← Chapters

အခန်း (၂၄၆)

Vol. 25 Ch. 246

အခန်း (၂၄၆)

Vol. 25 Ch. 246

ခန့်မှန်းထားသည့်အတိုင်းပင် တုပိုင် အဖြေလွှာအပ်ပြီး ၁၀ မိနစ် မပြည့်မီမှာပင် ကောင်းကင်ယံရှိ တိမ်မည်းများသည် အထွတ်အထိပ်သို့ ရောက်ရှိလာသည်။

“ဂျိန်းးးးး”

မိုးခြိမ်းသံနှင့် လျှပ်စီးလက်သံသည် ကောင်းကင်ကို နှစ်ခြမ်းကွဲသွားစေသကဲ့သို့ ဖြစ်ပေါ်လာပြီး မိုးသည်းထန်စွာ ရွာသွန်းလေတော့သည်။ သို့သော် ဤအချိန်တွင် ဖြေဆိုသူ အများအပြားကမူ ဝမ်းသာအားရ အသံများ ပြုလုပ်လိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ရာသီဥတုက အလွန်ပူပြင်းသောကြောင့် ဖြစ်သည်။ နေရောင်ခြည်သည် စာမေးပွဲဖြေဆိုသည့်တဲများအတွင်းသို့ မဝင်နိုင်သော်လည်း မီးဖုတ်ခံထားရသကဲ့သို့ ပူအိုက်နေဆဲ ဖြစ်သည်။

ယခု မိုးရွာလိုက်သဖြင့် ရာသီဥတုသည် ချက်ချင်း အေးမြသွားသည်။ ချက်ချင်းပင် ဖြေဆိုသူအားလုံးသည် တုပိုင်အပေါ် တဖန်ပြန်လည်၍ အနိုင်ပိုင်းကာ ဝမ်းသာနေကြပြန်သည်။ ဤမိုးသည်းထန်စွာ ရွာသွန်းမှုသည် သူတို့အတွက် အချိန်ကိုက် မိုးတစ်စက် ဖြစ်ပြီး ရာသီဥတုအေးမြစေသော အကျိုးကျေးဇူး ဖြစ်သော်လည်း တုပိုင်အတွက်မူ ကြီးမားသော ဘေးအန္တရာယ်ကြီး ဖြစ်ကာ ယနေ့ စာမေးပွဲကို စောစီးစွာ လက်လျော့စေပြီး တစ်နာရီမပြည့်မီ အဖြေလွှာအပ်စေခဲ့သည်။

အခြားတစ်ဖက်တွင်မူ မူကြမ်းစာရွက်ပေါ်တွင် ရေးသားနေသော ထန်ယန်သည် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရေးသားခြင်းကို ရပ်တန့်လိုက်သည်။ သူသည် မိုးတိတ်မည်ကို စောင့်ဆိုင်းနေသကဲ့သို့ မျက်လုံးမှိတ်ပြီး တင်ပျဉ်ခွေ ထိုင်နေလိုက်သည်။

မိုးရွာသွန်းမှုသည် တကယ်ပင် ကြာကြာမခံပေ။ ၁၅ မိနစ်ကြာပြီးနောက် မိုးစဲသွားပြီး နောက်ထပ် ၁၅ မိနစ်အကြာတွင် လုံးဝ ရပ်တန့်သွားသည်။ သို့သော် ထို့နောက်တွင် နေထွက်မလာတော့ဘဲ တိမ်ထူထပ်အုံ့မှိုင်းသော ကောင်းကင်အဖြစ် အမြဲ ရှိနေတော့သည်။

