အခန်း (၂၄၈)
Vol. 25 Ch. 248
တုပိုင်၏ တိုင်းပြည်ဆိုင်ရာ စာပေလေ့လာရေးဘာသာရပ် ရမှတ်ကို အမှတ်ပြည့် ၁၅၀ ဟု သတ်မှတ်လိုက်ကြသည်။
တိုင်းပြည်ဆိုင်ရာ စာပေလေ့လာရေးဘာသာရပ်တွင် မည်သည့်အချိန်က အမှတ်ပြည့် ရဖူးသနည်း။ ဤအရာသည် လုံးဝ ယုံကြည်နိုင်စရာ မကောင်းသော်လည်း ဤသည်မှာ အမှန်တရား ဖြစ်နေသည်။ အမှတ်ပေးရန် တာဝန်ရှိသော ကုန်းကုန်းအိုကြီး ငါးယောက်လုံးက သူ့ကို အမှတ်ပြည့် ပေးခဲ့ကြသည်။ အထူးသဖြင့် အခမ်းအနားများဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာနမှ အရပ်ဘက် ကုန်းကုန်းသုံးဦးက ပို၍ပင် လိုလိုလားလား ပေးခဲ့ကြခြင်း ဖြစ်သည်။
ဤဘွဲ့ယူစာမေးပွဲတွင် မိန်းမစိုးဂိုဏ်းအကယ်ဒမီ ကျောင်းသား စုစုပေါင်း ၃၃၃ ဦး ပါဝင်ဖြေဆိုခဲ့ကြပြီး အဖြေလွှာများကို အားလုံးစစ်ဆေးရန် နောက်ထပ် နှစ်နာရီခန့် ကုန်လွန်သွားခဲ့သည်။ နောက်ဆုံးတွင် အဖြေလွှာအားလုံးကို စစ်ဆေးပြီးစီးသွားခဲ့သည်။
ထို့နောက် စစ်ဆေးသူ ငါးဦးသည် အမည်ဖုံးအုပ်ထားသော အဖြေလွှာများကို စိတ်လှုပ်ရှားစွာဖြင့် ဖွင့်ဖောက်ကြည့်ရှုကြတော့သည်။ ပိုမို တိကျစွာ ပြောရလျှင် သူတို့သည် အမည်ဖုံးအုပ်ထားသော အမှတ်ပြည့် အဖြေလွှာကို စိတ်လှုပ်ရှားစွာ ဖွင့်ဖောက်လိုက်ကြခြင်း ဖြစ်သည်။
ထိုအဖြေလွှာပေါ်တွင် ခုံနံပါတ်နှင့် နာမည်ကို ရှင်းလင်းပြတ်သားစွာ ရေးသားထားသည်။
“တုပိုင်”
ချက်ချင်းပင် လူတိုင်း နောက်တစ်ကြိမ် သေလောက်အောင် တိတ်ဆိတ်သွားကြပြန်သည်။ ဤအရာက ပါးကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သလိုပင်။ ဆံပင်စုတ်ဖွာဖွာ ၊ မျက်တွင်းဟောက်ပက်နှင့် အချိန်မရွေး လဲကျသွားနိုင်မလို တစ်ကိုယ်လုံး တုန်ယင်နေခဲ့သော ထိုတုပိုင် ဟုတ်ပါရဲ့လော။ နေပူကျဲတဲထဲတွင် အပြင်ဘက်၌ စာမေးပွဲ ဖြေခဲ့ရသော ထိုတုပိုင် ဟုတ်ပါရဲ့လော။ တစ်နာရီမပြည့်ခင် အဖြေလွှာ လာအပ်သွားသော ထိုတုပိုင် ဟုတ်ပါရဲ့လော။
