အခန်း (၂၅၀)
Vol. 25 Ch. 250
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၂၅၀
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
ယန်ရှီသည် အမှတ်မထင် ခံလိုက်ရပြီး သူ၏ ခေါင်းနှင့် မျက်နှာတစ်ခုလုံးတွင် ခြေဆေးရေများဖြင့် ရွှဲနစ်သွားခဲ့သည်။ ထိုအရာက တစ်ညသိပ် အချဉ်ဖောက်ထားသော ခြေဆေးရေ ဖြစ်နေသည်။ ချက်ချင်းပင် သူ ပေါက်ကွဲလုမတတ် ဖြစ်သွားပြီး ဓားကို ဆွဲထုတ်လိုက်၏။
“ဘာလဲ ၊ မင်းက ရှုံးမဲမဲတာလား”
တုပိုင်က အေးစက်စွာ ပြောလိုက်သည်။ ဤအချိန်တွင် လူတစ်စုသည် ရှေ့သို့ တိုးလာကြပြီး ယန်ရှီကို ထူးဆန်းသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။ လူတိုင်းသည် သူတို့၏ လောင်းကြေးကို မြင်တွေ့ခဲ့ရပြီး လောင်းကြေးထပ်ရန် ကမ်းလှမ်းခဲ့သူမှာလည်း ယန်ရှီသာ ဖြစ်သည်။ ထို့ကြောင့် ယန်ရှီတွင် လူများစွာ၏ ရှေ့မှောက်၌ လောင်းကြေးကို ငြင်းပယ်ရန် မျက်နှာမရှိပေ။
သို့သော် အလွန်အမင်း အနံ့ဆိုးဝါးသော ခြေဆေးရေများသည် သူ့ခေါင်းပေါ်မှ တစက်စက် စီးကျနေသဖြင့် ယန်ရှီကို တကယ် ပျို့အန်ချင်စိတ် ဖြစ်စေသည်။
“လောင်းကြေးဆိုတာ လောင်းကြေးပဲ။ နောက်တစ်ခါ ဒီလို လောင်းကြေးမျိုး ရှိရင် ငါ့ကို ခေါ်ဖို့ မမေ့နဲ့”
တုပိုင်က ပြုံးလျက် ပြောလိုက်ပြီး ထွက်ခွာရန် ပြင်လိုက်သည်။
“နေဦး” ယန်ရှီက လှမ်းတားလိုက်သည်။ “တုပိုင် ၊ မင်း သေချာပေါက် စာခိုးချထားတာ” ထို့နောက် ယန်ရှီက ကျယ်လောင်စွာ ကြေညာလိုက်သည်။
“မနေ့က တုပိုင် စာမေးပွဲခန်းမထဲ ဝင်လာတုန်းက နေ့ရောညပါ အိပ်မပျော်ထားသလို ၊ သတိလစ်တော့မလို ဖြစ်နေတာကို လူတိုင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ကြမှာပါ။ ပြီးတော့ သူက တစ်နာရီမပြည့်ခင် အဖြေလွှာအပ်ခဲ့တယ်။ ဒီလို အခြေအနေမျိုးအောက်မှာ သူက ဘယ်လိုလုပ် ထူးချွန်တဲ့ စာစီစာကုံးတစ်ပုဒ်ကို ရေးနိုင်မှာလဲ။ အဖြေလွှာပေါ်က အဲဒီလောက် ပြောင်မြောက်တဲ့ စာစီစာကုံးတွေအကြောင်း ထပ်ပြောစရာ လိုသေးလို့လား”
