အခန်း (၂၃၉)
Vol. 24 Ch. 239
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၂၃၉
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
သူ၏ ရည်မှန်းချက် တစ်ခုတည်းသာ ရှိသည်။ လူတိုင်းကို အနိုင်ယူပြီး ပထမဆု ရယူရန် ဖြစ်သည်။
ပထမဆု မရဘဲ ဒုတိယရလျှင်ပင် ကျရှုံးမှုသာ ဖြစ်သည်။ သူသည်လည်း စွန့်ပစ်ခံရပေတော့မည်။
“သုံးရက်ကြာ ကျင်းပခဲ့တဲ့ ဧကရာဇ်မွေးနေ့ အထိမ်းအမှတ် အပိုစာမေးပွဲ ပြီးဆုံးပါပြီ”
“ထန်ယန်က အပိုစာမေးပွဲ သုံးခုစလုံးမှာ ပထမဆု ရရှိခဲ့ပြီး စုစုပေါင်း အမှတ် ၃၀ ပေါင်းထည့်ခွင့် ရရှိသွားတဲ့အတွက် ဂုဏ်ပြုပါတယ်”
ချက်ချင်းပင် နံရံပေါ်ရှိ အနီရောင် စာရင်းကြီးပေါ်တွင် ထန်ယန်၏ နာမည်ဘေးတွင် အမှတ် ၃၀ ပေါ်လာသည်။
မိန်းမစိုးဂိုဏ်းအကယ်ဒမီ၏ ဘွဲ့ယူစာမေးပွဲ အမှတ်စာရင်းများကို လူသိရှင်ကြား ကြေညာလေ့ရှိသည်။ ဘာသာရပ်တစ်ခုစီ ဖြေဆိုပြီးသည်နှင့် ထိုနေ့ညနေတွင် ရလဒ် ထွက်ပေါ်လာပြီး နောက်တစ်နေ့ မနက်တွင် ကြေညာလေ့ ရှိသည်။ အလွန် ပွင့်လင်းမြင်သာမှု ရှိသကဲ့သို့ လူများကိုလည်း အလွန်အမင်း ဖိအားပေးသည်။
လူတိုင်းသည် ထန်ယန်ကို အားကျသော မျက်လုံးများဖြင့် ကြည့်နေကြသည်။ လူချင်းယှဉ်လိုက်လျှင် ဒေါသထွက်လွန်း၍ သေသွားနိုင်သည် ဆိုသကဲ့သို့ပင်။ ဘွဲ့ယူစာမေးပွဲကြီး တရားဝင် မစရသေးသော်လည်း သူ့တွင် အမှတ် ၃၀ ရှိနေပြီ ဖြစ်သည်။ ကျန်ရှိနေသော ကျောင်းသား ရာပေါင်းများစွာသည် သုညမှတ်သာ ရှိသေးသည်။
အဓိကအချက်မှာ ထန်ယန်သည် ဘာသာရပ်တိုင်းတွင် အလွန် ထူးချွန်ပြီး ဘာသာရပ်တိုင်းတွင် အမှတ်ပြည့်နီးပါး ရရှိထားခြင်း ဖြစ်သည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် သူ့ကို မည်သူ ယှဉ်ပြိုင်နိုင်ဦးမည်နည်း။ ထန်ယန် ပထမဆု ရထားခြင်းက မည်သူ့ကိုမျှ စိန်ခေါ်ခွင့် မပေးသလို စိန်ခေါ်ရဲသော သတ္တိကိုလည်း မပေးတော့ပေ။
