← Chapters

နတ်ဆိုးဖမ်းစီးသူ၏လက်ဆောင်

Vol. 10 Ch. 93

နတ်ဆိုးဖမ်းစီးသူ၏လက်ဆောင်

Vol. 10 Ch. 93

"ဒါက ဘာလဲ"

ရှန်းယီသည် အမှတ်မထင် ဓားအိမ်ပေါ်ရှိ လက်ကို လျှော့ချလိုက်သည်။

အချို့သော အရာများကို သူ ခန့်မှန်းမိကောင်း ခန့်မှန်းမိနေပြီ ဖြစ်ပေသည်။

အမှန်တကယ်ပင် အာချမ်၏အသံတွင် နောက်ပြောင်လိုသော အရိပ်အယောင်များ ပါဝင်နေလေသည်။

"နတ်ဆိုးဖမ်းစီးသူရဲ့ ခါးချိတ်သင်္ကေတ"

"နတ်ဆိုးဖမ်းစီးသူ..."

ရှန်းယီသည် ဤဘွဲ့နာမည်ကို တစ်ကြိမ်မက ကြားဖူးခဲ့ပြီး ချင်းဖုန်းတောင်ပေါ်တွင်လည်း နတ်ဆိုးဖမ်းသူ အများအပြားကို ကိုယ်တိုင် မြင်တွေ့ခဲ့ရဖူးသည်။

"နတ်ဆိုးတွေကို မိုင်ထောင်ချီ လိုက်လံရှာဖွေသူတွေ၊ နတ်ဆိုးနှိမ်နင်းရေးဌာန လက်အောက်ခံ ဖြစ်ပေမဲ့ အမိန့်ကိုသာ နာခံပြီး စည်းမျည်းများကို လိုက်နာစရာ မလိုသူတွေ အဲဒါတွေက နတ်ဆိုးဖမ်းစီးသူတွေပဲ"

ကျန်းချန်ယွင်သည် မည်သည့် မျက်နှာထားမျှ မရှိဘဲ အခန်းထဲသို့ ဖြည်းညင်းစွာ ဝင်ရောက်လာပြီး သူ၏ခါးမှ ငွေရောင် ခေါင်းလောင်းလေးကို အဝတ်အိတ်ထဲသို့ ထည့်ကာ ဖုံးကွယ်လိုက်သည်။

အမိန့်ကိုသာ နာခံပြီး စည်းမျည်းများကို လိုက်နာစရာ မလိုဆိုသည်မှာ...

အကယ်၍ နတ်ဆိုးနှိမ်နင်းရေးဌာနက အမိန့်တစ်ခု ထုတ်ပြန်လျှင် သူတို့သည် လိုက်နာ ဆောင်ရွက်နိုင်သော်လည်း သူတို့၏လုပ်ကိုင်ပုံ နည်းလမ်းများကို မည်သူမျှ ဝင်ရောက်စွက်ဖက်၍ မရနိုင်ပေ။

သူတို့သည် အကြီးမားဆုံးသော ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ပိုင်ဆိုင်ထားပြီး ရလဒ်ကိုသာ ပေးအပ်ရမည် ဖြစ်ကာ လုပ်ငန်းစဉ်အပေါ် အကဲဖြတ်ခြင်း ခံရမည် မဟုတ်ပေ။

ဤ မည်သူမျှ ဝင်ရောက်မစွက်ဖက်ရဆိုသော ဘောင်ထဲတွင် စစ်သူကြီးချုပ်လည်း ပါဝင်ပေသည်။

ထို့အပြင် ၎င်းသည် လိုက်နာ ဆောင်ရွက်နိုင်သည် ဟူသော သဘောသာ ဖြစ်သည်။

အကယ်၍ သူတို့တွင် ပို၍ အရေးကြီးသော ကိစ္စများ ရှိနေသည်ဟု ခံစားရလျှင်၊ သို့မဟုတ် ရိုးရှင်းစွာ ပျင်းရိနေလျှင်လည်း ထိုအမိန့်ကို လစ်လျူရှုထားနိုင်သည်။