လူတိုင်းက သူ လက်မြှောက်အရှုံးပေးသွားပြီဟု ထင်ခဲ့ကြသည်။ လူတိုင်းက သူ ကိုယ့်ကိုယ်ကိုယ် စွန့်ပစ်လိုက်ပြီဟု ထင်ခဲ့ကြသည်။ သို့သော် သူသည် ကောင်းကင်ကို အာခံနိုင်သော အမှတ်ပြည့် ၁၅၀ ရရှိလိမ့်မည်ဟု မည်သူက တွေးထင်ထားမိမည်နည်း။ အဓိက အကျဆုံးအချက်မှာ ဤအဖြေလွှာ၏ အရည်အသွေးသည် မိန်းမစိုးဂိုဏ်းအကယ်ဒမီ၏ ဘွဲ့ယူစာမေးပွဲ လိုအပ်ချက်များထက် အဆပေါင်းများစွာ သာလွန်နေခြင်း ဖြစ်သည်။ ဤအရည်အသွေးသည် မြို့တော်စာမေးပွဲနှင့် နန်းတွင်းစာမေးပွဲများအတွက်ပင် လုံလောက်သည်ထက် ပိုနေသေးသည်။
ယခုအခါတွင် သူသည် တစ်နာရီမပြည့်ခင် အဖြေလွှာ လာအပ်သွားခြင်းမှာ ကိုယ့်ကိုယ်ကိုယ် စွန့်ပစ်လိုက်ခြင်း မဟုတ်သလို ၊ မိုးဒဏ်ကို ရှောင်ရှားရန် သက်သက်လည်း မဟုတ်ကြောင်း လူတိုင်း နားလည်လိုက်ကြသည်။ သူသည် ရိုးရှင်းစွာပင် ဖြေဆိုပြီးစီးသွားခဲ့ခြင်း ဖြစ်ပြီး ထိုနေရာတွင် အချိန်ဆက်မဖြုန်းချင်တော့၍သာ ဖြစ်သည်။
သို့သော် တိုင်းပြည်ဆိုင်ရာ စာပေလေ့လာရေးဘာသာရပ် စာမေးပွဲကို တစ်နာရီမပြည့်ခင် ပြီးစီးအောင် ဖြေဆိုနိုင်ပြီး ဤကဲ့သို့ ကောင်းကင်ကို အာခံနိုင်သော ရမှတ်မျိုး ရယူနိုင်သည် ဆိုသည်မှာ နားထောင်ရတာ တကယ့်ကို အဓိပ္ပာယ်မရှိသလို ဖြစ်နေပြီး သူတို့လို ပညာရှင်များ၏ ဘဝကြီးကိုပင် သံသယဝင်သွားစေနိုင်သည်။
ထိုအချိန်တွင် ရှိနေကြသူ အားလုံးသည် ဆရာသခင်ကြီး နင်ဇောင်ဝူ၏ ခံစားချက်ကို ကိုယ်ချင်းစာ နားလည်သွားကြသည်။ “ဉာဏ်ကြီးရှင်တွေက တကယ်ပဲ သူတို့ သဘောရှိ အရာအရာ လုပ်နိုင်ကြတာပဲ”
ရုတ်တရက် ကြီးကြပ်ရေးမှူး ကုန်းကုန်းတစ်ဦးက ပြောလိုက်သည်။ “ကျွန်တော်တို့ရဲ့ မေးခွန်းတွေ ပေါက်ကြားသွားတာများလား”
ထိုစကား ထွက်လာသည်နှင့် ကျန်ရှိသော ဌာနမှူးအဆင့် စစ်ဆေးသူ ကုန်းကုန်းလေးဦး ၊ အထူးသဖြင့် အခမ်းအနားများဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာနမှ အရပ်ဘက် ကုန်းကုန်းသုံးဦးက ချက်ချင်း ငြင်းပယ်လိုက်ကြသည်။ ဤ တိုင်းပြည်ဆိုင်ရာ စာပေလေ့လာရေးဘာသာရပ် မေးခွန်းများကို သူတို့ကိုယ်တိုင် ထုတ်ခဲ့ကြခြင်း ဖြစ်သည်။ မေးခွန်းထုတ်ပြီးသည်နှင့် ချက်ချင်း တံဆိပ်ခတ် ပိတ်သိမ်းခဲ့ပြီး သူတို့ သုံးဦးစလုံးသည်လည်း အပြင်လောကနှင့် လုံးဝ အဆက်အသွယ် ဖြတ်တောက်ကာ အထူးခန်းတစ်ခုထဲတွင် ခြေတစ်လှမ်းမှ အပြင်မထွက်ဘဲ နေခဲ့ကြသည်။