ရာသီဥတုသည် ယခုအခါ ပိုမို သက်သောင့်သက်သာ ရှိလာပြီ ဖြစ်ရာ ဖြေဆိုသူအားလုံးအတွက် ကောင်းချီးမင်္ဂလာကြီးပင် ဖြစ်သည်။ မိုးတိတ်သွားပြီးနောက် ထန်ယန်သည် နတ်ဘုရားတစ်ပါး၏ ဉာဏ်ကွန့်မြူးမှုကို ရရှိထားသကဲ့သို့ ရေးသားလေတော့သည်။ သူ၏ အတွေးများသည် စမ်းချောင်းရေကဲ့သို့ စီးဆင်းနေပြီး ချောမွေ့လွယ်ကူစွာ တစ်ဆက်တည်း ပြီးဆုံးသွားသည်။

တစ်နာရီအတွင်းမှာပင် စာလုံးရေ တစ်ထောင်ကျော်ရှိသော မူဝါဒရေးရာ စာစီစာကုံးတစ်ပုဒ် ပြီးစီးသွားခဲ့သည်။

ဤစာစီစာကုံးသည် ဧကရာဇ်တစ်ပါး၏ နှလုံးသားနှင့် ဧကရာဇ်တစ်ပါး၏ အုပ်ချုပ်မှုကို မေးခွန်းထုတ်ထားခြင်း ဖြစ်သည်။ ဤစာစီစာကုံးသည် လုံးဝ နားကွဲလောက်အောင် ကျယ်လောင်ပြီး လုံးဝ ပဲ့တင်ထပ်နေသည်။

ထန်ယန် အလွန် ကျေနပ်အားရသွားသည်။ ပြီးစီးသွားပြီးနောက် သူသည် ရှင်းပြ၍မရသော စိတ်လှုပ်ရှားမှုမျိုးတွင် နစ်မြောနေခဲ့သည်။ အမြဲတမ်း ဤကဲ့သို့ပင် ဖြစ်သည်။ သူသည် ထူးခြားပြောင်မြောက်သော စာစီစာကုံးတစ်ပုဒ်ကို ရေးသားပြီးတိုင်း ဝိုင်ကောင်းကို သောက်ထားသကဲ့သို့ စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုကို ခံစားရလေ့ရှိသည်။ မူးဝေနေခြင်း မဟုတ်ဘဲ အနည်းငယ် ရီဝေဝေ ဖြစ်နေခြင်းမျိုး ဖြစ်သည်။

အလွန် ဂုဏ်ယူစရာကောင်းပြီး အလွန် မာန်မာနထောင်လွှားစရာ ကောင်းလှသည်။ ဤသည်မှာ သူများကို အနိုင်ယူနိုင်တော့မည် ဖြစ်သောကြောင့် မဟုတ်ပေ။ တကယ်တမ်းတွင် သူသည် ဤစာမေးပွဲ၌ မည်သူ့ကိုမျှ ပြိုင်ဘက်အဖြစ် သတ်မှတ်မထားပေ။ သူ့ပြိုင်ဘက်သည် သူကိုယ်တိုင်သာ ဖြစ်သည်။

ကွမ်တုံပြည်နယ်စာမေးပွဲတွင် ဆရာသခင်ကြီး အများအပြား ပါဝင်သော်လည်း သူသည် ပထမဆုရ ကျူရန်ဘွဲ့ကို ရရှိနိုင်ခဲ့သေးသည်။ ကွမ်ရှီး မိန်းမစိုးဂိုဏ်းအကယ်ဒမီ၏ ဘွဲ့ယူစာမေးပွဲသည် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အမှတ်အများဆုံးရသူက အလယ်တန်းအဆင့် စာမေးပွဲကို ဝင်ဖြေနေသကဲ့သို့ ရိုးရှင်းလွန်းလှသည်။

ဤစာမေးပွဲတွင် သူသည် တုကူချိုပိုင် (ရှုံးနိမ့်ခြင်းကို ရှာဖွေသူ) ကဲ့သို့ ဖြစ်လာရန် ကံပါလာပြီး ဖြစ်သည်။

ဤအရှိန်အဟုန်ကို အသုံးပြုပြီး ထန်ယန်သည် စာမေးပွဲကို ဆက်လက်ဖြေဆိုကာ ဒုတိယမေးခွန်းကို ကြည့်လိုက်သည်။ သူသည် တုပိုင်ကဲ့သို့ပင် အာရုံစူးစိုက်မှု အပြည့်အဝ ရှိစေရန် မေးခွန်းတစ်ခုပြီးမှ နောက်တစ်ခုကို ကြည့်ခြင်း ဖြစ်သည်။