ထိုစကား ထွက်လာသည်နှင့် လူတိုင်း တွေးတောဆင်ခြင်လိုက်ကြသည်။ ဤအရာသည် တကယ်ပင် မဖြစ်နိုင်ချေ။ ရိုးရှင်းစွာပင် အလွန် ချဲ့ကားလွန်းပြီး လက်တွေ့မဆန်လွန်းပေ။ ယန်ရှီက ဆက်ပြောလိုက်သည်။
“တုပိုင် ၊ မင်း ဘာလို့ စာမေးပွဲ မစခင် နာရီဝက်အလိုမှ စာမေးပွဲခန်းမကို ရောက်လာတာလဲ။ မင်း ဘာလို့ နေ့ရောညပါ အိပ်မပျော်ထားရတာလဲ။ ပြီးတော့ မင်းရဲ့ မြင်းတွေက ဘာလို့ ပင်ပန်းနွမ်းနယ်နေရတာလဲ။ ဖြစ်နိုင်ချေ တစ်ခုပဲ ရှိတယ်။ မင်းက စာမေးပွဲမေးခွန်းကို ကြိုတင်ရရှိထားပြီး မင်းအစား ဖြေဆိုပေးမယ့်လူကို သွားရှာခဲ့တာပဲ။ ပြီးတော့ အဲဒီလူက ဆရာသခင်ကြီး နင်ဇောင်ဝူ ဖြစ်ဖို့များတယ်။ လီဝမ်ဟွေ့က မင်းကို သူ့ဆီမှာ တပည့်ခံခိုင်းခဲ့တယ်။ တခြားလူတွေက ဒီကိစ္စကို မသိကြပေမဲ့ ငါ သိတယ်”
“ဒါကြောင့် ဒီအဖြေလွှာပေါ်က စာစီစာကုံးတွေကို မင်းရေးခဲ့တာ လုံးဝ မဟုတ်ဘူး။ မင်းအစား တခြားတစ်ယောက်က ရေးပေးခဲ့တာ”
ယန်ရှီ၏ မျက်နှာသည် ပုံပျက်ရှုံ့မဲ့နေပြီး တုပိုင်ကို ပြောလိုက်သည်။
“မင်း စာခိုးချထားတာ။ ငါ မင်းကို တိုင်မယ်။ မင်းရဲ့ မွေးစားအဖေ လီဝမ်ဟွေ့က ကျဆုံးသွားပြီ။ မင်း ဒီလောက်ထိ မာန်မာန ထောင်လွှားလို့ မရတော့ဘူး”
တုပိုင်၏ မျက်နှာသည် ချက်ချင်း အေးစက်သွားသည်။ သူ့ရှေ့မှ ဤယန်ရှီသည် သေလူ ဖြစ်သွားပြီ။ မူလက သူသည် ယန်ရှီကို အစေခံ မိန်းမစိုးတစ်ဦးသာ ဖြစ်စေရန် ရည်ရွယ်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ မိန်းမစိုးဂိုဏ်းအကယ်ဒမီအတွင်း ပြိုင်ဆိုင်မှုတစ်ခုသာ ဖြစ်သောကြောင့် ဖြစ်သည်။
ယခုမူ ထိုကောင်ကို သတ်ရန်သူဆုံးဖြတ်လိုက်သည်။ သေချာပေါက် သတ်ရမည်။ ဆရာသခင်ကြီး နင်ဇောင်ဝူသည် ပြင်းထန်စွာ ဒဏ်ရာရထားသော်လည်း အင်ပါယာအတွက်နှင့် ဧကရာဇ်မင်းမြတ်အတွက် လီရူဟိုင်ကို တားဆီးရန်နှင့် သတ်ဖြတ်ရန် မိမိအသက်ကို စွန့်စားခဲ့ရပြီး ထိုဖြစ်စဉ်တွင် လက်တစ်ဖက်ပင် ဆုံးရှုံးခဲ့ရသည်။ တုပိုင်သည် ဤအကြောင်းကို မနေ့ကမှ သိရှိခဲ့ရခြင်း ဖြစ်သည်။ ယခု ယန်ရှီက သူ့အစား စာခိုးချပေးသည်ဟု နင်ဇောင်ဝူကို စွပ်စွဲပုတ်ခတ်နေသည်လော။