ထို့အပြင် ထိုအချိန်က တုပိုင်သည် ကွေ့လင်မြို့၌ မရှိခဲ့သဖြင့် မေးခွန်းပေါက်ကြားနိုင်ချေမှာ သုည ဖြစ်သည်။
ထို့နောက် တစ်စုံတစ်ယောက်က တိုးတိုးတိတ်တိတ် ပြောလိုက်သည်။ “တစ်ယောက်ယောက်က မေးခွန်းကို သိနေရင်တောင်မှ ဒီလို စာစီစာကုံးမျိုး ထွက်လာအောင် ရေးနိုင်မှာ မဟုတ်ဘူး”
ချက်ချင်းပင် မည်သူမျှ စကားထပ်မပြောကြတော့ပေ။
အမှန်တကယ်ပင် ဤကဲ့သို့ အရည်အသွေးမျိုး ရှိသော စာစီစာကုံးများနှင့် ကဗျာများသည် စာခိုးချခြင်းဖြင့် ရရှိနိုင်သော အကန့်အသတ်ကို များစွာ ကျော်လွန်နေပြီ ဖြစ်သည်။ ဤသည်မှာ ထိပ်တန်း ဉာဏ်ကြီးရှင်တစ်ဦး၏ စိတ်ကူးဉာဏ်နှင့် ပါရမီများ ပေါက်ကွဲထွက်ပေါ်လာခြင်း သက်သက်သာ ဖြစ်ပြီး ဦးနှောက်ခြောက်အောင် စဉ်းစားရုံဖြင့် ထွက်ပေါ်လာနိုင်သောအရာ မဟုတ်ပေ။
သို့သော် တုန်လှုပ်အံ့သြပြီးနောက်တွင် ကြီးကြပ်ရေးမှူး ကုန်းကုန်း ငါးဦးစလုံးသည် အလွန် ဝမ်းမြောက်သွားကြသည်။ မိန်းမစိုးဂိုဏ်းတွင် ဤကဲ့သို့သော ဉာဏ်ကြီးရှင်တစ်ဦး ပေါ်ထွန်းလာခြင်းသည် အလွန်ကြီးမားသော ဝမ်းသာစရာ ကိစ္စရပ် ဖြစ်သည်။ ကွမ်ရှီး မိန်းမစိုးဂိုဏ်းအကယ်ဒမီ၏ ကျောင်းအုပ်သစ် တစ်ဦးတည်းသာလျှင် ကျောချမ်းသော ခံစားချက်နှင့် နိမိတ်မကောင်းသော အရိပ်အယောင်များကို ခံစားလိုက်ရသည်။
ဤဘွဲ့ယူစာမေးပွဲတွင် ထန်ယန်ကို ပံ့ပိုးပေးရန်အတွက် သူနှင့် သူ့အဖွဲ့အစည်းသည် ယုံကြည်နိုင်စရာ မကောင်းလောက်အောင် ကြီးမားသော တန်ကြေးများကို ပေးဆပ်ထားခဲ့ရသည်။ ပထမဦးစွာ ထန်ယန်ကို ကွမ်ရှီး မိန်းမစိုးဂိုဏ်းအကယ်ဒမီသို့ ပြောင်းရွှေ့ခဲ့ပြီး ၊ ထို့နောက် ကျောင်းအုပ်သစ် ကိုယ်တိုင်လည်း ကွမ်တုံ မိန်းမစိုးဂိုဏ်းအကယ်ဒမီ ကျောင်းအုပ်ရာထူးမှ ကွမ်ရှီး မိန်းမစိုးဂိုဏ်းအကယ်ဒမီ ကျောင်းအုပ်ရာထူးသို့ ပြောင်းရွှေ့လာခဲ့သည်။