အရေးအကြီးဆုံး အချက်မှာ ယခင်နှစ်များက ကွမ်ရှီး မိန်းမစိုးဂိုဏ်းအကယ်ဒမီ ဘွဲ့ယူစာမေးပွဲတွင် အရှေ့ဘက်ကွပ်ကဲရေးရုံးသို့ ဝင်ရောက်ရန် နေရာ ၃ နေရာမှ ၅ နေရာအထိ ရှိခဲ့သည်။
ဤနှစ်တွင်မူ တစ်နေရာတည်းသာ ရှိသည်။
မှန်သည်။ ပထမဆု ရရှိသူ တစ်ဦးတည်းသာ အရှေ့ဘက်ကွပ်ကဲရေးရုံးသို့ ဝင်ရောက်နိုင်မည် ဖြစ်ပြီး တပ်မှူးငယ်ရာထူးဖြင့် တိုက်ရိုက် တာဝန်ထမ်းဆောင်ခွင့် ရရှိမည် ဖြစ်သည်။
ထန်ယန်ကို အစကတည်းက အပြတ်အသတ် အနိုင်ရစေရန်အတွက် မိန်းမစိုးဂိုဏ်း၏ ဆန့်ကျင်ဘက် အင်အားစုများသည် နည်းလမ်းပေါင်းစုံကို အမှန်တကယ် အသုံးပြုခဲ့ကြသည်။
ဤသည်မှာ လီဝမ်ဟွေ့ မရှိသောကြောင့် ဖြစ်ပြီး ကြီးကြပ်ရေးမှူးချုပ်သည်လည်း တရားမျှတသော စာမေးပွဲ ဖြစ်စေရန်သာ လုပ်ပိုင်ခွင့်ရှိပြီး ဘွဲ့ရပြီးနောက် တာဝန်ခွဲဝေမှုအပိုင်းတွင် ဝင်ရောက်စွက်ဖက်ခွင့် မရှိသောကြောင့် ဖြစ်သည်။ မိန်းမစိုးဂိုဏ်းအကယ်ဒမီ၏ ဘွဲ့ရပြီးနောက် တာဝန်ခွဲဝေမှု အာဏာအားလုံးသည် ကျောင်းအုပ်ကြီး၏ လက်ထဲတွင်သာ ရှိသည်။
ယခု လီဝမ်ဟွေ့သည် အပြစ်မရှိကြောင်း ကြေညာခံရပြီး မကြာမီ မူလရာထူး ပြန်လည် ရရှိတော့မည် ဖြစ်ရာ ဤရလဒ်ကို ပြောင်းလဲနိုင်ကောင်း ပြောင်းလဲနိုင်ပေလိမ့်မည်။
သို့သော် လီဝမ်ဟွေ့ ပြန်ရောက်လာချိန်တွင် ဘွဲ့ယူစာမေးပွဲကြီး ပြီးဆုံးသွားပြီ ဖြစ်သည်။ ဧကရာဇ်မွေးနေ့ အထိမ်းအမှတ် အပိုစာမေးပွဲ သုံးခုတွင် ထန်ယန်သည် သုံးခုစလုံး ပထမရခဲ့သည်။ ပထမရက်တွင် သိုင်းပညာ ၊ ဒုတိယရက်တွင် ကဗျာ ၊ တတိယရက်တွင် မီးဒြပ်စင် အဂ္ဂိရတ်ပညာ တို့တွင် ပထမရခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုအချိန်တွင် သူ၏ မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားသည့် အရိပ်အယောင် လုံးဝ မရှိဘဲ အလွန်အမင်း တည်ငြိမ်နေသည်။ ဤဘွဲ့ယူစာမေးပွဲကြီးတွင် သူသည် တစ်ဦးတည်းသော အနိုင်ရရှိသူ ဖြစ်လာရန် ကံပါလာပြီး ပြိုင်ဘက်ဟူ၍ လုံးဝ မရှိပေ။
တုပိုင်သည် ဤကာလအတွင်း အလွန် အလုပ်ရှုပ်နေခဲ့သည်။ သို့သော် အလုပ်ရှုပ်လွန်းနေသောကြောင့် စာလုပ်ရန် အချိန်မရှိခဲ့သလို ဘွဲ့ယူစာမေးပွဲသည်လည်း နှစ်လခွဲ စောပြီး ကျင်းပခဲ့သည်။