ဘွဲ့ယူစာမေးပွဲ ပြီးဆုံးပြီးနောက် တုပိုင်သည် သူ့ကို သတ်ဖြတ်ရန် အကြောင်းပြချက် ရှာရပေလိမ့်မည်။ သို့သော် သူ့ကို မသတ်ဖြတ်မီ တုပိုင် အနေဖြင့် မိမိ၏ ဂုဏ်သိက္ခာကို လုံးဝ ပြန်လည်ဆယ်ယူရန် လိုအပ်၏။ သို့မဟုတ်ပါက ကောလာဟလများမှတစ်ဆင့် သူသည် တစ်သက်လုံး စာခိုးချသူဟူသော နာမည်ဆိုးကို ထမ်းဆောင်သွားရပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် တုပိုင်၏ တိုင်းပြည်ဆိုင်ရာ စာပေလေ့လာရေးဘာသာရပ် ရမှတ်သည် ရိုးရှင်းစွာပင် ယုံကြည်နိုင်စရာ မကောင်းလောက်အောင် ဖြစ်နေသောကြောင့် ဖြစ်သည်။ ဤမိန်းမစိုးဂိုဏ်းအကယ်ဒမီ ကျောင်းသားများသည် ကိုယ်ပိုင် တွေးခေါ်နိုင်စွမ်း မရှိကြပေ။ တုပိုင် စာခိုးချသည်ဟု ယန်ရှီ ပြောလိုက်သည်နှင့် လူတိုင်းက ထိုဘက်သို့ တွေးလိုက်ကြ၏။
တုပိုင် ယန်ရှီကို ပြောလိုက်သည်။
“မင်းက ငါ့ကို စာခိုးချတယ်လို့ ပြောတာလား”
“ဟုတ်တယ်၊ မင်း စာခိုးချထားတာ”
တုပိုင်သည် သက်သေအထောက်အထား ဘာညာ ပြောမနေတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့အားလုံးသည် လွတ်လပ်စွာ စွပ်စွဲခွင့်ကို နားလည်ကြပြီး သူတစ်ပါးကို စွပ်စွဲပုတ်ခတ်ရန် သက်သေအထောက်အထား မလိုအပ်သောကြောင့် ဖြစ်သည်။
တုပိုင်က ပြောလိုက်သည်။
“ငါက စာမေးပွဲမေးခွန်းတွေကို ကြိုသိနေပြီး ဆရာသခင်ကြီး နင်ဇောင်ဝူကို ငါ့အစား ကြိုဖြေခိုင်းထားတယ်လို့ မင်း ထင်နေတာပေါ့ ဟုတ်လား”
“ဟုတ်တယ်။ အဲဒါ အတိအကျပဲ။ အဲဒီလိုမှ မဟုတ်ရင် မင်းရဲ့ အရည်အချင်းနဲ့ဆို ဒီလို စာစီစာကုံးတွေနဲ့ ကဗျာတွေ ထွက်လာဖို့ မဖြစ်နိုင်ဘူး။ တစ်နာရီအတွင်း ပြီးဖို့ဆိုတာ ပိုတောင် မဖြစ်နိုင်သေးတယ်”
“ဒါဆိုရင် တခြား သီအိုရီဘာသာရပ်တွေရဲ့ စာမေးပွဲမေးခွန်းတွေကိုလည်း ငါ ကြိုသိထားတယ်လို့ မင်း ထင်နေမှာပေါ့။ ဒီနေ့ဖြေမယ့် သင်္ချာစာမေးပွဲ အပါအဝင်ပေါ့”
“ဖြစ်နိုင်တာပဲ”
“အခုချက်ချင်း ကျောင်းအုပ်ကြီးကို သွားရှာလိုက်။ မင်းရဲ့ မွေးစားအဖေ လန်ထင်ကို ရှာပြီး သူတို့ကတစ်ဆင့် စာမေးပွဲစစ်ဆေးသူ ကုန်းကုန်းအကြီးအကဲ ငါးယောက်ကို ရှာခိုင်းလိုက်။ သင်္ချာစာမေးပွဲ မေးခွန်းလွှာကို ယာယီ ပြောင်းလဲခိုင်းလိုက်။ ဘွဲ့ယူစာမေးပွဲမှာ အရန်မေးခွန်းလွှာတွေ ရှိကိုရှိရမယ် မဟုတ်လား”
