← Chapters

အခန်း (၂၃၈)

Vol. 24 Ch. 238

အခန်း (၂၃၈)

Vol. 24 Ch. 238

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၂၃၈

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

“ဟားဟားဟားဟားဟား”

ဧကရာဇ်မင်းမြတ်သည် မသေဆေးလုံးတစ်လုံးကို စားလိုက်ရသကဲ့သို့ ကုတင်ပေါ်မှ ရုတ်တရက် ဆင်းလိုက်သည်။ ထို့နောက် အိမ်ရှေ့စံမင်းသား လက်ထဲမှ ဆန်ပြုတ်ပန်းကန်ကို လုယူပြီး တစ်ပန်းကန်လုံးကို တကျိုက်တည်း မော့သောက်လိုက်လေ၏။

“ကောင်းတယ်။ ကောင်းတယ်။ ကောင်းလိုက်တာ”

“ငါ့ရဲ့ တာ့နင်အင်ပါယာမှာ သစ္စာရှိတဲ့ အမတ်ကောင်းတွေ ရှိနေသေးတာပဲ။ ကောင်းကင်ကို ထောက်ထားပေးမယ့် တိုင်မကြီးတွေ ရှိနေသေးတာပဲ”

“သူတို့တောင် လက်မလျှော့သေးရင် ငါက ဘာလို့ လက်လျှော့ရမှာလဲ”

“မဟုတ်ဘူး။ သူတို့က သစ္စာရှိအမတ်တွေတင် မဟုတ်ဘူး။ ငါ့ရဲ့ ကျေးဇူးရှင်တွေ ၊ အင်ပါယာရဲ့ ကျေးဇူးရှင်တွေပဲ”

ထို့နောက် ဧကရာဇ်မင်းမြတ်သည် တောင်ဘက်အရပ်ဆီသို့ လေးလေးနက်နက် ဦးညွှတ်လိုက်ပြီး ပြောလိုက်သည်။ “နင်ပေါ်ယွန်းက အားလုံးကို ကျေးဇူးတင်ကြောင်း ဦးခိုက်ပါတယ်”

ဤအချိန်တွင် သူသည် ကိုယ့်ကိုယ်ကိုယ် နာမည်တပ်ပြီး ခေါ်ဆိုလိုက်ခြင်း ဖြစ်သည်။ ဧကရာဇ်သုံး နာမ်စားကိုပင် မသုံးခဲ့ပေ။ ထို့နောက် ဧကရာဇ်မင်းမြတ်က စိုးရိမ်တကြီး မေးလိုက်သည်။ “ဆရာသခင်ကြီးနင်ဇောင်ဝူ အဆင်ပြေရဲ့လား”

ယုံကြည်ရသော မိန်းမစိုးက ဖြေလိုက်သည်။ “အရှေ့ဘက်ကွပ်ကဲရေးရုံး နဲ့ စစ်သူကြီးချူဟုန်ယဲ့တို့ရဲ့ လျှို့ဝှက်သတင်းပေးပို့ချက်အရ ဆရာသခင်ကြီးနင်ဇောင်ဝူရဲ့ ညာဘက်လက်မောင်း ပြတ်သွားပါတယ်တဲ့။ ပြန်ဆက်ထားပေမယ့် နောင်မှာ တူနဲ့ ထမင်းစားဖို့လောက်ပဲ အသုံးပြုလို့ ရပါတော့မယ်တဲ့။ ဓားကိုင်လို့ မရတော့ပါဘူးတဲ့။ နောက်ဆိုရင် ဆရာသခင်ကြီးနင်ဇောင်ဝူက ဘယ်လက်နဲ့ပဲ ဓားကိုင်လို့ ရပါတော့မယ်”

ချက်ချင်းပင် ဧကရာဇ်မင်းမြတ်၏ မျက်လုံးများ နီရဲလာပြီး တောင်ဘက်အရပ်ဆီသို့ နောက်တစ်ကြိမ် လေးလေးနက်နက် ဦးညွှတ်လိုက်ကာ အက်ကွဲသောအသံဖြင့် ပြောလိုက်သည်။ “ငါ ဆရာသခင်ကြီးနင်ဇောင်ဝူရဲ့ ကျေးဇူးကို ဘယ်လို ပြန်ဆပ်ရမလဲ။ ငါ ဒီတစ်သက်လုံး ကျေးဇူးပြန်ဆပ်လို့ ကျေမှာ မဟုတ်တော့ဘူး”