ထို့ကြောင့် တုပိုင်သည် သူ့ကို ယှဉ်ပြိုင်ရန် အခွင့်အရေးပင် မရှိတော့ဟု ထန်ယန် ခံစားမိသည်။ တုပိုင်၏ အခြားသော ရန်သူတော်ဖြစ်သည့် ယန်ရှီသည် သူ၏ ပျော်ရွှင်မှုကို ဖုံးကွယ်ထားခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ဧကရာဇ်မွေးနေ့ အထိမ်းအမှတ် အပိုစာမေးပွဲ သုံးခုတွင် သူသည် တတိယဆု နှစ်ကြိမ် ၊ ဒုတိယဆု တစ်ကြိမ် ရရှိခဲ့ပြီး အပိုဆု ၁၁ မှတ် ရရှိထားသောကြောင့် ဖြစ်သည်။
ရလဒ်အနေဖြင့် သူသည် ပိုမို ရည်မှန်းချက်ကြီးလာပြီး ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေသည်။ သူနှင့် တုပိုင်တို့သည် လောင်းကြေးတစ်ခု ထပ်ထားကြသည်။ ဘွဲ့ယူစာမေးပွဲတွင် ရှုံးနိမ့်သူသည် အောက်ဆုံးအဆင့် အစေခံမိန်းမစိုး ဖြစ်ရမည် ဖြစ်ပြီး ဘယ်တော့မှ ပြန်လည် ဦးမမော့နိုင်အောင် နေထိုင်ရမည် ဖြစ်သည်။
ယခုအခါ သူသည် တုပိုင်ကို ပြိုင်ဘက်အဖြစ်ပင် မသတ်မှတ်တော့ပေ။ လက်ရှိတွင် ယန်ရှီ၏ ရည်မှန်းချက်သည် ရိုးရှင်းသည်။ တတိယနေရာကို သေချာအောင် လုပ်ပြီး ဒုတိယနေရာ ရရန် ကြိုးစားမည်။
သူ၏ အနာဂတ် နေရာချထားမှုသည်လည်း အခြေခံအားဖြင့် ဆုံးဖြတ်ပြီး ဖြစ်သည်။ ကွမ်ရှီးပြည်နယ်တွင် တော်ဝင်မြင်းဇောင်းဦးစီးဌာန တည်ထောင်ရန် သေချာနေပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယွန်းနန်ပြည်နယ်တွင် မြင်းမွေးမြူနိုင်လျှင် ကွမ်ရှီးပြည်နယ်တွင်လည်း မွေးမြူနိုင်သောကြောင့် ဖြစ်သည်။
ထို့အပြင် အသစ်တည်ထောင်မည့် တော်ဝင်မြင်းဇောင်းဦးစီးဌာနတွင် ယန်ရှီသည် ဘွဲ့ရပြီးသည်နှင့် အဓိက အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ရမည် ဖြစ်ပြီး တောက်ပသော အနာဂတ် ရှိနေသည်။ တုပိုင်သည် ပြဿနာပေါင်းများစွာကို ဖန်တီးခဲ့ပြီး လီဝမ်ဟွေ့က သူ့အတွက် အော်ဟစ်ခြိမ်းခြောက်ပြီး ကာကွယ်ပေးခဲ့သည်။ ယခု လီဝမ်ဟွေ့ ခေါင်းဖြတ်ခံရတော့မည်။ မွေးစားအဖေ၏ အကာအကွယ် မရှိဘဲ တုပိုင်သည် လမ်းဘေးခွေးတစ်ကောင်ထက်ပင် ဆိုးရွားသော ဘဝသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ကျောင်းအုပ်ကြီး အသစ်နှင့် အခြားသော အရေးကြီး ပုဂ္ဂိုလ်များသည် လီရူဟိုင် ဆုတ်ခွာသွားကြောင်း သိရှိနေကြသော်လည်း ယန်ရှီ မသိသေးပေ။ ထို့ကြောင့် လမ်းဘေးခွေးတစ်ကောင် ဖြစ်နေသော တုပိုင်သည် ဤဘွဲ့ယူစာမေးပွဲကြီးတွင် ယန်ရှီအတွက် ထိုက်တန်သော ပြိုင်ဘက် မည်သို့ ဖြစ်နိုင်မည်နည်း။ မနက်ဖြန်သည် အဆုံးအဖြတ်ပေးမည့် ဘွဲ့ယူစာမေးပွဲကြီး စတင်မည့်နေ့ ဖြစ်သည်။ ဤအချိန်တွင် တုပိုင်သည် ကွမ်ရှီးပြည်နယ်ထဲသို့ ဝင်ရောက်လာခါစ ဖြစ်ပြီး ကွေ့လင်နှင့် လီ ၈၀၀ အကွာတွင် ရှိနေသေးသည်။
သူသည် မိုးလင်းမိုးချုပ် ၊ နေပူမိုးရွာမရှောင် ၊ ကြယ်ရောင်လရောင်အောက်တွင် မနားမနေ ခရီးနှင်နေရသည်။
မနက်ဖြန် မနက်ပိုင်းတွင် သူသည် ကွမ်ရှီး မိန်းမစိုးဂိုဏ်းအကယ်ဒမီသို့ အချိန်မီ ရောက်ရှိလာမည် ဖြစ်ပြီး အနားယူချိန် လုံးဝ မရှိဘဲ ဘွဲ့ယူစာမေးပွဲကြီးကို တိုက်ရိုက် ဝင်ရောက်ဖြေဆိုရပေလိမ့်မည်။
ဤအချိန်တွင် စိတ်အပျက်ဆုံး လူသားမှာ ကွမ်ရှီးဘုရင်ခံ လော့ဝမ် ဖြစ်သည်။ လီရူဟိုင် ဆုတ်ခွာသွားကြောင်း သိလိုက်ရသောအခါ အစပိုင်းတွင် သူ မယုံကြည်ခဲ့ပေ။ သို့သော် သတင်း အတည်ဖြစ်သွားသောအခါ မိုးပြိုကျလာသကဲ့သို့ ခံစားလိုက်ရသည်။ ကမ္ဘာပျက်သကဲ့သို့ စိတ်ပျက်အားငယ်မှု ဖြစ်ပြီးနောက် သူသည် လျင်မြန်စွာ တည်ငြိမ်သွားပြီး ကိုယ့်ကိုယ်ကိုယ် ကယ်တင်ရန် ပြင်ဆင်လေတော့သည်။
ဤတစ်ခါ ဧကရာဇ်မင်းမြတ် သေချာပေါက် လက်တုံ့ပြန်မည်ကို သူ သိသည်။ ဧကရာဇ်ထိုက်ယွင်သည် မူးမတ်များအပေါ်တွင် အလွန် သဘောထားကြီးပြီး ရက်ရောသော်လည်း ဤတစ်ခါ အရပ်ဘက်နှင့် စစ်ဘက်အရာရှိများသည် သူ့ကို လမ်းဆုံးအထိ တွန်းပို့ခဲ့ကြသည်။ ဒေသခံခေါင်းဆောင် ပုန်ကန်မှုကို အကြောင်းပြပြီး သူ့လက်မောင်းသူ ဖြတ်တောက်ရန် ဖိအားပေးခဲ့ကြသည်။
