နတ်ခိုးရှင်ဗုဒ္ဓ နတ်ဆိုးနှိမ်နင်းခြင်း
Vol. 10 Ch. 96
ချင်းကျိုးမြို့၊တာ့ရွှန်စားသောက်ဆိုင်
မှောင်စပြုအချိန်ဖြစ်၍ လူစည်ကားနေပြီး လမ်းမထက်တွင် မီးရောင်များ လင်းထိန်နေသည်။
ထျန်ကျစ်ဝမ်သည် စားသောက်ဆိုင်ကြီး၏တံခါးဝတွင် ရပ်ကာ ဂိုဏ်းပေါင်းစုံနှင့် မိသားစုကြီးများမှ မျိုးဆက်များကို ပြုံးရွှင်စွာ ကြိုဆိုနေသည်။
"ဒီနေ့ ကျွန်တော် ဧည့်ခံမှာမို့ အားလုံးပဲ အထဲဝင်ကြပါ၊ အားမနာကြပါနဲ့။"
ထျန်းဟိုင်မျှော်စင်၏သခင်လေး၊ ပိုင်ဟဲ့ခန်းဆောင်၏ထိပ်သီးတပည့်၊ ဟွမ်မိသားစု၏သခင်လေး...။
အားလုံးက လူငယ်မျိုးဆက်များသာ ဖြစ်ကြပြီး ချင်ကျိုးမြို့တွင် အဆုံးအဖြတ်ပေးနိုင်သည့် အာဏာမျိုး မရှိကြသော်လည်း မျက်နှာပန်းလှသူများ ဖြစ်ကြသည်။
ယနေ့တွင် ဤသို့ လူစုဝေးလိုက်ကြခြင်းမှာ ထျန်ကျစ်ဝမ်၏မျက်နှာကို ထောက်ထား၍သာမက ဂိုဏ်းများနှင့် မိသားစုကြီးများ၏သဘောထားကို အနည်းငယ် ထုတ်ဖော်ပြသလိုခြင်းကြောင့်လည်း ဖြစ်သည်။
စစ်သူကြီးအို ချန်၏လက်စွမ်းပြမှုသည် အတော်အတန် ထိန်းသိမ်းထားသည် ဆိုသော်ငြား ချင်းဖုန်းဂိုဏ်းကြီး ပြိုလဲသွားမှုက သူတို့စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။
ထို့ကြောင့် မသိစိတ်၏စေ့ဆော်မှုဖြင့် သူတို့အချင်းချင်း ပိုမိုနီးကပ်စွာပေါင်းစည်းလိုလာကြသည်။
"ဟာ..."
ထျန်ကျစ်ဝမ်သည် ရင်းနှီးသော ပုံရိပ်တစ်ခုကို ရုတ်တရက် တွေ့လိုက်ရသဖြင့် လူအုပ်ကြားမှ တိုးထွက်ကာ အပြေးအလွှား သွားရောက်ကြိုဆိုလိုက်သည်။
"ကျောက်သခင်လေး ရောက်လာပါပြီလား"
စကားပြောနေရင်း သူ တိတ်တဆိတ် ချွေးပြန်သွားသည်။
ယနေ့က အစ်ကိုကြီးလီကိုယ်စား ဧည့်ခံပွဲ ကျင်းပပေးခြင်း ဖြစ်သည်။ တစ်ဖက်လူ၏ဆန္ဒအရ ဖိတ်စာအနည်းငယ်သာ ဖြန့်ဝေထားပြီး ဒုတိယတန်းစား၊ တတိယတန်းစား အင်အားစုများကိုသာ ဖိတ်ကြားထားခြင်း ဖြစ်သည်။
ဤအဘိုးလေးက မည်သို့လုပ်ပြီး ရောက်လာရသနည်း။
"စိတ်ညစ်လို့ လမ်းလျှောက်ထွက်လာတာ။"
ကျောက်ခန်းယွင်သည် ယပ်တောင်ခတ်ရင်း တာ့ရွှန်စားသောက်ဆိုင်ထဲသို့ ဖြည်းညှင်းစွာ ဝင်လာသည်။
