ကိုယ်တိုင်ကိုယ်ကျ ရောက်လာခြင်း
Vol. 14 Ch. 162
ထန်ထျန်း၏ ခွင့်ပြုချက်ကို ရရှိပြီးနောက် ဝမ်ကန်းက ပြဿနာရှိနေသော ရှယ်ယာ ၁၀ ရာခိုင်နှုန်းနှင့် ပတ်သက်၍ အပူတပြင်း စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်ခဲ့သည်။
သူက ကြိုတင်၍ အကွက်ချထားပြီးဖြစ်ရာ ယခုအခါ ပိုက်ကွန်ကို သိမ်းယူရန်သာ စောင့်ဆိုင်းနေခြင်း ဖြစ်၏။
အငိုက်မိသွားသော တစ်ဖက်လူမှာ တုံ့ပြန်ရန် အချိန်မရဘဲ အထိနာသွားရသည်။
ပထမနေ့တွင်ပင် အဓိကကျသော လူပုဂ္ဂိုလ်အများအပြားကို ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့၏ ပါးစပ်မှ အရေးကြီးသော သတင်းအချက်အလက်များကို ရရှိခဲ့သည်။
ဒုတိယနေ့တွင် စုံစမ်းစစ်ဆေးမှုမှာ ပိုမိုတိုးတက်လာခဲ့ပြီး နောက်ကွယ်မှ ကြိုးကိုင်သူမှာ ချင်းယွဲ့ဂိုဏ်းအတွင်းမှ ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
တတိယနေ့၌ ဝမ်ကန်းက တန်းယွမ် ကုန်သွယ်ရေးအသင်းရှိ ထိပ်တန်း အင်အားစုအားလုံးကို အသုံးချ၍ ပြင်းထန်သော ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့ရာ နောက်ကွယ်မှ ပါဝင်ပတ်သက်နေသူအချို့ကို ပေါ်ထွက်လာစေရန် ဖိအားပေးနိုင်ခဲ့၏။
စတုတ္ထနေ့တွင် ဝိုင်းရံပိတ်ဆို့မှုများ ပြုလုပ်ကာ အလွှာအသီးသီးကို ထိုးဖောက်ပြီးနောက် အရေးအကြီးဆုံးသော အချိုးအကွေ့သို့ ရောက်ရှိလာခဲ့သည်။
ယနေ့တွင်မူ ဝမ်ကန်းက နောက်ကွယ်မှ အဓိက အဖွဲ့ဝင်များကို မြေအောက်ခန်း တစ်ခုအတွင်း ပိတ်ဆို့ထားနိုင်ခဲ့ချေပြီ။ အကယ်၍သာ အတင်းဝင်ရောက်သွားပါက တုယွမ်ချင်းဖြစ်ရပ်၏ နောက်ကွယ်မှ အစစ်အမှန် တရားခံကို ဖော်ထုတ်နိုင်တော့မည် ဖြစ်သည်။
"သခင်လေး... သူတို့ ပြေးပေါက်မရှိတော့ပါဘူး။"
"ကျွန်တော် လူတွေကို ခေါ်ပြီး ဝင်သွားတာနဲ့ နောက်ဆုံးအဖြေကို ရတော့မှာပါ။ နောက်ကွယ်က တကယ့်တရားခံ ကိုလည်း ရှာတွေ့တော့မှာ ပါ"
"ကျွန်တော်တို့ ဝင်သွားကြမလား"
အရာအားလုံးကို ထိန်းချုပ်နိုင်ပြီးနောက် ဝမ်ကန်းက ထန်ထျန်းထံသို့ နောက်ဆုံးအဆင့် အတည်ပြုချက် တောင်းခံလိုက်၏။
