အခန်း (၂၄၉)
Vol. 25 Ch. 249
အနီးနားရှိ လူများက ညည်းညူလိုက်ကြသည်။ “ဒါက ဧကရာဇ်မင်းမြတ် စာမေးပွဲလည်း မဟုတ်ဘဲနဲ့ ၊ မင်းတို့က ဘာတွေ ဒီလောက်တောင် အောင်ပွဲခံနေကြတာလဲ”
“ဟူးးး ငါ ထိပ်ဆုံး ၁၀ ယောက်စာရင်းထဲ ပါပေမဲ့ ၊ ငါ့အဆင့်က ငါမျှော်မှန်းထားတာထက် နည်းနည်း နိမ့်နေတယ်”
ဤသည်မှာ ကြွားဝါနေခြင်း သက်သက်သာ ဖြစ်ပြီး ၊ တကယ်တမ်းတွင်မူ သူတို့၏ စိတ်ထဲ၌ အလွန်အမင်း ကျေနပ်နေကြသည်။ ယန်ရှီသည် အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် သူ၏ အဆင့်ကို စောင့်ဆိုင်းနေသည်။ နောက်ဆုံးတွင် သူ့အဆင့် ထွက်ပေါ်လာခဲ့သည်။ တိုင်းပြည်ဆိုင်ရာ စာပေလေ့လာရေးဘာသာရပ် စာမေးပွဲ တတိယဆု ၊ ၁၁၀ မှတ်။ ယန်ရှီ ကြောင်အမ်းသွားသည်။ ဤရမှတ်သည် အတော်လေး မြင့်မားပြီး သူ မျှော်လင့်ထားသည်နှင့် ထပ်တူနီးပါး ဖြစ်သည်။ သို့သော် ဤရမှတ်ဖြင့် တတိယနေရာသာ ရရှိသည်ဆိုလျှင် ဒုတိယက ဘယ်သူ ဖြစ်မည်နည်း။
ထို့နောက် ဒုတိယနေရာ ထွက်ပေါ်လာသည်။ ထန်ယန် ၊ ၁၄၀ မှတ်။ ဤရမှတ် ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လူတိုင်း အသက်ရှူမှားသွားကြပြီး အာမေဋိတ်သံများ ထွက်ပေါ်လာသည်။ ထန်ယန်သည် တကယ်ကို အံ့သြဖွယ်ကောင်းလှသည်။ သူသည် တိုင်းပြည်ဆိုင်ရာ စာပေလေ့လာရေးဘာသာရပ်တွင် ၁၄၀ မှတ် ရရှိခဲ့သည်။ ဤရမှတ်သည် ကွမ်ရှီး မိန်းမစိုးဂိုဏ်းအကယ်ဒမီ၏ တိုင်းပြည်ဆိုင်ရာ စာပေလေ့လာရေးဘာသာရပ် စာမေးပွဲစံချိန်ကို ချိုးဖျက်ရုံသာမက ၊ စံချိန်တင်ထားသော ရမှတ်ဟောင်းထက် ၁၁ မှတ်တိတိ ပိုမို များပြားနေသည်။
သူသည် ကွမ်ရှီးပြည်နယ်၏ ကျူရန်ဘွဲ့ရ ပညာရှင်တစ်ဦးဟူသော ဂုဏ်ပုဒ်နှင့် တကယ်ကို ထိုက်တန်ပြီး ၊ စစ်မှန်သော ကောင်းကင်ဘုံ၏ သားတော်တစ်ဦး ဖြစ်ပေသည်။ အလွန် အံ့သြဖွယ်ကောင်းလွန်းသဖြင့် ရင်သပ်ရှုမောဖွယ် ဖြစ်နေသည်။ သူသည် ကိုယ်တိုင်လာပြီး စာရင်းကို ကြည့်ရှုရန်ပင် ဝန်လေးနေပြီး ၊ မိမိ၏ ရလဒ်အပေါ် လုံးဝ ယုံကြည်မှု ရှိနေကြောင်း ထင်ရှားသည်။
သို့သော် အချို့လူများသည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိထားမိလိုက်ကြသည်။
