← Chapters

အခန်း (၂၄၂)

Vol. 25 Ch. 242

အခန်း (၂၄၂)

Vol. 25 Ch. 242

သို့သော် တုပိုင်သည် သူ၏ ရှေ့ရှိ အမျိုးသမီးနှင့် လီချန်ချန်တို့ကြား ကွာခြားချက်ကို လျင်မြန်စွာ သတိပြုမိလိုက်လေ၏။ အသွင်အပြင်ကြောင့် မဟုတ်ဘဲ သူမ၏ စိတ်နေသဘောထား ၊ သူမ၏ မျက်လုံးများကြောင့် ဖြစ်သည်။ လီချန်ချန်သည် မောက်မာပြီး ဟိတ်ဟန်များကာ ဒဲ့တိုးဆန်သူ ဖြစ်သည်။ သို့သော် သူ၏ ရှေ့ရှိ အမျိုးသမီးကမူ လျှို့ဝှက်နက်နဲမှုများနှင့် အေးစက်မှုများ ပြည့်နှက်နေသည်။

လီချန်ချန်၏ ကိုယ်ခန္ဓာကောက်ကြောင်းသည် အလွန်အမင်း ပေါ်လွင်ပြီး ရှင်းလင်းပြတ်သားသည်။ သို့သော် ဤအမျိုးသမီး၏ ခန္ဓာကိုယ်ကောက်ကြောင်းများကမူ မှော်ဆန်နေသကဲ့သို့ ခံစားရသည်။ လီချန်ချန် လူများကို ကြည့်သောအခါ ငါ နင့်ကို မုန်းတယ် ၊ ငါ နင့်ကို သတ်မယ် ဟူသော အဓိပ္ပာယ်မျိုးဖြင့် တိုက်ရိုက် ကြည့်တတ်သည်။

သို့သော် ဤအမျိုးသမီး လူများကို ကြည့်သောအခါတွင်မူ လူသားတစ်ယောက်ကို ကြည့်နေခြင်း မဟုတ်သကဲ့သို့ ခံစားရသည်။ ရုပ်ရည်ပိုင်းအရ ပြောရလျှင် သူမနှင့် လီချန်ချန်သည် ထပ်တူနီးပါး တူညီသော်လည်း သူမက ပို၍ လှပနေပြီး မင်းသမီးနင်းရွှဲ့၏ အဆင့်ကိုပင် မီလုနီးပါး ဖြစ်နေသည်။ ထို့ကြောင့် တုပိုင် ကောက်ချက်ချလိုက်သည်။ သူမသည် လီချန်ချန် မဟုတ်ပေ။ သူမသည် မီးနတ်ဘုရား စုန်းမကြီး ဖြစ်တန်ရာ၏။ သူမ ပြန်လည် ရှင်ပြန်ထမြောက်လာသည် ဆိုခြင်းမှာ သေချာပေါက် ပူးပေါင်းကြံစည်မှုတစ်ခု ဖြစ်ပေလိမ့်မည်။

ထိုအမျိုးသမီးသည် လမ်းမအလယ်တွင် စကားတစ်ခွန်းမှ မပြောဘဲ တိတ်ဆိတ်စွာ ရပ်နေပြီး တုပိုင်ကို အေးစက်စွာ စိုက်ကြည့်နေသည်။ တုပိုင်၏ တောရိုင်းမြင်းဘုရင်သည် မြေကြီးတွင် သံမှိုစွဲထားသကဲ့သို့ မလှုပ်မယှက်ဘဲ အလိုအလျောက် ရပ်တန့်သွားလေ၏။ ဤအမျိုးသမီး မည်သည်ကိုလုပ်ချင်နေသနည်း။ မည်သည်ကိုပြောချင်နေသနည်း။ သို့သော် မည်သည်မှ ဆက်ပြီးဖြစ်မလာခဲ့ပေ။ သူမသည် တုပိုင်ကို မိနစ်အနည်းငယ်ကြာအောင် စိုက်ကြည့်နေခဲ့သည်။ ထို့နောက် တုပိုင် မျက်တောင်ခတ်လိုက်သော အခိုက်အတန့်တွင် သူမသည် မြင်ကွင်းထဲမှ ပျောက်ကွယ်သွားလေ၏။