ထို့အပြင် သူတို့သည် ဧကရာဇ်မွေးနေ့အတွက် အထူးစာမေးပွဲ တစ်ခုကို သီးသန့် စီစဉ်ပေးခဲ့ပြီး ထန်ယန်ကို အပိုဆုကြေး ၃၀ မှတ် ရရှိစေကာ တက္ကသိုလ်ကြီးသုံးခု ပူးပေါင်းပြိုင်ပွဲမှ တုပိုင် ရရှိထားသော အပိုဆုကြေး ၅၀ မှတ်ကိုလည်း ပယ်ဖျက်ပစ်ခဲ့သေးသည်။ ထို့ထက်ပို၍ ဤမိန်းမစိုးဂိုဏ်းအကယ်ဒမီ ဘွဲ့ယူစာမေးပွဲ ပြီးဆုံးပါက အရှေ့ဘက်ကွပ်ကဲရေးရုံးသို့ ဝင်ရောက်ရန် နေရာတစ်နေရာသာ ရှိတော့ပြီး ၊ ထိုအရာအားလုံးသည် ထန်ယန်အတွက် ရည်ရွယ်ထားခြင်း ဖြစ်သည်။
ထန်ယန် ပထမရမည် ဆိုသည်မှာ သံသယဖြစ်စရာ မလိုသော်လည်း ၊ သူတို့အဖွဲ့အစည်း၏ မျှော်လင့်ချက်မှာ ထန်ယန်အနေဖြင့် လုံးဝ ပြိုင်ဘက်ကင်းသော အားသာချက်ဖြင့် အနိုင်ရရှိစေလိုခြင်း ဖြစ်သည်။ ဒုတိယနေရာနှင့် ရမှတ်ကွာဟချက် ကြီးမားစေရုံသာမက စံချိန်တင် စုစုပေါင်းရမှတ်ကိုပါ ရယူစေလိုပြီး လူတိုင်းကို စိတ်ပျက်အားငယ်သွားစေမည့် ရမှတ်မျိုး ဖြစ်စေချင်သည်။
မူလက အရာအားလုံးသည် ပြီးပြည့်စုံနေခဲ့သည်။ တုပိုင်နှင့် ပတ်သက်၍မူ တက္ကသိုလ်ကြီးသုံးခု ပူးပေါင်းပြိုင်ပွဲ ကာလတုန်းက ကျောင်းအုပ်သစ်နှင့် အခြားလူများသည် သူ့ကို ပြိုင်ဘက်အဖြစ် သတ်မှတ်ခဲ့ကြသေးသည်။
သို့သော် ဘွဲ့ယူစာမေးပွဲကို စောစီးစွာ ကျင်းပလိုက်ခြင်းနှင့် သူ့၏ အပိုဆုကြေး ၅၀ မှတ်ကို ပယ်ဖျက်လိုက်ခြင်း ၊ အရေးအကြီးဆုံး အချက်အနေဖြင့် တုပိုင်သည် ဤကာလအတွင်း စာကောင်းကောင်း မလေ့လာဘဲ ဟိုပြေးဒီပြေး လုပ်နေခဲ့ခြင်း ၊ စာမေးပွဲ စခါနီးသည်အထိ စာမေးပွဲခန်းမထဲ ရောက်မလာသေးခြင်း ၊ ရောက်လာတော့လည်း ဖရိုဖရဲ ပုံစံဖြင့် ကိုယ့်ကိုယ်ကိုယ် စွန့်ပစ်ထားသော ပုံစံ ပေါက်နေခြင်းတို့ကြောင့် ကျောင်းအုပ်သစ်နှင့် ထန်ယန်တို့သည် သူ့ကို လုံးဝ လျစ်လျူရှုထားခဲ့ကြသည်။
သို့သော် သူသည် တိုင်းပြည်ဆိုင်ရာ စာပေလေ့လာရေးဘာသာရပ် စာမေးပွဲတွင် ဤမျှလောက် ကောင်းကင်ကို အာခံနိုင်သော စွမ်းဆောင်ရည် ပြသလိမ့်မည်ဟု မည်သူ ထင်ထားမည်နည်း။ ထို့နောက် ကျောင်းအုပ်သစ်သည် သူ့ကိုယ်သူ ပြန်လည်နှစ်သိမ့်လိုက်သည်။ ‘တုပိုင်က ကဗျာ ၊ စကားပြေနဲ့ စာပေပိုင်းမှာ အရမ်းတော်တယ်ဆိုတာ ထားလိုက်တော့’