ထိုအချိန်တွင် အိမ်ရှေ့စံမင်းသားက ပြောလိုက်သည်။ “ခမည်းတော် ၊ ခမည်းတော် ကျန်းမာရေး ဂရုစိုက်တာ ၊ ဆရာသခင်ကြီးနင်ဇောင်ဝူ စိတ်မပူအောင် နေပေးတာက အကောင်းဆုံး ကျေးဇူးဆပ်တာပါပဲ”

ဧကရီသည် အလွန် ကျေနပ်သွားသည်။ အိမ်ရှေ့စံမင်းသား၏ စကားသည် အလွန် ကောင်းမွန်ပေသည်။ အကယ်၍ သူသာ နင်ဇောင်ဝူကို ဘွဲ့ထူးဂုဏ်ထူးများ ၊ ရွှေငွေရတနာများ ချီးမြှင့်ရန် အကြံပြုခဲ့လျှင် ဧကရာဇ်မင်းမြတ်သည် သူ့ကို အလွန် စိတ်ပျက်မိပေလိမ့်မည်။ နင်ဇောင်ဝူသည် ဘာကိုမှ မလိုချင် ၊ ဘာကိုမှ မလိုအပ်ပေ။ ကျော်ကြားမှုကိုပင် မလိုအပ်ပေ။ သူ၏ တစ်ခုတည်းသော ဆန္ဒသည် အင်ပါယာကြီး အထွတ်အထိပ်ကို ပြန်လည်ရောက်ရှိလာရန် ဖြစ်ပြီး ထို့နောက်တွင် လေလွင့်တိမ်တိုက် ၊ တောရိုင်းကြိုးကြာငှက်တစ်ကောင်ကဲ့သို့ လွတ်လပ်စွာ နေထိုင်သွားလိုခြင်းသာ ဖြစ်ကောင်းဖြစ်နိုင်သည်။

“ဝမ်ဟွေ့ အခု ဘယ်ရောက်နေပြီလဲ” ဧကရာဇ်မင်းမြတ်က မေးလိုက်သည်။

“ရှန်းတုန်းနယ်ထဲကို ဝင်ရောက်နေပါပြီ ၊ မြို့တော်နဲ့ နီးနေပါပြီ” ယုံကြည်ရသော မိန်းမစိုးက ပြောလိုက်သည်။ “နောက်ထပ် နှစ်ရက်ဆိုရင် အရှင်မင်းကြီးရဲ့ သွေးသောက်ညီနောင် ဝမ်ဟွေ့ကို တွေ့နိုင်ပါပြီ”

ဧကရာဇ်မင်းမြတ်က ဟားတိုက်ရယ်မောလိုက်သည်။ “ကုန်းကုန်းကြီး။ မင်းက ငါနဲ့ ဝမ်ဟွေ့ ရင်းနှီးတာကို မနာလိုဖြစ်ပြီး သူ့ကို လျှို့ဝှက် လုပ်ကြံဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တာ ငါမှတ်မိသေးတယ်။ ဒါပေမယ့် မင်းက စိတ်သဘောထား နူးညံ့လို့ မင်းရဲ့ အကြံအစည်တွေက မလုပ်ဖြစ်ခဲ့တာမလား”

ယုံကြည်ရသော သက်လတ်ပိုင်း မိန်းမစိုးသည် မျက်နှာရဲသွားပြီး ပြောလိုက်သည်။ “အရှင်မင်းကြီး ၊ ကျွန်တော်မျိုးကို မစပါနဲ့။ ကျွန်တော်မျိုးက လူအပါ ၊ ဒီအချက်ကို လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက သဘောပေါက်ခဲ့ပါပြီ။ ကျွန်တော်မျိုးသာ ဉာဏ်ကောင်းပြီး အရည်အချင်းရှိရင် အရှင်မင်းကြီးကို ကူညီဖို့ အပြင်ထွက်တာ ကြာပါပြီ။ ကျွန်တော်မျိုးမှာက သစ္စာရှိတဲ့ နှလုံးသားပဲ ရှိပြီး အရည်အချင်း မရှိပါဘူး။ စိတ်ကူးသာ ရှိပြီး လက်တွေ့ အကောင်အထည် မဖော်နိုင်ပါဘူး”