ဒုတိယမေးခွန်းကို မြင်လိုက်ရသောအခါ သူ အရင်ဆုံး ကြောင်အမ်းသွားပြီး ထို့နောက် အံ့သြဝမ်းသာ ဖြစ်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဤမေးခွန်းကို ယခင်က ဖြေဆိုသောကြောင့် ဖြစ်သည်။ ခိုးချခြင်း မဟုတ်သလို မေးခွန်းကို ကြိုတင်သိရှိထားခြင်းလည်း မဟုတ်ပေ။

ဤသည်မှာ ကွမ်တုံပြည်နယ်စာမေးပွဲ မဖြေဆိုမီက ဖြစ်သည်။ ဉာဏ်ကြီးရှင်တစ်ယောက် အနေဖြင့် ခက်ခဲနက်နဲသော မေးခွန်းများကို မကြောက်သင့်ဘဲ သာမန်ကာလျှံကာ ၊ မေးနေကျ ၊ ရိုးအီနေသော မေးခွန်းများကိုသာ ကြောက်ရမည်ဟု သူ့ဆရာက ပြောဖူးသည်။

အဘယ်ကြောင့်ဆိုသော် ထူးခြားပေါ်လွင်အောင် လုပ်ရန် အလွန်ခက်ခဲသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ထန်ယန်သည် ဤကဏ္ဍတွင် ကြိုးစားအားထုတ်ခဲ့ပြီး မိမိဘာသာ အမေးများသော မေးခွန်းပေါင်း ဒါဇင်ချီ စာရင်းပြုစုကာ ခေတ်ပြိုင်စာစီစာကုံးများ ရေးသားရန် ဦးနှောက်ခြောက်အောင် စဉ်းစားခဲ့သည်။

ထိုအထဲတွင် ဤမေးခွန်း ပါဝင်နေသည်။ ကွန်ဖြူးရှပ်ကဤကဲ့သို့ ဆိုသည် ၊ လူတစ်ယောက်သည် မေတ္တာတရားနှင့် ပြည့်စုံရန် စိတ်ဆုံးဖြတ်ထားလျှင် ထိုသူ၌ မကောင်းမှုဟူသည် ရှိလိမ့်မည် မဟုတ်။

သူသည် ဆယ်ရက်ကြာ အချိန်ပေးပြီး စာအုပ်ပေါင်း မရေမတွက်နိုင်အောင် ဖတ်ရှုကာ နောက်ဆုံးတွင် အလွန်ထူးခြားပြောင်မြောက်သော ခေတ်ပြိုင်စာစီစာကုံးတစ်ပုဒ်ကို ရေးသားနိုင်ခဲ့သည်။ သူ ဤစာစီစာကုံးကို ဆရာ့ထံ ပေးအပ်ချိန်က ဆရာသည် စားပွဲကို ရိုက်ကာ ချီးကျူးခဲ့ပြီး အကယ်၍ ဤမေးခွန်းသာ ပြည်နယ်စာမေးပွဲတွင် ပါလာပါက ထန်ယန်သည် သေချာပေါက် ပထမဆုရ ကျူရန် ဖြစ်လိမ့်မည်ဟု ပြောကြားခဲ့သည်ကို သူ မှတ်မိနေဆဲ ဖြစ်သည်။

