နောက်ကွယ်မှ တကယ့်လူ
Vol. 14 Ch. 158
ခရမ်းဝါး ခြံဝင်းအပြင်ဘက်
မိုရှောင်းရှောင်း၊ ယင်ကျဲ့နှင့် နောက်ထပ် လူစိမ်းလူငယ်တစ်ဦးတို့က တံခါးဝ၌ ရပ်နေကြသည်။
"ထန်ထျန်း"
ထန်ထျန်း ထွက်လာသည်ကို မြင်သောအခါ မိုရှောင်းရှောင်းက ပြုံး၍ နှုတ်ဆက်လိုက်၏။
"သခင်မလေးမို... မတွေ့ရတာ ကြာပြီနော်။"
ထန်ထျန်းကလည်း ပြုံး၍ ပြန်ဖြေ လိုက်သည်။
"ရှောင်းရှောင်းလို့ပဲ ခေါ်ပါ"
သူမက ပြော သည်။ "ရှင် ပြန်လာတာ တော်တော်လေး စောင့်လိုက်ရတယ်။"
"လူတွေအများကြီးက ကျွန်မ ကို အရှင်လတ်လတ် ဝါးစားချင်နေကြတာ။ ရှင်သာ ထပ်ပြီး ပြန်မလာဘူးဆိုရင် ကျွန်မ လည်း တောင့်မခံနိုင်တော့ဘဲ ဝူဒင်နန်းတော် ဆီ ပြန်သွားမိတော့မှာ။"
ထန်ထျန်းက ရယ်မောကာ "ခရီး ဝေး သွားရလို့ပါ။ မင်း ဒီလောက်မြန်မြန် ပြန်လာနိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။"
"အထဲ ကြွကြပါ။"
ထို့နောက် သူက ဧည့်သည်သုံးဦးကို ခြံဝင်းအတွင်းသို့ ဖိတ်ခေါ်ကာ မန်ကျည်းပင်အို ကြီးအောက်တွင် နေရာချပေးလိုက်၏။
ထိုင်မိကြသောအခါ မိုရှောင်းရှောင်းက မိတ်ဆက်ပေးလေသည်။ "ယင်ကျဲ့ကိုတော့ ရှင်သိပြီးသားပါ။"
"ဒီတစ်ယောက်ကတော့ ကျွန်မရဲ့ အစ်ကို မိုကျွင်း ပါ။"
မိုကျွင်းက ထန်ထျန်းကို နှုတ်ဆက်လိုက်၏။ "ဒီရက်ပိုင်းအတွင်းမှာ ရှောင်းရှောင်းက မင်းရဲ့ နာမည်ကို နေ့တိုင်းလိုလို ရွတ်နေတာ။ ငါ့နားတွေတောင် အူနေပြီ။"
"ဘယ်လို လူငယ်ပါရမီရှင်မျိုးကများ မြင့် မြင့်ကြည့်တတ်တဲ့ ငါ့ညီမလေးကို ဒီလောက်အထိ တမ်းတစေသလဲဆိုတာ ငါ တကယ် စပ်စုချင်နေခဲ့တာ။"
"ဒီနေ့ သခင်လေးထန်ကို မြင်ရတော့မှပဲ... တကယ့်ကို သာမန်လူ မဟုတ်ဘူးဆိုတာ သိရတော့တယ်။"
မိုရှောင်းရှောင်း၏ ပြတ်သားထက်မြက်ပြီး ထက်ရှသော အရှိန်အဝါနှင့် မတူဘဲ အစ်ကိုဖြစ်သူ မိုကျွင်းမှာမူ ယဉ်ကျေးသိမ်မွေ့ကာ အသံမှာလည်း နူးညံ့ပျော့ပျောင်းသဖြင့် လူအများ၏ ယုံကြည်မှု ကို လွယ်ကူစွာ ရရှိနိုင်ပေသည်။
"အစ်ကိုကြီးမိုက ချီးမွမ်းလွန်းနေပါပြီ"
ထန်ထျန်းက ပြော လိုက်၏။ "ကျွန်တော်နဲ့ ရှောင်းရှောင်းကြားမှာ ကတိအချို့ ရှိခဲ့လို့ သူက ကျွန်တော် ပြန်မလာမှာကို စိုးရိမ်နေတာ ဖြစ်မှာပါ။"
"အခု ပြန်ရောက်ပြီဆိုတော့... ဘာတွေ ဆက်လုပ်ဖို့ စီစဉ်ထားလဲ"
သူက စကားကို လိုရင်းသို့ တိုက်ရိုက် ရောက်အောင် ပြောလိုက်သည်။
မိုရှောင်းရှောင်းက ခါးသက်စွာ ပြုံးလိုက်၏။ "ကျွန်မမှာ ဘာအစီအစဉ်မှ မရှိတော့ဘူး။"