“ဟားဟားဟား” ဧကရာဇ်မင်းမြတ်သည် ရယ်မောလိုက်သည်။ “မင်းက ဟာသဉာဏ်လေးတော့ ရှိသားပဲ”

ထို့နောက် ဧကရာဇ်မင်းမြတ်က ပြောလိုက်သည်။ “အမိန့်တော် ထုတ်ပြန်လိုက်။ လီဝမ်ဟွေ့ကို မြို့တော် ပြန်မလာခိုင်းနဲ့။ သူ့ရာထူးကို ပြန်ခန့်အပ်လိုက်ပြီး ကွမ်ရှီး အရှေ့ဘက်ကွပ်ကဲရေးရုံး ငြိမ်းချမ်းရေးမင်းကြီးအဖြစ် ယာယီ တာဝန်ထမ်းဆောင်ခိုင်းလိုက်။ ငါ သူ့ကို အရမ်းတွေ့ချင်ပေမယ့် အခြေအနေကို ထိန်းချုပ်ဖို့ ကွမ်ရှီးပြည်နယ်က သူ့ကို ပိုလိုအပ်နေတယ်”

လီဝမ်ဟွေ့၏ အမှုများကို လုံးဝ ရှင်းလင်းခြင်း မရှိသေးသောကြောင့် သူ့ကို ကွမ်ရှီး အရှေ့ဘက်ကွပ်ကဲရေးရုံး ငြိမ်းချမ်းရေးမင်းကြီးအဖြစ် ယာယီ ခန့်အပ်လိုက်ခြင်း ဖြစ်သည်။ လအနည်းငယ်အတွင်း ဧကရာဇ်မင်းမြတ်သည် ယာယီဟူသော စကားလုံးကို ဖြုတ်ပစ်မည် ဖြစ်သည်။ အမှန်တကယ်တွင် ဧကရာဇ်မင်းမြတ်သည် စည်းကမ်းကို ဖောက်ဖျက်လိုက်ခြင်း ဖြစ်သည်။ စုံစမ်းစစ်ဆေးမှု မလုပ်ဘဲ လီဝမ်ဟွေ့ အပြစ်မရှိကြောင်း ကြေညာခြင်း ၊ မူလရာထူးသို့ တိုက်ရိုက် ပြန်လည် ခန့်အပ်ခြင်းသည် စည်းကမ်းနှင့် မညီညွတ်ပေ။

သို့သော် ယခုတစ်ခေါက် သူ အနိုင်ကျင့်ခံရလွန်းသောကြောင့် စည်းကမ်းအနည်းငယ် ဖောက်ဖျက်လိုက်လျှင် ဘာဖြစ်မည်နည်း။ ထို့နောက် ဧကရာဇ်မင်းမြတ်သည် ကြားရခဲသော အေးစက်သည့် လေသံဖြင့် ပြောလိုက်သည်။ “ဒီအချိန်အထိ ငါက ညင်သာလွန်းနေလို့ ၊ အနိုင်ကျင့်ရ လွယ်လွန်းနေလို့ ဒီအခြေအနေထိ ရောက်ခဲ့တာပဲ။ လီဝမ်ဟွေ့ ပြောတာ မှန်တယ်။ မေတ္တာတရား သက်သက်နဲ့ အသုံးမဝင်ဘူး။ ရေလို အေးမြမှု ရှိရမယ့်အပြင် မိုးကြိုးလို ပြင်းထန်မှုလည်း ရှိရမယ်”

“ခွမ်း”