‘ဒါပေမဲ့ သူ့ရဲ့ သိုင်းပညာအဆင့်အတန်းကတော့ သေချာပေါက် သောက်ကျိုးနည်း ညံ့ဖျင်းလွန်းတယ်။ အဲဒီလိုမှ မဟုတ်ရင် လီချန်ချန်နဲ့ တိုက်ခိုက်တုန်းက သူ ဓားကွက် တစ်ကွက်တောင် ထုတ်နိုင်ခဲ့တာ မဟုတ်ဘူး။ မိုးကြိုးပစ်လို့သာ လီချန်ချန် သေသွားတာ။ မဟုတ်ရင် တုပိုင်ရဲ့ ခန္ဓာကိုယ်က အခုလောက်ဆို ပုပ်ပွနေလောက်ပြီ’
အမှန်တကယ်ပင် တုပိုင်၏ သိုင်းပညာ ညံ့ဖျင်းမှုသည် နာမည်ကြီးသည်။ ထို့အပြင် တုအိမ်တော်မှ လူများ၏ အဆိုအရ သူ့၏ သင်္ချာစွမ်းရည်သည်လည်း အလွန် သာမန်ကာလျှံကာသာ ရှိသည်။ သူသည် သူ့ဘာသာသူ စစ်တုရင် ကစားတတ်သော်လည်း အသက် ခုနစ်နှစ် ၊ ရှစ်နှစ်အရွယ်လောက်က ဂဏန်းတောင် သေချာ ရေတွက်နိုင်ခဲ့သူ မဟုတ်ပေ။
ထို့အပြင် နှစ်စဉ် စာမေးပွဲများတွင် တုပိုင်၏ သင်္ချာရမှတ်များသည် အမြဲလိုလို သုညသာ ဖြစ်သည်။ ထို့ကြောင့် သူ၏ တိုင်းပြည်ဆိုင်ရာ စာပေလေ့လာရေးဘာသာရပ်မှ ကောင်းကင်ကို အာခံနိုင်သော စွမ်းဆောင်ရည်သည် ထန်ယန်၏ ထင်ပေါ်ကျော်ကြားမှုကို အနည်းငယ် ခိုးယူသွားသည် ဆိုသော်လည်း ယေဘုယျ အခြေအနေကိုတော့ ပျက်စီးစေလိမ့်မည် မဟုတ်ပေ နောက်တစ်နေ့တွင် သင်္ချာစာမေးပွဲ ကျင်းပမည် ဖြစ်ပြီး အမှတ်ပြည့်မှာ ၁၀၀ ဖြစ်သည်။
ဤသည်မှာ မိန်းမစိုးဂိုဏ်းအကယ်ဒမီအတွက် အတော်လေး ထူးခြားသော စာမေးပွဲဘာသာရပ် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မိန်းမစိုးဂိုဏ်း၏ အာဏာ အစိတ်အပိုင်း အများစုသည် ဧကရာဇ်မင်းမြတ်အတွက် အခွန်ကောက်ခံခြင်း သို့မဟုတ် ပင်လယ်ရပ်ခြား ကုန်သွယ်ရေးတို့နှင့် သက်ဆိုင်နေသောကြောင့် ဖြစ်သည်။
ဆားသယ်ယူပို့ဆောင်ရေးလုပ်ငန်း ၊ အကောက်ခွန် ၊ ရေကြောင်းကုန်သွယ်ရေးဗျူရို ၊ အထည်အလိပ်ထုတ်လုပ်ရေးဗျူရို စသည့် အဖွဲ့အစည်း အားလုံးသည် သင်္ချာကို များစွာ လိုအပ်ပြီး ၊ ရွှေငွေများနှင့် ကိုင်တွယ်ရကာ စာရင်းအင်း ပညာများကို လေ့လာထားရန် လိုအပ်သည်။
ထို့ကြောင့် အရပ်ဘက်အရာရှိများနှင့် စစ်ဘက်အရာရှိအုပ်စုအတွက် သိပ်အရေးမကြီးသော သင်္ချာဘာသာရပ်သည် မိန်းမစိုးဂိုဏ်း ဘွဲ့ယူစာမေးပွဲတွင် သီးသန့် ဘာသာရပ်တစ်ခု ဖြစ်လာခဲ့ပြီး အမှတ် ၁၀၀ ပေးထားခြင်း ဖြစ်သည်။