သေချာသည်မှာ ထိုစဉ်က ပြည်နယ်စာမေးပွဲတွင် ဤမေးခွန်း မပါဝင်ခဲ့သော်လည်း ထန်ယန်သည် ပထမဆုရ ကျူရန် ဖြစ်ခဲ့သေးသည်။ သို့သော် ပြည်နယ်စာမေးပွဲတွင် သူရေးသားခဲ့သော စာစီစာကုံးသည် လူတစ်ယောက်သည် မေတ္တာတရားနှင့် ပြည့်စုံရန် စိတ်ဆုံးဖြတ်ထားလျှင် ထိုသူ၌ မကောင်းမှုဟူသည် ရှိလိမ့်မည် မဟုတ် ဟူသော ခေါင်းစဉ်အတွက် စေ့စပ်သေချာစွာ ပြင်ဆင်ထားသည့် စာစီစာကုံးလောက် မကောင်းမွန်ဟု သူ ခံစားခဲ့ရသည်။

သူသည် ဤစာစီစာကုံးအတွက် အလွန် ဂုဏ်ယူနေသည်။ ဤစာစီစာကုံးသည် တကယ်ကို ခမ်းနားထည်ဝါပြီး အလွန်အံ့သြဖွယ်ကောင်းသော စာပေလက်ရာတစ်ခု ဖြစ်သည်။ ပြည်နယ်စာမေးပွဲတွင် အသုံးမပြုခဲ့ရသော စာစီစာကုံးကို ယခု အသုံးပြုရလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ရာ မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။

သေချာသည်မှာ အနည်းငယ် နောင်တရစရာလည်း ရှိနေသည်။ ဤမျှ ပြောင်မြောက်သော စာစီစာကုံးကို မိန်းမစိုးဂိုဏ်းအကယ်ဒမီ၏ ဘွဲ့ယူစာမေးပွဲတွင် အသုံးပြုလိုက်ရခြင်းသည် လုံးဝ တန်ဖိုးမရှိဘဲ ဖြုန်းတီးရာ ရောက်ပြီး ပုလဲကို ဝက်ရှေ့ချသကဲ့သို့ ဖြစ်နေသည်။

ဤစာစီစာကုံးဖြင့် ဆိုလျှင် အခြားကျောင်းသားများ၏ စာစီစာကုံးများသည် မှေးမှိန်သွားပြီး အနည်အနှစ်များအဖြစ် လုံးဝ ပျက်စီးသွားပေလိမ့်မည်။ စစ်စစ်သူများဖတ်ရှုပြီးလျှင် ချီးကုန်းရန်ပင် မထိုက်တန်ဟု ဝေဖ​န်ပင်လိမ့်မည်။

သူ၏ မှတ်ဉာဏ်အပေါ် အခြေခံပြီး ထန်ယန်သည် စာစီစာကုံးတစ်ပုဒ်လုံးကို နာရီဝက်အတွင်း ရေးသားပြီးစီးသွားသည်။ ထို့နောက် တတိယမေးခွန်းကို ဆက်လက် ကြည့်ရှုလိုက်သည်။ အရှင် မြစ်ကို မကူးပါနှင့်ဟူသော ခေါင်းစဉ်ကို မြင်လိုက်ရသောအခါ သူ ကြောင်အမ်းမသွားဘဲ မနေနိုင်တော့ပေ။

ဤမေးခွန်းသည် ကောင်းမွန်သော်လည်း အတော်လေး ခက်ခဲသည်။ မူဝါဒရေးရာ စာစီစာကုံး ရေးသားရန် မခက်ခဲသော်လည်း ကဗျာတစ်ပုဒ် ရေးစပ်ရန်မှာ အလွန် စိန်ခေါ်မှု များသည်။ ထန်ယန် မျက်လုံးမှိတ်ပြီး နှစ်နာရီကျော်ကြာ တွေးတောဆင်ခြင်လိုက်သည်။ ရုတ်တရက် သူ၏ စိတ်ထဲတွင် လင်းလက်သွားပြီး ဉာဏ်ကွန့်မြူးလာသည်။