သူမသည် စကားတစ်ခွန်းမှ မပြောခဲ့သလို မည်သည့် လှုပ်ရှားမှုမှလည်း မပြုလုပ်ခဲ့ပေ။ အခုနက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် ပုံရိပ်ယောင်တစ်ခုကဲ့သို့ပင်။ သို့မဟုတ် သရဲခြောက်ခြင်း တစ်မျိုး ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ သို့သော် တုပိုင်၏ စိတ်ထဲတွင်မူ ရှင်းလင်းစွာ သိလိုက်သည်။ ထိုသည်မှာ ပုံရိပ်ယောင် မဟုတ်ပေ။ သူ၏ စိတ်စွမ်းအင်သည် သေစေနိုင်သော အန္တရာယ် အရှိန်အဝါတစ်ခုကို နက်ရှိုင်းစွာ အာရုံခံမိလိုက်သည်။ ဤအမျိုးသမီးထံမှ သဘာဝလွန် စွမ်းအင်အချို့ကို တုပိုင် အမှန်တကယ် ခံစားလိုက်ရသည်။

ထို့နောက် သူသည် အရာအားလုံးကို ဘေးဖယ်ထားလိုက်ပြီး မြောက်ဘက်သို့ ဆက်လက် ခရီးနှင်ကာ ကွမ်ရှီး မိန်းမစိုးဂိုဏ်းအကယ်ဒမီသို့ ဦးတည်လိုက်သည်။ ဘွဲ့ယူစာမေးပွဲကြီး တရားဝင် စတင်ရန် ၃ နာရီကျော်သာ လိုတော့သည်။ သူသည် လီ ၂၀၀ နီးပါး လိုနေသေးပြီး တောရိုင်းမြင်းဘုရင်သည်လည်း အမှန်တကယ် ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သည်။

**--**--**--**--**--**--**--**

ကွမ်ရှီး မိန်းမစိုးဂိုဏ်းအကယ်ဒမီ။

ကုန်းကုန်းအိုကြီး ၅ ဦးသည် ကောင်းကင်နှင့် မြေကြီးကို ပူဇော်ပသနေကြပြီး ဤစာမေးပွဲကြီးကို အကြွင်းမဲ့ တရားမျှတမှု ၊ ဘက်လိုက်မှု ကင်းရှင်းမှုတို့ဖြင့် ကျင်းပသွားမည် ဖြစ်ကြောင်း ကောင်းကင်နှင့် မြေကြီးကို တိုင်တည်ပြီး သစ္စာဆိုနေကြသည်။ ဤအရာသည် အလွန်အရေးကြီးသော ကိစ္စရပ်တစ်ခု ဖြစ်သည်။ ဤအရာသည် အင်ပါယာအတွက် အရည်အချင်းရှိသူများကို ရွေးချယ်ခြင်း ဖြစ်ပြီး မိန်းမစိုးဂိုဏ်း၏ အမွန်မြတ်ဆုံး အခိုက်အတန့်လည်း ဖြစ်သည်။

ထို့နောက် သူတို့သည် ဖြေဆိုသူ ကျောင်းသားများ အားလုံးကို ဦးဆောင်ပြီး ဧကရာဇ်မင်းမြတ်၏ ပုံတော် သို့မဟုတ် နာမတော်ရှေ့တွင် ၊ သမိုင်းတစ်လျှောက် မိန်းမစိုးဂိုဏ်း၏ ဘိုးဘေးများ ၊ အထူးသဖြင့် မိန်းမစိုးဂိုဏ်းအကယ်ဒမီ တည်ထောင်ရာတွင် ကြီးမားစွာ အကျိုးပြုခဲ့သော ပညာရှိကြီးများနှင့် အာဇာနည်များ၏ ရှေ့မှောက်တွင် ဂါရဝပြုစေသည်။