၁၄၀ မှတ်။ အံ့အားသင့်ဖွယ် ကောင်းလောက်အောင် မြင့်မားသော ရမှတ်။ စံချိန်တင် မြင့်မားသော ရမှတ်။ သို့သော် ဒုတိယနေရာသာ ရှိသေးသည်လော။ ထိုသို့ဆိုလျှင် ပထမနေရာ၌ မည်သူရှိသနည်း။
တိုင်းပြည်ဆိုင်ရာ စာပေလေ့လာရေးဘာသာရပ် စာမေးပွဲ ပထမဆု ၊ တုပိုင် ၊ ၁၅၀ မှတ်။ ချက်ချင်းပင် နေရာတစ်ခုလုံး သေလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားသည်။
လူတိုင်းသည် သူတို့ အမြင်မမှားကြောင်း သေချာစေရန် မျက်လုံးများကို ကြမ်းကြမ်းတမ်းတမ်း ပွတ်သပ်ပြီး ကြည့်ရှုလိုက်ကြသည်။ သူတို့ အမြင်မမှားပေ။ တကယ်ပဲ တုပိုင် ဖြစ်ပြီး ၊ တကယ်ပဲ ၁၅၀ မှတ် ဖြစ်သည်။ ထို့နောက် ရှိနေကြသူ အားလုံး လုံးဝ ပေါက်ကွဲသွားကြတော့သည်။ မသမာမှု ၊ အမှားအယွင်း ၊ ဟာသတစ်ခုခု ဖြစ်ရမည်။
တိုင်းပြည်ဆိုင်ရာ စာပေလေ့လာရေးဘာသာရပ် စာမေးပွဲမှာ အမှတ်ပြည့် ဟုတ်လား။ အဓိက အချက်မှာ မနေ့က တုပိုင်၏ အခြေအနေသည် အလွန်အမင်း ဖရိုဖရဲ ဖြစ်နေပြီး စုတ်ပြတ်သတ်နေခြင်းပင် ဖြစ်သည်။ စာရေးနိုင်လျှင်ပင် ကံကောင်းသည်ဟု ဆိုရမည် ဖြစ်ပြီး စာစီစာကုံး ရေးရန် အင်အား လုံးဝ ရှိခဲ့မည် မဟုတ်ပေ။ ထို့အပြင် သူသည် တစ်နာရီမပြည့်ခင် အဖြေလွှာအပ်ခဲ့သေးသည်။
တစ်ခုခုတော့ မှားနေပြီဖြစ်လေ၏။ သို့သော် တုပိုင်၏ အဖြေလွှာကိုလည်း အထက်တွင် ရှင်းလင်းစွာ ကပ်ထားသည်။ ပထမ စာစီစာကုံးသည် မူဝါဒရေးရာ ၊ ဒုတိယသည် ခေတ်ပြိုင်စာစီစာကုံး နှင့် တတိယသည် ကဗျာနှင့် စကားပြေ ဖြစ်သည်။ ဖတ်ရှုပြီးနောက် လူနည်းစုသာလျှင် ကျောချမ်းသွားသလို ခံစားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် တုပိုင်၏ စာစီစာကုံးများနှင့် ကဗျာများသည် ရိုးရှင်းစွာပင် အလွန် ၊ အလွန် ကောင်းမွန်လွန်းနေသောကြောင့် ဖြစ်သည်။
ထန်ယန်၏ စာစီစာကုံးများနှင့် ကဗျာများသည် မူလက အလွန် ထူးချွန်ပြောင်မြောက်သော်လည်း ၊ တုပိုင်၏ လက်ရာများနှင့် နှိုင်းယှဉ်လိုက်သောအခါ တကယ်ကို အရောင်မှိန်သွားခဲ့ရသည်။ မူဝါဒရေးရာပဲ ဖြစ်ဖြစ် ၊ ခေတ်ပြိုင်စာစီစာကုံးပဲ ဖြစ်ဖြစ် ၊ ကဗျာနှင့် စကားပြေပဲ ဖြစ်ဖြစ် ၊ ဤမိန်းမစိုးဂိုဏ်းအကယ်ဒမီ ကျောင်းသားများသည် တကယ်တမ်းတွင် အပြည့်အဝ နားမလည်နိုင်ကြပေ။ အဘယ်ကြောင့်ဆိုသော် ထိုလက်ရာမွန်များသည် အလွန် နက်နဲလွန်းသောကြောင့် ဖြစ်သည်။