ပြင်ပတွင်သာမက အတွင်းပိုင်းတွင်လည်း အဆင့်အတန်းများကို ကြေး၊ ငွေနှင့် ရွှေရောင် ခေါင်းလောင်းများဖြင့် ခွဲခြားထားသည်။

သို့သော် ရွှေရောင် ခေါင်းလောင်း နတ်ဆိုးဖမ်းသူ တစ်ဦးသည်ပင် ကြေးရောင် ခေါင်းလောင်း ကိုင်ဆောင်ထားသူအား အမိန့်ပေး၍ မရနိုင်ပေ။

ဤမျှ သက်ညှာသော စည်းမျဉ်းများသည် အင်ပါယာရုံးတော်၏သူတို့အပေါ် ထားရှိသော ခြွင်းချက်မရှိ ယုံကြည်မှုကို ကိုယ်စားပြုနေပေသည်။

နတ်ဆိုးဖမ်းစီးသူ အဖြစ် ဝင်ရောက်ရန်အတွက် ဒု-စစ်သူကြီး ဖြစ်ခြင်းသည် အရိုးရှင်းဆုံးသော တံခါးပေါက်မျှသာ ဖြစ်သည်။

သူတို့သည် စိတ်ဓာတ်၊ စရိုက်နှင့် ခွန်အားတို့ကိုလည်း အကဲဖြတ်ရပေသည်။

"ဘာအကျိုးကျေးဇူးတွေ ရမှာမို့လို့လဲ"

ရှန်းယီသည် သူ၏အကြည့်ကို ရုပ်သိမ်းလိုက်သည်။

ထိုစကားကို ကြားသောအခါ ကျန်းချန်ယွင်သည် အံကို အနည်းငယ် ကြိတ်လိုက်မိသည်။

အာချမ်မှာမူ သူမ၏ဝမ်းဗိုက်ကို အုပ်လျက် ရယ်မောလိုက်ပြီး ကုလားထိုင်ပေါ်တွင် နောက်သို့ မှီလိုက်သည်။

"နတ်ဆိုးဖမ်းစီးသူတွေက အင်ပါယာရုံးတော်နဲ့ တိုက်ရိုက် အဆက်အသွယ် ရှိတယ်။ အစ်ကိုကြီး လိုချင်တာ ဘာမဆို၊ မဟာချန်မင်းဆက် မှာ ရှိသရွေ့ ငါတို့ဆီမှာ ရှိတယ်... ပြီးတော့ နတ်ဆိုးနှိမ်နင်းရေးဌာနလိုမျိုး စည်းကမ်းတွေ အများကြီး မရှိဘူး"

"ငါတို့က တစ်ခုတည်းကိုပဲ ကြည့်တာ"

အာချမ်သည် လက်ချောင်းနှစ်ချောင်း ထောင်ပြလိုက်သည်။

"မင်း နတ်ဆိုးတွေရဲ့ခြေရာ ဘယ်လောက် စုဆောင်းနိုင်သလဲ၊ ဒါမှမဟုတ် နတ်ဆိုးခေါင်း ဘယ်လောက် ဖြတ်နိုင်သလဲ ဆိုတာပဲ"

ကျန်းချန်ယွင်သည် သူ၏အဘွားဖြစ်သူ၏ လက်ချောင်းများကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်ပြီး လေးနက်သော အသံဖြင့် ဖြည့်စွက်ပြောလိုက်သည်။

"မင်း ချင်ပြည်နယ် တစ်ခုလုံးမှာ အကြီးမားဆုံး ထောက်လှမ်းရေး ကွန်ရက်ကိုလည်း ရနိုင်တယ်၊ ဒါပေမဲ့ မင်းကိုယ်တိုင်လည်း အဲဒီကွန်ရက်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ရမှာပေါ့"