သူ့မျက်နှာတွင် စိတ်မရှည်သောအရိပ်အယောင်များကို မြင်လိုက်ရသဖြင့် ကျန်လူများမှာ ရိုသေလေးစားမှု ပြသကြသော်လည်း ရင်ထဲတွင်မူ ထိတ်လန့်သွားကြသည်။
ကျောက်မိသားစုမှ သခင်လေးတစ်ပါး ချင်းဖုန်းတောင်တွင် ကျဆုံးသွားသည်ဟု သတင်းကြားထားသည်။
မိသားစုကြီးလေးခု၊ဂိုဏ်းကြီးငါးခုထဲမှ တစ်ခုဖြစ်သော်လည်း ယခုအခါ လမ်းလျှောက်ပြီး စိတ်ပြေလက်ပျောက် လုပ်ရုံသာ တတ်နိုင်တော့သည်။
နတ်ဆိုးနှိမ်နင်းရေးဌာနသည် အင်ပါယာနှင့် စစ်သေနာပတိချုပ်တို့ကို ကျောထောက်နောက်ခံပြုကာ ပိုမိုရဲတင်းလာခဲ့သည်။
သူတို့သာ အချင်းချင်း မပူးပေါင်းကြလျှင် အရိုးပါမကျန် ဝါးမြိုခံလိုက်ရပေလိမ့်မည်။
ကံကောင်းသည်မှာ စစ်သေနာပတိချုပ် ချင်ကျိုးမြို့တွင် မရှိသလို နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီးလည်း မရှိပေ။
ကျန်ရှိနေသော ဒု-စစ်သူကြီးများ၊ တပ်မှူးများသည် ပြဿနာကြီးကြီးမားမား ရှာနိုင်မည် မဟုတ်သဖြင့် လောလောဆယ်တွင် ချင်းဖုန်းတောင်ကဲ့သို့ အဖြစ်ဆိုးမျိုး ကြုံရမည် မဟုတ်ပေ။
"သူ ဘာလို့ ရောက်လာတာလဲ။"
ဒုတိယထပ် သီးသန့်ခန်းထဲတွင် လီရှင်းဟန်သည် ဒဏ်ရာများကို ဖုံးကွယ်ရန် အစိမ်းရောင် ဝတ်ရုံကို လဲလှယ်ဝတ်ဆင်ထားသည်။
သို့သော် လှုပ်ရှားရ ခက်ခဲနေသေးသဖြင့် ကုလားထိုင်တွင်သာ မှီထိုင်နေရသည်။
"သူ့ကို ဂရုစိုက်မနေနဲ့။"
လီမူကျင်းသည် ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး ဘေးတစ်ဖက်တွင် ငြိမ်သက်စွာ ရပ်နေသည်။
သူတို့မောင်နှမ နှစ်ယောက်၏အဆင့်အတန်းအရ ဧည့်ခံပွဲ ကျင်းပသည်ဆိုရာတွင် ထမင်းစား၊ အရက်သောက်ရုံ သက်သက်သာ ဖြစ်သည်။
ရည်ရွယ်ချက်မှာ ဗာဂျာရာဂိုဏ်းမှ လူများကို မျှားခေါ်ရန်နှင့် တစ်ဖက်လူကြိုတင်သတိမထားမိစေရန်သာ ဖြစ်သည်။
ကျန်သည့် ကိစ္စများဖြစ်သော မိသားစုကြီးများဘက်က ရပ်တည်မလား၊ နတ်ဆိုးနှိမ်နင်းရေးဌာနဘက်က ရပ်တည်မလား ဆိုသည်မှာ သူတို့လို လူငယ်များ စဉ်းစားရမည့် ကိစ္စမဟုတ်ပေ။
