အခန်း (၂၄၁)
Vol. 25 Ch. 241
(အားပေးကြလို့ စာစဥ် ၂၅ ကို အခမဲ့ရာသက်ပန်ချပေးလိုက်ပါတယ်ဗျာ။ ဖတ်ရှုအားပေးမှုအတွက် ထမင်းရှင်များကို ကျေးဇူးတင်ပါတယ်ဗျ။ စိတ်ချမ်းသာ ကိုယ်ချမ်းသာပါစေ စော်ကြည်ထီပေါက် ဘဲရပိုချောပိုလှလာပါစေ 🖤)
“ဟုတ်ကဲ့ ၊ တူတော်မောင် မှတ်သားထားပါ့မယ်” မိန်းမစိုးငယ်လေးက ဦးညွှတ်လိုက်သည်။
ထို့နောက် လီဝမ်ဟွေ့သည် မင်းသမီးနင်းရွှဲ့ဘက်သို့ လှည့်ကာ ပြောလိုက်သည်။ “မင်းသမီး ၊ ကျွန်တော်မျိုး အခုပဲ တောင်ဘက်ကို ဆင်းပြီး ကွမ်ရှီးပြည်နယ်ကို ပြန်ပါတော့မယ်”
မင်းသမီးနင်းရွှဲ့က ပြောလိုက်သည်။ “ဖွားဖက်တော်လီကို လိုက်ပို့ဖို့ ကျွန်မ လိုက်ခဲ့ပါ့မယ်”
“မလိုပါဘူး” လီဝမ်ဟွေ့က ပြောလိုက်သည်။ “ဒီအခြေအနေ ရောက်နေမှတော့ သူတို့ ကျွန်တော့်ကို ဘာမှမလုပ်ရဲတော့ပါဘူး။ သူတို့ ကျွန်တော့်ကို သတ်ချင်ရင်တောင်မှ လီတောက်ကျိန်းလို ဆရာသခင်ကြီးမျိုး ကိုယ်တိုင် ဆင်းမလာသရွေ့ ဘယ်သူ့ကိုမှ ကြောက်စရာ မလိုပါဘူး။ မင်းသမီးရဲ့ စစ်တပ်က မကြာခင် ဖွဲ့စည်းတော့မှာမို့ အချိန်မဖြုန်းပါနဲ့”
မင်းသမီးနင်းရွှဲ့ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ “ကောင်းပါပြီ။ ဒါဆိုရင် ဖွားဖက်တော်လီကို တောင်ဘက်အထိ လိုက်ပို့ဖို့ ကျွန်မရဲ့ ကိုယ်ရံတော် ၁၀၀ ကို ထည့်ပေးလိုက်ပါ့မယ်။ ပြီးတော့ တုပိုင် လုပ်ခဲ့သမျှ အရာအားလုံးအတွက် ကျွန်မက ကျေးဇူးတင်ကြောင်း သူ့ကို ပြောပေးပါ”
“ကောင်းပါပြီ” လီဝမ်ဟွေ့ ပြောလိုက်သည်။ သူ၏ နှလုံးသားထဲတွင် အတိုင်းအဆမဲ့ ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ပြည့်နှက်နေသည်။
လီရူဟိုင် တပ်ဆုတ်သွားရခြင်း၏ အကြီးမားဆုံးသော အကြောင်းရင်းမှာ သူ၏ မွေးစားသား တုပိုင်ကြောင့် ဖြစ်သော်လည်း တုပိုင်၏ စွမ်းဆောင်မှုကို မည်သူမျှ မသိကြပေ။
“သွားခွင့်ပြုပါဦး မင်းသမီး ၊ ဂရုစိုက်ပါ”
“ဖွားဖက်တော်လီ ၊ ဂရုစိုက်ပါ”
ထို့နောက် လီဝမ်ဟွေ့သည် မြင်းကို လှည့်လိုက်ပြီး တောင်ဘက်သို့ အမြန်ဆုံး ဒုန်းစိုင်းနှင်ကာ ကွမ်ရှီးပြည်နယ်သို့ ပြန်သွားလေ၏။ သူ၏ နောက်တွင် မင်းသမီးနင်းရွှဲ့၏ တော်ဝင်ကိုယ်ရံတော် ၁၀၀ သည် လီဝမ်ဟွေ့ကို ကာကွယ်ရန် ထပ်ကြပ်မကွာ လိုက်ပါသွားကြသည်။