ယခု လီရူဟိုင် ဆုတ်ခွာသွားပြီ ဖြစ်ရာ ဧကရာဇ်မင်းမြတ်၏ ဒေါသများ ပြေလျော့သွားမည် ဖြစ်သော်လည်း သူသည် သဘောထားကြီးသည် ဆိုလျှင်ပင် စာရင်းရှင်းရန် သေချာပေါက် လုပ်ဆောင်ပေလိမ့်မည်။
ထိုအထဲတွင် ပထမဆုံး ခံရမည့်သူမှာ သူ ၊ ကွမ်ရှီးဘုရင်ခံ လော့ဝမ် ဖြစ်ပေသည်။ လော့ဝမ်မှလွဲ၍ ဤတိုက်ပွဲကို မည်သူ စတင်ခဲ့သနည်း။ အလုံးစုံ ထိုးစစ်ဆင်ရန် အချက်ပေးခဲ့သူမှာ မည်သူနည်း။ ကရာဇ်မင်းမြတ်သာ သူ့ကို စံပြအဖြစ် အပြစ်မပေးလျှင် မည်သူ့ကို အပြစ်ပေးမည်နည်း။
သူ သေချာပေါက် သေဒဏ်ပေးခံရမည် မဟုတ်ပေ။ ဧကရာဇ်ထိုက်ယွင် လက်ထက်တွင် မူးမတ်များကို သတ်ဖြတ်သည့် အစဉ်အလာ မရှိခဲ့ပေ။ တာ့နင်မင်းဆက်သည် အခြားကမ္ဘာမြေရှိ မင်မင်းဆက်နှင့် မတူညီပေ။ ဤနေရာတွင် အရာရှိတစ်ယောက်သည် အဆင့်တစ်ခုသို့ ရောက်ရှိသွားလျှင် သေဒဏ်ကင်းလွတ်ခွင့် ရွှေတံဆိပ်ပြား ရရှိထားသကဲ့သို့ ဖြစ်နေသည်။
လော့ဝမ်သည် ပြည်နယ်ဘုရင်ခံ ၊ ဒေသတစ်ခုလုံးကို အုပ်ချုပ်သော အဆင့်မြင့် အရာရှိကြီး ဖြစ်သောကြောင့် သူ၏ အပြစ် မည်မျှကြီးမားသည်ဖြစ်စေ သေဒဏ်ပေးခံရမည် မဟုတ်ပေ။ အလွန်ဆုံး လီ ၃ ထောင် အဝေးသို့ ပြည်နှင်ဒဏ် ပေးခံရရုံသာ ဖြစ်သည်။
ဤအရာသည် တာ့နင်အင်ပါယာ၏ သံစည်းကမ်း တစ်ခုလည်း ဖြစ်သည်။ ခေတ်သစ်ကမ္ဘာမြေရှိ တရုတ်ပြည်ကဲ့သို့ပင် အဆင့်မြင့် အရာရှိကြီးများ ကြီးလေးသော အပြစ်ကျူးလွန်လျှင်လည်း အမှန်တကယ် သေဒဏ်ချမှတ်လေ့ မရှိပေ။ ဤအရာသည် အုပ်ချုပ်သူ လူတန်းစားအကြား နားလည်မှု တစ်ခုအဖြစ် သတ်မှတ်ထားသင့်သည်။ သို့သော် လော့ဝမ်သည် ပြည်နှင်ဒဏ် မခံလိုပေ။ သူသည် အာဏာလက်လွတ် ဆုံးရှုံးရမည်ကိုလည်း မလိုလားပေ။
သူသည် ရာထူးချခံရနိုင်သည် ၊ သို့မဟုတ် ဂျိုဆွန်းပြည်သို့ သံအမတ်အဖြစ် စေလွှတ်ခံရနိုင်သည်။ အဆိုးဆုံး အခြေအနေတွင် အငြိမ်းစားယူရန် ၊ ဇာတိမြေသို့ ပြန်သွားရန် ဖိအားပေးခံရနိုင်သည်။ ထိုသို့ဆိုလျှင် သူသည် အော်ယန်ထန်ကဲ့သို့ပင် အကယ်ဒမီ တစ်ခုခုတွင် ကျောင်းအုပ်ကြီး လုပ်နိုင်သည်။