သို့သော် သင်္ချာစာမေးပွဲသည် မနက် ၉ နာရီ ဝန်းကျင်မှသာ စတင်မည် ဖြစ်ပြီး ညနေ ၄ နာရီတွင် ပြီးဆုံးမည် ဖြစ်သည်။ မနက် ၉ နာရီ မတိုင်မီတွင် လူတိုင်း၌ ပို၍ အရေးကြီးသော လုပ်စရာကိစ္စ တစ်ခု ရှိနေသည်။ ထိုအရာမှာ တိုင်းပြည်ဆိုင်ရာ စာပေလေ့လာရေးဘာသာရပ် စာမေးပွဲရလဒ် ကြေညာမှုကို စောင့်ဆိုင်းခြင်း ဖြစ်သည်။
မနေ့က ဖြေဆိုခဲ့သော တိုင်းပြည်ဆိုင်ရာ စာပေလေ့လာရေးဘာသာရပ် စာမေးပွဲမှ ဖြေဆိုသူ အားလုံး၏ အဆင့်နှင့် ရမှတ်များကို ထုတ်ပြန်ကြေညာတော့မည် ဖြစ်သည်။
ရမှတ်များကို ထုတ်ပြန်ကြေညာရုံသာမက ထိပ်ဆုံး ၁၀ ဦး၏ အဖြေလွှာများကိုပါ ကပ်ထားပြသမည် ဖြစ်သည်။
နေမထွက်မီ အရုဏ်တက်ချိန်တွင် လူတစ်စုသည် စောစီးစွာ ထလာကြပြီး စာရင်းကို စောင့်မျှော်ကြည့်ရှုနေကြပြီ ဖြစ်သည်။ ဤကဲ့သို့ အရေးတကြီး စိတ်လှုပ်ရှားနေမှုသည် လုံးဝ နားလည်ပေးနိုင်သော ကိစ္စဖြစ်သည်။ ခေတ်သစ်ကမ္ဘာမြေမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ရည်ညွှန်းကြည့်နိုင်သော်လည်း ၊ မိန်းမစိုးဂိုဏ်းအကယ်ဒမီ ဘွဲ့ယူစာမေးပွဲသည် တက္ကသိုလ်ဝင်တန်း စာမေးပွဲထက် များစွာ ပိုမို အရေးကြီးသည်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲသည် ကိုယ် ဘယ်တက္ကသိုလ် တက်ရမလဲ ဆိုတာကိုသာ ဆုံးဖြတ်ပေးသည်။ သို့သော် မိန်းမစိုးဂိုဏ်း ဘွဲ့ယူစာမေးပွဲသည် လူတစ်ယောက်၏ ဘဝတစ်ခုလုံးကို ဆုံးဖြတ်ပေးခြင်း ဖြစ်သည်။ ဤအရာသည် လုံးဝ တရားမျှတသလို ၊ ပက်ပက်စက်စက်လည်း ရက်စက်ကြမ်းကြုတ်သည်။
အကယ်၍ ရမှတ်ကောင်းလျှင် အကောင်းဆုံး ဌာနများသို့ တိုက်ရိုက် ရောက်ရှိသွားမည် ဖြစ်ပြီး ခေတ်သစ်ကမ္ဘာမြေမှ အာဏာရှိသော ဌာနမှူးအဆင့် အရာရှိတစ်ဦးအဖြစ် စတင်တာဝန်ထမ်းဆောင်ရသည်နှင့် တူသည်။ အကယ်၍ ရမှတ်မကောင်းလျှင် အစေခံသာ ဖြစ်ရပေလိမ့်မည်။
လူနှစ်ဦးသာ စာရင်းလာမကြည့်ကြပေ။ တစ်ဦးမှာ ထန်ယန် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လာကြည့်စရာ မလိုဟု သူ ခံစားရသောကြောင့် ဖြစ်သည်။ သူသည် အမြင့်ဆုံး ဖြစ်လာရန် ကံပါလာသူ ဖြစ်ကြောင်း သူ သိသလို ၊ သူ့ရမှတ်ကိုလည်း သူ ခန့်မှန်းနိုင်ပြီး ဖြစ်သည်။