ဤကိစ္စ၏ နောက်ကွယ်တွင် လူမည်မျှ ပါဝင်ပတ်သက်နေမည်ကိုလည်းကောင်း၊ မည်မျှကြီးမားသော ဂယက်ရိုက်ခတ်မှုများ ဖြစ်ပေါ်လာမည်ကိုလည်းကောင်း မည်သူမျှ မခန့်မှန်းနိုင်ချေ။
ဝမ်ကန်းအနေဖြင့် ထိုလက်သည်တရားခံကို ဖော်ထုတ်ကာ အပြစ်ပေးလိုစိတ် ပြင်းပြနေသော်လည်း ပိုမိုသေချာစေရန်အတွက် ထန်ထျန်း၏ အမိန့်ကို စောင့်ဆိုင်းရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
သတင်းကို ကြားလိုက်ရသောအခါ ထန်ထျန်း သက်ပြင်းရှည်ကြီးကို ချလိုက်မိ၏။
အခြေအနေများမှာ သူ ထင်ထားသည်ထက် များစွာ ပိုမိုမြန်ဆန်နေခဲ့သည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း စုံစမ်းစစ်ဆေးမှုများအရ တုယွမ်ချင်းဖြစ်ရပ်တွင် ချင်းယွဲ့ဂိုဏ်းမှာ မည်သို့မျှ မကင်း နိုင်ကြောင်း သိခဲ့ရချေပြီ။
အကယ်၍ အမှန်တရား ပေါ်ပေါက်လာပြီး ချင်းယွဲ့ဂိုဏ်းကသာ နောက်ကွယ်မှ အရာအားလုံးကို ကြိုးကိုင်ခဲ့သည်ဆိုပါက ဖြစ်ပေါ်လာမည့် သက်ရောက်မှုမှာ ခန့်မှန်းရခက်လှပေလိမ့်မည်။
ဂိုဏ်းအနေဖြင့် ယုံကြည်မှုအားလုံး ဆုံးရှုံးသွားရုံတင်မက ဂိုဏ်း၏ အတွင်းအပြင် အခြေအနေများမှာလည်း ပိုမိုကြီးမားသော စစ်မီးများအောက်သို့ ကျရောက်သွားနိုင်၏။
သို့သော် လက်တစ်ကမ်းအလို ရောက်ရှိနေသည့် အဖြေကို ယခုမှ လက်လျှော့လိုက်ရန်မှာလည်း မဖြစ်နိုင်ချေ။
ထန်ထျန်းကိုယ်တိုင်လည်း မည်သူများ ပါဝင်ပတ်သက်နေသည်ကို အသေအချာ သိလိုစိတ် ရှိနေသည်။
"သခင်လေး... ဝင်မလား၊ မဝင်ဘူးလား"
ထန်ထျန်းထံမှ တုံ့ပြန်မှု မရှိသဖြင့် ဝမ်ကန်းက ထပ် မေးမြန်းလာပြန်သည်။ "ကျွန်တော်တို့ အမြန် ဆုံးဖြတ်ရပါမယ်။"
"ဒီထက် ပိုကြာနေရင် တခြား မထင်မှတ်တဲ့ အမှားအယွင်းတွေ ဖြစ်လာမှာ စိုးရိမ်ရပါတယ်။"
ထန်ထျန်း ခဏ စဉ်းစားပြီးနောက် နောက်ဆုံး၌ ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်၏။
သူက မဖြေရှင်းပဲ မနေ လိုပေ၊ ဤကိစ္စကို အသေအချာ ရှင်းလင်းရမည် ဖြစ်သည်။
"စ တော့..."