ထို့အပြင် အရပ်ဘက်အရာရှိအုပ်စု နှင့် စစ်ဘက်အရာရှိအုပ်စုတို့၏ အကယ်ဒမီများနှင့် တာအိုကျောင်းများသည် အင်ပါယာ၏ တရားဝင် ဖွဲ့စည်းပုံထဲတွင် မပါဝင်သောကြောင့် ဧကရာဇ်မင်းမြတ် ဝင်ရောက်စွက်ဖက်၍ မရနိုင်ပေ။ သို့သော် ထိုနေရာများသည် ဂုဏ်သိက္ခာ ကြီးမားပြီး အာဏာလည်း အတော်အတန် ရှိကြသည်။
အကြိမ်ကြိမ် စဉ်းစားပြီးနောက် လော့ဝမ်သည် ကိုယ့်ကိုယ်ကိုယ် ကယ်တင်မည့် လမ်းကြောင်းကို ရှာဖွေတွေ့ရှိသွားသည်။ ဂျိုဆွန်းပြည်တွင် သံအမတ် သွားလုပ်ရန်မှာ မဖြစ်နိုင်သလောက်ပင်။ ထိုအရာက ဧကရာဇ်မင်းမြတ်၏ သဘောတူညီချက် လိုအပ်သည်။
ထို့ကြောင့် သူသည် အကုန်အကျခံပြီး လောင်းကြေးထပ်လိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။ ဧကရာဇ်မင်းမြတ်၏ အမိန့်တော်ကို စောင့်ဆိုင်းမနေတော့ဘဲ သူသည် ချက်ချင်း အငြိမ်းစားယူမည် ၊ တက်ကြွစွာ နှုတ်ထွက်မည် ၊ ထို့နောက် ဇာတိမြေရှိ ယွဲ့ဟိုင်အကယ်ဒမီသို့ သွားရောက်ပြီး ကျောင်းအုပ်ကြီး လုပ်မည်။ ပြည်နယ်ဘုရင်ခံ အာဏာကို ဆုံးရှုံးရမည် ဖြစ်သော်လည်း ဂုဏ်သိက္ခာကို တည်ဆောက်နိုင်မည် ဖြစ်ပြီး နောင်တစ်ချိန် ဧကရာဇ်မင်းမြတ် အမှားလုပ်မိသောအခါ အခွင့်အရေးယူပြီး ပြန်လာနိုင်သည်။
ဆုံးဖြတ်ချက် ချပြီးသည်နှင့် လော့ဝမ်သည် ချက်ချင်းပင် နှုတ်ထွက်စာ တင်လိုက်သည်။ အစီရင်ခံစာထဲတွင် သူသည် ဧကရာဇ်မင်းမြတ်အပေါ် အလွန်အမင်း စိတ်ပျက်မိကြောင်း ဖော်ပြခဲ့သည်။ ဧကရာဇ်မင်းမြတ်သည် မိန်းမစိုးဂိုဏ်းကို မျက်နှာသာပေးပြီး လူယုတ်မာများကို မိတ်ဆွေဖွဲ့ကာ တိုင်းပြည်အတွက် အသုံးဝင်သော အမတ်ကောင်းများကို ဖယ်ရှားပစ်ခြင်း ၊ ဆွေမျိုးကောင်းစားရေးဝါဒ ကျင့်သုံးခြင်း ၊ အိမ်တွင်း ကျွန်များ၏ ဥပဒေမဲ့ လုပ်ရပ်များကို ခွင့်လွှတ်သည်းခံခြင်းတို့ကြောင့် ကမ္ဘာလောကကြီးတစ်ခုလုံးကို စိတ်ပျက်စေခဲ့သည်ဟု ရေးသားခဲ့သည်။