"ဧည့်သည်တွေ သုံးဆောင်နှင့်ကြပါ၊ ကျွန်တော် စားဖိုမှူးကို ဟင်းပွဲတချို့ ပိုမြန်တာပြောင်းခိုင်းလိုက်ဦးမယ်။"
ထျန်ကျစ်ဝမ်သည် ကျောက်ခန်းယွင်ကို နေရာချပေးပြီးနောက် ဆင်ခြေပေးကာ ဒုတိယထပ်သို့ တိတ်တဆိတ် တက်လာခဲ့သည်။
အခန်းထဲသို့ ဝင်လိုက်သည်နှင့် သူက လီမောင်နှမနှစ်ယောက်ကို တစ်ချက်ကြည့်ပြီးနောက် အဓိကထိုင်ခုံတွင် ထိုင်နေသော မင်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် လူငယ်ဆီသို့ အကြည့်ရောက်သွားသည်။
ထိုလူငယ်၏မျက်နှာတွင် ပျော်ရွှင်ခြင်း၊ဒေါသထွက်ခြင်း ဟူ၍ မည်သည့်အရိပ်အယောင်မျှ မပေါ်ပေ။
လက်ဖက်ရည်ခွက် အဖုံးဖြင့် လက်ဖက်ခြောက်များကို ဖြည်းညှင်းစွာ ဖယ်ရှားနေသော်လည်း တစ်ငုံမျှ မသောက်ပေ။
လက်ဖက်ခြောက် ညံ့နေလို့များလော။
ထျန်ကျစ်ဝမ် သဘောပေါက်လိုက်သည်။ အဓိကလူနှင့် သာမန်လူ ကွဲပြားသွားပြီ ဖြစ်သည်။
သို့သော် ဤလူကို မြင်ဖူးသလို မရှိပေ။မည်သည့်အင်အားစုကလဲ ဆိုတာ မခန့်မှန်းနိုင်။
ယနေ့ ဧည့်ခံပွဲလုပ်ရခြင်းမှာ ဘယ်အတွက်နည်း။
နတ်ဆိုးနှိမ်နင်းရေးဌာန၏ကြမ်းတမ်းသော နည်းလမ်းများကို မကျေနပ်၍ခေါင်းဆောင်နေရာ ယူချင်သည်များလော။
"အစ်ကိုကြီးလီ... ပွဲစလိုက်ကြမလား။"
"ခဏ စောင့်ပါဦး။"
လီရှင်းဟန်က အောက်ထပ်သို့ လှမ်းမျှော်ကြည့်လိုက်ပြီး ခဏအကြာတွင် ဘေးသို့ လှည့်ကြည့်ကာ "ရောက်လာပြီ၊ တိုက်ရိုက်ပဲ ခေါ်မေးလိုက်မလား" ဟု မေးလိုက်သည်။
ထိုစကားကို ကြားသောအခါ ထျန်ကျစ်ဝမ် ကြောင်အမ်းသွားပြီး အောက်သို့ လှမ်းကြည့်လိုက်သည်။
ဤမင်ရောင်ဝတ်ရုံနှင့် လူငယ်က သီးသန့်စောင့်ဆိုင်းရသည်အထိ မည်မျှကြီးကျယ်သော ပုဂ္ဂိုလ်ဖြစ်သနည်း။
လီမိသားစုနှင့် ကျောက်မိသားစု နှစ်ခုစလုံး ရောက်နေပြီ။ စွန်းမိသားစုနှင့် ချန်မိသားစု ကျန်ရှိသေးသော်လည်း ဖိတ်စာပို့ထားတာလည်း မရှိပေ။
တာ့ရွှန်စားသောက်ဆိုင်တံခါးဝမှ ပုံရိပ်ကို သေချာမြင်လိုက်ရသောအခါ သူ့မျက်လုံးများ သံသယဖြင့် ပြည့်နှက်သွားသည်။
ဆူညံနေသော ခန်းမထဲသို့...