**--**--**--**--**--**--**--**
ကွမ်ရှီးဘုရင်ခံ လော့ဝမ်သည် နိမ့်ကျသော နောက်ခံမှ လာသူ ဖြစ်သော်လည်း ငယ်စဉ်ကတည်းက ဉာဏ်ကြီးရှင်တစ်ဦး ဖြစ်ခဲ့သည်။ သူသည် ဧကရာဇ်မင်းမြတ်၏ စာမေးပွဲများကို ဖြေဆိုပြီး အရာရှိလောကသို့ ဝင်ရောက်လာကာ အအောင်မြင်ဆုံးသော ပြန်လာသူတစ်ဦး ဖြစ်လာခဲ့သည်။ ယခုအခါ အသက် ၅၀ မပြည့်မီမှာပင် ပြည်နယ်ဘုရင်ခံတစ်ဦး ဖြစ်နေပြီ ဖြစ်သည်။
ယခုအခါ သူသည် ရာထူးကြီးမားသော အဆင့်မြင့်အရာရှိကြီး တစ်ဦး ဖြစ်နေပြီ ဖြစ်သော်လည်း ဆင်းရဲခဲ့သော ငယ်ဘဝမှ ပါလာသည့် ထူးဆန်းသော အကျင့်စရိုက်အချို့ ရှိနေဆဲ ဖြစ်သည်။ ဥပမာအားဖြင့် သူသည် ငွေစက္ကူများကို မကြိုက်ဘဲ အစစ်အမှန် ငွေတုံးများနှင့် ရွှေတုံးများကိုသာ နှစ်သက်သည်။
သူ ထိုမျှလောက် သုံးစွဲနိုင်မည် မဟုတ်သော်လည်း သူ၏ မျက်စိရှေ့တွင် ရွှေပုံငွေပုံကြီး ရှိနေခြင်းကို သဘောကျသည်။ အားလပ်ချိန်များတွင် သူသည် ထိုရွှေပုံငွေပုံများကြား လမ်းလျှောက်ပြီး သူ၏ ဆင်းရဲခဲ့သော အတိတ်ကို ပြန်လည် တွေးတောလေ့ရှိသည်။
သူသည် မူဝါဒရှိသော အရာရှိတစ်ဦး ဖြစ်သည်ဟု သတ်မှတ်ခံထားရပြီး လက်အောက်ငယ်သား အရာရှိများ လာဘ်ထိုးသည့် ငွေကြေးများကို လက်ခံလေ့ မရှိသကဲ့သို့ ငွေကြေးရယူရန်အတွက်လည်း တက်ကြွစွာ လှုပ်ရှားလေ့ မရှိပေ။ သူ၏ ကြွယ်ဝချမ်းသာမှု အားလုံးသည် ပင်လယ်ရေကြောင်း မှောင်ခိုလုပ်ငန်း ၊ လီမိသားစုနှင့် ခွဲဝေယူသော အစုရှယ်ယာများ ၊ သိုင်းပညာသင်ကျောင်းများမှ ဆက်သသော မြေယာများမှ ရရှိခြင်း ဖြစ်သည်။
သို့သော် ဤအရာများသည် စစ်မှန်သော ရွှေတောင်ငွေတောင်များ ဖြစ်ကြပြီး အင်ပါယာ၏ အခြေခံအုတ်မြစ်ကို တူးဖြိုနေခြင်းလည်း ဖြစ်သည်။ နှစ်များစွာ ကြာလာသောအခါ သူ့တွင် ငွေတုံး မည်မျှရှိသည် ၊ မြေယာ မည်မျှရှိသည်ကို သူကိုယ်တိုင်ပင် သေချာ မသိတော့ပေ။
အတိုချုပ် ပြောရလျှင် များသည် ၊ များသည် ၊ အလွန်များသည်။ ဥပမာအားဖြင့် သူ၏ သီးသန့်စံအိမ် မြေအောက်ခန်းတွင် ဝှက်ထားသော ရွှေနှင့် ငွေ ပမာဏသည် ကြီးမားသော ဂဏန်းအရေအတွက် ဖြစ်နေပြီ ဖြစ်သည်။
နေ့စဉ် သူ့အတွက် အပျော်ရွှင်ဆုံး အချိန်မှာ ရွှေပုံငွေပုံကြီးကြားတွင် ထိုင်ပြီး သူ၏ ငယ်ဘဝက မည်မျှ ဆင်းရဲခဲ့ကြောင်း ပြန်လည် တွေးတောခြင်း ဖြစ်သည်။ သူ၏ ဤထူးဆန်းသော အကျင့်ကို လူနည်းစုသာ သိရှိကြသည်။ ယခုအခါ ဤအကျင့်သည် သူ၏ သေဆုံးရခြင်း အကြောင်းရင်း ဖြစ်လာခဲ့သည်။