အာချမ်သည် ခေါင်းလောင်းကို လှုပ်ခါပြလိုက်ပြန်သည်။

"ဒါလေးနဲ့ဆိုရင် အစ်ကိုကြီး ဘယ်နေရာမှာမဆို သတင်းစကား ချန်ထားနိုင်တယ်။ အနီးကပ်တွဲဖက် ဒု-စစ်သူကြီးနဲ့ အထက် အဆင့်ရှိသူတွေမှာလည်း အလားတူ နည်းလမ်းတွေ ရှိကြတယ်။ တခြား ခေါင်းလောင်း ကိုင်ဆောင်ထားသူတွေ အနားရောက်လာရုံနဲ့ သိရှိနိုင်တယ်။ မိုင်တစ်ရာ အတွင်းမှာဆိုရင် သတင်းအချက်အလက် ဖလှယ်ဖို့ အသုံးပြုနိုင်တယ်... ဒါပေမဲ့ မိန်းကလေးတွေကို မြှူဆွယ်ဖို့ သုံးချင်ရင်လည်း သုံးလို့ရပါတယ်"

"ဒါ့အပြင် ပစ္စည်းတွေကို သိမ်းဆည်းထားနိုင်ပြီး ယာယီ အကာအကွယ်ပစ္စည်း အဖြစ်လည်း အသုံးပြုနိုင်တယ်"

ထိုသို့ ပြောပြီးနောက် အာချမ်သည် စားပွဲပေါ်သို့ ပြန်လည် မှီလိုက်ပြီး ငွေရောင် ခေါင်းလောင်းလေးကို ဖြည်းညင်းစွာ တွန်းပို့လိုက်သည်။

"အထဲမှာ အသက်ရှူသံဖုံးကွယ်တဲ့ နည်းစနစ်၊ ပုံသဏ္ဍာန်ပြောင်းလဲတဲ့ နည်းစနစ်၊ ဝိညာဉ်အာရုံခံနဲ့ စုစည်းတဲ့နည်းစနစ်တွေ ပါတယ်၊ ပြီးတော့ အာချမ်က အစ်ကိုကြီးအတွက် အထူး ပြင်ဆင်ထားတဲ့ လက်ဆောင်လေး တစ်ခုလည်း ပါတယ်။ စစ်သူကြီးအို ချန် ပြောတာတော့ အစ်ကိုကြီးက ဒီလိုအရာမျိုးကို တော်တော် သဘောကျတယ် ဆိုပဲ၊ စဉ်းစားနေတုန်းလား"

သူမ၏နူးညံ့သော မျက်နှာလေးပေါ်တွင် အပြုံးတစ်ခု ပေါ်လာသော်လည်း အနည်းငယ် ထူးဆန်းနေပုံရသည်။

ကျန်းချန်ယွင်သည်လည်း မျက်ခွံများ တွန့်လျက် ကြည့်နေလေသည်။

သူတို့နှစ်ဦးသည် အကျိုးကျေးဇူးများ အကြောင်းကိုသာ ပြောခဲ့ကြသည်။

သို့သော် မိုက်မဲသူ မဟုတ်လျှင် ဤပစ္စည်းကို လက်ခံခြင်းတွင် ပါဝင်သော အန္တရာယ်များကို သိရှိနိုင်ပေသည်။

ငွေရောင်ခေါင်းလောင်းနတ်ဆိုးဖမ်းစီးသူ တစ်ဦး၏အဆင့်အတန်းသည် အနီးကပ်တွဲဖက် ဒု-စစ်သူကြီး တစ်ဦးထက် မနိမ့်ကျသော်လည်း သူတို့၏အခြေအနေများမှာ လုံးဝ ဆန့်ကျင်ဘက် အစွန်းနှစ်ဖက် ဖြစ်နေပေသည်။