ဧကရာဇ်မင်းမြတ်သည် လက်ထဲမှ ပန်းကန်လုံးအလွတ်ကို ရုတ်တရက် ရိုက်ခွဲလိုက်သည်။

“ဒီကိစ္စက ကွမ်ရှီးပြည်နယ်မှာ စခဲ့တာမို့ ကွမ်ရှီးပြည်နယ်မှာပဲ အဆုံးသတ်ရမယ်”

“ကွမ်ရှီးဘုရင်ခံ လော့ဝမ် ၊ မင်းက ဒီတစ်ခေါက် အရမ်းကို ပျော်နေတာပဲ။ ငါ မင်းကို အရင်ဆုံး စပြမယ်”

“အရှေ့ဘက်ကွပ်ကဲရေးရုံးကို လွှတ်ပြီး စုံစမ်းစစ်ဆေးခိုင်းလိုက်။ အမတ်ချုပ်ကြီးများအဖွဲ့ကို ဖြတ်သန်းစရာ မလိုဘူး။ သူ့ကို တော်ဝင်အကျဉ်းထောင်ကို ပို့လိုက်။ ငါ သူ့ကို အရှက်ကွဲစေချင်တယ်”

“အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး” ယုံကြည်ရသော မိန်းမစိုးသည် ချက်ချင်း ထွက်ခွာသွားပြီး လျှို့ဝှက်အမိန့်တော်ကို ရေးဆွဲလေတော့သည်။ ဧကရာဇ်မင်းမြတ် ပြန်လည် စစ်ဆေးပြီးနောက် တော်ဝင်တံဆိပ်တုံး ရိုက်နှိပ်ပေလိမ့်မည်။

ဧကရာဇ်ထိုက်ယွင်သည် စည်းမျဉ်းစည်းကမ်းများကို အလွန် ဂရုစိုက်သူ ဖြစ်သည်။ အမိန့်တော် အားလုံးသည် အမတ်ချုပ်ကြီးများအဖွဲ့ကို ဖြတ်သန်းရသည် ၊ ထို့နောက် အခမ်းအနားများဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာနကို ဖြတ်သန်းရပြီးမှ ထုတ်ပြန်လေ့ ရှိသည်။ သူသည် တိုက်ရိုက် အမိန့်တော် ထုတ်ပြန်လေ့ မရှိပေ။

ဤတစ်ခါ ကွမ်ရှီးဘုရင်ခံ လော့ဝမ်ကို ကိုင်တွယ်ရန်အတွက် သူသည် တိုက်ရိုက် အမိန့်တော်ကို အသုံးပြုကာ ကွမ်ရှီး အရှေ့ဘက်ကွပ်ကဲရေးရုံးကို တာဝန်ပေးလိုက်ခြင်း ဖြစ်သည်။ ရိုးသားသော လူတစ်ယောက် အမှန်တကယ် ဒေါသထွက်သွားပြီ ဖြစ်ကြောင်း ပြသနေသည်။

“အဲဒီအမတ်မင်းတွေက ငါ့ကို မိုက်မဲတဲ့ အုပ်စိုးသူလို့ အမြဲတမ်း ပြောနေကြတယ်မလား။ ငါ မိုက်မဲတဲ့ အုပ်စိုးသူအဖြစ် သူတို့ကို ပြလိုက်မယ်” ဧကရာဇ်မင်းမြတ်က အေးစက်စွာ ပြောလိုက်သည်။ “လော့ဝမ် တစ်ယောက်တည်း မဟုတ်ဘူး။ ကွေ့တုန်းယန် သေသွားရင်တောင်မှ ငါ သူ့ကို သေချာ စုံစမ်းစစ်ဆေးမယ်။ ပြီးတော့ ကျူးဝူယာ ၊ ငါ သူတို့ထဲက တစ်ယောက်ကိုမှ လွှတ်ပေးမှာ မဟုတ်ဘူး”