အရာရှိများ နေအိမ်တွင် ငွေကြေး သိမ်းဆည်းထားခြင်းသည် ယေဘုယျအားဖြင့် အလွန် လုံခြုံမှု ရှိသည်။ အဘယ်ကြောင့်ဆိုသော် တာ့နင်အင်ပါယာ တစ်ခုလုံးတွင် လာဘ်မစားသော အရာရှိဟူ၍ မရှိသလောက် နည်းပါးပြီး လော့ဝမ်၏ ဂုဏ်သတင်းမှာလည်း အတော်အတန် ကောင်းမွန်သောကြောင့် ဖြစ်သည်။ သူသည် လက်အောက်ငယ်သားများ ပေးသော ငွေကို လက်မခံခဲ့ဖူးပေ။
သူကဲ့သို့ ရာထူးကြီးသော အရာရှိတစ်ဦးကို ထိပါးရန်မှာ အမတ်ချုပ်ကြီးများ၏ ခွင့်ပြုချက် မရှိဘဲ လုံးဝ မဖြစ်နိုင်ပေ။ သို့သော် ကွမ်ရှီး အရှေ့ဘက်ကွပ်ကဲရေးရုံးမှ တပ်ရင်းမှူးများသည် ဤမျှလောက် သတ္တိကောင်းပြီး ရူးသွပ်ကြလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ သူတို့သည် ဧကရာဇ်မင်းမြတ်၏ အမိန့်တော် မပါဘဲ အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည် ရာပေါင်းများစွာဖြင့် သူ၏ နေအိမ်ကို တိုက်ရိုက် ဝင်ရောက်စီးနင်းခဲ့ကြသည်။
သူတို့သည် လော့ဝမ်၏ အိမ်တော်ထဲသို့ ဝင်ရောက်ကာ ခုခံသူများကို သတ်ဖြတ်ပြီးနောက် မြေကို သုံးပေအနက်အထိ တူးဆွရှာဖွေခဲ့ကြသည်။ နောက်ဆုံးတွင် လော့ဝမ် လျှို့ဝှက်စွာ သိမ်းဆည်းထားသော ရွှေများနှင့် ငွေများကို တူးဖော် တွေ့ရှိခဲ့ကြသည်။
ထိုရွှေပုံငွေပုံကြီးကို ဝူချန်ချို ၊ ကျုံးထိန် နှင့် ရွှီကွမ်ချန်တို့၏ ရှေ့တွင် ပုံလိုက်သောအခါ သူတို့ မှင်သက်သွားကြသည်။ လော့ဝမ်သည် ငွေတုံး ၄ ၊ ၅ သိန်းခန့် စုဆောင်းထားလိမ့်မည်ဟု သူတို့ ခန့်မှန်းထားခဲ့ကြသည်။ သို့သော် ရလဒ်က ထိုပမာဏ၏ နှစ်ဆ ဖြစ်နေသည်။ ဤသည်တောင်မှ ငွေသားနှင့် ရွှေသား သက်သက်သာ ရှိသေးသည်။
ငွေတုံး ၁ သန်းနီးပါး သူတို့ရှေ့တွင် ပုံနေသည်ကို မြင်လိုက်ရသောအခါ တုန်လှုပ်မှုသည် နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ဖြစ်သွားသည်။ ရာထူးသက်တမ်း ၅ နှစ်သာ ရှိသေးသော ၊ နာမည်ကောင်း ရထားသော ပြည်နယ်ဘုရင်ခံတစ်ဦးသည် ဆိုင်ခန်းများ ၊ မြေယာများနှင့် အိမ်ခြံမြေများ မပါဘဲ ရွှေသားငွေသားချည်း သက်သက်ပင် ငွေတုံး ၁ သန်းကျော် စုဆောင်းထားနိုင်ခဲ့သည်။