နတ်ဆိုးနှိမ်နင်းရေးဌာနမှ လူများသည် ဓားတောင် မီးပင်လယ်ကို သတိကြီးစွာဖြင့် ဖြတ်သန်းနေရသူများ ဖြစ်လျှင် နတ်ဆိုးဖမ်းသူများမှာမူ ဓားသွားထက်တွင် ခြေဗလာဖြင့် မောက်မာစွာကခုန်နေကြသော သူတစ်စုဖြစ်ပေသည်။

သူတို့၏မောက်မာမှုအတွက် အရင်းအနှီး ရှိသော်လည်း မြစ်ကမ်းနားတွင် မကြာခဏ လမ်းလျှောက်နေလျှင် ဖိနပ်မစိုဘဲ မနေနိုင်ပေ။ (မီးနဲ့ကစားရင် မီးလောင်မယ် ဆိုတဲ့ ဆိုရိုးစကားလိုပါပဲ)။

တစ်နည်းအားဖြင့် သူတို့၏ဖိနပ်များသည် မည်သည့်အခါမျှ သန့်ရှင်းစင်ကြယ်ခြင်း မရှိပေ။

"ကျွန်တော် ထပ်စဉ်းစားစရာ မလိုတော့ဘူး ထင်တယ်"

သူတို့၏အကြည့်များအောက်တွင် ရှန်းယီသည် ခေါင်းလောင်းလေးကို ပေါ့ပေါ့ပါးပါးပင် သိမ်းဆည်းလိုက်သည်။

သူ၏မျက်လုံးများမှာ တည်ငြိမ်နေပြီး ၎င်းသည် သာမန် ခေါင်းလောင်းလေး တစ်ခုသာ ဖြစ်သကဲ့သို့ ပြုမူနေလေသည်။

"..."

ဤအရာကို မြင်လိုက်ရသောအခါ အာချမ်နှင့် ကျန်းချန်ယွင်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

သိပ်ကို ရိုးရှင်းပြီး၊ သိပ်ကို ဂရုမစိုက်တဲ့ ပုံစံပါလား။

အကယ်၍ ဤမင်ရောင်ဝတ်ရုံနှင့် လူငယ်သည် ရိုးရှင်းသော စကားကို နားမလည်နိုင်လောက်အောင် တုံးအသူ မဟုတ်လျှင် အဓိပ္ပာယ် တစ်ခုသာ ရှိပေသည်။

သူ၏မောက်မာမှု အတိုင်းအတာသည် အာချမ်၏ မျှော်လင့်ထားမှုကိုပင် ကျော်လွန်နေခြင်း ဖြစ်ပေသည်။

"မင်း ယုံပြီလား။ ဟိုတုန်းက မင်းနဲ့ ယှဉ်ရင် သူက ဘယ်လိုလဲ"

အာချမ်က ကျန်းချန်ယွင်၏လက်မောင်းကို ပုတ်လိုက်သည်။

"ဘွားဘွား... အား"

ကျန်းချန်ယွင် စကားမဆုံးခင်မှာပင် သူ့လက်မောင်းပေါ်မှ လက်သေးသေးလေးက ချက်ချင်း လိမ်ဆွဲလိုက်လေသည်။

သူသည် ဘေးသို့ ငုံ့ကြည့်လိုက်ပြီး စကားကို ရပ်လိုက်သည်။

အမှန်တကယ်ပင် သူကိုယ်တိုင်လည်း ထိုစဉ်က စိတ်လှုပ်ရှားပြီး ရင်ခုန်ခဲ့ရကာ ထိုခေါင်းလောင်းကို လက်ခံမယူမီ သတ္တိများစွာ မွေးခဲ့ရသည်။

သူ့ရှေ့မှ လူ၏တည်ငြိမ်မှုကို သူ လုံးဝ မမှီနိုင်ခဲ့ပေ။

သို့သော် ကွာခြားချက်မှာ သူ နတ်ဆိုးဖမ်းစီးသူ မဖြစ်မီက သေရေးရှင်ရေး တိုက်ပွဲများကို ဆယ်နှစ်ကျော် ကြုံတွေ့ခဲ့ရဖူးသည်။