ပိန်ပါးသော လူငယ်တစ်ဦး ပြုံးရွှင်စွာ ဝင်လာသည်။ဆံပင်ကို ကတုံးကေညှပ်ထားပြီး ကိုယ်ပေါ်တွင် အဖြူရောင်အဝတ်စကြီးကို ပတ်ထားကာ ဆီသုတ်ထားသကဲ့သို့ ပြောင်လက်နေသော ခန္ဓာကိုယ်တစ်ပိုင်းကို ဖော်ထားသည်။
လက်တစ်ဖက်က ငွေရောင်သံတုတ်ကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်က လေးလံသော သံကြိုးကြီးကို ဆွဲထားသည်။
"မိတ်ဆွေများ အားလုံး ရှိနေကြတာပဲ၊ ကျောက်သခင်လေးလည်း ရှိနေတာကိုး၊ ကိုယ်တော်လေး နောက်ကျသွားလို့ အပြစ်ရှိပါတယ်၊ ခွင့်လွှတ်တော်မူကြပါ။"
"သိုင်းသမားဖြစ်ပြီး ဘာလို့ ဘုန်းကြီးယောင် ဆောင်နေတာလဲ။"
ကျောက်ခန်းယွင်က မထီမဲ့မြင် ပြုံးလိုက်ပြီး ယပ်တောင်ကို သိမ်းလိုက်သည်။
"မင်းတို့ ဗာဂျာရာဂိုဏ်းက ဗုဒ္ဓရုပ်တုတည်ထားတာ ဆယ်စုနှစ်တောင် မရှိသေးဘူး။ တိုက်တိုက်ဆိုင်ဆိုင် ငါတို့ဆီ ရောက်လာတဲ့ စီရင်စုမှူးက တရားစာရွတ်ရတာ ဝါသနာပါနေလို့သာ... အဲဒီမတိုင်ခင်ကဆို မင်းတို့ ပုတီးတောင် စိပ်တတ်မယ် မထင်ဘူး။"
"ကျောက်သခင်လေး ဆုံးမတာ မှန်ပါတယ်။"
ယွမ်ကန်းက စိတ်မဆိုးသည့်အပြင် ပြုံး၍ပင် ပြန်ပြောလိုက်သည်။
"ဝီရိယရှိရင် မသိတာတွေ တတ်လာမှာပါ။ ကျမ်းစာတွေ၊ ပုတီးတွေ ဆိုတာလည်း များများရွတ်၊ များများစိပ်ရင် ဖြည်းဖြည်းချင်း တတ်လာမှာပါပဲ။"
ထိုစကားကြောင့် ကျန်လူများ ဝါးခနဲ ရယ်မောလိုက်ကြသည်။
သို့သော် ယွမ်ကန်း၏အကြည့်များ ရောက်လာသောအခါ ရယ်သံများ တိတ်သွားကြသည်။
ဗာဂျာရာဂိုဏ်းသည် ယခုအခါ ပြန်လည်နိုးထလာမည့် အရိပ်အယောင်များ ရှိနေသည်။
အမြုတေဖွဲ့စည်းခြင်း အဆင့် ခန္ဓာကိုယ်သန့်စင်ခြင်းနည်းလမ်းတစ်ပိုင်းကို အားကိုးပြီး ဂိုဏ်းချုပ်သည် ဆယ်စုနှစ်အနည်းငယ်အတွင်း အဆင့်အတန်းမြင့်တက်လာကာ အမြုတေအဆင့်နှင့်ပင် ယှဉ်ပြိုင်နိုင်သည်ဟု သတင်းထွက်နေသည်။
ဗောဓိဗာဂျာရာရတနာသစ်ပင် ညှိုးနွမ်းသွားပြီးနောက်ပိုင်း ဤဂိုဏ်းသည် မည်သို့သောကံကောင်းမှုမျိုး ရလိုက်သည်မသိ၊ယခင်ကဲ့သို့ ခန္ဓာကိုယ် လျင်မြန်စွာ သန့်စင်နိုင်သည့် နည်းလမ်းများ ပြန်ရလာကာ ယခင်ကထက်ပင် ပိုမို ကြောက်မက်ဖွယ် ကောင်းလာသည်။
