက် ဧကရာဇ်ကျင်း နှင့် မတူပေ။ ဧကရာဇ်ကျင်းသည် အေးစက်ပြီး ခံစားချက်မရှိသူ ဖြစ်သည်။ ချောင်ချွေ့ကို သတ်ဖြတ်လိုက်ခြင်းက သူ၏ ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့သော်လည်း စိတ်ခံစားမှုပိုင်းဆိုင်ရာအရ ထိခိုက်မှု မကြီးမားလှပေ။

သို့သော် ဧကရာဇ်ထိုက်ယွင်သည် သံယောဇဉ်ကြီးမားသူ တစ်ဦး ဖြစ်သည်။ လီဝမ်ဟွေ့သည် သူ၏ ယုံကြည်ရသော လက်ရုံးတစ်ဆူ ၊ သူ၏ သူငယ်ချင်း ၊ သူ၏ သစ္စာရှိ အမတ်ကောင်း ဖြစ်သည်။ မင်းသမီးနင်းရွှဲ့ ပြောသကဲ့သို့ လီဝမ်ဟွေ့ကို သတ်ဖြတ်ရန် ဖိအားပေးခံရပါက သူ၏ သက်တမ်း ၁၀ နှစ်ခန့် တိုသွားပေလိမ့်မည်။

ထိုကိစ္စ ဖြစ်ပွားပြီးကတည်းက နှစ်အနည်းငယ်ကြာ ငြိမ်သက်နေခဲ့သော သူ၏ အဆုတ်ရောဂါသည် ပြန်လည် ဖောက်ပြန်လာပြီး တစ်နေ့ထက်တစ်နေ့ ပိုမို ဆိုးရွားလာခဲ့သည်။ တစ်နေ့လျှင် အကြိမ်ပေါင်းများစွာ သွေးအန်ပြီး ထမင်းစားလျှင်လည်း ပန်းကန်လုံးသေး တစ်ဝက်ခန့်သာ ဝင်တော့သည်။

အထူးသဖြင့် လီရူဟိုင်၏ စစ်တပ်ချီတက်လာကြောင်း ကျီးကန်းစာပို့စနစ်ဖြင့် အရေးပေါ် လျှို့ဝှက်သတင်း ရောက်ရှိလာသောအခါ ဧကရာဇ်မင်းမြတ်၏ မျက်လုံးများ ပြာဝေသွားပြီး ချက်ချင်း သတိလစ်မေ့မြောသွားခဲ့သည်။ ထို့နောက် သူသည် ခုတင်ပေါ်မှ ပြန်မထနိုင်တော့ဘဲ အသားအရေသည်လည်း တဖြည်းဖြည်း အရောင်အဆင်း ကင်းမဲ့လာခဲ့သည်။ အပြင်ဘက်တွင် အရပ်ဘက်အရာရှိများ ၊ စစ်ဘက်အရာရှိများနှင့် ဟန်လင်းအကယ်ဒမီ ကျောင်းသားများသည် ဆက်လက် ဆူပူအော်ဟစ်နေကြပြီး မြို့တော်တစ်ခုလုံး ပရမ်းပတာ ဖြစ်နေပြီ ဖြစ်သည်။

နှင်းတောင်ပြိုကျသကဲ့သို့ မရေမတွက်နိုင်သော ဖိအားများသည် သူ၏ ပခုံးပေါ်သို့ ကျရောက်နေပြီး သူ၏ အားနည်းသော ပခုံးများက အမှန်တကယ် မခံနိုင်တော့ပေ။ အမှန်တကယ်တွင် သူသည် စိတ်ဓာတ်ကျနေပြီး အသက်ရှင်ရခြင်းသည် ငရဲကျနေသကဲ့သို့ ၊ ဧကရာဇ်ရာထူးသည်လည်း ငရဲခန်းတစ်ခုကဲ့သို့ ဖြစ်နေကာ မျှော်လင့်ချက် လုံးဝ မရှိတော့သကဲ့သို့ ခံစားနေရသည်။