ဤဉာဏ်ကွန့်မြူးမှုကို အသုံးပြုပြီး ထန်ယန်သည် လျင်မြန်စွာ ရေးသားလိုက်ရာ ထူးချွန်သော ကဗျာတစ်ပုဒ် ထွက်ပေါ်လာလေသည်။ ဤအချိန်တွင် ထန်ယန်သည် တိုင်းပြည်ဆိုင်ရာ စာပေလေ့လာရေးဘာသာရပ် စာမေးပွဲတစ်ခုလုံးကို ဖြေဆိုပြီးစီးသွားပြီ ဖြစ်ပြီး စာမေးပွဲပြီးဆုံးရန် သုံးနာရီခန့် လိုသေးသည်။

သူသည် အမှားအယွင်းမရှိစေရန် နာရီဝက်ခန့် သေချာ စစ်ဆေးပြီးနောက် ကျက်သရေရှိစွာဖြင့် အဖြေလွှာ အပ်လိုက်သည်။ ချက်ချင်းပင် ဖြေဆိုသူအားလုံးသည် သူ့ကို လေးစားအားကျသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။ တုပိုင် တစ်နာရီမပြည့်မီ အဖြေလွှာအပ်လိုက်ခြင်းသည် လက်လျော့လိုက်ခြင်း သက်သက် ဖြစ်ပြီး စာကြောင်းအနည်းငယ် ကမန်းကတန်း ရေးပြီး အရှုံးပေးလိုက်ခြင်း ဖြစ်သည်။ ထန်ယန် သုံးနာရီအတွင်း စာမေးပွဲဖြေဆိုပြီးစီးခြင်းသည် ထိပ်တန်းအဆင့် စွမ်းရည်ရှိခြင်း၏ လက္ခဏာဖြစ်ပြီး အချိန်ဖြုန်းနေစရာ မလိုတော့ခြင်း ဖြစ်သည်။

ဤအချိန်တွင် ယန်ရှီသည် ဒုတိယမြောက် ရှစ်ပိုဒ်ဖွဲ့ စာစီစာကုံးကို စိတ်ကူးပုံဖော်ပြီးစီးသွားပြီ ဖြစ်ပြီး သူ အတော်လေး ကျေနပ်အားရနေသည်။ သေချာသည်မှာ သူသည် ထန်ယန်နှင့် ယှဉ်ပြိုင်ရန် လုံးဝ စိတ်ကူးမရှိပေ။ ထိုအရာက လုံးဝ မဖြစ်နိုင်သော ကိစ္စဖြစ်သည်။

ထန်ယန်သည် တကယ်ကို ထူးချွန်လွန်းလှသည်။ မနာလိုဝန်တိုစိတ်ပင် မဖြစ်နိုင်တော့ဘဲ အကန့်အသတ်မဲ့ လေးစားအားကျမှုကိုသာ ဖြစ်ပေါ်စေသည်။ ယန်ရှီ၏ ရည်မှန်းချက်မှာ ထိပ်ဆုံးသုံးယောက်စာရင်းဝင်ရန် ကြိုးစားခြင်း ဖြစ်သည်။

‘တုပိုင်နှင့် ပတ်သက်ပြီးတော့လား။ တစ်နာရီမပြည့်ခင် အဖြေလွှာအပ်သွားတဲ့ကောင်လား။’ ယန်ရှီ သူ့အကြောင်းကို ပြောပင် မပြောချင်တော့ပေ။ သူ့ကို သွားယှဉ်ပြိုင်နေရခြင်းက လုံးဝ သိက္ခာကျစရာ ကောင်းသည်။ သူသည် ခြေဆေးရေဇလုံဖြင့် ပက်ဦးမည် ဖြစ်သော်လည်း တုပိုင်ကို အနိုင်ရခြင်းသည် မည်သည့် အောင်မြင်မှု ခံစားချက်မျိုးမှ မပေးစွမ်းနိုင်တော့ပေ။

နေဝင်သွားပြီး ကွမ်ရှီး မိန်းမစိုးဂိုဏ်းအကယ်ဒမီ၏ တိုင်းပြည်ဆိုင်ရာ စာပေလေ့လာရေးဘာသာရပ် ဘွဲ့ယူစာမေးပွဲ ပထမနေ့ တရားဝင် ပြီးဆုံးသွားသည်။