"ဒီအာဏာလုပွဲမှာ ကျွန်မကတော့ လုံးဝ ထွက်လိုက်ရပြီလို့ ပြောလို့ရတယ်။ ဒီတစ်ခေါက် ပြန်လာတာကလည်း တောင် တောင်ထိပ်မှာရှိတဲ့ ကျွန်မရဲ့ လူယုံတွေကို ပြန်ခေါ်ဖို့ပဲ။"
"ဒါနဲ့ ပတ်သက်ပြီး ပြောရရင် အရေးကြီးတဲ့ အချိန်မှာ ကူညီပေးခဲ့လို့ ရှင့်ကို တစ်ခါ ထပ်ကျေးဇူးတင်ရဦးမယ်။"
"ရှင်သာ မရှိခဲ့ရင် ကျွန်မလူတွေထဲက ဆယ်ယောက်မှာ တစ်ယောက်တောင် ကျန်မှာ မဟုတ်ဘူး။"
ထန်ထျန်းက လက်ကို ဝှေ့ယမ်းကာ ကိစ္စမရှိကြောင်း ပြလိုက်၏။
အမှန်တကယ်တော့ သူတို့မှာ ကြိုတင်၍ အပေးအယူ လုပ်ထားကြသည် မဟုတ်ပါလား။
"အခုတော့ ထျန်းယန်ရှန်းလည်း ပြုတ်သွားပြီဆိုတော့ အဲဒီရာထူးအတွက် ပြိုင်ဘက်က ရှင်နဲ့ လုချန်းကျီ နှစ်ယောက်ပဲ ကျန်တော့တယ်။"
မိုရှောင်းရှောင်းက ဆက်ပြောသည်။ "ကျွန်မ မထွက်သွားခင်မှာ တောင် တောင်ထိပ်ရဲ့ အင်အားစုတွေနဲ့ ဂိုဏ်းအတွင်းမှာ ငါ နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့တဲ့ အဆက်အသွယ် အားလုံးကို ရှင့်ဆီ လွှဲပေးခဲ့မယ်။"
"ဒါ့အပြင် မိုမိသားစုကလည်း ရှင့်ရဲ့ နောက်ကွယ်မှာ ရပ်တည်ပေးမှာ ဖြစ်လို့ ဝူဒင်နန်းတော် အထက်ပိုင်း အင်အားစုတွေရဲ့ တိုက်ရိုက် သက်ရောက်မှုတွေကနေ ရှင့်ကို ကာကွယ်ပေးထားလိမ့်မယ်။"
"ဒီလိုဆိုရင် ရှင် လုချန်းကျီကို ရင်ဆိုင်တဲ့အခါ အနိုင်ရဖို့ အခွင့်အရေး ပိုများလာမှာ သေချာတယ်။"
ထန်ထျန်း ခေါင်းညိတ်လိုက်သည်။
အနိုင်ရရန် အခွင့်အရေး ပိုများရုံတင်မကချေ။ မိုရှောင်းရှောင်းနှင့် မိုမိသားစု၏ သြဇာအာဏာမှာ လုချန်ကျီနှင့် ကောင်းခြင်း ဆိုးခြင်း ခန်းမ တို့ထက် မနိမ့်ပေ။ သူမ၏ အစွမ်းကုန် ထောက်ခံမှုသာ ရပါက လုချန်းကျီက ပင်မတောင်ထိပ်၊ အရှေ့၊ အနောက်၊ မြောက် တောင်ထိပ်များ၏ အင်အားစုများကို စုစည်းထားလျှင်ပင် ထန်ထျန်းဘက်မှ ယှဉ်ပြိုင်နိုင်စွမ်း ရှိပေလိမ့်မည်။
ထို့ပြင် သူ့ဘက်တွင် ချီယွမ် ရှိနေသေးသည် မဟုတ်ပါလား။
ဂိုဏ်းတွင်း သြဇာအာဏာအရ ဆိုလျှင် ယခု ထန်ထျန်းက လုချန်းကျီထက် အားမနည်းတော့ချေ။
"ကျေးဇူးတင်ပါတယ်"
"ငါ တကယ်ပဲ အဲဒီရာထူးကို ရယူဖို့ စိတ်ကူးရှိပါတယ်။"
ထန်ထျန်းက ဘာမှ ဖုံးကွယ်မထားဘဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်၏။
မိုရှောင်းရှောင်းက ပြုံးလျက် "ရှင် အစကတည်းက ဒီလိုပဲ ဖြစ်သင့်တာ။"
"ဝူဒင်နန်းတော်ရဲ့ အုပ်ချုပ်မှုအောက်မှာ အာဏာဆိုတာ တော်တော်လေး အရေးပါတဲ့ အရာပဲ။"
"ရှင် အသုံးမချချင်ရင်တောင်... မရှိလို့တော့ မဖြစ်ဘူး။"
"ဒါပေမဲ့..."