သူ နှစ်ပေါင်းများစွာ သည်းခံခဲ့ရခြင်း အကြောင်းရင်းမှာ အိမ်ရှေ့စံမင်းသားအတွက်သာ ဖြစ်သည်။ အိမ်ရှေ့စံမင်းသားသည် ငယ်ရွယ်သေးပြီး အတွေ့အကြုံ လိုအပ်သေးသည်ဟု သူ ခံစားရသည်။ ဖခင်တစ်ယောက်အနေဖြင့် သားတော်ကို နောက်ထပ် နှစ်အနည်းငယ်ကြာအောင် စောင့်ရှောက်ပေးရန် လိုအပ်သေးပြီး ဘိုးဘေးပိုင် အင်ပါယာကြီး ဤကဲ့သို့ ယိုယွင်းပျက်စီးသွားမည်ကို မကြည့်ရက်နိုင် ဖြစ်နေသည်။

သို့သော် ဤတစ်ခါတော့ သူ အမှန်တကယ် စိတ်ပျက်အားငယ်နေပြီ ဖြစ်သည်။ အာဏာစက်သည် သူတစ်ပါးလက်ထဲတွင် ရှိနေသည်။ သူတို့သည် အမည်းကို အဖြူ ဖြစ်အောင် လုပ်နိုင်သလို ၊ သမင်ကို မြင်းဟု ခေါ်ဆိုနိုင်သည်။ အတွင်းခံအဝတ်အစား ပေါက်ပြဲသည်အထိ ဝတ်ဆင်သော သူ့ကဲ့သို့ ဧကရာဇ်တစ်ပါးကို မိုက်မဲသော အုပ်စိုးသူအဖြစ် ဆဲရေးတိုင်းထွာကြသည်။ သို့သော် ထိုအရှက်မရှိသော လူယုတ်မာများကိုမူ သူတော်စင်များအဖြစ် ချီးကျူးမြှောက်စားကြသည်။

ထို့အပြင် လီဝမ်ဟွေ့ကို သတ်ဖြတ်လိုက်လျှင် ၊ အရှေ့ဘက်ကွပ်ကဲရေးရုံး သခင်ကြီး လီလျန်တင်းကို နှင်ထုတ်လိုက်လျှင် ၊ အရှေ့ဘက်ကွပ်ကဲရေးရုံးကို ဖျက်သိမ်းလိုက်လျှင် ၊ သူ ဧကရာဇ်မင်းမြတ်၏ လက်ထဲတွင် နောက်ဆုံးလက်နက် ကျန်ရှိတော့မည် မဟုတ်ဘဲ သူတစ်ပါး၏ ကြိုးဆွဲရာ ကရမည့် ဘဝသို့ ရောက်ရှိသွားပေလိမ့်မည်။

ဤကမ္ဘာကြီးသည် စက်မှုခေတ်သို့ မရောက်ရှိသေးသလို ၊ တော်လှန်ရေးလည်း မဖြစ်ပွားသေးပေ။ စည်းမျဉ်းခံ ဘုရင်စနစ်လည်း မပေါ်ပေါက်သေးပေ။ သို့သော် ဧကရာဇ်အာဏာကို ထိန်းညှိနိုင်သော အင်အားစုတစ်ခု ပေါ်ပေါက်လာခဲ့သည်။ ထိုအရာမှာ သိုင်းပညာရှင်လောကထွန်းကားလာခြင်းပင် ဖြစ်သည်။ တော်ဝင်မိသားစုကို လုံးဝ မှီခိုအားထားခြင်း မရှိဘဲ ကြီးပွားချမ်းသာနိုင်သော အင်အားစုတစ်ခု ရှိနေသည်။

အရပ်ဘက် ၊ စစ်ဘက် နှင့် သိုင်းပညာရှင် အင်အားစု ၃ ခု ပူးပေါင်းလိုက်သောအခါ ဧကရာဇ်သည် လူပိုကြီး တစ်ယောက်ကဲ့သို့ ဖြစ်လာသည်။ အထူးသဖြင့် နောက်ဆုံး ဧကရာဇ်တစ်ပါး ဖြစ်သည်။ ရှေးခေတ်တရုတ်ပြည်တွင် အာဏာသိမ်းခံရသော ၊ သို့မဟုတ် အမတ်ကြီးများ၏ သတ်ဖြတ်ခြင်း ခံရသော နောက်ဆုံးဧကရာဇ် အရေအတွက်သည် လက်တစ်ဖက်ဖြင့် ရေတွက်၍ပင် ကုန်မည် မဟုတ်ပေ။ အလွန်စွမ်းအားကြီးမားသော ဆွေမင်းဆက်မှ ဧကရာဇ်ယန်ပင်လျှင် သူကောင်းမျိုးနွယ်စုကြီးများ၏ လုပ်ကြံခြင်းမှ မလွတ်မြောက်နိုင်ခဲ့ပေ။