ရွှေရောင် ခေါင်းလောင်း နတ်ဆိုးဖမ်းစီးသူ တစ်ဦးကို အဘွားအဖြစ် ပိုင်ဆိုင်ထားသော်လည်း သူမသည် အကူအညီ တစ်စွန်းတစ်စမျှ မပေးခဲ့ဖူးပေ။

သူ့အဘွား၏စိတ်နေသဘောထားအရ သူမ၏အကြီးဆုံးမြေး သေဆုံးသွားသည့် သတင်းကို ကြားရလျှင်ပင် သူမသည် ကျယ်လောင်စွာ ရယ်မောကာ သူ၏အသုံးမကျမှုကို လှောင်ပြောင်ရုံသာ ရှိမည်ဖြစ်ပြီး အလွန်ဆုံး ရယ်မောရင်း မျက်ရည်များကြားတွင် သနားခြင်း အနည်းငယ်ကိုသာ ဖုံးကွယ်ထားပေလိမ့်မည်။

ရှန်းယီ အတွက်မူ သူသည် နတ်ဆိုးနှိမ်နင်းရေးဌာနသို့ ရောက်ရှိသည်မှာ တစ်လပင် မပြည့်သေးသော်လည်း လင်းပိုင်ဝေ့က ရှေ့မှ စာများ ပေးပို့နေပြီး ချန်ချမ်ခွင်းက နောက်မှ စောင့်ရှောက်ပေးနေသည်။

သူသည် ကျားကို မကြောက်သော မွေးခါစ နွားပေါက်ကလေး တစ်ကောင် ဟုတ်မဟုတ် ပြောရန် ခက်ခဲလှပေသည်။

"အစ်ကိုကြီး၊မင်းရဲ့ အရှိန်အဝါကို အထဲ ထည့်သွင်းလိုက်ရုံပဲ။သူ အခုလုပ်နေတဲ့ အလုပ် ပြီးသွားရင် လုပ်ထုံးလုပ်နည်းတွေအတွက် မင်းကို ခေါ်သွားခိုင်းလိုက်မယ်"

"အထဲက အရာတွေကို တတ်နိုင်သမျှ မြန်မြန် သင်ယူဖို့ ကြိုးစားပါ။ ဦးနှောက်ရေဝင်နေတဲ့ ဒီလို အသုံးမကျတဲ့ ကျောင်းနဂါး တချို့ကြောင့် ကြောက်လန့်နေရတာ တကယ်ပဲ နည်းနည်း ရှက်စရာ ကောင်းတယ်။ အကယ်၍ မင်းက အကြီးဆုံးကောင်ကို မနိုင်ဘူးဆိုရင်တောင် အနည်းဆုံး ထွက်ပြေးနိုင်လောက်အောင် မြန်သင့်တယ်၊ သူ့နဖူးကို တစ်ချက်ခုတ်၊ ပါးရိုက်၊ ခွေးတစ်ကောင်လို မိုင်သုံးထောင်လောက် လိုက်ကိုက်ခိုင်း၊ ပြီးရင် ပြန်လှည့်ပြီး သူ့ရဲ့နဂါးပေါက်စလေးတွေကို သတ်ပစ်လိုက်။ တကယ် စိတ်လှုပ်ရှားစရာ ကောင်းတယ်၊ အခွင့်အရေး ရရင် စမ်းကြည့်သင့်တယ်"

အာချမ်သည် ကုလားထိုင်ပေါ်မှ ခုန်ဆင်းလိုက်ပြီး လက်ဝှေ့ယမ်းကာ အခန်းထဲမှ ခုန်ဆွခုန်ဆွ ထွက်ခွာသွားလေသည်။