ကျောက်စိမ်းအဆင့် ပြီးပြည့်စုံခြင်းအဆင့်နှင့် အဆင့်တူသော ခန္ဓာကိုယ်သန့်စင်သူ အများအပြားနှင့် အမြုတေအဆင့်ကို မီလုနီးပါး ရှိသော ခန္ဓာကိုယ်သန့်စင်သူ အများအပြား ပေါ်ထွက်လာခြင်းသည် သာမန်ကိစ္စ မဟုတ်ပေ။
လူများ ခန့်မှန်းနေကြသလိုသာ အမှန်ဖြစ်ခဲ့လျှင် နောက်နှစ်ပေါင်း ရာဂဏန်းအကြာတွင် ဗာဂျာရာဂိုဏ်းသည် ချင်းဖုန်းတောင်နေရာတွင် အစားထိုးဝင်ရောက်ကာ ပထမတန်းစား အင်အားစု ဖြစ်လာနိုင်သည်။
"ဟွန့်"
ထိုအချက်ကို တွေးမိပုံရသော ကျောက်ခန်းယွင်သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သော်လည်း ဆက်လက် လှောင်ပြောင်ခြင်း မပြုတော့ပေ။
"ကိုယ်တော်လေး တမင် နောက်ကျတာ မဟုတ်ရပါဘူး။ ဒီရက်ပိုင်း နေရာအနှံ့ တရားဟောပွဲတွေ လိုက်လုပ်ပြီး ကုသိုလ်ယူနေတာနဲ့ စီရင်စု ၇ ခု၊ ၈ ခုလောက် ရောက်သွားတယ်။ အခုမှ ချင်ကျိုးကို ကပ်သီးကပ်သပ် ပြန်ရောက်တာပါ။"
ယွမ်ကန်းသည် တစ်စုံတစ်ယောက်ကို ရှာဖွေနေသကဲ့သို့ ဘေးဘီဝဲယာကို သေချာကြည့်လိုက်သည်။
သူ မှန်းထားသော ပုံရိပ်ကို မတွေ့ရသဖြင့် အပြုံးတစ်ခုကို ထပ်မံ ဖျစ်ညှစ်လိုက်ပြီး လက်ထဲမှ သံကြိုးကို ဆွဲလိုက်သည်။
"စားသောက်ပြီးရင် ကိုယ်တော်လေးက မိတ်ဆွေတို့ စိတ်ပျော်ရွှင်စေဖို့ တန်ခိုးရှင်ဗုဒ္ဓ နတ်ဆိုးနှိမ်နင်းခြင်းပြဇာတ်လေး ကပြပါ့မယ်။"
သံကြိုးဆွဲသံ တချွင်ချွင်နှင့်အတူ...
တုတ်တုတ်ခိုင်ခိုင်အရပ်မြင့်မြင့် လူတစ်ယောက် တာ့ရွှန်းစားသောက်ဆိုင်ထဲသို့ ပါလာခဲ့သည်။
ထိုလူသည် တောင်ကုန်းငယ်လေးပမာ ထွားကျိုင်းပြီး အပြာရောင် အင်္ကျီတိုကို ဝတ်ဆင်ထားကာ ဖောင်းကားနေသော ဗိုက်ကြီးမှာ အထူးပေါ်လွင်နေသည်။
ဗိုက်ကြီးအပြင် မုတ်ဆိတ်မွေးများ ဖုံးလွှမ်းနေသော ထိုလူ၏မျက်နှာတွင် နတ်ဆိုးပုံစံ ဆေးများ ခြယ်သထားသည်။
ခေါင်းတစ်ဖက်စီတွင် အမွေးပွဝက်နားရွက်များ တပ်ဆင်ထားပြီး ပါးစပ်နှင့် နှာခေါင်းတွင်လည်း ဝက်နှာခေါင်းတု တပ်ထားသည်။
ကြည့်ရသည်မှာ အလွန် ရယ်စရာကောင်းနေသည်။