လီဝမ်ဟွေ့၏ ဆရာသခင်ဟောင်း ဖြစ်သော ကြီးကြပ်ရေးမှူးချုပ် ကုန်းကုန်းကြီးသည် စိတ်မအေးနိုင် ဖြစ်နေသည်။ ဘွဲ့ယူစာမေးပွဲ စတင်ရန် နာရီဝက်သာ လိုတော့သော်လည်း တုပိုင် ပေါ်မလာသေးပေ။ ပထမနေ့ စာမေးပွဲသည် တိုင်းပြည်ဆိုင်ရာ စာပေလေ့လာရေးဘာသာရပ် ဖြစ်ပြီး စုစုပေါင်း ရမှတ် ၁၅၀ ပေးထားရာ သိုင်းပညာ ဘာသာရပ်ကဲ့သို့ပင် အရေးကြီးပေသည်။ ထို့အပြင် ဤအရာသည် အလွန်လေးနက်သော ဘွဲ့ယူစာမေးပွဲကြီး ဖြစ်သဖြင့် နောက်ကျသည်နှင့် စာမေးပွဲဖြေဆိုခွင့် အရည်အချင်း လုံးဝ ပျက်ပြယ်သွားမည် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ဤအရာသည် တရားဝင် စာမေးပွဲကြီး ဖြစ်ပြီး ဧကရာဇ်မင်းမြတ်၏ မွေးနေ့ အထိမ်းအမှတ် အပိုဆောင်းစာမေးပွဲ မဟုတ်ပေ။ ကွမ်ရှီး မိန်းမစိုးဂိုဏ်းအကယ်ဒမီ၏ ကျောင်းအုပ်ကြီးအသစ်သည် သူ၏ နောက်ဆုံးမိန့်ခွန်းကို ပြောကြားနေသည်။ သူ ပြောပြီးသည်နှင့် ဘွဲ့ယူစာမေးပွဲ ဖြေဆိုမည့် မိန်းမစိုးဂိုဏ်းအကယ်ဒမီ ကျောင်းသားများ အားလုံး စာမေးပွဲခန်းမထဲသို့ ဝင်ရောက်ကြရမည် ဖြစ်သည်။

“မင်းတို့ ဒီနေ့ ကျင်းပတဲ့ စာမေးပွဲကြီးမှာ ဝင်ရောက်ဖြေဆိုခွင့် ရတယ်ဆိုတာ မရေမတွက်နိုင်တဲ့ စီနီယာတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေ ၊ ပေးဆပ်စွန့်လွှတ်မှုတွေရဲ့ ရလဒ်ပဲ။ တစ်သက်မှာ တစ်ခါသာ ရနိုင်တဲ့ ဒီအခွင့်အရေးကို မင်းတို့ တန်ဖိုးထားရမယ်”

“ဒီနေ့ဟာ ငါတို့ မိန်းမစိုးဂိုဏ်းရဲ့ အမွန်မြတ်ဆုံး အခိုက်အတန့်ပဲ”

“မိန်းမစိုးဂိုဏ်းဆိုတဲ့ နာမည်က နားထောင်ရတာ အဆင်မပြေကောင်း မပြေနိုင်ဘူး။ ဒါပေမယ့် ဂိုဏ်းတစ်ခုအဖြစ် ဖွဲ့စည်းနိုင်ပြီး အင်ပါယာ ၊ အရပ်ဘက်အရာရှိတွေ ၊ စစ်ဘက်အရာရှိအုပ်စုတွေနဲ့ ရင်ဘောင်တန်းပြီး ရပ်တည်နိုင်တယ် ဆိုတာ ကြီးမားတဲ့ ဂုဏ်ယူစရာပဲ”

“ဂိုဏ်းတစ်ခုက သာယာဝပြောပြီး ခိုင်မာတောင့်တင်းနေနိုင်မလား ဆိုတာက အရည်အချင်းရှိတဲံသူတွေအပေါ်မှာ မူတည်တယ်။ ဒီနေ့ ကျင်းပတဲ့ ဘွဲ့ယူစာမေးပွဲကြီးက ငါတို့ မိန်းမစိုးဂိုဏ်းအတွက် အရည်အချင်းရှိသူတွေကို ရွေးချယ်ဖို့ တစ်ခုတည်းသော ၊ မျှတမှုအရှိဆုံး နည်းလမ်းပဲ။ စွမ်းဆောင်နိုင်သူ အထက်ရောက်ပြီး ၊ အရည်အချင်းမရှိသူ ဖယ်ရှားခံရမယ့် ပွဲပဲ”

“ကျောင်းသားတချို့က ဒီလောက် မွန်မြတ်တဲ့ စာမေးပွဲကြီးမှာတောင် နောက်ကျနေတုန်းပဲ။ ကောင်းကင်နဲ့ မြေကြီးကို ပူဇော်ဖို့ ၊ ဧကရာဇ်မင်းမြတ်ကို ဦးခိုက်ဖို့ ၊ မျိုးဆက်အလိုက် မိန်းမစိုးဂိုဏ်း အာဇာနည်တွေ ဖန်တီးပေးခဲ့တဲ့ ပတ်ဝန်းကျင်အတွက် ကျေးဇူးတင်ဖို့ ပျက်ကွက်နေတယ်။ ဒါက ကိုယ့်ရဲ့ ဇာစ်မြစ်ကို မေ့လျော့နေတာပဲ”