ကျန်းချန်ယွင်သည် ရှန်းယီကို နောက်ဆုံး တစ်ချက်ကြည့်လိုက်ပြီး သူမ၏နောက်သို့ ဖြည်းညင်းစွာ လိုက်သွားသည်။

သူတို့ အကွာအဝေး တစ်ခုသို့ ရောက်မှသာ သူသည် မကျေနပ်မှု အနည်းငယ်ဖြင့် ပြောလိုက်သည်။

"ဘွားဘွား၊ သူ့ကို ဒီလို ငွေရောင် ခေါင်းလောင်း တန်းပေးလိုက်တာက ကျုပ်တို့အတွက် နည်းနည်း မတရားဘူး မဟုတ်လား"

"ရော့"

အာချမ်သည် လက်ကောက်ဝတ်ကို မြှောက်လိုက်ပြီး သိမ်မွေ့သော ရွှေရောင်ခေါင်းလောင်းလေး တစ်ခုကို လှုပ်ခါပြလိုက်သည်။

"လဲကြရအောင်"

လှုပ်ခါနေသော ခေါင်းလောင်းကို ကြည့်ရင်း၊

ကျန်းချန်ယွင်၏နက်မှောင်နေသော မျက်လုံးများထဲတွင် ပြင်းပြသော လိုအင်ဆန္ဒများ တိုးဝင်လာသည်။

ချင်ပြည်နယ် တစ်ခုလုံးတွင် ထိုကဲ့သို့သော ရွှေရောင် ခေါင်းလောင်း သုံးခုသာ ရှိပြီး တစ်ခုချင်းစီသည် နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီး နှင့် ယှဉ်နိုင်သော ဖြစ်တည်မှုကို ကိုယ်စားပြုနေပေသည်။

တစ်နည်းအားဖြင့် နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီး ၁၂ ဦးနှင့် ရွှေရောင် ခေါင်းလောင်း နတ်ဆိုးဖမ်းသူ ၃ ဦး၊ စုစုပေါင်း အမြုတေစုစည်းခြင်း နယ်ပယ် ကျွမ်းကျင်သူ ၁၅ ဦးသည် စစ်သူကြီးချုပ်မှလွဲ၍ ချင်ပြည်နယ်၏ထိပ်တန်း ကျွမ်းကျင်သူများ ဖြစ်ကြသည်။

သို့သော် မကြာမီ ကျန်းချန်ယွင်သည် ထိုပြင်းပြသော လိုအင်ဆန္ဒကို ဖုံးကွယ်လိုက်သည်။

"ဘွားဘွား သေသွားပြီးမှ၊ပြီးတော့ ကျွန်တော် ပြီးပြည့်စုံတဲ့အမြုတေဖွဲ့စည်းခြင်း အဆင့်ကို ရောက်ပြီး အမြုတေစုစည်းခြင်း နယ်ပယ်ထဲ တရားဝင် ဝင်ရောက်ပြီးမှ ပြောကြတာပေါ့"

"ဒါဆိုရင် ပြီးရောလေ"

အာချမ် မျက်လုံးလှိမ့်လိုက်သည်။

"ကျိုးပဲ့နေတဲ့ ခေါင်းလောင်းလေး တစ်ခုက ဘာအသုံးဝင်မှာလဲ။ ချန်ချမ်ခွင်း ပေးနိုင်တဲ့ ရာထူးကို ငါ မပေးနိုင်ဘူးလား။ တကယ့် ကျွမ်းကျင်မှုက အထဲမှာ နတ်ဆိုးအရှိန်အဝါနဲ့ နှလုံးသွေး ဘယ်လောက် စုဆောင်းထားသလဲ၊ အဲဒါတွေနဲ့ ဝိညာဉ်ဆေးဝါးတွေ၊ နည်းပညာရပ်တွေ ဘယ်လောက် လဲလှယ်နိုင်သလဲ ဆိုတာအပေါ်မှာ မူတည်တယ်"