ဒေါသထွက်နေသော ဧကရာဇ်မင်းမြတ်၏ တန်ပြန်တိုက်စစ် စတင်လေပြီဖြစ်လေ၏။

**--**--**--**--**--**--**--**

သတိလစ်နေသော လီရူဟိုင်ကို လီမိသားစု အိမ်တော်သို့ သယ်ဆောင်လာသောအခါ လီမိသားစုဝင်များသည် မိုးပြိုကျသွားသကဲ့သို့ ခံစားလိုက်ရသည်။ လီရူလုံသည် လက်ရွေးစင် စစ်သည် ၃ ထောင်ကို ဦးဆောင်ပြီး နေ့ရောညပါ အသည်းအသန် ချီတက်လာခဲ့သည်။ ၃ ရက်အတွင်း လီ ၄၀၀ ကျော် ခရီးနှင်ခဲ့ပြီး နောက်ဆုံးတွင် ဟုန်ဟယ်မြို့သို့ ရောက်ရှိလာခဲ့သည်။ သူသည် မြို့ထဲရှိ လီရူဟုနှင့် ပူးပေါင်းကာ ရှားလုံရွှို၏ လူရိုင်းစစ်သည် ၂ သောင်းကို ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်ပြီး အပြတ်ရှင်းရန် ကြံစည်ထားသည်။

သို့သော် စစ်မြေပြင်သို့ ရောက်ရှိသောအခါ ရှားလုံရွှို၏ စစ်တပ်သည် လွန်ခဲ့သော နာရီအနည်းငယ်ကပင် ထွက်ခွာသွားပြီး အနီးနားရှိ ပိုင်ရှုစီရင်စုခွဲသို့ ဦးတည်သွားကြောင်း တွေ့ရှိလိုက်ရသည်။ နာရီအနည်းငယ် ကြာသောအခါ ပိုင်ရှုစီရင်စုခွဲ မြို့တော် ကျိုးပေါက်သွားကြောင်း သတင်း ရောက်ရှိလာသည်။ အတွင်းရှိ ရွှေငွေအားလုံး လုယက်ခံလိုက်ရပြီး အမျိုးသမီးများအားလုံး ပြန်ပေးဆွဲခံလိုက်ရကာ ရှားလုံရွှို၏ စစ်တပ်သည် ပိုင်ရှုစီရင်စုခွဲတွင် သတ်ဖြတ်ပွဲ ကျင်းပနေကြောင်း သိလိုက်ရသည်။ ချက်ချင်းပင် လီရူဟိုင် နှင့် လီရူလုံတို့ ရူးသွပ်မတတ် ဖြစ်သွားပြီး ပေါက်ကွဲလုနီးပါး ဒေါသထွက်သွားကြသည်။

ထို့ကြောင့် လီရူလုံသည် သူ၏ စစ်တပ် ပင်ပန်းနွမ်းနယ်နေမှုကို ဂရုမစိုက်ဘဲ ၊ အနားမယူဘဲ ရှားလုံရွှို၏ နောက်သို့ တိုက်ရိုက် လိုက်သွားကာ လူရိုင်းစစ်သည် ၂ သောင်းကို အပြတ်ရှင်းရန် ဆုံးဖြတ်လိုက်သည်။

သို့သော် သူ့ကို ရူးသွပ်စေသည်မှာ လီရူလုံက စစ်သည် ၃ ထောင်ကို ဦးဆောင်ပြီး ပိုင်ရှုစီရင်စုခွဲ မြို့တော်သို့ ရောက်ရှိသွားချိန်တွင် ရှားလုံရွှိုသည် သူ၏ လူရိုင်းစစ်တပ်ကို ခေါ်ဆောင်ပြီး ထပ်မံ ထွက်ပြေးသွားပြန်သည်။

ထို့နောက် အလားတူ မြင်ကွင်းများ ထပ်ခါတလဲလဲ ဖြစ်ပေါ်လာသည်။ ရှားလုံရွှို၏ လူရိုင်းစစ်တပ်သည် နေရာအနှံ့ လုယက်ဖျက်ဆီးနေသော်လည်း တစ်နေရာတည်းတွင် ကြာကြာမနေပေ။ သူတို့သည် လီရူလုံ၏ စစ်တပ်ကို မနီးမဝေး ၊ မဝေးမကွာ အနေအထားဖြင့် မြှားခေါ်ထားသည်။