ထိုလူ၏မျက်လုံးများမှာ ဝိညာဉ်လွင့်နေသကဲ့သို့ ဖြစ်နေပြီး အသက်ဓာတ်ကင်းမဲ့နေသည်။
ဘေးပတ်ဝန်းကျင်မှ လှိုင်းလုံးပမာ ရယ်မောသံများ ထွက်ပေါ်လာလျှင်ပင် ထိုလူကြီးသည် ခြေရင်းကိုသာ ကြောင်ငေးစွာ ကြည့်နေသည်။
ဤတစ်ကြိမ်တွင် ကျောက်ခန်းယွင်ပင် ရယ်မောလိုက်မိသည်။
"ဘယ်ကနေ ဒီလောက်ကောင်းတဲ့ သရုပ်ဆောင် ရှာလာတာလဲ၊ ဝက်နတ်ဆိုးနဲ့ တကယ် တူတာပဲ။"
"ဒါ ကျွန်တော့် မိတ်ဆွေဟောင်းပါ၊ သူက ဝက်ယောင်ဆောင်ရတာ ကြိုက်တယ်လေ။"
ယွမ်ကန်းက သွားဖြဲ၍ နောက်လှည့်ကြည့်ကာ မေးလိုက်သည်။
"ဟုတ်တယ်မလား။"
လူကြီးမှာ မကြားသကဲ့သို့ ရှိနေပြီး ဆံပင်တိုနှင့် လူငယ်က သံကြိုးကို အားကုန် ဆွဲလိုက်မှသာ တောင့်တောင့်ကြီး ခေါင်းညိတ်လိုက်ပြီး အသံခြောက်ကပ်ကပ်ဖြင့် ဖြေသည်။
"ဟုတ်..."
"ဒီကောင် တုံးလိုက်တာ။"
ထျန်ကျစ်ဝမ် မျက်မှောင်ကြုတ်လိုက်မိသည်။
မိတ်ဆွေဟောင်း ဖြစ်နေပါလျက်နှင့် ရန်ငြိုးဘယ်လောက်ကြီးကြီး၊ မကျေနပ်လျှင် သတ်သာပစ်လိုက်သင့်ပေ၏။
ခေါင်းပြတ်သွားလျှင် အမုန်းတရားများ ငြိမ်းသွားလိမ့်မည်ပဲ။အဘယ်ကြောင့် ဤမျှထိ သိက္ခာချစရာ လိုနေသနည်း။
ထိုသို့ တွေးနေမိစဉ်မှာပင် ကျောချမ်းသွားသလို ခံစားလိုက်ရပြီး အခန်းတွင်း အခြေအနေသည်လည်း တဖြည်းဖြည်း ထူးဆန်းလာသည်။
လီရှင်းဟန်၏ခန္ဓာကိုယ် တောင့်တင်းသွားပြီး လီမူကျင်းမှာ နှုတ်ခမ်းကို ပြတ်ထွက်မတတ် ကိုက်ထားသည်။
မင်ရောင်စာပေပညာရှင်ဝတ်ရုံနှင့် လူငယ်တစ်ဦးတည်းသာ လက်ဖက်ရည်ခွက်ကို ဖြည်းညှင်းစွာ ချလိုက်သည်။
သူ့မျက်နှာထားမှာ ပိုမို တည်ငြိမ်လာပြီး သီးသန့်ခန်းထဲမှ ထွက်ခွာကာ လှေကားအတိုင်း အောက်သို့ ဆင်းသွား၏။
ပျော်ရွှင်ရယ်မောသံများကြားတွင် ထို သဟဇာတ မဖြစ်သော ပုံရိပ်သည် လူအများ၏အကြည့်ကို လျင်မြန်စွာ ဖမ်းစားလိုက်သည်။
ကျောက်ခန်းယွင် မော့ကြည့်လိုက်ပြီး မျက်နှာထား ချက်ချင်း အေးစက်သွားသည်။
'သူတောင်မှ အများနဲ့တန်းတူ အောက်ထပ်မှာ ထိုင်နေတာ၊ အပေါ်ထပ်မှာ ဘယ်သူ ရှိနေသေးတာလဲ။ ထျန်ကျစ်ဝမ်က ဘာသဘောလဲ။'
မကြာမီ မင်ရောင်ဝတ်ရုံနှင့်လူငယ်၏မျက်နှာကို သေချာမြင်လိုက်ရသောအခါ...