“ဖြေဆိုသူ အားလုံး အကောင်းဆုံး စွမ်းဆောင်နိုင်ကြပါစေလို့ မျှော်လင့်ပါတယ်။ ဧကရာဇ်မင်းမြတ်အပေါ် သစ္စာရှိဖို့နဲ့ အင်ပါယာအတွက် မိမိကိုယ်ကို မြှုပ်နှံထားကြပါ”

“ဖြေဆိုသူ အားလုံး စာမေးပွဲခန်းမထဲ ဝင်ကြတော့။ နောက်ထပ် နာရီဝက်နေလို့မှ စာမေးပွဲခန်းမကို ရောက်မလာသေးတဲ့သူ ရှိရင် ဝင်ခွင့်မပြုတော့ဘူး။ သူတို့ရဲ့ စာမေးပွဲဖြေဆိုခွင့် အရည်အချင်းကို တိုက်ရိုက် ပယ်ဖျက်လိုက်မယ်”

ဤအချက်တွင် ကျောင်းအုပ်ကြီးအသစ်သည် လီဝမ်ဟွေ့နှင့် အတော်လေး တူညီသည်။ သူသည် အပိုစာသားများကို မကြိုက်ဘဲ ရိုးရှင်းပြတ်သားသော စကားလုံးများကိုသာ နှစ်သက်သည်။ သူ၏ အမိန့်ပေးသံ အဆုံးတွင် ကျောင်းသား ရာပေါင်းများစွာသည် စာမေးပွဲခန်းမထဲသို့ ဝင်ရောက်သွားကြသည်။ တုပိုင် ရောက်မလာသေးပေ။ ထန်ယန်က ဂရုမစိုက်သလို ပြုံးလိုက်ပြီး ယန်ရှီကမူ လှောင်ပြောင်လိုက်သည်။

“အမတ်ချုပ်ကြီးလီဝမ်ဟွေ့ရဲ့ မွေးစားသားက ဒီစာမေးပွဲမှာ အရှက်ကွဲမယ်ဆိုတာ သိနေလို့ နောက်ဆုံးမဖြစ်ချင်တော့လို့ မလာတော့တာ နေမှာပါ”

ထိုစကား ထွက်လာသည်နှင့် ကျောင်းသား အများအပြားက ထောက်ခံလိုက်ကြသည်။ ဤသည်မှာ လက်ရှိရှိနေသူ အားလုံး၏ အတွေးလည်း ဖြစ်သည်။ တုပိုင် ယခုအချိန်ထိ ပေါ်မလာသေးခြင်းမှာ သူ လက်လျော့ပြီး ထွက်ပြေးသွားသောကြောင့် ဖြစ်သည်။ ဤသည်မှာလည်း ပုံမှန်ပင် ဖြစ်သည်။ သူသည် အဆင့်အနိမ့်ဆုံး ဖြစ်နေပြီး ကြိုးစားလျှင်တောင်မှ စာလေ့လာရန် ၆ လသာ အချိန်ရသည်။ ၅ နှစ်စာ သင်ရိုးညွှန်းတမ်းကို ၆ လအတွင်း ပြီးစီးအောင် လုပ်ဆောင်ရန်မှာ လုံးဝ စိတ်ကူးယဉ်သက်သက်သာ ဖြစ်သည်။

ထို့အပြင် ဘွဲ့ယူစာမေးပွဲကို ၂ လခွဲ ကြိုတင်ရွှေ့လိုက်သဖြင့် တုပိုင်တွင် ၃ လသာ အချိန်ရတော့သည်။ နတ်ဘုရား ဆင်းလာလျှင်တောင်မှ ရလဒ်က တစ်ခုတည်းသာ ရှိပေလိမ့်မည်။ သူသည် နောက်ဆုံးအဆင့်သာ ရရှိမည် ဖြစ်ပြီး အခြားရလဒ် ထွက်လာစရာ အကြောင်းမရှိပေ။

ထို့အပြင် တုပိုင်နှင့် ယန်ရှီတို့၏ လောင်းကြေးကို လူတိုင်း သိရှိထားပြီး ဖြစ်သည်။ သူတို့နှစ်ယောက်တွင် ဘွဲ့ယူစာမေးပွဲ၌ ရှုံးနိမ့်သူသည် အဆင့်နိမ့် မိန်းမစိုး ၊ အညစ်အကြေးသယ် ၊ ကျင်ကြီးကျင်ငယ် သွန်ရသော မိန်းမစိုးအဖြစ် ရာထူးအချခံရမည် ဖြစ်သည်။ အမှတ်ဘယ်လောက် ကောင်းကောင်း တစ်မှတ်လျော့သွားသည်နှင့် ကျင်ကြီးကျင်ငယ်သယ်ရသည့် မိန်းမစိုး ဖြစ်သွားပေလိမ့်မည်။