သူ့စိတ်ထဲတွင် ၁၃၈ မှတ်လောက် ရမည်ဟု ထင်ထားသော်လည်း တကယ်တမ်းတွင် ၁၄၀ မှတ် ရရှိခဲ့ရာ သူ၏ ခန့်မှန်းချက်သည် အလွန် ရှေးရိုးစွဲဆန်သွားကြောင်း ပြသနေသည်။
စာရင်းလာမကြည့်သော နောက်တစ်ယောက်မှာ တုပိုင် ဖြစ်သည်။ သူသည် ဆယ်ရက်ကျော် နေ့ရောညပါ အိပ်စက်ခဲ့ရခြင်း မရှိပေ။ မနေ့မနက်ပိုင်းက တိုင်းပြည်ဆိုင်ရာ စာပေလေ့လာရေးဘာသာရပ် အဖြေလွှာကို အပ်နှံပြီးနောက် အစာပင် မစားတော့ဘဲ ကုတင်ပေါ် တန်းတက်ကာ အိပ်ပျော်သွားခဲ့ပြီး ယခုထိ ထမလာသေးပေ။
ရမှတ်များကို အသိချင်ဆုံး သူမှာ သံသယဖြစ်စရာ မလိုဘဲ ယန်ရှီ ဖြစ်သည်။ သူသည် တိုင်းပြည်ဆိုင်ရာ စာပေလေ့လာရေးဘာသာရပ် စာမေးပွဲတွင် သူ၏ ဖြေဆိုနိုင်မှုကို တစ်ခါမှ မကြုံဖူးလောက်အောင် ကျေနပ်နေမိသည်။
ပထမနေရာကိုတော့ သူ အိမ်မက်ပင် မမက်ရဲပေ။ ထိုနေရာသည် သေချာပေါက် ထန်ယန်အတွက် ဖြစ်သည်။ သို့သော် ဒုတိယနေရာကိုတော့ သူ ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်။ မနက် ၆ နာရီခွဲ ၊ နေထွက်လာချိန်တွင် မိန်းမစိုးဂိုဏ်း စစ်သည်တော် အချို့သည် စာရင်းကို စတင် ကပ်ကြတော့သည်။
ကနဦးတွင် ထိပ်ဆုံး ၁၀ ဦး စာရင်းကို ကပ်ထားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် လူတစ်ဦးစီအတွက် ရမှတ်အပြင် သူတို့၏ အဖြေလွှာ အကြောင်းအရာကိုပါ ပူးတွဲဖော်ပြရမည် ဖြစ်သောကြောင့် ဖြစ်သည်။
ဒသမနေရာ ၊ နဝမနေရာ ၊ အဋ္ဌမနေရာ ထိပ်ဆုံး ၁၀ ဦး၏ အဖြေလွှာများနှင့် ရမှတ်များကို ဆက်တိုက် ကပ်ထားလိုက်ရာ အဆင့်တစ်ခု ထွက်လာတိုင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပြီး ယုံကြည်နိုင်စရာ မကောင်းလောက်အောင် စိတ်လှုပ်ရှားစွာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။
“ငါ ငါ ငါ ငါ ထိပ်ဆုံး ၁၀ ယောက်ထဲ ပါသွားပြီကွ”
ထိုလူများက တိုက်ရိုက် အော်ဟစ်လိုက်ကြသော်လည်း အခြားလူများကတော့ သူတို့ကို မလေးစားသည့်အကြည့်ဖြင့် ကြည့်ကာ ပေါ့ပျက်ပျက် နိုင်လွန်းသည်ဟု တွေးလိုက်ကြသည်။
“ငါ အောင်ပြီ ငါ အောင်ပြီ”
အပိုင်း ၂၄၈ ပြီး။