သူ အမိန့်ပေးရန် ပြင်လိုက်စဉ်မှာပင် ခရမ်းဝါး ခြံဝင်း အပြင်ရှိ အစီအရင်မှာ တစ်စုံတစ်ဦးကြောင့် လှုပ်ရှားသွားခဲ့သည်။
အစီအရင်မှတစ်ဆင့် ကြည့်လိုက်သောအခါ ရင်းနှီးသော ပုံရိပ်တစ်ခု ခြံပြင်၌ ငြိမ်သက်စွာ ရပ်နေသည်ကို ထန်ထျန်း မြင်တွေ့လိုက်ရ၏။
"ဘာကို စ ရမှာလဲ"
ဝမ်ကန်း၏ အသံမှာ အလောတကြီး ဖြစ်နေသည်။ "သခင်လေး... တကယ်ကို ဝေခွဲမရ ဖြစ်မနေပါနဲ့တော့။"
"နောက်ကွယ်က တကယ့်တရားခံ ကို ရှာဖို့ ဒီတစ်ကြိမ်ပဲ အခွင့်အရေး ရှိတာ ဖြစ်နိုင်ပါတယ်"
အပြင်ရှိ ပုံရိပ်ကို ကြည့်ကာ ထန်ထျန်း သက်ပြင်းတစ်ချက် ချလိုက်၏။
"ကြည့်ရတာ... သူကိုယ်တိုင် အိမ်ပေါက်ဝအထိ ရောက်လာပြီ ထင်တယ်။"
"ဝမ်ကန်း... မင်းတို့ အဲဒီနေရာကနေ မထွက်ဘဲ ငါ့အမိန့်ကို စောင့်နေပါ။"
"တစ်ခုခု ထူးခြားတာနဲ့ ငါ့ကို ချက်ချင်း အကြောင်းကြား"
ထန်ထျန်းက ပြော လိုက်သည်။
ဘာဖြစ်နေသည်ကို မသိသော်လည်း ဝမ်ကန်းမှာ အမိန့်ကို နာခံရန် ရွေးချယ်ခဲ့ပြီး ဆက်သွယ်မှု ခေတ္တ ပြတ်တောက်သွားခဲ့၏။
ထို့နောက် ထန်ထျန်းက လက်ဝှေ့ယမ်းကာ အစီအရင်ကို ဖွင့်ပေးလိုက်ရာ မျှော်လင့်ထားသော်လည်း မထင်မှတ်ထားသော ပုံရိပ်တစ်ခုက ခြံဝင်းအတွင်းသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းဝင်လာခဲ့သည်။
"ဘာလာလုပ်တာလဲ"
"လုချန်းကျီ။"
ထန်ထျန်းက အေးစက်စွာ မေးလိုက်၏။
ရောက်လာသူမှာ လုချန်းကျီပင် ဖြစ်သည်။
လက်ရှိ အခြေအနေအရ သူက ထန်ထျန်းဆီသို့ လာလည်ရန် အကြောင်းပြချက် မရှိပေ။
ထို့ပြင် ယခုကဲ့သို့ သော အချိန်တွင် ရောက်လာခြင်း ဖြစ်သည်။
သို့ဆိုလျှင် ဖြစ်နိုင်ခြေ တစ်ခုသာ ရှိပေတော့မည်။
လုချန်းကျီက ထန်ထျန်းကို ကြည့်ကာ အလျင်စလို ပြန်မဖြေဘဲ ခပ်ပြုံးပြုံးဖြင့်သာ မန်ကျည်းပင်အို ကြီးအောက်သို့ လျှောက်သွား၏။ သူက အပင်ခြေရင်း တွင် အေးအေးလူလူပင် ထိုင်ချလိုက်သည်။
သက်သောင့်သက်သာ သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက်မှ သူက ဖြည်းညှင်းစွာ ပြောလာ၏။ "ဝမ်ကန်းတို့ကို ရပ်ခိုင်းလိုက်ပါ။"