အခြားသော တရုတ်သမိုင်းကြောင်းတွင် အရပ်ဘက်အရာရှိများနှင့် စစ်ဘက်အရာရှိများသည် များသောအားဖြင့် သင့်မြတ်လေ့မရှိပေ။ အရှေ့လေက အနောက်လေကို လွှမ်းမိုးသည် ၊ သို့မဟုတ် အနောက်လေက အရှေ့လေကို လွှမ်းမိုးသည်သာ ရှိသည်။ သို့သော် ဤကမ္ဘာတွင် သိုင်းပညာရှင်လောက ထွန်းကားလာမှုနှင့် လွှမ်းမိုးမှုတို့ကြောင့် အရပ်ဘက်အရာရှိအုပ်စုသည်လည်း သိုင်းပညာရှင်များကို လက်ခံလာကြပြီး သိုင်းသင်တန်းကျောင်းများနှင့် မဟာမိတ် ဖွဲ့လာကြသည်။ တစ်ဖက်က ငွေကြေးနှင့် အာဏာကို ပံ့ပိုးပေးပြီး ၊ အခြားတစ်ဖက်က အကြွင်းမဲ့ သိုင်းအင်အားကို ပြန်ပေးကြသည်။

သိုင်းပညာရှင်လောက ထွန်းကားလာမှုကြောင့် အရပ်ဘက်နှင့် စစ်ဘက်အရာရှိများ အကန့်အသတ်ဖြင့် ပူးပေါင်းဆောင်ရွက်လာကြခြင်း ဖြစ်သည်။ တစ်နေ့တွင် သူတို့ ရန်သူ ဖြစ်လာနိုင်သော်လည်း မိန်းမစိုးဂိုဏ်းကို မဖယ်ရှားမီ အချိန်ထိ ပူးပေါင်းဆောင်ရွက်မှုက ပြိုင်ဆိုင်မှုထက် ပိုမို အားကောင်းနေသည်။

အတိုချုပ် ပြောရလျှင် ဤတစ်ခါ လီဝမ်ဟွေ့ကို သတ်ဖြတ်ပြီး လီလျန်တင်းကို နှင်ထုတ်ရန် ဖိအားပေးခံရပါက ဧကရာဇ်သည် ရုပ်သေးရုပ် ဧကရာဇ်တစ်ပါး ဘဝသို့ လုံးဝ ရောက်ရှိသွားပေလိမ့်မည်။ ထိုအခါ ဤဧကရာဇ်ရာထူးသည် မည်သည့် အဓိပ္ပာယ်မျှ ရှိတော့မည် မဟုတ်ပေ။ သူ့အပေါ် သစ္စာရှိသော သစ္စာရှိအမတ်များ ၊ နယ်စားမင်းများ ၊ ဥပမာ ကျန်းနန်နယ်စားမင်း ဆုန်ချွဲကဲ့သို့သော လူများ ရှိနေသေးသော်လည်း ဆုန်ချွဲကို စစ်တိုက်ခိုင်းလျှင် ရနိုင်သည်။ သို့သော် နိုင်ငံရေးတိုက်ပွဲ ဆင်နွှဲခိုင်းမည် ဆိုပါက လုံးဝ မဖြစ်နိုင်ပေ။

ဧကရီနှင့် အိမ်ရှေ့စံမင်းသားတို့သည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်ပြီး ငိုကြွေးနေကြသည်။ အိမ်ရှေ့စံမင်းသားသည် ဆန်ပြုတ်တစ်ခွက်ကို ကိုင်ထားပြီး တောင်းပန်လိုက်သည်။ “ခမည်းတော် ၊ တစ်လုပ်လောက်ဖြစ်ဖြစ် စားလိုက်ပါဦး။ ခမည်းတော် အစာမစားတာ နှစ်ရက် ရှိနေပါပြီ”