သူ့မျက်ခုံးများ တွန့်ချိုးသွားပြီး သံသယနှင့်အတူ ရင်းနှီးသလိုလို ခံစားချက်တစ်ခု ပေါ်လာသည်။
ရှန်းယီသည် သူ့ကိုယ်သူ ကိုယ်တော်လေးဟု သုံးနှုန်းနေသော လူငယ်ရှေ့တွင် ရပ်တန့်လိုက်သည်။
သူသည် တစ်ဖက်လူ၏နောက်မှ လူကြီးကို ငြိမ်သက်စွာ စိုက်ကြည့်နေသော်လည်း ခန်းမထဲရှိ လူအားလုံးကို မေးခွန်းထုတ်လိုက်သကဲ့သို့ အသံထွက်လာသည်။
လေသံမှာ အနိမ့်အမြင့် မရှိတည်ငြိမ်နေ၏။
"ရယ်စရာ ကောင်းနေလား။"
ရင်းနှီးသော အသံကို ကြားလိုက်ရသဖြင့် ထိုလူကြီးမှာ အလိုအလျောက် မော့ကြည့်လိုက်သည်။
ရှေ့မှလူကို သေချာမြင်လိုက်ရသောအခါ သူ တစ်ကိုယ်လုံး တုန်ရီသွားပြီး နောက်သို့ ခြေနှစ်လှမ်း ဆုတ်လိုက်ကာ မျက်နှာကို လက်မောင်းကြီးဖြင့် ကွယ်လိုက်မိသည်။
သူသည် တစ်ချိန်က ဤလူငယ်အား ချင်ကျိုးမြို့အကြောင်း၊ သူ့ဇာတ်လမ်း အကြောင်းများကို ကြွားလုံးထုတ် ပြောဆိုခဲ့ဖူးသည်။
တစ်သက်လုံး ဘာအောင်မြင်မှုမှ မရှိခဲ့သော်လည်း သူရဲကောင်းဆန်သော အပြုအမူ နှစ်ခု၊ သုံးခုလောက်တော့ ပြောပြစရာ ရှိခဲ့သည်။
သူသည် စိတ်ဓာတ်တက်ကြွလာလျှင် ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်သော သားသတ်သမားကျန်း ဖြစ်သည်။သံကြိုးချည်ခံထားရသော ဝက်နတ်ဆိုး မဟုတ်ပေ။
ရှန်းယီသည် ချင်ကျိုးသို့ ရောက်ခါစသာ ရှိသေးသည်။ ဝက်ယောင်ဆောင်ထားသော ငတုံးတစ်ကောင်အတွက်နှင့် သူများကို ရန်စစရာ မလိုပေ။
"..."