သို့သော် နှစ်တစ်ရာတွင် တစ်ခါသာ ပေါ်ထွက်တတ်သော ဂန္ထဝင် လက်ရာမြောက် စာစီစာကုံးတစ်ပုဒ်ကို ဖတ်ရှုလိုက်ရသကဲ့သို့ ၊ ကြီးမားသော အရှိန်အဝါနှင့် ဂန္ထဝင်ဆန်သော ခမ်းနားထည်ဝါမှုကို ချက်ချင်း ခံစားလိုက်ရသည်။
တုန်လှုပ်ခြင်း ၊ ကြောင်အမ်းခြင်း နှင့် မြင့်မားသော တောင်ကြီးတစ်လုံးကို မော့ကြည့်နေရခြင်း စသည်တို့သည် ယခုအချိန်တွင် မိန်းမစိုးဂိုဏ်းအကယ်ဒမီ ဖြေဆိုသူအားလုံး၏ ခံစားချက်ကို ဖော်ပြရန် လုံလောက်မှု မရှိပေ။
အလွန် စိမ်းသက်သော ၊ အလွန် ကမောက်ကမနိုင်သော ၊ အလွန် လက်တွေ့မဆန်သော ၊ တကယ်ကို ဘဝကြီးကိုပင် သံသယဝင်သွားစေသော ခံစားချက်မျိုး ဖြစ်သည်။
ချက်ချင်းဆိုသလိုပင် လူတိုင်း၏ အကြည့်များသည် ယန်ရှီထံသို့ ရောက်ရှိသွားကြသည်။ ဤအချိန်တွင် အလွန်အမင်း တုန်လှုပ်နေသူမှာ ယန်ရှီ ဖြစ်သည်။
အစက သူသည် ၁၁၀ မှတ် ရသဖြင့် ကျေနပ်အားရနေခဲ့သော်လည်း ၊ ယခုအချိန်တွင်မူ သူ့နှလုံးသားသည် အေးခဲသွားခဲ့ပြီ ဖြစ်သည်။ သူသည် တုပိုင်ကို ပြိုင်ဘက်အဖြစ် တကယ် ထည့်မတွက်ခဲ့ပေ။ တုပိုင်နှင့် လောင်းကြေးထပ်ရာတွင် ရှုံးနိမ့်နိုင်ချေ ရှိသည်ဟု သူ လုံးဝ တွေးမထားခဲ့ပေ။ သို့သော် ယခုအချိန်တွင် သူသည် လုံးဝ ကျဆုံးသွားပြီ ဖြစ်သည်။ လုံးဝကို စိတ်ဓာတ်ကျသွားပြီ ဖြစ်သည်။
ထို့ကြောင့် တုပိုင်၏ ရမှတ်ကို မြင်လိုက်ရပြီးနောက် သူ့တစ်ကိုယ်လုံး အေးခဲသွားသကဲ့သို့ ဖြစ်နေပြီး ၊ မလှုပ်ရှားနိုင်လုနီးပါး ဖြစ်နေသည်။ ယန်ရှီ၏ တုံ့ပြန်မှုက ဤမျှ ပြင်းထန်နေလျှင် ၊ ထန်ယန်သာ တုပိုင်၏ တိုင်းပြည်ဆိုင်ရာ စာပေလေ့လာရေးဘာသာရပ် ရမှတ်ကို မြင်လိုက်ရပါက မည်မျှ မာန်မာနထောင်လွှားသော သူ ဖြစ်ပါစေ မည်ကဲ့သို့ တုန်လှုပ်သွားမည်ကို မည်သူ သိနိုင်မည်နည်း။
ထိုအချိန်တွင် တုပိုင်သည် ခြေဆေးရေတစ်ဇလုံကို ကိုင်လျက် လျှောက်လာသည်။ ပထမဆုံး ပြောရမည်ဆိုလျှင် တုပိုင်သည် လီထောင်ပေါင်းများစွာ ခရီးကို ၁၀ ရက်ကျော် နှင်လာခဲ့ရသဖြင့် ခြေဆေးရန် အချိန်မရှိခဲ့ပေ။
မနေ့ညက သူ ဖိနပ်နှင့် ခြေအိတ်များကို ချွတ်လိုက်သောအခါ သူ့ပတ်ဝန်းကျင်ရှိ ခြင်များနှင့် ယင်ကောင်များသည် ရေထဲသို့ ပြုတ်ကျသေဆုံးကုန်ကြသည်။ အနံ့သည် တကယ်ကို ကြောက်စရာ ကောင်းလွန်းလှသည်။