ဧကရာဇ်သည် ပြန်မဖြေပေ။ သူ၏ ကုတင်အထက်ရှိ ခြင်ထောင်ကိုသာ ငေးကြည့်နေသည်။ ဤခြင်ထောင်သည် မူလက အဝါရောင်တောက်တောက် ဖြစ်သော်လည်း ယခုအခါ မီးခိုးရောင်သန်းနေပြီ ဖြစ်သည်။ သို့သော် သူ၏ စိတ်နှလုံးသားလောက်တော့ မမည်းမှောင်သေးပေ။

“ခမည်းတော် ၊ သားတော် တောင်းပန်ပါတယ်။ တစ်လုပ်လောက်ပဲ စားပါ” အိမ်ရှေ့စံမင်းသားက ဦးခိုက်လိုက်သည်။

ဧကရာဇ်ထိုက်ယွင် ရုတ်တရက် မေးလိုက်သည်။ “အိမ်ရှေ့စံ ၊ မင်းသာ အခု ထီးနန်းဆက်ခံမယ်ဆိုရင် ဘာလုပ်မလဲ”

ထိုစကားကို ကြားသောအခါ အိမ်ရှေ့စံမင်းသား ကြောင်သွားသည်။ ကြမ်းပြင်ပေါ်တွင် အချိန်အကြာကြီး ဒူးထောက်နေပြီး ဘာမျှ ပြန်မပြောနိုင် ဖြစ်နေသည်။ ထို့နောက် သူသည် ခေါင်းကွဲမတတ် ဦးခိုက်လိုက်ပြီး ငိုကြွေးကာ ပြောလိုက်သည်။ “ခမည်းတော် ၊ ဒီလိုစကားမျိုး ဘယ်တော့မှ မပြောပါနဲ့။ ကြားရတာ မိုးကြိုးငါးစင်း ပစ်ချလိုက်သလိုပါပဲ။ ခမည်းတော် နှစ်ပေါင်းတစ်သောင်း သက်တော်ရှည်ပါစေ။ တောင်တန်းတွေလို အသက်ရှည်ပါစေ။ ခမည်းတော် ဒီလိုစကား ထပ်ပြောရင် သားတော် ခေါင်းနဲ့ ကြမ်းပြင် ဆောင့်ပြီး ခမည်းတော် ရှေ့မှာတင် သေမယ်”

ပြောပြီးနောက် အိမ်ရှေ့စံမင်းသားသည် ကြမ်းပြင်ပေါ်တွင် ဝပ်ဆင်းပြီး ငိုကြွေးနေတော့သည်။ ဧကရာဇ်မင်းမြတ် ဘာမှ ထပ်မပြောတော့ပေ။ သူ၏ မျက်နှာအမူအရာသည် အနည်းငယ် ရှုပ်ထွေးသွားသည်။ သူသည် စိတ်ကစားပွဲများကို မနှစ်သက်ပေ။ အထူးသဖြင့် မိသားစုနှင့် စိတ်ကစားပွဲ ကစားရသည်ကို ပို၍ မုန်းတီးသည်။ ထို့ကြောင့် အခုနက သူပြောခဲ့သော စကားသည် ရိုးသားစစ်မှန်သည်။

သူသည် လီဝမ်ဟွေ့ကို သတ်ရန် အမိန့်မထုတ်ချင်သလို ၊ လီလျန်တင်းကိုလည်း မောင်းမထုတ်ချင်ပေ။ အရှေ့ဘက်ကွပ်ကဲရေးရုံးကိုလည်း မဖျက်သိမ်းချင်ပေ။ သို့သော် အိမ်ရှေ့စံမင်းသား၏ အပြုအမူသည် အနည်းငယ် လွန်ကဲနေပြီး သရုပ်ဆောင်လွန်းနေသည်။ ဧကရာဇ်ထိုက်ယွင်သည် ထူးကဲသော ဉာဏ်ပညာ မရှိသော်လည်း သူသည် ဧကရာဇ်အဖြစ် နှစ်ပေါင်း ၂၀ ကျော် နေထိုင်ခဲ့ပြီး လူကဲခတ်သည့် ပညာကို ပိုင်ဆိုင်ထားသည်။ လူတစ်ယောက် ရိုးသားမှု ရှိမရှိ ၊ ဟန်ဆောင်နေခြင်း ဟုတ်မဟုတ်ကို တစ်ချက်ကြည့်ရုံဖြင့် ခွဲခြားသိမြင်နိုင်သည်။