လူတိုင်း၏ မျက်လုံးထဲတွင် ဤလောင်းကြေးသည် ယခုအခါ လုံးဝ ဟာသတစ်ခု ဖြစ်နေပြီ ဖြစ်သည်။ ဧကရာဇ်မင်းမြတ်၏ မွေးနေ့ အထိမ်းအမှတ် အပိုဆောင်းစာမေးပွဲ ၃ ခုတွင် ယန်ရှီသည် တတိယဆု ၂ ကြိမ်နှင့် ဒုတိယဆု ၁ ကြိမ် ရရှိခဲ့ပြီး စုစုပေါင်း အပိုဆုကြေး ၁၁ မှတ် ရရှိထားသည်။

တုပိုင်သည် ယန်ရှီနှင့် ယှဉ်ပြိုင်ရန် အရည်အချင်းပင် မရှိတော့ဟု ဆိုနိုင်သည်။ ထန်ယန်နှင့်ယှဥ်မည်ဆိုလျှင်လည်း ဟာသ မလုပ်ပါနှင့်။ သူသည် စာပေနှင့် သိုင်းပညာ နှစ်ဖက်စလုံးတွင် ကျွမ်းကျင်ပြီး ကောင်းကင်ဘုံက မျက်နှာသာပေးထားသော ဉာဏ်ကြီးရှင်တစ်ဦး ဖြစ်သည်။

စာပေဘက်တွင် သူသည် ကွမ်တုံပြည်နယ် စာမေးပွဲတွင် ကျူရန်ဘွဲ့ ရရှိထားသည်။ သိုင်းပညာဘက်တွင် သူသည် အဆင့် ၇ ဖြစ်ပြီး သူ၏ ခန္ဓာကိုယ်သည် အဆင့် ၆ သိုင်းပညာရှင်အဆင့် ရှိသည်။

တုပိုင်သည် ထန်ယန်ကို ယှဉ်ပြိုင်နိုင်လိမ့်မည်ဟု မည်သူကမျှ မတွေးဖူးပေ။ တုပိုင်သည် ထန်ယန်ကို မော့ကြည့်ရန်ပင် အရည်အချင်း မရှိပေ။ ထို့ကြောင့် တုပိုင် ဘွဲ့ယူစာမေးပွဲတွင် ဝင်ရောက်မဖြေဆိုရန် ဆုံးဖြတ်ခြင်းသည် လုံးဝ မှန်ကန်သည်ဟု ယူဆကြသည်။

ကွမ်ရှီး မိန်းမစိုးဂိုဏ်းအကယ်ဒမီမှ ကျောင်းသားများသည် တုပိုင်အပေါ်တွင် ဖြစ်ပျက်ခဲ့သော အံ့ဖွယ်အဖြစ်အပျက်များကို မသိရှိကြပေ။ သူတို့၏ မျက်လုံးထဲတွင် တုပိုင်သည် လအနည်းငယ်ကြာ ပျောက်ချင်းမလှ ပျောက်သွားသူ တစ်ဦးသာ ဖြစ်သည်။

နောက်ထပ် ၁၅ မိနစ် ကုန်ဆုံးသွားသည်။ အချိန်အတိအကျ မရောက်သေးသော်လည်း ကျောင်းအုပ်ကြီးအသစ်က ပြောလိုက်သည်။

“အခုထိ ရောက်မလာသေးဘူး ဆိုတာကတော့ တကယ့်ကို ရယ်စရာကောင်းလွန်းတယ်။ တုပိုင်က ဒီလို မွန်မြတ်တဲ့ ပြိုင်ပွဲကြီးကို လေးနက်မှုရော ရှိရဲ့လား။ ဒါက မိန်းမစိုးဂိုဏ်းကို စော်ကားတာပဲ။ ဧကရာဇ်မင်းမြတ်ကို စော်ကားတာပဲ။ သူ့ရဲ့ စာမေးပွဲဖြေဆိုခုံကို ဖယ်ရှားလိုက်ကြစမ်း”

ချက်ချင်းပင် မိန်းမစိုးဂိုဏ်း စစ်သည် ၂ ဦး ရှေ့တက်လာပြီး တုပိုင်၏ စာမေးပွဲခန်းငယ်လေးထဲမှ စာမေးပွဲဖြေဆိုခုံနှင့် ထိုင်ခုံကို ဖယ်ရှားလိုက်ကြသည်။

အပိုင်း ၂၄၂ ပြီး။

All Chapters