ရန်သူ တိုးလာလျှင် ကိုယ်က ဆုတ်သည် ၊ ရန်သူ တပ်စွဲလျှင် ကိုယ်က နှောင့်ယှက်သည် ၊ ရန်သူ ပင်ပန်းလျှင် ကိုယ်က တိုက်ခိုက်သည် ၊ ရန်သူ ထွက်ပြေးလျှင် ကိုယ်က လိုက်သည်။

ရှားလုံရွှိုသည် ဝိညာဉ်ကူးပြောင်းလာသူ တစ်ယောက် မဟုတ်သလို ၊ ၁၆ လုံး မဟာဗျူဟာကိုလည်း ဖတ်ဖူးသူ မဟုတ်ပေ။ သို့သော် သူသည် စစ်မြေပြင်တွင် ဉာဏ်ကြီးရှင်တစ်ဦး ဖြစ်ကောင်းဖြစ်နိုင်ပြီး ဤနည်းဗျူဟာကို အကောင်းဆုံး အသုံးချနေသည်။ အမှန်တကယ်ပင် ဝဖြိုးသူကို ပိန်လှီသွားအောင် ၊ ပိန်လှီသူကို အားနည်းပြီး အိပ်ယာပေါ်တွင်လှဲကျ သွားအောင် ဆွဲခေါ်နေခြင်း ဖြစ်သည်။

ထိုကဲ့သို့ ၂ ရက်ကြာပြီးနောက် ရုတ်တရက် ရှားလုံရွှို၏ လူရိုင်းစစ်တပ်သည် လီရူလုံ၏ လက်ရွေးစင် စစ်သည် ၃ ထောင်ကို ပြင်းပြင်းထန်ထန် ဝင်ရောက်တိုက်ခိုက်လေတော့သည်။ ထိုတိုက်ပွဲသည် အလွန်တိုတောင်းသော်လည်း အလွန် ရက်စက်ကြမ်းကြုတ်သည်။

လီရူလုံ အကြီးအကျယ် ရှုံးနိမ့်သွားသည်။ မူလက အလွန် ထူးချွန်သော သူ၏ စစ်သည် ၃ ထောင်သည် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သည်။ သူတို့သည် ရှားလုံရွှို၏ အဆိပ်ပြင်းသော မြွေများကဲ့သို့ ချုံခိုတိုက်ခိုက်ခြင်းကို ခံလိုက်ရပြီး အသေအပျောက် ၄ ထောင်ကျော် ရှိခဲ့သည်။

ဤတပ်ဖွဲ့သည် လီမိသားစု၏ အထူးချွန်ဆုံး တပ်ဖွဲ့ဖြစ်ပြီး တစ်ကြိမ်တည်းနှင့် ၄ ထောင်ကျော် ဆုံးရှုံးလိုက်ရခြင်းသည် လီမိသားစု ပင်မစစ်တပ်၏ ၁၀ ရာခိုင်နှုန်းခန့် ထိခိုက်သွားခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် လီမိသားစုသည် စစ်သည် ၅ သောင်း ရှိသော်လည်း ရှားလုံရွှို၏ လူ ၂ သောင်းကို မည်သို့မျှ မတတ်နိုင် ဖြစ်နေသည်။

ဤလူရိုင်းစစ်သည်များသည် ရိက္ခာမရှိ ၊ သံချပ်ကာ မရှိသော်လည်း တောတောင်များထဲတွင် ပြေးလွှားရသည်ကို ကျွမ်းကျင်ကြသည်။ သူတို့သည် လေကဲ့သို့ လာပြီး လေကဲ့သို့ ပြန်သွားကြရာ ဖမ်းဆီး၍ မရနိုင်ပေ။

သူတို့ကို မလိုက်လျှင် ၊ လစ်လျူရှုထားလျှင် သူတို့က ရူးသွပ်စွာ လုယက်သတ်ဖြတ်ကြသည်။ ထိုသို့ သတ်ဖြတ်ခြင်းကို ခွင့်ပြုထားခြင်းသည် လီမိသားစု၏ စိတ်ဓာတ်ရေးရာကို အကြီးအကျယ် ထိခိုက်စေသည်။