သူ ခြေဆေးပြီးသွားချိန်တွင် ဇလုံထဲရှိ ရေ၏ ကြည်လင်မှုသည် တစ်လက်မအောက်သာ ရှိတော့သည်။ ထို့နောက် တုပိုင်သည် ထိုရေကို အခန်းကျဉ်းလေးထဲတွင် တစ်ညသိပ် အချဉ်ဖောက်ထားလိုက်သည်။
ထို့ကြောင့် ယခု သူကိုင်ဆောင်ထားသော ခြေဆေးရေသည် မည်သို့ အနံ့ရှိမည်နည်း။ လူတိုင်း ခန့်မှန်းကြည့်နိုင်ပါသည်။ အတိုချုပ် ပြောရလျှင် သူ နှာခေါင်းစည်းပင် တပ်ထားလိုက်သေးသည်။
သူ လျှောက်လာသောအခါ မီတာ တစ်ဆယ်ကျော် အကွာအဝေးတွင် ရှိနေသေးသော်လည်း မိန်းမစိုးဂိုဏ်းအကယ်ဒမီ ဖြေဆိုသူ အားလုံး ထွက်ပြေးကုန်ကြသည်။
အနံ့က သိပ်ကိုဆိုးဝါးလှကာ ချီးနှင့် သိပ်မကွာလှပေ။ ထိုအချိန်တွင် ယန်ရှီသည် တုန်လှုပ်နေဆဲ ဖြစ်ပြီး ချက်ချင်း မတုံ့ပြန်နိုင်ဖြစ်နေသည်။ တုပိုင်သည် ယန်ရှီထံသို့ လျင်မြန်စွာ လျှောက်သွားပြီး ပြောလိုက်သည်။ “လောင်းကြေးဆိုတာ လောင်းကြေးပဲ ၊ ငါ့ရဲ့ ခြေဆေးရေကို သောက်လိုက်စမ်း”
“ဝုန်းးးးး”
လူတိုင်း၏ လုံးဝ မယုံကြည်နိုင်သော မျက်လုံးများရှေ့တွင်ပင် တုပိုင်သည် ခြေဆေးရေ တစ်ဇလုံလုံးကို ယန်ရှီ၏ ခေါင်းနှင့် မျက်နှာပေါ်သို့ လောင်းချလိုက်လေသည်။
တစ်ချိန်တည်းမှာပင် ထန်ယန်သည် ပျင်းရိသော လမ်းလျှောက်ဟန်ဖြင့် ရောက်ရှိလာပြီး ၊ တိုင်းပြည်ဆိုင်ရာ စာပေလေ့လာရေးဘာသာရပ် စာရင်းကို ကြည့်ရှုရန် ခေါင်းမော့လိုက်သည်။ ထို့နောက် ချက်ချင်းပင် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ဖြစ်သွားလေသည်။
ထန်ယန်သည် စာရင်းကို လာကြည့်ခြင်း မဟုတ်ဘဲ ၊ ဤအချိန်တွင် အိပ်ရာထတတ်သော အကျင့်ရှိရုံသာ ဖြစ်သည်။ မျက်နှာသစ်ပြီးနောက် သူသည် လူသူကင်းမဲ့သော နေရာတွင် ဓားသိုင်းလေ့ကျင့်လေ့ရှိပြီး ၊ ထို့နောက် မနက်စာ စားလေ့ရှိသည်။
သို့သော် သူ ရောက်နေပြီ ဖြစ်သဖြင့် စာရင်းကို တစ်ချက် ကြည့်လိုက်ခြင်း ဖြစ်သည်။ သူသည် အလွန် တစ်ကိုယ်ကောင်းဆန်သော လူတစ်ယောက် ဖြစ်သဖြင့် အခြေခံအားဖြင့် သူ့ရမှတ်ကိုသာ သူ ကြည့်သည်။
ထန်ယန် ၊ တိုင်းပြည်ဆိုင်ရာ စာပေလေ့လာရေးဘာသာရပ် ၊ ၁၄၀ မှတ်။ မြင်ပြီးနောက် သူ ထွက်သွားရန် ပြင်လိုက်သည်။ သို့သော် တစ်စုံတစ်ရာ မှားယွင်းနေသလို ရှိသည်။ စာရင်းပေါ်ရှိ သူ့နာမည်၏ အရှေ့တွင် နောက်ထပ် စာရွက်တစ်ရွက် ရှိနေသည်လော။
