ရှယ်ယာ ၄၀ ရာခိုင်နှုန်း
Vol. 14 Ch. 160
မိုရှောင်းရှောင်း ထွက်သွားပြီ ဖြစ်သည်။
သူမက တောင် တောင်ထိပ်တွင် နှစ်ပေါင်းများစွာ ပျိုးထောင်ခဲ့သည့် ထိပ်တန်းလူယုံများနှင့် အမာခံအင်အားစုအားလုံးကို ခေါ်ဆောင်သွားခဲ့၏။
၎င်းမှာ သူမ၏ အဓိက ရည်ရွယ်ချက်လည်း ဖြစ်သည်။ ချင်းယွဲ့ဂိုဏ်း၏ ဒုတိယအာဏာအရှိဆုံးနေရာကို လုခြင်းမှာ သူမအတွက် ဒုတိယဦးစားပေးသာ ဖြစ်ပေသည်။
သို့သော် သူမက ထန်ထျန်းကို ကူညီရန်အတွက် ယင်ကျဲ့ကို ချန်ထားရစ်ခဲ့၏။
အသေးစိတ် လေ့လာကြည့်ပြီးနောက်မှသာ ထန်ထျန်းက ဂိုဏ်းအတွင်း နှစ်ပေါင်းများစွာ အခြေချခဲ့သည့် အထက်တန်းလွှာ သခင်လေးများ၏ အင်အားမှာ မည်မျှနက်ရှိုင်းကြောင်း သတိပြုမိတော့သည်။
ဂိုဏ်းအတွင်းပိုင်းရှိ တောင် တောင်ထိပ်မှ အကြီးအကဲများနှင့် ဌာနခွဲအသီးသီးမှ အကြီးအကဲ အများစုမှာ မိုရှောင်းရှောင်း၏ အမာခံ ထောက်ခံသူများ ဖြစ်ကြသည်။
၎င်းအပြင် အခြားသော တောင်ထိပ်များနှင့် တသီးတခြား နေထိုင်ကြသည့် ဝါရင့်အကြီးအကဲ အချို့နှင့်လည်း သူမမှာ ရင်းနှီးသော ပတ်သက်မှုများ ရှိနေခဲ့၏။
ဤအင်အားစုမှာ ဂိုဏ်းအတွင်း၌ လျစ်လျူရှု၍မရသော အစိတ်အပိုင်းတစ်ခုပင် ဖြစ်သည်။
ဂိုဏ်းပြင်ပ သြဇာအာဏာမှာလည်း ထိုနည်းတူပင်။
အပြင်ဘက် သြဇာလွှမ်းမိုးမှု အကဲဖြတ်ရာတွင် အဓိက ကဏ္ဍကြီး နှစ်ခု ရှိသည်။
ပထမမှာ ပြင်ပအင်အားစုများအပေါ် လွှမ်းမိုးနိုင်မှု ဖြစ်သည်။ ပြင်ပအင်အားစုများအပေါ် စကားပြောခွင့် ပိုရှိလေ၊ ထောက်ခံမှု ပိုရလေ ဖြစ်၏။
ဤကဏ္ဍတွင် မိုရှောင်းရှောင်းက အထူးပင် ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့သည်။
ချန်မိသားစုအပါအဝင် အင်အားစု အများစုမှာ သူမ၏ လက်အောက်တွင် ရှိနေကြသည်။ ထို့ပြင် အလယ်အလတ်နှင့် အငယ်စား အင်အားစုများစွာကိုလည်း သူမ ထိန်းချုပ်ထားနိုင်ခဲ့၏။
ခြုံငုံကြည့်လျှင် သူမ၏ ပြင်ပအင်အားစု ဖြန့်ကျက်ထားမှုမှာ လုချန်းကျီထက်ပင် သာလွန်နေပြီး လုချန်းကျီ တုမိသားစုနှင့် ကွမ်းမိသားစုမှ ကျန်ရှိသော အင်အားများကို သိမ်းပိုက်ပြီးမှသာ သူမနှင့် အဆင့်တူဖြစ်လာခြင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဤအချက်မှာ မိုရှောင်းရှောင်း၏ အဓိက လေ့ကျင့်ရေးပစ်မှတ် ဖြစ်နေသောကြောင့်ပင်။