အဖြေလွှာအားလုံးကို ချိပ်ပိတ် ၊ အမည်များကို ဖုံးအုပ်ပြီး သိမ်းဆည်းလိုက်သည်။ ထို့နောက် သေချာစွာ ရောနှောပြီး စစ်ဆေးရန်အတွက် မိန်းမစိုး စာမေးပွဲအကြီးအကဲ ငါးဦးထံသို့ ပေးပို့လိုက်သည်။

သေချာသည်မှာ တိုင်းပြည်ဆိုင်ရာ စာပေလေ့လာရေးဘာသာရပ် စာမေးပွဲ ရလဒ်များကို အခမ်းအနားများဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာနမှ ပညာရှိမိန်းမစိုးသုံးဦးက အဓိက ဆုံးဖြတ်မည် ဖြစ်သည်။ ဘိုးဘေးကြီးငါးဦးသည် တိုင်းပြည်ဆိုင်ရာ စာပေလေ့လာရေးဘာသာရပ် အဖြေလွှာများကို တစ်စောင်ပြီးတစ်စောင် ထုတ်ယူကာ စစ်ဆေးလေတော့သည်။

သူတို့ ဝီရိယစိုက်ထုတ်နေသော်လည်း ဖတ်ရှုရင်း ခေါင်းခါလိုက်ကြသည်။ အထူးသဖြင့် နန်းတွင်းစာမေးပွဲအောင်မြင်ထားသော အရပ်ဘက်အရာရှိများနှင့် ပညာအရည်အချင်း တူညီသည့် အခမ်းအနားများဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာနမှ ပညာရှိမိန်းမစိုးသုံးဦး ဖြစ်သည်။

ကွမ်ရှီး မိန်းမစိုးဂိုဏ်းအကယ်ဒမီမှ ကျောင်းသားများ၏ တိုင်းပြည်ဆိုင်ရာ စာပေလေ့လာရေးဘာသာရပ် အဆင့်အတန်းအပေါ် မျှော်လင့်ချက် သိပ်မထားသော်လည်း တကယ်တမ်း စစ်ဆေးသောအခါ သူတို့ အကြီးအကျယ် စိတ်ပျက်မိကြသည်။

ဤလူများ၏ တိုင်းပြည်ဆိုင်ရာ စာပေလေ့လာရေးဘာသာရပ် အဆင့်အတန်းသည် အခြေခံအားဖြင့် ရှိုချိုင် (ပညာရှင်အဆင့် အစမ်းစာမေးပွဲ) အောင်မြင်ရန်ပင် မလုံလောက်ပေ။

ဖတ်လို့မရတာမျိုး မဟုတ်သောမလည်းပဲ သာမန်ကာလျှံကာသာ ဖြစ်နေသည်။ တကယ်တမ်းတွင် စာစီစာကုံးအများစုသည် ပုံစံခွက်တစ်ခုတည်းမှ ထွက်လာသကဲ့သို့ တူညီနေကြပြီး အားလုံးက ရိုးအီနေကာ စာအုပ်ထဲမှ စာကြောင်းများကို ကူးယူထားရုံသာ ရှိသည်။

ထို့ကြောင့် အစပိုင်းတွင် ပညာရှိမိန်းမစိုးအနည်းငယ်သည် ဂရုတစိုက် စစ်ဆေးကြသော်လည်း နောက်ပိုင်းတွင် စစ်ဆေးနှုန်း ပိုမို မြန်ဆန်လာသည်။ နောက်ဆုံးတွင် တစ်ချက်ကြည့်လျှင် စာကြောင်းဆယ်ကြောင်းလောက် ပြီးသွားသည့် အဆင့်သို့ ရောက်သွားသည်။ အဘယ်ကြောင့်ဆိုသော် ထိုမျှလောက်နှင့် လုံလောက်နေသောကြောင့် ဖြစ်သည်။ ဤစာစီစာကုံးများသည် အမှိုက်များသာဖြစ်ကြသည်။