လီဝမ်ဟွေ့သည် ကြီးလေးသော ရာဇဝတ်မှု ကျူးလွန်ခဲ့သော်လည်း ဧကရာဇ်မင်းမြတ်က အပြစ်ပေးခြင်း မရှိဘဲ မိုက်မဲသော အုပ်စိုးသူတစ်ဦးကဲ့သို့ ပြုမူနေသည်ဟု စွပ်စွဲခဲ့သည်။ ဤအခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ရာ သူ ၊ လော့ဝမ်သည် ဧကရာဇ်မင်းမြတ်အပေါ် လုံးဝ စိတ်ပျက်အားငယ်မိပြီး ကျန်ရှိသော ဘဝကို ဇာတိမြေတွင် အေးချမ်းစွာ ကုန်ဆုံးလိုသောကြောင့် ရာထူးမှ နှုတ်ထွက်ခွင့် ပြုပါရန် တောင်းဆိုခဲ့သည်။
မှန်သည်။ ရာထူးမှ နှုတ်ထွက်ပြီး ဇာတိမြေသို့ ပြန်ရမည် ဆိုလျှင်ပင် လော့ဝမ်သည် သူ၏ အစီရင်ခံစာထဲတွင် ဧကရာဇ်မင်းမြတ်၏ မျက်နှာကို ပါးရိုက်ချင်နေသေးသည်။ မည်သို့ပင်ဆိုစေကာမူ သူသည် ထွက်ရတော့မည် ဖြစ်ရာ ဧကရာဇ်မင်းမြတ်၏ မျက်နှာကို ပါးရိုက်လိုက်ခြင်းသည် ဂုဏ်သိက္ခာ ရရှိရန် အကောင်းဆုံး နည်းလမ်း ဖြစ်ပုံရသည်။ ဤအစီရင်ခံစာ တင်ပြီးသွားလျှင် သူသည် ပြည်နယ်ဘုရင်ခံ ရာထူးမှ နှုတ်ထွက်ရသော်လည်း အရာရှိလောကတွင် သူ၏ ဂုဏ်သတင်းသည် မိုးထိအောင် မြင့်တက်သွားမည် ဖြစ်ပြီး အရပ်ဘက်အရာရှိအုပ်စု တစ်ခုလုံးက သူ့ကို သူရဲကောင်းအဖြစ် သတ်မှတ်ကြပေလိမ့်မည်။
ဤအချိန်တွင် ဧကရာဇ်မင်းမြတ်သာ လော့ဝမ်ကို စုံစမ်းစစ်ဆေးရန် ၊ သို့မဟုတ် ဖမ်းဆီးရန် ကြိုးစားပါက သဘောထား သေးသိမ်ခြင်း ၊ ပုဂ္ဂိုလ်ရေးအရ လက်စားချေခြင်းဟု အမြင်ခံရမည် ဖြစ်ပြီး အရပ်ဘက်အရာရှိအုပ်စုက သူ့ကို ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်ကြပေလိမ့်မည်။ ထိုအခါ ဧကရာဇ်မင်းမြတ်သည် ပုံမှန်အတိုင်း လုပ်ငန်းဆောင်တာများ လုပ်ဆောင်နိုင်တော့မည် မဟုတ်ပေ။
ဧကရာဇ် ဆိုသော ဇာတ်ကောင်ကြီးကို အနိုင်ယူပြီး ဂုဏ်ယူခြင်းသည် မင်မင်းဆက် အရာရှိများ လုပ်လေ့လုပ်ထ ရှိသော အရာဖြစ်ရုံသာမက တာ့နင်မင်းဆက် အရာရှိများက ပိုမို နှစ်သက်ကြသည်။
မင်မင်းဆက်တွင် ဧကရာဇ်၏ ကြိမ်ဒဏ်ပေးခြင်းကို ခံယူရန် တမင် ရန်စသော အမတ်များပင် ရှိခဲ့သည်။ သို့သော် တာ့နင်မင်းဆက်တွင်မူ ဧကရာဇ်သည် အားနည်းသောကြောင့် ကြိမ်ဒဏ်ခံစရာပင် မလိုပေ။
အပိုင်း ၂၃၉ ပြီး။