ပထမနေရာ နာမည်၏ အရှေ့တွင် အဘယ်ကြောင့် စာရွက်တစ်ရွက် ရှိနေရသနည်း။ တိုင်းပြည်ဆိုင်ရာ စာပေလေ့လာရေးဘာသာရပ် စာရင်းအကြောင်း မိတ်ဆက်စာဖြစ်သည်လော။ ထို့ကြောင့် သူ နောက်တစ်ကြိမ် ကြည့်လိုက်သည်။ ထို့နောက် ချက်ချင်းပင် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ လုံးဝ မလှုပ်ရှားနိုင်တော့ပေ။
သူ၏ စိတ်စွမ်းအင်သည် အလွန်မြင့်မားပြီး နိုးထပြီးသား ဖြစ်သဖြင့် အဝေးမှနေ၍ပင် ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။ တိုင်းပြည်ဆိုင်ရာ စာပေလေ့လာရေးဘာသာရပ် ပထမဆု ၊ တုပိုင် ၊ ၁၅၀ မှတ်။
အချိန်အတော်ကြာသည်အထိ သူ ဘာမှ ပြန်မတုံ့ပြန်နိုင် ဖြစ်သွားသည်။
“ဖြောင်း” လေထဲမှ ပါးရိုက်သံတစ်ခု ထွက်ပေါ်လာသကဲ့သို့ သူ့မျက်နှာကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။ ဤစာမေးပွဲအတွက် ထန်ယန်သည် တုပိုင်ကို လုံးဝ လျစ်လျူရှုထားခဲ့ပြီး ၊ တုပိုင်၏ ရမှတ်ကို ကြည့်ရှုရန် စိတ်ဝင်စားမှု အနည်းငယ်ပင် မရှိခဲ့ပေ။
သူ့တွင် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားမှု လုံးဝ မရှိခဲ့ပေ။ ထိုခဏတွင် ထန်ယန်၏ တုံ့ပြန်မှုသည် လုံးဝ ငြိမ်သက်သွားခြင်း ဖြစ်သည်။ ထို့နောက် အဓိပ္ပာယ်မရှိခြင်းနှင့် လက်တွေ့မဆန်ခြင်း ခံစားချက်များ သူ့စိတ်ထဲတွင် ဝင်ရောက်လာသည်။
‘ဒီကမ္ဘာကြီး ဘာတွေ ဖြစ်ကုန်တာလဲ။ ဒီလိုကိစ္စမျိုးက လုံးဝ ၊ လုံးဝ မဖြစ်နိုင်ဘူး။’
တုပိုင်က ကဗျာနှင့် စကားပြေတွင် အလွန် တော်ကြောင်း သူ သိသည်။ အခြားသူများက တုပိုင်သည် ဤတိုင်းပြည်ဆိုင်ရာ စာပေလေ့လာရေးဘာသာရပ်တွင် ဆိုးရွားစွာ ကျရှုံးလိမ့်မည်ဟု ထင်ထားကြသော်လည်း ၊ ထန်ယန်ကမူ တုပိုင် အနေဖြင့် သင့်တော်သော ရမှတ်တစ်ခု ရနိုင်ကြောင်း ခံစားမိသည်။ သို့သော် မနေ့က စာမေးပွဲအတွင်း တုပိုင်၏ ပုံစံသည် အလွန် ဖရိုဖရဲ ဖြစ်နေပြီး ၊ နေ့ရောညပါ အိပ်မပျော်ထားသကဲ့သို့ စိတ်ဓာတ်ကျဆင်းနေခဲ့သည်။