ဤသည်က သောက်ကျိုးနည်း လုံးဝ ရူးသွပ်စရာ ကောင်းလွန်းသည်။ ဧကရာဇ်မင်းမြတ် အလွန်ဆင်းရဲနေခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။ ကျန်းနန်နယ်စားမင်း စစ်စရိတ် မတတ်နိုင်၍ သူ၏ မွေးစားသားနှင့် မွေးစားသမီးကို ပင်လယ်ဓားပြ လုပ်ခိုင်းပြီး လုယက်ခိုင်းနေရခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။ တကယ်တမ်းတွင် ငွေများအားလုံးသည် ဤလူများ၏ လက်ထဲတွင် ရောက်နေခြင်း ဖြစ်သည်။
ဤငွေများကို တူးဖော်လိုက်သောအခါ ယခင်က မာန်တက်နေသော ပြည်နယ်ဘုရင်ခံ၏ ဇနီးနှင့် သခင်လေးတို့သည် ချက်ချင်းပင် မြေကြီးပေါ်သို့ ခွေခွေလေး လဲကျသွားကြသည်။
ကွမ်ရှီး အရှေ့ဘက်ကွပ်ကဲရေးရုံးမှ တပ်ရင်းမှူး ၃ ဦးသည်လည်း ပါးနပ်ကြသည်။ သူတို့သည် မတရား ရယူထားသော ဤငွေတုံး ၁ သန်းကို လော့ဝမ်၏ သီးသန့်စံအိမ် အဓိကတံခါးပေါက်ဝတွင် တိုက်ရိုက် ပုံလိုက်ပြီး အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည် ရာပေါင်းများစွာဖြင့် ဝိုင်းရံစောင့်ကြပ်စေသည်။ ထို့နောက် အသံကျယ်ကျယ်ဖြင့် အော်ဟစ်စေလိုက်သည်။
“လာကြည့်ကြပါဗျို့။ လာကြည့်ကြပါဗျို့။ ကွမ်ရှီးဘုရင်ခံ လော့ဝမ်က ပြည်သူတွေရဲ့ လုပ်အားခတွေကို ဘယ်လောက်တောင် အများကြီး ခိုးယူထားလဲ ဆိုတာ လာကြည့်ကြပါဦး”
မရေမတွက်နိုင်သော ပြည်သူများသည် ထိုနေရာသို့ စုရုံးရောက်ရှိလာကြပြီး ဤမျှ များပြားသော ရွှေများနှင့် ငွေများကို မြင်လိုက်ရသောအခါ ချက်ချင်းပင် ဒေါသပေါက်ကွဲသွားကြသည်။ ဤဆင်းရဲသော ပြည်သူများသည် တစ်သက်နှင့်တစ်ကိုယ် ဤမျှ များပြားသော ငွေများကို မမြင်ဖူးကြပေ။ သူတို့သည် ယခင်က လော့ဝမ်ကို အလွန်ကောင်းမွန်သော အရာရှိကြီးတစ်ဦးဟု ထင်မှတ်ခဲ့ကြသော်လည်း သူသည် အကြီးစား လာဘ်စားသော အရာရှိကြီး ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
အတိုင်းအဆမဲ့ ဒေါသများသည် ပြည်သူများ၏ နှလုံးသားထဲတွင် ပြည့်နှက်သွားပြီး လော့ဝမ်၏ အိမ်တော်နှင့် ပြည်နယ်ဘုရင်ခံရုံး အတွင်းသို့ ဝင်ရောက် စီးနင်းကြတော့သည်။ ပြည်သူလူထု၏ မကျေနပ်ချက်များသည် တောက်လောင်နေသော မီးတောင်တစ်ခုကဲ့သို့ မြင့်တက်လာသည်။
**--**--**--**--**--**--**--**
ကွမ်ရှီးဘုရင်ခံ လော့ဝမ်သည် ဂုဏ်သိက္ခာ တက်လာစေရန်အတွက် ဧကရာဇ်မင်းမြတ်ကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချမည့် နှုတ်ထွက်စာ ရေးသားနေချိန်တွင် သူ၏ အိမ်တော်ကို အရှေ့ဘက်ကွပ်ကဲရေးရုံးက ဝင်ရောက်စီးနင်းနေပြီ ဖြစ်ကြောင်း အိမ်တော်ထိန်းက လာရောက် သတင်းပို့လေ၏။