ယွမ်ကန်းအနည်းငယ် ကြောင်အသွားသည်။ တစ်ဖက်လူကို မမြင်ဖူးသော်လည်း ဒုတိယထပ်မှ ဆင်းလာခြင်း ဖြစ်သည်။
ထျန်ကျစ်ဝမ်က လူညံ့မဟုတ်ပေ။ထိုသို့ဆိုလျှင်... ဤလူက အနည်းဆုံးတော့ ကျောက်ခန်းယွင် အဆင့်အတန်းမျိုး သို့မဟုတ် ထို့ထက် မြင့်မားသူ ဖြစ်ရမည်။
ထိုသို့ တွေးမိကာ သူ ဂရုမစိုက်သလို ပြုံးလိုက်သည်။
"လူကြီးမင်း မကြိုက်ဘူးဆိုရင်လည်း မကပြတော့ပါဘူး။ပရိသတ်တွေ အရှိန်ပျက်သွားမှာတော့ နှမြောစရာပဲ။"
ထိုစကားကြောင့် ကျန်လူများ၏မျက်လုံးများတွင် ထူးဆန်းသော အရိပ်အယောင်များ ပေါ်လာသည်။
ကျောက်ခန်းယွင် ယပ်တောင်ကို ပြန်ဖြန့်လိုက်သည်။ယွမ်ကန်းက ကြားကနေ မီးမွှေးပေးနေမှန်း သူ မည်သို့မသိဘဲနေမည်နည်း။
သို့သော်လည်း ပြဿနာက စောစောက သူလည်း ရယ်ခဲ့မိတယ်။ထို့အတူ ဤလူက မည်သူဆိုတာကိုလည်း ရိပ်မိသလို ရှိနေပြီ။
ကျောက်ခန်းယွင် ဖြည်းညှင်းစွာ မတ်တပ်ရပ်ပြီး စကားပြောရန် ပြင်လိုက်စဉ်မှာပင်... သူ၏နားထဲသို့ အေးစက်သော အသံတစ်သံ ဝင်ရောက်လာသည်။
"ငါ မင်းကို အဲဒါမေးလို့လား။"
စကားသံနှင့်အတူ ရှန်းယီ၏လက်ဝါးသည် ပေါ့ပါးစွာ မြောက်တက်လာသည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ယွမ်ကန်းသည် သံကြိုးကို လွှတ်ချလိုက်ပြီး ငွေရောင်သံတုတ်ရှည်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ အရေပြားများအောက်မှ အလင်းရောင်များ ထွက်ပေါ်လာပြီး ရှိသမျှ အားကုန်သုံး၍ တုတ်ဖြင့် ကာလိုက်သည်။
ငယ်ရွယ်သောအသွင်အပြင် ရှိသော်လည်း အမှန်တကယ်အသက်အရွယ်မှာ အဆောက်အအုံထဲရှိ လူများထက် မျိုးဆက်တစ်ခုကြီးရင့်ပြီး သားသတ်သမားကျန်းထက်ပင် အသက်ကြီးသေးသည်။
ကျောက်စိမ်းအဆင့် အစောပိုင်း ကျင့်ကြံခြင်းအခြေခံ ရှိသော်လည်း ကျောက်စိမ်းအဆင့်နောက်ဆုံးယနှင့် ယှဉ်နိုင်သော ခန္ဓာကိုယ်ကြံ့ခိုင်မှု ရှိသည်။
"ဒါ ဒကာလေးကိုယ်တိုင် ရှာတဲ့လမ်းပဲနော်၊ ကိုယ်တော်လေး လက်လွန်သွားရင် ခွင့်လွှတ်"
သူ သွားများကိုတင်းတင်းစေ့ထားပြီး မျက်နှာထား ကြမ်းကြုတ်နေသည်။ သို့သော် နောက်တစ်စက္ကန့်တွင် သွယ်လျသောလက်ဝါးတစ်ခုက သူ တင်းကြပ်စွာ ဆုပ်ကိုင်ထားသော တုတ်ပေါ်သို့ ကျရောက်လာသည်။
ကြောက်မက်ဖွယ် ကောင်းသော အားအင်က အကြိမ်ရာချီ သွန်းလောင်းထားသော သံတုတ်ရှည်ကို လွယ်ကူစွာ ချိုးဖြတ်လိုက်ပြီးနောက် ယွမ်ကန်း၏ရင်ဘတ်ကို ရိုက်ချလိုက်၏။
နှစ်ပေါင်းများစွာ သန့်စင်ကျင့်ကြံလာခဲ့ပြီး ဖျက်ဆီး၍မရနိုင်ဟု ထင်ရသော ခန္ဓာကိုယ်သည်ယခုတော့ အသက်ရှူချိန် တစ်ခဏအတွင်းမှာပင် ချိုင့်ဝင် သွားလေတော့သည်။