"ဆက်ပြီး စုံစမ်းနေရင် ဘယ်သူ့အတွက်မှ အကျိုးရှိမှာ မဟုတ်ဘူး။"
ထန်ထျန်း မျက်ခုံးပင့်သွားမိ၏။
ဤကိစ္စတွင် လုချန်းကျီ ပါဝင်ပတ်သက်နေသည်မှာ သေချာသွားချေပြီ။
သို့သော် သူက အဘယ်ကြောင့် ယခုကဲ့သို့ ကိုယ်တိုင် ပေါ်ထွက်လာပြီး ကိစ္စကို အေးအေးဆေးဆေး အဆုံးသတ်လိုနေရသနည်း။
"ငါ့ကို ယုံကြည်သွားစေမယ့် အကြောင်းပြချက် ခိုင်ခိုင်လုံလုံ ပေးနိုင်ဖို့ လိုလိမ့်မယ်"
ထန်ထျန်းကလည်း ကျောက်စားပွဲတွင် ထိုင်လိုက်ပြီး အရက်တစ်ခွက်ကို လုချန်းကျီ၏ ရှေ့သို့ ပို့ပေးလိုက်၏။
"ကျေးဇူးပဲ။"
လုချန်းကျီက အရက်ခွက်ကို လှမ်းယူကာ တစ်ငုံတည်းဖြင့် သောက်လိုက်သည်။
"အကြောင်းပြချက်လား... ငါ စဉ်းစားကြည့်ဦးမယ်။"
"ဆက်ပြီး စုံစမ်းနေရင် မင်းအတွက် အသက်အန္တရာယ် ရှိလာနိုင်တယ်။"
"ဒီအကြောင်းပြချက်က လုံလောက်ရဲ့လား"
လုချန်းကျီက မေးလိုက်၏။
သို့သော် ထန်ထျန်းမှာ သူ့ကို အေးစက်စွာသာ ကြည့်နေပြီး ထိုစကားကြောင့် မည်သည့် စိတ်လှုပ်ရှားမှုမျှ မပြခဲ့ပေ။
လုချန်းကျီက ရုတ်တရက် ရယ်မောလိုက်ကာ " မင်းကတော့ ဒီလိုကိစ္စမျိုးနဲ့ ခြောက်လို့ရမှာ မဟုတ်ဘူးဆိုတာငါ သိသားပဲ... "
"ထျန်းယန်ရှန်းကို လွယ်လွယ်ကူကူ ဖြေရှင်းပြီး ဘေးကင်းကင်း ပြန်လာနိုင်တဲ့သူက ဘယ်လိုလုပ်ပြီး သာမန်လူ ဖြစ်မှာလဲ"
ထန်ထျန်းက နောက်ထပ် အရက်တစ်ခွက် ထပ်ထည့်ပေးလိုက်ပြန်သည်။
"မင်းမှာ အရက်သုံးခွက်စာ အချိန်ပဲ ရှိမယ်။"
လုချန်းကျီက အရက်ခွက်ကို လှမ်းယူရင်း တဟားဟား ရယ်မောလိုက်၏။ "ဒါဆို ငါက တစ်ငုံချင်းပဲ သောက်ရင် အချိန်အများကြီး ရမှာပေါ့"
"အဲဒီအချိန်အတွင်းမှာ ဝမ်ကန်းတို့ဘက်ကတော့ တောင့်ခံနိုင်မှာ မဟုတ်ဘူး။"
ထိုသို့ ပြောလိုက်သော်လည်း လုချန်းကျီက အရက်ခွက်ကို မော့ကာ တစ်ငုံတည်းဖြင့် သောက်လိုက်ပြန်သည်။
"စိတ်ချပါ၊ ငါက တမင် အချိန်ဆွဲနေတာ မဟုတ်ဘူး။"
"မင်းကို မဖျောင်းဖျနိုင်ဘဲ ဝမ်ကန်းတစ်ယောက်တည်းကို သွားတားလို့လည်း ဘာမှ ထူးမှာ မဟုတ်ဘူးလေ။"
ထန်ထျန်း စကားမပြောဘဲ တတိယမြောက် အရက်ခွက်ကို ထည့်ကာ လှမ်းပေးလိုက်၏။
ယနေ့တွင် အခြေအနေကို ထိန်းချုပ်ထားသူမှာ ထန်ထျန်းသာ ဖြစ်သည်။