ချက်ချင်းပင် သူသည် လုံးဝ တုန်လှုပ်သွားပြီး အလွန်အမင်း ဒေါသထွက်သွားသည်။ သူသည် ဂုဏ်သရေရှိသော အဆင့်မြင့် အရာရှိကြီးတစ်ဦး ဖြစ်သည်။ ဧကရာဇ်မင်းမြတ်၏ အမိန့်တော် မပါဘဲ အရှေ့ဘက်ကွပ်ကဲရေးရုံးမှ ခွေးကုန်းကုန်းများသည် သူ၏ နေအိမ်ကို ဝင်ရောက်စီးနင်းရဲသည်လော။ သေချင်နေကြတာလား။ ဤအရာသည် ဗြောင်ကျကျ ပုန်ကန်မှုပင် ဖြစ်သည်။
သို့သော် သူ ပိုမို ကြောက်ရွံ့နေမိသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ အကြောင်းကို သူ အသိဆုံး ဖြစ်သောကြောင့် ဖြစ်သည်။ သူ၏ မြေအောက်ခန်းထဲမှ ရွှေများနှင့် ငွေများကို တူးဖော်မိသွားပါက သူ့ကို မည်သူမျှ ကယ်တင်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် သူသည် ချက်ချင်းပင် ပြည်နယ်ဘုရင်ခံရုံးမှ စစ်သည် ရာပေါင်းများစွာကို ခေါ်ဆောင်ပြီး သူ၏ နေအိမ်သို့ အပြေးအလွှား သွားလိုက်သည်။ အရှေ့ဘက်ကွပ်ကဲရေးရုံးမှ လူများကို သတ်ပစ်ရလျှင်ပင် သူ၏ နေအိမ်ကို ဝင်ရောက်စီးနင်းခြင်း မပြုနိုင်အောင် တားဆီးရမည်။
သို့သော် ပြည်နယ်ဘုရင်ခံရုံးမှ စစ်သည် ရာပေါင်းများစွာနှင့် မလုံလောက်သဖြင့် သူသည် ကွေ့လင်စီရင်စုတွင် ရှိနေသော ကျူးဝူယာ၏ နေအိမ်သို့ သွားရောက်ပြီး စစ်ကူတောင်းလိုက်သည်။ ကျူးဝူယာသည် ကွမ်ရှီးပြည်နယ်၏ စစ်သေနာပတိဟောင်း ဖြစ်ပြီး အငြိမ်းစားယူထားသော်လည်း အလွန်ကျွမ်းကျင်သော ကိုယ်ပိုင်အစောင့်တပ်သား ၅၀၀ ကျော်ကို ပိုင်ဆိုင်ထားသည်။
ဤအထူးလေ့ကျင့်ထားသော စစ်သည် ၅၀၀ သာပါလျှင် အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည်များကို တိုက်ခိုက်ရန် လုံလောက်ပေသည်။ လော့ဝမ်၏ တောင်းဆိုမှုကို ကြားသောအခါ ကျူးဝူယာသည် စကားတစ်ခွန်းမှ မပြောဘဲ စစ်ကူလိုက်ရန် ချက်ချင်း ထွက်လာခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ အရှေ့ဘက်ကွပ်ကဲရေးရုံးသည် ပြည်နယ်ဘုရင်ခံ၏ နေအိမ်ကို ဝင်ရောက်စီးနင်းခြင်းဖြင့် သေလမ်းရှာနေခြင်း ဖြစ်ရာ သူတို့ကို သတ်ဖြတ်လိုက်ခြင်းသည် တရားမျှတမှု ရှိပေသည်။