ဒုတိယအချက်မှာ ပြင်ပစီးပွားရေး အင်အားစုများအပေါ် လွှမ်းမိုးမှုဖြစ်ပြီး ၎င်းမှာ တန်းယွမ် ကုန်သွယ်ရေးအသင်းကဲ့သို့သော အသင်းကြီးများနှင့် သက်ဆိုင်သည်။
ဝူဒင် နန်းတော် လက်အောက်တွင် တန်းယွမ် ကဲ့သို့သော အသင်းကြီး အခု ၂၀ မက ရှိ၏။
၎င်းတို့အနက် ချင်းယွဲ့ဂိုဏ်းအပေါ် သက်ရောက်မှုရှိနိုင်သည့် အသင်းကြီး ၅ ခု ရှိပြီး ထို ၅ ခုလုံးသည် ရာထူးဆုံးဖြတ်ရာတွင် မဲပေးပိုင်ခွင့် ရှိကြသည်။
သို့သော် မိုရှောင်းရှောင်းက ပြင်ပစီးပွားရေးအင်အားစုများအပေါ်တွင်မူ များစွာ အာရုံမစိုက်ခဲ့ပေ။ ၎င်းမှာ သူမ၏ အဓိက လေ့ကျင့်ရေး မဟုတ်သလို မိုမိသားစု၏ ကြွယ်ဝမှုအရ ကုန်သွယ်ရေးအသင်း တစ်ခုနှစ်ခုကို အမှီပြုရန် မလိုအပ်သောကြောင့်လည်း ဖြစ်သည်။
ထို့ကြောင့် ဤအချက်တွင် ထန်ထျန်းက လုချန်းကျီနှင့် ယှဉ်လျှင် အားနည်းချက် ရှိနေသည်။
သူက တန်းယွမ် ကုန်သွယ်ရေးအသင်းကို ရရှိထားသော်လည်း အခြားသော အသင်းကြီး ၄ ခုကိုမူ လုံးဝ လက်လှမ်းမမီသေးပေ။
လက်ရှိတွင် ရာထူးအတည်ပြုရန် ၃ လသာ လိုတော့သဖြင့် အချိန်တိုအတွင်း ထိုကုန်သွယ်ရေးအသင်းများကို သိမ်းပိုက်လိုပါက ယခင်ကထက် ဆပေါင်းများစွာ ပိုမိုသော ရင်းနှီးမှုများ ပြုလုပ်ရပေလိမ့်မည်။
"တခြား ကုန်သွယ်ရေးအသင်းတွေအတွက် ယှဉ်ပြိုင်တာကို လက်လွှတ်ပြီး ဂိုဏ်းအတွင်းပိုင်းကိုပဲ အာရုံစိုက်သင့်တယ်"
မိုရှောင်းရှောင်းက အကြံပေးခဲ့ဖူးသည်။
"သေချာ စီစဉ်နိုင်ရင် လုချန်းကျီကို ရှုံးမှာ မဟုတ်ဘူး။ အခုချိန်မှာ တခြားအသင်းတွေကို သိမ်းဖို့ဆိုရင် သုံးရမယ့် ဝိညာဉ်ကျောက် ပမာဏက များလွန်းအားကြီးတယ်လေ။"
သို့သော် အခြားသော ကုန်သွယ်ရေးအသင်းကြီးများစွာ ရှိသေးကြောင်း သိလိုက်ရသောအခါ ထန်ထျန်း၏ စိတ်ထဲတွင် ပျော်ရွှင်သွားသည်ကို သူမ မသိနိုင်ခဲ့ပေ။
ဘာလို့ ဘယ်သူမှ စောစောစီးစီး မပြောခဲ့ကြတာလဲ
လက်ရှိတွင် သူ၏ သုံးစွဲမှုအမှတ် ရရှိမှုမှာ အကန့်အသတ်ဖြစ်နေပြီး စနစ်အတွင်းရှိ ပိုမိုထူးခြားသော အရာများကို လဲလှယ်ရန် မည်သို့လုပ်ရမည်ကို စဉ်းစားနေချိန်တွင် ဤသတင်းမှာ ရေငတ်တုန်း ရေတွင်းထဲ ကျသွားသကဲ့သို့ပင်။
ထန်ထျန်း၏ မျက်လုံးထဲတွင် ထိုကုန်သွယ်ရေးအသင်းကြီးများမှာ သုံးစွဲမှုအမှတ်များအဖြစ် ပြောင်းလဲကာ စနစ်အတွင်း၌ လဲလျောင်းနေကြသည်ကို မြင်ယောင်နေမိတော့သည်။