စကားပြောရင်း သူမက လေသံပြောင်းလိုက်၏။ "ဒီကိစ္စက ကျွန်မတို့ ထင်ထားတာထက် ပိုပြီး ရှုပ်ထွေးနိုင်တယ်"
ထန်ထျန်း မျက်မှောင်ကြုတ်သွားကာ "ဘယ်လိုမျိုးလဲ"
မိုရှောင်းရှောင်းက မိုကျွင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဖြည်းဖြည်းချင်း ပြော လေသည်။ "ကျွန်မ မိသားစုဆီ ပြန်သွားတဲ့ အတောအတွင်းမှာ တုယွမ်ချင်း ကိစ္စနဲ့ ပတ်သက်ပြီး သေချာ စုံစမ်းစစ်ဆေးခဲ့တယ်။"
"တစ်စုံတစ်ယောက်က ကျွန်မအပေါ် မဟုတ်မမှန် စွပ်စွဲတာကို ဒီအတိုင်း ကြည့်မနေနိုင်လို့ မိသားစုရဲ့ အင်အားကို သုံးပြီး အတွင်းကျကျ တူးဖော်ကြည့်ခဲ့တာ။"
"ဒါပေမဲ့ ရလဒ်ကတော့..."
မိုရှောင်းရှောင်း သက်ပြင်းချလိုက်မိသည်။ "အစကတော့ ငါက ဒါဟာ လုချန်းကျီ ဒါမှမဟုတ် ထျန်းယန်ရှန်းတို့ ကိုယ်တိုင် ကပြခဲ့တဲ့ ဇာတ်လမ်းလို့ပဲ ထင်ခဲ့တာ။"
"ဒါပေမဲ့ စုံစမ်းရင်းနဲ့ ချင်းယွဲ့ဂိုဏ်းနဲ့ လုံးဝ မသက်ဆိုင်တဲ့ အခြားလူတွေရဲ့ သဲလွန်စတွေကို တွေ့လိုက်ရတယ်။"
"ပြီးတော့ ကျွန်မက ပိုပြီး နက်နက်နဲနဲ စုံစမ်းဖို့ ပြင်တဲ့အခါမှာ တစ်စုံတစ်ယောက်က ကြားဖြတ် တားဆီးခဲ့တယ်။"
ထန်ထျန်းက "ဘယ်လိုလူလဲ
မင်းကိုတောင် တားဆီးနိုင်တာလား"
မိုရှောင်းရှောင်းမှာ မိုမိသားစု၏ တိုက်ရိုက်မျိုးဆက် ဖြစ်သည်။ ချင်းယွဲ့ဂိုဏ်းတွင် သာမန်တပည့်ဟု ထင်ရသော်လည်း သူမ မိသားစုသို့ ပြန်ရောက်သွားချိန်တွင် ရရှိသော အာဏာမှာ သာမန်လူများ မယှဉ်နိုင်ချေ။
သူမကို တားဆီးနိုင်သူမှာ သာမန်လူ မဟုတ်သည်မှာ သေချာလှပေသည်။
သို့သော် မိုရှောင်းရှောင်းက ခေါင်းခါယမ်းလိုက်၏။
"သူက ငါ့ကို တားဆီးတာ မဟုတ်ဘူး။"