စာစီစာကုံး ရေးသားခြင်းသည် တိုက်ခိုက်ခြင်းနှင့် မတူကြောင်း ထန်ယန် သိသည်။ စိတ်ပင်ပန်းနေလျှင်တောင် တိုက်ခိုက်နိုင်သေးသည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် ခန္ဓာကိုယ်အတွင်းမှ တစ်စုံတစ်ခု ထွက်ပေါ်လာပြီး လူကို အားအင်ပြည့်စေသောကြောင့် ဖြစ်သည်။ မြန်မာလိုဆိုလျှင် သွေးပူနေတုန်းမနာသလို ပင်ပန်းခြင်းပိုလည်း မခံစားရဟု ပြောနိုင်သည်။
သို့သော် စိတ်အခြေအနေ မကောင်းမွန်ပါက စာစီစာကုံး လုံးဝ ရေး၍ မရနိုင်ပေ။ အထူးသဖြင့် မူဝါဒရေးရာ စာစီစာကုံးများနှင့် မျက်မှောက်ရေးရာ စာစီစာကုံးများ ဖြစ်သည်။ ကောင်းမွန်သော စာပေလက်ရာတစ်ခု ထွက်ပေါ်လာရန် အကောင်းဆုံး စိတ်အခြေအနေ ရှိနေရန် လိုအပ်သည်။ ကဗျာနှင့် စကားပြေအတွက်မူ ပြောစရာပင် မလိုတော့ပေ။ စိတ်ဓာတ်သာမက ခံစားချက်နှင့် ဉာဏ်ကွန့်မြူးမှုပါ လိုအပ်သည်။
ထို့အပြင် တုပိုင်သည် မနေ့က တစ်နာရီမပြည့်မီ အဖြေလွှာအပ်ခဲ့သဖြင့် သူ့ရမှတ်သည် ကြောက်စရာကောင်းလောက်အောင် ဆိုးရွားမည်ဟု သေချာနေပြီ ဖြစ်သည်။
သို့သော် ယခု ၁၅၀ မှတ်ဖြစ်နေ၏။ မဖြစ်နိုင်ချေ။ လုံးဝမဖြစ်နိုင်ချေ။ အကယ်၍ ဤသည်သာ အမှန်ဆိုလျှင် ၊ ထန်ယန် အနေဖြင့် ကမ္ဘာကြီးတစ်ခုလုံးကို သံသယဝင်ရတော့မည် ဖြစ်သည်။ ဤအရာသည် သူကဲ့သို့သော လူငယ် ဉာဏ်ကြီးရှင်တစ်ဦးအတွက် ဗြောင်ကျကျ ပါးရိုက်ခံလိုက်ရခြင်းပင် ဖြစ်သည်။
လုံးဝ တုန်လှုပ်သွားပြီးနောက် ထန်ယန်တွင် ချက်ချင်း တုံ့ပြန်မှု ရှိလာသည်။
‘စာခိုးချတာ ဖြစ်ရမယ်။ ဒီနေရာမှာ တစ်ခုခုတော့ မှားနေပြီ။’ အရှေ့ဘက်ကွပ်ကဲရေးရုံးမှ ထို ကုန်းကုန်းအိုကြီး ကြီးကြပ်ရေးမှူးချုပ်သည် တုပိုင်ကို အမြဲတမ်း မျက်နှာသာ ပေးလေ့ရှိသည်။ အသက်ပြင်းပြင်း ရှူလိုက်ပြီး သူသည် စာရင်းဆီသို့ လျင်မြန်စွာ သွားကာ တုပိုင်၏ တိုင်းပြည်ဆိုင်ရာ စာပေလေ့လာရေးဘာသာရပ် အဖြေလွှာကို ကြည့်လိုက်သည်။ သူ ပထမဆုံး အကြမ်းဖျင်း ကြည့်လိုက်ရာ တစ်ချက်တည်းနှင့် ၁၀ ကြောင်းခန့် ပြီးသွားသည်။
ချက်ချင်းပင် သူ ပို၍ အဓိပ္ပာယ်မရှိသလို ၊ ပို၍ လက်တွေ့မဆန်သလို ခံစားလိုက်ရသည်။
ဤသည်က ရိုးရှင်းစွာပင် မိန်းမစိုးဂိုဏ်းအကယ်ဒမီ ဘွဲ့ယူစာမေးပွဲအတွက် ရေးသားရမည့် စာစီစာကုံးမျိုး မဟုတ်ပေ။ ဤကဲ့သို့သော မူဝါဒရေးရာ စာစီစာကုံးများ ၊ ဤကဲ့သို့သော မျက်မှောက်ရေးရာ စာစီစာကုံးများ ၊ ဤကဲ့သို့သော ကဗျာနှင့် စကားပြေများသည် မြို့တော်စာမေးပွဲ သို့မဟုတ် နန်းတွင်းစာမေးပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက်ပင် လုံလောက်သည်ထက် ပိုနေသေးသည်။