ထို့ကြောင့် သူသည် နင်းရွှဲ့ကို အချစ်ဆုံး ဖြစ်သည်။ သို့သော် အိမ်ရှေ့စံမင်းသား ဒီလိုဖြစ်နေသည်လည်း ကောင်းပါသည်။ အနည်းဆုံးတော့ တိုင်းပြည်အုပ်ချုပ်သည့် နေရာတွင် သူ့ထက် ပိုမို ပြတ်သားပေလိမ့်မည်။ သူ ထီးနန်းတက်ပြီးနောက် အမတ်မင်းများ၏ အနိုင်ကျင့်ခြင်းကို ခံရမည် မဟုတ်ပေ။

“စောစောစီးစီး အနားယူလိုက်ပြီး အိမ်ရှေ့စံကို နန်းတင်ပေးလိုက်တာလည်း ကောင်းတာပဲ။ ငါနဲ့ အမတ်တွေ မုန်းတီးနေကြတာ ၊ သေရေးရှင်ရေး တိုက်ပွဲ ဖြစ်နေတာတွေကို ရှောင်ရှားလို့ ရတာပေါ့” ဧကရာဇ်ထိုက်ယွင် တွေးလိုက်မိသည်။

သူ အမှန်တကယ် စိတ်ဓာတ်ကျနေပြီ ဖြစ်သည်။

ထိုအချိန်တွင် အပြင်ဘက်မှ အလျင်အမြန် လျှောက်လာသော ခြေသံများကို ကြားလိုက်ရသည်။ ဧကရာဇ်၏ နားရွက်များ စွင့်သွားသည်။ နှလုံးသား ကျုံ့သွားပြီး အသက်ရှူရ ခက်ခဲလာသည်။ အချိန်အတော်ကြာမှ ဧကရာဇ်ထိုက်ယွင် အနည်းငယ် တည်ငြိမ်သွားပြီး တုန်ရီနေသော အသံဖြင့် မေးလိုက်သည်။ “လီရူဟိုင်ရဲ့ စစ်တပ်က တာ့နင်အင်ပါယာ နယ်မြေထဲကို ဝင်ရောက်လာပြီလား။ မြို့တံခါးဝကို ရောက်နေပြီလား”

နောက်ဆုံးအချိန် ရောက်လာပြီလော။ သူ့ကို ဝန်ပိပြီး လဲပြိုသွားစေမည့် ကောက်ရိုးတစ်မျှင် ၊ အမှောင်မိုက်ဆုံး နေ့ရက်များ ရောက်ရှိလာပြီလော။

သက်လတ်ပိုင်း မိန်းမစိုးသည် ချက်ချင်းပင် ကြမ်းပြင်ပေါ်သို့ ဒူးထောက်ချလိုက်ပြီး ရူးမတတ် ဦးခိုက်လိုက်သည်။ “အရှင်မင်းကြီး ၊ ဝမ်းသာစရာပါ။ ဝမ်းသာစရာပါ။ ကောင်းကင်ဘုံက ပေးတဲ့ ဝမ်းသာစရာ သတင်းကောင်းပါ။ ရှားလုံစော်ဘွားက လူရိုင်းစစ်သည် ၃ သောင်းလောက် စေလွှတ်ပြီး လီမိသားစုရဲ့ ဟုန်ဟယ်စီရင်စုကို တိုက်ခိုက်နေပါတယ်။ ပြီးတော့ အရှင်မင်းကြီးဆီကို သံတမန်လွှတ်ပြီး ဘွဲ့တံဆိပ်ချီးမြှင့်ဖို့ တောင်းဆိုလာပါတယ်။ သူ့ရဲ့ မွေးစားသားကိုလည်း မြို့တော်ကို လွှတ်လိုက်ပြီး ပညာသင်ခိုင်းပါသတဲ့။ အခု လမ်းခုလတ်ကို ရောက်နေပါပြီ”