"မိုမိသားစုရဲ့ အထက်ပိုင်း ပုဂ္ဂိုလ်တွေကို တိုက်ရိုက် သတိပေးခဲ့တာ။ ဒီကိစ္စမှာ ထပ်မပါဝင်ဖို့ပေါ့။"
"ပြီးတော့... ကျွန်မတို့ ရှာတွေ့ထားတဲ့ အဲဒီ သဲလွန်စတွေကိုလည်း ဘယ်သူ့ကိုမှ မပြောဖို့ သူတို့က တားမြစ်ခဲ့တယ်။"
"မဟုတ်ရင် မိုမိသားစုအနေနဲ့ ခံနိုင်ရည်မရှိတဲ့ ဆုံးရှုံးမှုတွေနဲ့ ကြုံရလိမ့်မယ်တဲ့။"
ထိုစကားကို ကြားသောအခါ ထန်ထျန်း မှင်တက်သွားမိသည်။
မိုမိသားစုဆိုသည်မှာ အဘယ်နည်း။
ဝူဒင်နန်းတော် တစ်ခုလုံးတွင် အထက်တန်းအကျဆုံးနှင့် အစွမ်းအထက်ဆုံး အင်အားစု တစ်ခု မဟုတ်ပါလား။
သူတို့၏ အခြေခံမှာ ထျန်းယန်ရှန်း၏ စစ်နတ်ဘုရားခန်းမ သို့မဟုတ် လုချန်းကျီ၏ ရှန့်အဲ( ကောင်းခြင်း ဆိုးခြင်း) ခန်းမတို့ထက် ပို၍ နက်ရှိုင်းပြီး ရှေးအကျဆုံး အင်အားစုများထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။
မည်သို့သော ပုဂ္ဂိုလ်မျိုးက မိုမိသားစုကိုပင် တုန်လှုပ်စေနိုင်သနည်း။
ပို၍ အရေးကြီးသည်မှာ ထိုကဲ့သို့သော ပုဂ္ဂိုလ်က ဘာကြောင့် သေးငယ်လှသော ချင်းယွဲ့ဂိုဏ်းအပေါ် အာရုံစိုက်နေရသနည်း။
၎င်းမှာ ဂုဏ်ထူးဆောင်တပည့် ရာထူးလုပွဲမျှသာ ဖြစ်သည်။
တုယွမ်ချင်း၏ အဆင့်အတန်းမှာ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးအတွက် ပုရွက်ဆိတ်တစ်ကောင်မျှပင် တန်ဖိုးရှိမည် မဟုတ်ချေ။
ထန်ထျန်း၏ ဦးနှောက်မှာ ထိုအချက်ကို လိုက်မမီတော့ပေ။
ဤကိစ္စတွင် ပါဝင်ပတ်သက်နေသော လျှို့ဝှက်ချက်မှာ ယခုရှိနေသော သူ၏ အဆင့်အတန်းဖြင့် မခန့်မှန်းနိုင်လောက်အောင်ပင်။
"ဒါဆိုရင်... ငါတို့ အခု ပြိုင်နေတဲ့ ဒီရာထူးကရော..."