မည်သို့ပင်ဆိုစေ ဤသည်မှာ မိန်းမစိုးဂိုဏ်းအကယ်ဒမီ၏ ဘွဲ့ယူစာမေးပွဲသာ ဖြစ်ပြီး ဧကရာဇ်မင်းမြတ်စာမေးပွဲ မဟုတ်သဖြင့် လိုအပ်ချက်များ သိပ်မမြင့်မားဘဲ အမှတ်ပေးရာတွင်လည်း သိပ်မတင်းကျပ်နိုင်ပေ။ အသင့်အတင့် ရှိသူများကို အောင်မှတ် ပေးရမည် ဖြစ်ပြီး ထိမိသော စာကြောင်း တစ်ကြောင်းနှစ်ကြောင်း ပါဝင်သူများကို ကောင်းဟူသော အမှတ် ပေးနိုင်သည်။

သူတို့ ငိုက်မြည်းစွာဖြင့် အဖြေလွှာများကို စစ်ဆေးနေစဉ် ရုတ်တရက် စာမေးပွဲစစ်ဆေးသူတစ်ဦး၏ မျက်လုံးများ အရောင်လက်သွားသည်။ ပထမဆုံး အချက်အနေဖြင့် လက်ရေးသည် မျက်စိပသာဒ ဖြစ်နေပြီး စာစီစာကုံးကို ဖတ်ရှုလိုက်သောအခါ ရိုးရိုးလေး ရင်သပ်ရှုမောဖွယ် ဖြစ်နေသည်။ ဤခံစားချက်သည် အလှမယ်ပြိုင်ပွဲ ဒိုင်လူကြီးတစ်ဦး လုပ်နေရသကဲ့သို့ ဖြစ်သည်။ စိုးမြတ်သူဇာနှင့် ဘနားနားတို့ထက် အနည်းငယ်သာ ပိုကောင်းသော သူများကို အဆက်မပြတ် မြင်တွေ့နေရပြီးနောက် ရုတ်တရက် အမှတ် ၉၀ တန် နတ်သမီးတစ်ပါး ခင်ဝင့်ဝါ ပေါ်လာသကဲ့သို့ ဖြစ်သည်။ (အမှတ်တစ်ရာက ကျွန်တော့်မိန်းမပါ။ 😇)

ထိုကဲ့သို့သော အံ့သြမှင်သက်မှု ၊ ထိုကဲ့သို့သော ကျေနပ်နှစ်သိမ့်မှုသည် ပြိုင်ဘက်ကင်းပင် ဖြစ်သည်။ သူ ပထမတစ်ခေါက် အမြန်ဖတ်လိုက်သည်။ ထို့နောက် ဒုတိယအကြိမ် အလွန် ဂရုတစိုက် ဖတ်လိုက်ပြီး တတိယအကြိမ် ပိုမို ဂရုတစိုက် ဖတ်ရှုလိုက်သည်။

“ဒီလိုအဆင့် စာမေးပွဲမှာ ဒီလိုအရည်အသွေးရှိတဲ့ စာစီစာကုံးတစ်ပုဒ်ကို မြင်တွေ့ရလိမ့်မယ်လို့ တကယ် မထင်ထားမိဘူး။ နွေရာသီ အလယ်ခေါင်မှာ ရေခဲစားလိုက်ရသလို လန်းဆန်းသွားတာပဲ။ လာကြည့်ကြပါဦး။ ဒီလိုစာစီစာကုံးမျိုးက မိန်းမစိုးဂိုဏ်းအကယ်ဒမီ ဘွဲ့ယူစာမေးပွဲမပြောနဲ့ ၊ ပြည်နယ်စာမေးပွဲမှာ ပထမဆုရဖို့တောင် အရည်အချင်း ပြည့်မီတယ်”

ထို့နောက် သူသည် ဤစာမေးပွဲ အဖြေလွှာကို အမှတ်ပေးလိုက်သည်။

အပိုင်း ၂၄၆ ပြီး။

All Chapters