"သူ့မှာ အဲဒီအရည်အချင်း ရှိလို့လား"

ကျန်းချန်ယွင် စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

အာချမ်သည် ကူကယ်ရာမဲ့စွာ ရပ်တန့်လိုက်ပြီး သူ့ကို ငတုံးတစ်ကောင်လိုကြည့်လိုက်သည်။

"မရှိဘူး၊ ကျောက်စိမ်းနယ်ပယ် အထွတ်အထိပ်မှာ ရှိတဲ့လူက အများကြီး လုပ်နိုင်မယ်လို့ မင်း တကယ် မျှော်လင့်နေတာလား။ သူ့ကို စိတ်တက်ကြွလာအောင် လုပ်ပေးလိုက်ရုံပါပဲ။ နတ်ဆိုးတွေကို ခြေရာခံပြီး သတ်ဖြတ်တာက မင်းအလုပ်၊ ကြီးထွားလာပြီး ပိုသန်မာလာဖို့က သူ့အလုပ်ပဲ"

သူတို့နှစ်ဦး ပြန်လည် ထွက်ခွာသွားကြသည်။

သီးခြား ခြံဝင်းအတွင်းရှိ တိတ်ဆိတ်ငြိမ်သက်နေသော အခန်းထဲတွင်တော့

ရှန်းယီသည် ကုတင်အစွန်းတွင် ပြန်ထိုင်လိုက်ပြီး ငွေရောင် ခေါင်းလောင်းလေးကို ထုတ်ယူကာ ဇဝေဇဝါ ဖြစ်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

မကြာသေးမီက သူ ဘယ်လို မယုံကြည်နိုင်စရာ ကောင်းတဲ့ ကံကောင်းမှုမျိုး ကြုံတွေ့နေရတာလဲ။

သူ အခန်းထဲတွင် တိတ်တဆိတ်ရှိနေတုန်း လူနှစ်ယောက် ရောက်လာပြီး သူ့ကို သတင်းအချက်အလက်များ၊ မှော်ပစ္စည်းများနှင့်အကာအကွယ်ပညာရပ် တစ်ပုံကြီး ပေးသွားကြလေ၏။

ထိုမိန်းကလေး၏နောက်ပြောင်လိုသော အပြုံးက ရှန်းယီကို အနည်းငယ် စိတ်လှုပ်ရှားစေခဲ့သည်။

နောက်ဆုံး ပေးဆပ်ရမည့် တန်ဖိုးက တကယ်တော့... ဘာမှ မရှိဘူးလော။

နတ်ဆိုးများကို တစ်ယောက်တည်း သတ်ဖြတ်ခြင်းက သူ လုပ်ဖို့ စီစဉ်ထားပြီးသား ကိစ္စပါလော။

"ထူးဆန်းလိုက်တာ"

ရှန်းယီ ခေါင်းခါလိုက်သည်။

သူသည် သူ၏စွမ်းအင်ကို အထဲသို့ စီးဆင်းစေရန် ကြိုးစားလိုက်သည်။

ချက်ချင်းပင် သူသည် အတွင်းစိတ်အာရုံ ထဲသို့ ရောက်သွားသကဲ့သို့ ဖြစ်ပြီး ပစ္စည်းများစွာသည် သူ၏မျက်စိရှေ့တွင် ရုတ်တရက် ပေါ်လာလေသည်။

နည်းစနစ် အမျိုးမျိုးကို မှတ်တမ်းတင်ထားသော လျှို့ဝှက်လက်စွဲစာအုပ် အများအပြား။

ထိုအတူ အာချမ် ပြောခဲ့သော လက်ဆောင်လေးပင်။

၎င်းသည် တိတ်ဆိတ်စွာတည်ရှိနေသော အမြုတေဖွဲ့စည်းခြင်းနယ်ပယ် ကျောင်းနဂါးအမြုတေ တစ်ခု ဖြစ်ချေ၏။

All Chapters