ထို့အပြင် လီရူဟိုင်သည်လည်း သတိလစ်မေ့မြောနေဆဲ ဖြစ်ရာ လီမိသားစု တစ်ခုလုံးသည် ဝိညာဉ်ရေးရာ တိုင်မကြီး မရှိတော့သကဲ့သို့ ဖြစ်နေသည်။

ရလဒ်အနေဖြင့် မီးနတ်ဘုရား စုန်းမကြီး လီဝမ်ဝမ် ဆင်းသက်လာခြင်းကြောင့် ရရှိခဲ့သော လီမိသားစု၏ ဂုဏ်သိက္ခာသည် လျင်မြန်စွာ ကျဆင်းလာခဲ့သည်။

ဝမ်ရှန်းမျှော်စင်တွင် စုဝေးနေကြသော ဒေသခံခေါင်းဆောင်များသည် ယခုအခါ မျှော်လင့်ချက် မျက်လုံးများဖြင့် မီးနတ်ဘုရား စုန်းမကြီးကို ကြည့်နေကြသည်။

သူမသည် နိမိတ်ဖတ်ထားသော မီးနတ်ဘုရား၏ တမန်တော် ဖြစ်သည်။ ဤအချိန်တွင် သူမသည် အခြေအနေကို ကယ်တင်ရန်နှင့် ဒေသခံခေါင်းဆောင် မဟာမိတ်အဖွဲ့၏ စိတ်ဓာတ်ကို ပြန်လည် မြှင့်တင်ရန် ရှေ့ထွက်လာသင့်သည်။

သို့သော် မီးနတ်ဘုရား စုန်းမကြီးသည် ယခုအချိန်တွင် လီမိသားစု နယ်မြေထဲတွင် ရှိမနေပေ။ ထိုနေ့က ထွက်ခွာသွားပြီးနောက် သူမ ဘယ်ရောက်သွားသည်ကို မည်သူမျှ မသိကြပေ။

သူမသည် လူတစ်ယောက်ကို သွားတွေ့မည်ဟုသာ ပြောခဲ့သည်။

**--**--**--**--**--**--**--**

ကွမ်ရှီး မိန်းမစိုးဂိုဏ်းအကယ်ဒမီ။

၃ ရက်ကြာ ကျင်းပသော ဧကရာဇ်မွေးနေ့ အထိမ်းအမှတ် အပိုစာမေးပွဲ ပြီးဆုံးသွားပြီ ဖြစ်သည်။ ဘွဲ့ယူစာမေးပွဲကြီးသည် မနက်ဖြန်တွင် တရားဝင် စတင်တော့မည် ဖြစ်သည်။

ဤအရာသည် တုပိုင်၏ အကြွင်းမဲ့ ကံကြမ္မာနှင့် သက်ဆိုင်နေသည်။ ဤအရာသည် သူ ရှုံးနိမ့်၍ မရသော တိုက်ပွဲ ဖြစ်သည်။ တုပိုင် ရှုံးနိမ့်လိုက်သည်နှင့် ဤကမ္ဘာလောကရှိ သူ၏ မစ်ရှင်သည် လုံးဝ ပြီးဆုံးသွားမည် ဖြစ်ပြီး သူသည် လမ်းလျှောက်နေသော အလောင်းကောင် တစ်ခုအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။

စနစ်က ဖျက်သိမ်းလိုက်ခြင်း မဟုတ်ဘဲ စွန့်ပစ်လိုက်ခြင်း ဖြစ်သည်။ သူ၏ စွမ်းဆောင်ရည် အလွန် ကောင်းမွန်ခဲ့သော်လည်း ဘွဲ့ယူစာမေးပွဲတွင် ပထမဆု မရရှိပါက မည်သည့်အရာမျှ အရေးပါတော့မည် မဟုတ်ပေ။

သို့သော် စည်းမျဉ်းသည် စည်းမျဉ်းသာ ဖြစ်ပြီး ပြောင်းလဲ၍ မရနိုင်ပေ။ မနက်ဖြန်တွင် တုပိုင်၏ အရေးပါသော တိုက်ပွဲကြီး တရားဝင် စတင်တော့မည်။

အပိုင်း ၂၃၈ ပြီး။

All Chapters