သို့သော် ထိုဝမ်းသာမှုကို သူ အပြင်သို့ ထုတ်မပြခဲ့ပေ။ မဟုတ်ပါက အရူးဟု အထင်ခံရနိုင်သောကြောင့် ဖြစ်၏။
"ရပါတယ်၊ ငါ တတ်နိုင်သလောက်ပဲ ကြိုးစားပါ့မယ်"
သူက မိုရှောင်းရှောင်းအား ပြန်ဖြေခဲ့သည်။
မိုရှောင်းရှောင်း ထွက်သွားပြီးနောက် ထန်ထျန်းက လီဟုန်နှင့် ယင်ကျဲ့ကို တောင် တောင်ထိပ်သို့ လွှတ်လိုက်ပြီး ဝမ်ကန်း ကို ချက်ချင်း ဆက်သွယ်လိုက်သည်။
"သခင်လေးထန်... နောက်ဆုံးတော့ ပြန်လာပြီပေါ့ "
ဝမ်ကန်း၏ လေသံမှာ ဝမ်းသာမှုနှင့်အတူ အလောတကြီး ဖြစ်နေသည့် အရိပ်အယောင်များ ပါဝင်နေသည်။
ထန်ထျန်းမှာ သူ ယခု ဆုပ်ကိုင်ထားနိုင်သည့် နောက်ဆုံးသော ကယ်တင်ရှင် ဖြစ်နေသောကြောင့်ပင်။
"အင်း... ရှယ်ယာကိစ္စတွေ ဘယ်လိုလဲ"
ဝမ်ကန်းက "အားလုံး အဆင်သင့် ဖြစ်နေပါပြီ။ သခင်လေး ပြန်လာပြီး နောက်ဆုံးအရောင်းအဝယ် လုပ်ဖို့ပဲ စောင့်နေတာပါ။
ထူးဆန်းတဲ့ ရှယ်ယာတွေနဲ့ ပတ်သက်တဲ့လူတွေကိုလည်း ကျွန်တော် မျက်ခြေမပြတ် စောင့်ကြည့်ခိုင်းထားပါတယ်။
သခင်လေး အမိန့်ပေးတာနဲ့ သူတို့ နောက်ကွယ်မှာ ဘယ်သူရှိလဲဆိုတာ ချက်ချင်း ဖော်ထုတ်နိုင်မှာပါ"
ထန်ထျန်းက "ဒါဆို အခုပဲ လာခဲ့တော့။ မင်းကို ပြောစရာ ရှိတာလေးတွေလည်း ရှိတယ်"
ဝမ်ကန်းမှာ အလွန်လျင်မြန်လှသည်။ နောက်တစ်နေ့ နံနက်စောစောမှာပင် ခရမ်းဝါး ခြံဝင်း အပြင်သို့ ရောက်ရှိလာခဲ့သည်။
"သခင်လေး"
ဝမ်ကန်းမှာ စိတ်လှုပ်ရှားနေပုံရပြီး ခရီးပန်းလာသည့်အပြင် ပင်ပန်းနွမ်းနယ်နေသည့် ပုံစံ ပေါက်နေသည်။
ဤအတောအတွင်း ကုန်သွယ်ရေးအသင်းကိစ္စများမှာ သူ့ကို တော်တော်လေး စိတ်ပူစေခဲ့ပုံရ၏။
"ဝင်ခဲ့ပါ"
ထန်ထျန်းက သူ့ကို ဖိတ်ခေါ်လိုက်သည်။
ထို့နောက် မန်ကျည်း ပင်အို အောက်တွင် နှစ်ဦးသား မျက်နှာချင်းဆိုင် ထိုင်လိုက်ကြ၏။
T/N မန်ကျည်းပင်က ကျွန်တော် ကြိုက်လို့ထည့်ထားတာ😅🤤🤤
"သခင်လေး... ဒါက ကျွန်တော့်ကို ရှာခိုင်းထားတဲ့ ကျင့်စဉ်တွေနဲ့ အရင်းအမြစ်တွေပါ။ တစ်ချက်လောက် ကြည့်ပေးပါဦး"
ဝမ်ကန်းက လှပသော သိုလှောင်လက်စွပ် တစ်ကွင်းကို ထုတ်ပေးသည်။
ထန်ထျန်း ဂိုဏ်းမှ မထွက်ခွာမီကပင် ဝမ်ကန်းအား ကျင့်စဉ်များနှင့် အချို့သော ကျင့်ကြံရေးပစ္စည်းများကို ရှာဖွေထားရန် မှာကြားခဲ့ခြင်း ဖြစ်သည်။
လက်စွပ်အတွင်း၌ ကျင့်စဉ်အမျိုးမျိုး တောင်ပုံရာပုံ ရှိနေပြီး အရေအတွက်အားဖြင့် သိန်းချီရှိနိုင်မည်ဟု သူ ခန့်မှန်းလိုက်၏။