သို့သော် သူတို့ လော့ဝမ်၏ နေအိမ်သို့ မရောက်မီမှာပင် အရှေ့ဘက်ကွပ်ကဲရေးရုံးသည် မြေအောက်ထဲမှ ငွေများကို တူးဖော်ပြီး ဖြစ်နေသည်။ သူ၏ မြေအောက်ခန်းထဲတွင် ငွေအမြောက်အမြား ဝှက်ထားကြောင်းကို အရှေ့ဘက်ကွပ်ကဲရေးရုံးက ကြိုတင် သိရှိနေသကဲ့သို့ပင်။
ငွေတုံး ၁ သန်းကို လော့ဝမ်၏ အိမ်တော် တံခါးဝတွင် လူအများမြင်အောင် ပုံထားလိုက်သောအခါ လော့ဝမ် သွားပြီဖြစ်ကြောင်း သိလိုက်သည်။
“ကိုယ့်ဘာသာကိုယ်သာ ဂရုစိုက်ပေတော့” ကျူးဝူယာသည် သူ၏ အထူးလေ့ကျင့်ထားသော ကိုယ်ပိုင်တပ်သား ၅၀၀ နှင့်အတူ ချက်ချင်း လှည့်ထွက်သွားလေ၏။ ကိုယ့်အသက်သာ အဓိက ၊ သူများသေတာ ဂရုမစိုက်ဆိုသည့် စကားပုံအတိုင်းပင်။
လော့ဝမ်သည် လမ်းမအလယ်တွင် ရပ်နေရင်း မူးဝေလာသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် အဆုံးမရှိသော ချောက်ကမ်းပါးထဲသို့ ၊ သို့မဟုတ် ၁၈ ထပ် ငရဲထဲသို့ ပြုတ်ကျနေသကဲ့သို့ ခံစားလိုက်ရသည်။ အမတ်ချုပ်ကြီးများပင် သူ့ကို ကယ်တင်နိုင်မည် မဟုတ်ကြောင်း သူ သိလိုက်သည်။
သူ၏ တုံ့ပြန်မှုသည် လုံလောက်အောင် မြန်ဆန်ခဲ့သော်လည်း အရှေ့ဘက်ကွပ်ကဲရေးရုံးမှ အရူးများသည် ဧကရာဇ်မင်းမြတ်၏ အမိန့်တော် မပါဘဲ သူ၏ နေအိမ်ကို တိုက်ရိုက် ဝင်ရောက်စီးနင်းပြီး ဆရာကြီးကို လက်သီးရမ်းပြီး ထိုးသတ်လိုက်သလိုလုပ်ကြလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
“အရူးတွေ ၊ အရူးတွေ ၊ လီဝမ်ဟွေ့ရဲ့ လက်အောက်ငယ်သားတွေ အကုန်လုံးက အရူးတွေပဲ။”
**--**--**--**--**--**--**--**
မိုးလင်းရန် ၃ နာရီအလိုတွင် တုပိုင်သည် တောရိုင်းမြင်းဘုရင်ကို စီးပြီး အဝေးပြေးလမ်းမကြီးပေါ်တွင် မနားမနေ ခရီးနှင်နေသည်။ ယခုအချိန်တွင် သူသည် ကွေ့လင်စီရင်စုနှင့် လီ ၂၀၀ ခန့်သာ ကွာဝေးတော့ပြီး မနက်ဖြန်ကျင်းပမည့် ဘွဲ့ယူစာမေးပွဲ စတင်ရန် ၄ နာရီခန့် လိုတော့သည်။
သူ၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် ဘွဲ့ယူစာမေးပွဲကို အချိန်မီ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ထိုအချိန်တွင် ဆွဲဆောင်မှုရှိသော ရနံ့တစ်ခု လေထုထဲတွင် ပျံ့လွင့်လာသည်။
သူ မျက်တောင်ခတ်လိုက်ရာ အလွန်တရာ လှပသော ပုံရိပ်တစ်ခု အဝေးပြေးလမ်းမကြီးပေါ်တွင် ပေါ်လာသည်။ တုပိုင်၏ မျက်လုံးများ ပြူးကျယ်သွားသည်။
သောက်ကျိးနည်း။ လီချန်ချန်က သေသွားပြီမဟုတ်လော။ အဘယ်ကြောင့် သူ့ရှေ့တွင် ပေါ်လာရသည်နည်း။
အပိုင်း ၂၄၁ ပြီး။