ထိုစကားကို ကြားသောအခါ ဧကရာဇ်မင်းမြတ်သည် ကြောင်အသွားပြီး ကိုယ့်နားကိုပင် မယုံနိုင်အောင် ဖြစ်သွားသည်။ ဤရက်ပိုင်းအတွင်း နေ့တိုင်း သတင်းဆိုးများသာ ကြားနေရပြီး တစ်ခုထက်တစ်ခု ပိုဆိုးလာသည်။ ယနေ့ သတင်းကောင်း ကြားရလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

ဧကရာဇ်မင်းမြတ် ဝမ်းသာ၍ မဆုံးခင်မှာပင် ယုံကြည်ရသော မိန်းမစိုးက ဆက်ပြောလိုက်သည်။ “ဒါတင် မကသေးပါဘူး။ လီရူဟိုင်က တပ်ခွဲပြီးတဲ့နောက် မြောက်ဘက်ကို ချီတက်လာတဲ့ စစ်သည် ၅ သောင်း ကျန်ပါသေးတယ်။ ဒါပေမယ့် အန်လုံစော်ဘွားစီရင်စုက စစ်သူကြီး ချူဟုန်ယဲ့က မြောက်လေတိုက် ခံတပ်ဂိတ်မှာ ပိတ်ဆို့တိုက်ခိုက်ခဲ့ပါတယ်။ ခံတပ်ဂိတ် ကျိုးပေါက်ခါနီးအချိန်မှာ ဆရာသခင်ကြီး နင်ဇောင်ဝူက ပြင်းထန်တဲ့ ဒဏ်ရာတွေ မကျက်သေးပေမယ့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လီရူဟိုင်ကို အပြင်းအထန် ဒဏ်ရာရသွားစေခဲ့ပါတယ်။ အခု သေလားရှင်လား မသိရသေးပါဘူး။ လီမိသားစု တပ်ဆုတ်သွားပါပြီ”

“ဘာ” ဧကရာဇ်မင်းမြတ်၏ အသံသည် ချက်ချင်းပင် အသံ ၈ ဆလောက် မြင့်တက်သွားသည်။ ထို့နောက် သူသည် ကုတင်ပေါ်မှ ရုတ်တရက် ထထိုင်လိုက်သည်။ အားအင်များ ဘယ်ကရောက်လာမှန်း မသိပေ။ ဖြူဖျော့နေသော သူ၏ မျက်နှာသည် ချက်ချင်း နီရဲလာသည်။

အတိုင်းအဆမဲ့ ပျော်ရွှင်မှုများ နှလုံးသားထဲသို့ ဝင်ရောက်လာသည်။ ဤသတင်းကောင်းသည် အလွန်ပေါက်ကွဲအား ပြင်းထန်လွန်းသဖြင့် ဧကရာဇ်မင်းမြတ်သည် ကိုယ့်နားကိုပင် မယုံနိုင်အောင် ဖြစ်နေသည်။

“သတင်းက သေချာလို့လား။ ရာနှုန်းပြည့် သေချာရဲ့လား” ဧကရာဇ်မင်းမြတ်က တုန်ရီနေသော အသံဖြင့် မေးလိုက်သည်။

“သေချာပါတယ် ၊ သေချာပါတယ်။ ယွန်းနန် တော်ဝင်မြင်းဇောင်းဦးစီးဌာနက လီယွီထန် ၊ အန်လုံစော်ဘွားစီရင်စုက စစ်သူကြီး ချူဟုန်ယဲ့ နဲ့ ကွမ်ရှီး အရှေ့ဘက်ကွပ်ကဲရေးရုံး ငြိမ်းချမ်းရေးဌာနတို့က ကျီးကန်းစာပို့စနစ်နဲ့ အရေးပေါ် လျှို့ဝှက်သတင်းတွေ ပို့လာပါတယ်။ လီ ၈၀၀ အမြန်ချောပို့လည်း လမ်းမှာ လာနေပါပြီ။ ဒီကိစ္စဖြစ်ခဲ့တာ ၂ ရက်ခွဲလောက် ရှိပါပြီ။ အရှင်မင်းကြီးဆီကို ဒီသတင်းကောင်း အမြန်ဆုံး ရောက်လာဖို့အတွက် စာပို့ခိုတွေ ၊ ကျီးကန်းတွေ ဘယ်လောက်တောင် အသေခံ ပျံသန်းခဲ့ရလဲ မသိပါဘူး”

အပိုင်း ၂၃၇ ပြီး။

All Chapters