ပိုမို သေချာစွာ ကြည့်ရှုလိုက်သောအခါ ထန်ယန် ပိုမို တုန်လှုပ်လာသည်။
ဤစာစီစာကုံး၏ စာပေစွမ်းရည်သည် ရိုးရှင်းစွာပင် အလွန် ၊ အလွန် ၊ အလွန် မြင့်မားလွန်းသည်။ စာမေးပွဲစစ်ဆေးသူ ကုန်းကုန်းအကြီးအကဲများက ထုံးစံနှင့်မညီဘဲ ၁၅၀ မှတ် ပေးလိုက်ခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။
အကယ်၍ ထန်ယန်သာ အမှတ်ပေးရမည်ဆိုလျှင် သူလည်း အမှတ်ပြည့်သာ ပေးမိပေလိမ့်မည်။ သို့သော် ဤအရာသည် ပို၍ပင် ပုံမှန် မဟုတ်တော့ပေ။ တုပိုင်သည် ဤကဲ့သို့သော စာစီစာကုံးမျိုးကို လုံးဝ ၊ လုံးဝ ရေးသားနိုင်မည် မဟုတ်သလို ၊ ထန်ယန် ကိုယ်တိုင်လည်း ရေးသားနိုင်မည် မဟုတ်ပေ။.သူ တုပိုင်ဘက်သို့ လှည့်ကြည့်လိုက်သည်။ ဤအချိန်တွင် တုပိုင်သည် မာန်မာနထောင်လွှားစွာဖြင့် ခြေဆေးရေများကို ယန်ရှီ၏ ခေါင်းနှင့် မျက်နှာပေါ်သို့ လောင်းချနေသည်။
ဤကဲ့သို့ ပေါက်ကရကောင် ၊ ဤကဲ့သို့ ပေါ့ပျက်ပျက်နိုင်ပြီး မျက်နှာမတည်သည့် အကောင်က ဤကဲ့သို့ အဆင့်အတန်းမြင့်လှသည့် စာစီစာကုံးမျိုးကို ရေးသားနိုင်သည်လော။ မဖြစ်နိုင်ချေ။ လုံးဝ ၊ လုံးဝ ၊ လုံးဝ မဖြစ်နိုင်ချ။
ချက်ချင်းပင် ထန်ယန်သည် ကွမ်ရှီး မိန်းမစိုးဂိုဏ်းအကယ်ဒမီ ကျောင်းအုပ်သစ်၏ စာကြည့်ခန်းထဲသို့ တန်းတန်းမတ်မတ် ဝင်သွားလိုက်သည်။
အသက်ပြင်းပြင်း ရှူလိုက်ပြီး ထန်ယန်က တဲ့တိုး ပြောလိုက်သည်။ “ကျောင်းအုပ်ကြီး ၊ တုပိုင် တိုင်းပြည်ဆိုင်ရာ စာပေလေ့လာရေးဘာသာရပ် စာမေးပွဲမှာ စာခိုးချထားတယ်လို့ ကျွန်တော် သံသယရှိတယ်။ သူ မေးခွန်းတွေကို ကြိုတင်သိရှိထားပြီး ဆရာသခင်ကြီး နင်ဇောင်ဝူကို သူ့အစား စာစီစာကုံးတွေနဲ့ ကဗျာတွေ ရေးခိုင်းထားတယ်လို့ ကျွန်တော် သံသယရှိတယ်။ ခင်ဗျား မသိလောက်ဘူး ၊ ဒီ နင်ဇောင်ဝူက ကျွန်တော်တို့ တာ့နင်အင်ပါယာရဲ့ ဘက်စုံပညာရှင်တစ်ယောက်ပဲ။ လူတိုင်းက သူ့ကို သိုင်းပညာ ဆရာသခင်ကြီး အနေနဲ့ပဲ သိကြပေမဲ့ ၊ တိုင်းပြည်ဆိုင်ရာ စာပေလေ့လာရေးဘာသာရပ်မှာလည်း သူက ဆရာသခင်ကြီး တစ်ပါးပဲ”
အပိုင်း ၂၄၉ ပြီး။