ထန်ထျန်းက ထိုရာထူးမှာလည်း ထိုလျှို့ဝှက်ချက်ထဲတွင် ပါဝင်နေမည်ကို စိုးရိမ်မိသွားသည်။
သို့သော် မိုရှောင်းရှောင်းက ချက်ချင်းပင် ခေါင်းခါပြ၏။ "ချင်းယွဲ့ဂိုဏ်းရဲ့ ဒီရာထူးကတော့ အဲဒီလူတွေရဲ့ သက်ရောက်မှု မရှိပါဘူး။"
"အဲဒီလူတွေက တခြား ရည်ရွယ်ချက် ရှိပုံရတယ်။ တုယွမ်ချင်း ကိစ္စက သူတို့အတွက် အစပျိုးချက် တစ်ခုပဲ ဖြစ်လိမ့်မယ်။"
"ပြီးတော့... တကယ်လို့ သက်ရောက်မှု ရှိခဲ့ရင်တောင် ကျွန်မတို့မှာ နည်းလမ်း မရှိဘူး။"
"အဲဒီလောက် အဆင့်ရှိတဲ့ ပုဂ္ဂိုလ်တွေက ဘယ်သူ့ကိုမဆို နယ်ရုပ်အဖြစ် သုံးချင်ရင် သုံးလို့ရတာပဲ၊ ငါတို့ ရှောင်လို့ မရဘူး။"
"လုပ်စရာရှိတာကို ဆက်လုပ်သွားဖို့ပဲ ရှိတယ်။"
ထန်ထျန်း ခေတ္တ တိတ်ဆိတ်သွားပြီးမှ ခေါင်းညိတ်လိုက်သည်။
မည်သည့်ကမ္ဘာမှာမဆို နယ်ရုပ်ကစားသူ မှာ လက်တစ်ဆုပ်စာသာ ရှိစမြဲ ဖြစ်၏။ အထွတ်အထိပ်သို့ အမှန်တကယ် ရောက်ရှိမှသာ ကံကြမ္မာ၏ လက်မှ ရုန်းထွက်နိုင်ပေလိမ့်မည်။
သာမန် သတ္တဝါများအတွက်မူ သူတို့၏ ဘဝကို ကောင်းမွန်စွာ ဖြတ်သန်းနိုင်ခြင်းကပင် ပြီးပြည့်စုံမှု တစ်ခုပင် ဖြစ်၏။
"ဒါဆိုရင် မင်းက စုံစမ်းစစ်ဆေးတာကို လက်လျှော့လိုက်ပြီလား"
ထန်ထျန်းက မေးလိုက်သည်။
မိုရှောင်းရှောင်းက ခေါင်းခါလျက် ပြုံးလိုက်၏။ "နက်နက်နဲနဲ ထပ်မလိုက်တော့တာပဲ ရှိတာပါ။"
"ဒါပေမဲ့ ကျွန်မအပေါ် မဟုတ်မမှန် စွပ်စွဲပြီး ဒီပရိယာယ်ကို ဆင်ခဲ့တဲ့လူကိုတော့ ကျွန်မ ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး။"
"အနည်းဆုံးတော့... သူ့ကို သက်သောင့်သက်သာ မနေရအောင် ကျွန်မ လုပ်ရမှာပေါ့။"
ထန်ထျန်း မျက်ခုံးပင့်လိုက်မိသည်။ "ကြည့်ရတာ မင်း တစ်ခုခုကိုတော့ ရှာတွေ့ထားပုံပဲ။"
မိုရှောင်းရှောင်းက ခေါင်းညိတ်ကာ "စကားတစ်ခွန်း ရှိတယ်လေ။ ကာယကံရှင်က တွေဝေပေမဲ့ ဘေးလူက မြင်သာတယ်တဲ့။"
"ငါ အခု အပြင်လူအဖြစ်ကနေ မိသားစုဆီ ရောက်သွားတဲ့အခါ အရင်က သတိမထားမိတဲ့ ကိစ္စတွေကို မြင်လာရတယ်။"
"တကယ်တော့ ရလဒ်ကနေ ပြန်ကြည့်ရင် ဒီဇာတ်လမ်းကို ဘယ်သူစခဲ့သလဲဆိုတာ မြင်ဖို့ မခက်ပါဘူး။"
"ဘာလို့လဲဆိုတော့ ကြီးမားတဲ့ ဖြစ်ရပ်တစ်ခုအပြီးမှာ အကျိုးအမြတ် အများဆုံး ရတဲ့သူကပဲ အဲဒီဖြစ်ရပ်ရဲ့ လက်သည် ဖြစ်လေ့ရှိလို့ပဲ။"
ထန်ထျန်း တိတ်ဆိတ်သွား၏။
မိုရှောင်းရှောင်း ဤကဲ့သို့ ပြောနိုင်ခြင်းမှာ ခိုင်မာသော သဲလွန်စ အချို့ကို ရထားသောကြောင့် ဖြစ်ရပေမည်။
ရလဒ်မှ ပြန်ကြည့်လျှင် ယခု အကျိုးအမြတ် အများဆုံး ရနေသူမှာ တစ်ဦးတည်းသာ ကျန်တော့သည်။
"မင်း ဆိုလိုတာက... လုချန်းကျီ လား"
ထန်ထျန်းက မေးလိုက်လေတော့သည်။