လုချန်းကျီက အရက်ခွက်ကို ကိုင်ကာ ထန်ထျန်းကို ခေတ္တမျှ စိုက်ကြည့်နေပြီးနောက် ရုတ်တရက် ခေါင်းခါလျက် သက်ပြင်းချလိုက်၏။ "ထားလိုက်ပါတော့။"
"ဒီထက် ပိုပြောနေရင် ငါပဲ အောက်ကျနောက်ကျ ဖြစ်တော့မယ်။"
"ကောင်းပြီ... ငါ အမှန်အတိုင်းပဲ ပြောတော့မယ်။"
"တုယွမ်ချင်း ကိစ္စက ငါကိုယ်တိုင် စီစဉ်ခဲ့တာ"
ပြောပြီးနောက် တတိယမြောက် အရက်ခွက်ကိုလည်း တစ်ငုံတည်း သောက်လိုက်ပြန်သည်။
ထန်ထျန်း ဘာမှ ပြန်မပြောပေ။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူက လက်ထဲရှိ အရက်အိုးကို လက်ဖက်ရည်အိုးအဖြစ် ပြောင်းလဲလိုက်ပြီး ခွက်ထဲသို့ ငှဲ့လိုက်၏။
"မင်း တစ်ယောက်တည်းကပဲ အရာအားလုံးကို ယူချင်တာလား"
ထန်ထျန်းက လက်ဖက်ရည်ခွက်ကို လှမ်းပေးလိုက်သည်။
လုချန်းကျီက လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ပြီး ပြုံးလျက် ဆို၏။ "ယူတာ မဟုတ်ဘူး၊ တကယ်ပဲ အရာအားလုံးကို ငါကိုယ်တိုင် စီစဉ်ခဲ့တာ။"
"ငါ့ရဲ့ မူလ အစီအစဉ်အတိုင်းဆိုရင် တုမိသားစုနဲ့ ကွမ်းမိသားစုက စတေးခံရမယ်၊ မိုရှောင်းရှောင်းက ပြုတ်သွားမယ်၊ မင်းနဲ့ ထျန်းယန်ရှန်းကတော့ အပြန်အလှန် တိုက်ခိုက်ပြီး နှစ်ဖက်စလုံး အထိနာကြမယ်။"
"အဲဒီအချိန်ကျမှ ငါက ကြားကနေ အကျိုးအမြတ် အကုန်ယူမှာပေါ့။"
"တန်းယွမ် ကုန်သွယ်ရေးအသင်းတောင်မှ အခုချိန်ဆို ငါ့လက်ထဲ ရောက်နေလောက်ပြီ။"
"နှမြောစရာပဲ..."
လုချန်းကျီက သက်ပြင်းရှည်ကြီးကို ချလိုက်မိ၏။ "မင်းက ငါ့ရဲ့ ခန့်မှန်းချက်တွေကို ထပ်ပြီး ကျော်လွန်သွားခဲ့ပြန်ပြီ။"
"မင်းက နောက်ကွယ်မှာ တန်းယွမ် ကုန်သွယ်ရေးအသင်း တစ်ခုလုံးကို ဝယ်ယူပြီးပြီဆိုတာကို ငါ တကယ် မထင်ထားခဲ့ဘူး။ ပြီးတော့ ငါ အသင်းထဲမှာ ထည့်ထားတဲ့ လူတွေကိုလည်း မင်းက စောစောစီးစီး ရိပ်မိနေခဲ့တာပဲ။"
"ငါ သတိမပြုမိခင်မှာပဲ မင်းက သူတို့ကို အကုန် ဖမ်းဆီးလိုက်နိုင်ခဲ့တယ်။"
"ထန်ထျန်း... မင်း တကယ်ပဲ လျှို့ဝှက်ချက်တွေ သိပ်များတာပဲ။"
သူက ချီးမွမ်းသလို ရေရွတ်လိုက်လေတော့သည်။