မဆိုးလှပေ။
သို့သော် သူ၏ အနန္တတာအိုနိယာမ ကို အသေးစား အောင်မြင်မှုအဆင့် တစ်ခုသို့ ရောက်ရှိရန်မှာ အနည်းဆုံး ကျင့်စဉ်ပေါင်း သန်းချီ လိုအပ်မည်ဖြစ်ကြောင်း သူ ခန့်မှန်းထားသည်။
၎င်းမှာ အချိန်ယူရမည့် စုဆောင်းမှုဖြစ်သဖြင့် ဖြည်းဖြည်းချင်းသာ လုပ်ဆောင်ရမည် ဖြစ်၏။
လက်စွပ်ကို သိမ်းလိုက်ပြီးနောက် ထန်ထျန်းက ဝမ်ကန်းကို ကြည့်ကာ "ကုန်သွယ်ရေးအသင်းရဲ့ အခြေအနေကို ပြောပြပါဦး"
ဝမ်ကန်းက ခေါင်းညိတ်ကာ "လွန်ခဲ့တဲ့ လအနည်းငယ်က သခင်လေးက ရှယ်ယာ ၂၀ ရာခိုင်နှုန်းကျော်ကို ဝယ်ယူပြီး ပြိုလဲလုနီးပါးဖြစ်နေတဲ့ အသင်းကို ကယ်တင်ခဲ့ပါတယ်။
ကျွန်တော် ပြန်သွားပြီး အခြေအနေကို ရှင်းပြတဲ့အခါမှာ အသင်းရဲ့ အထက်ပိုင်းစီနီယာတွေ က သခင်လေးကို အလွန်ကျေးဇူးတင်ကြပြီး သခင်လေးကို အသင်းရဲ့ အစစ်အမှန် အုပ်ချုပ်သူအဖြစ် အားလုံးက ဝမ်းမြောက်ဝမ်းသာ လက်ခံကြပါတယ်"
ထန်ထျန်းက မေးစေ့ကို ပွတ်ရင်း "အားလုံးကလား"
ဤမျှကြီးမားသော အသင်းကြီးတွင် အတိုက်အခံ မရှိနိုင်ဟု သူ မယုံကြည်ပေ။
ဝမ်ကန်းက အားနာဟန်ဖြင့် ပြုံးလျက် "အစပိုင်းမှာတော့ အသင်းကို တစ်ဦးတည်းက ချုပ်ကိုင်တာမျိုး မဖြစ်သင့်ဘူးလို့ ကန့်ကွက်တဲ့သူ အချို့ ရှိခဲ့ပါတယ်။
ဒါပေမဲ့... နောက်ပိုင်းမှာ ကျွန်တော် သူတို့ကို အသင်းကနေ အပြီးအပိုင် ဖယ်ရှားပစ်လိုက်ပါတယ်။
ဒါကြောင့် အခုတော့ အားလုံးက သခင်လေး ကို တကယ်ပဲ သဘောတူကြတာပါ"
ထန်ထျန်း ရယ်မောလိုက်မိသည်။
"အားလုံး" ဆိုသည့် အဓိပ္ပာယ်မှာ ဤသို့ပါတကား။
ဝမ်ကန်းမှာလည်း သူ့နည်းလမ်းနဲ့သူ ရှိသူတစ်ဦး ဖြစ်ကြောင်း သိသာလှပေသည်။
ကုန်သွယ်ရေးအသင်းကြီးတစ်ခု၏ ခေါင်းဆောင် ဖြစ်သူမှာ သိမ်မွေ့လွန်းသူတစ်ဦး ဖြစ်မနေနိုင်ပေ။
"အဲဒါတွေ ထားလိုက်ပါတော့။
မင်း စုစည်းထားတဲ့ ရှယ်ယာက စုစုပေါင်း ဘယ်လောက်ရှိလဲ"
ဝမ်ကန်းက ခေတ္တတုံ့ဆိုင်းသွားပြီးမှ နဖူးကို ပွတ်ကာ "ကျွန်တော် ခန့်မှန်းထားတာထက် နည်းနည်း ပိုများနေပါတယ်။
သေချာ ပြန်စစ်ဆေးကြည့်တဲ့အခါမှာ ရောင်းချင် နေတဲ့သူတွေက ထင်ထားတာထက် ပိုများနေလို့ပါ။
ဒါကြောင့် အခု စုဆောင်းမိတဲ့ ရှယ်ယာက ၄၀ ရာခိုင်နှုန်း နီးပါး ရှိပါတယ်...
စုစုပေါင်း တန်ဖိုးကတော့ ရှန့်ထန်းတာအို ကျောက်စိမ်း ၆ သောင်း ဝန်းကျင်ပါ..."