ယန်ရှီက မထီမဲ့မြင် ပြုံးလိုက်သည်။
“မင်းက လူတစ်ယောက်ယောက်ကို ခိုင်းပြီး မေးခွန်းလွှာ ခိုးခိုင်းမှတော့ အရန်မေးခွန်းလွှာကိုပါ ခိုးထားမှာ သေချာတာပေါ့”
‘သောက်ကျိုးနည်း ၊ ဒီကောင့် စိတ်ကူးယဉ်နိုင်စွမ်းက တော်တော်ဆန်းကြယ်သားပဲ’ ဟု တုပိုင် တွေးလိုက်သည်။
တုပိုင်က ပြောလိုက်သည်။
“ဒါဆိုရင် အခမ်းအနားများဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာနက ကုန်းကုန်းအကြီးအကဲ သုံးယောက်ကို သင်္ချာစာမေးပွဲ မေးခွန်းတွေကို ယာယီ ထုတ်ခိုင်းလိုက်။ သူတို့ရဲ့ ဦးနှောက်ထဲက မေးခွန်းလွှာကိုတော့ ငါ ကြိုတင် မခိုးနိုင်လောက်ဘူး မဟုတ်လား”
ယန်ရှီ ခေါင်းညိတ်လိုက်သည်။ ဤအရာသည် တကယ် ဖြစ်နိုင်ကြောင်း ပြသနေခြင်း ဖြစ်သည်။ သို့သော် ဘွဲ့ယူစာမေးပွဲကဲ့သို့သော လေးနက်သော ကိစ္စရပ်အတွက် သူက မည်သို့လုပ်ပြီး စာမေးပွဲမေးခွန်းလွှာကို စိတ်ကြိုက် လဲလှယ်နိုင်မည်နည်း။
သူ တစ်ယောက်တည်း မလုပ်နိုင်သော်လည်း ထန်ယန်ကို ဆွဲခေါ်ကာ ကျောင်းအုပ်သစ်ကို ဖိအားပေးနိုင်သည်။ ထို့အပြင် ဧကရာဇ်မင်းမြတ် စာမေးပွဲများတွင်ပင် စာမေးပွဲ မစမီ မေးခွန်းများ ပြောင်းလဲနိုင်သည် ဖြစ်ရာ ၊ မိန်းမစိုးဂိုဏ်းအကယ်ဒမီ၏ ဘွဲ့ယူစာမေးပွဲလောက်ကတော့ ပြောစရာ မလိုပေ။
ချက်ချင်းပင် ယန်ရှီသည် သူ၏ မွေးစားအဖေ ၊ ဒုတိယကျောင်းအုပ်ကြီး လန်ထင်ကို သွားရှာရန် ပြင်လိုက်သည်။
“နေဦး”
“ဘာလဲ။ မင်း ကြောက်နေတာလား။ အပြစ်ရှိသလို ခံစားနေရပြီလား”
“အကယ်၍ သင်္ချာစာမေးပွဲ မေးခွန်းလွှာကို ပြောင်းလဲလိုက်ပြီး ၊ အဲဒါက ချက်ချင်း စီစဉ်လိုက်တဲ့ မေးခွန်းတစ်ခု ဖြစ်နေရင်တောင် ၊ ငါ့ရမှတ်က မင်းထက်သာနေရင် ဘယ်လိုလုပ်မလဲ”
“အိမ်မက်မက်နေလိုက်” ယန်ရှီက မထီမဲ့မြင် ပြုံးလိုက်သည်။ “မင်းရဲ့ သင်္ချာအဆင့်အတန်းကို လူတိုင်း သိကြတယ်။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း သင်္ချာစာမေးပွဲတိုင်းမှာ မင်း သုညပဲ ရခဲ့တာ။ လူတိုင်း ရှင်းရှင်းလင်းလင်း မှတ်မိနေကြတယ်။ မင်းကိုယ်မင်း မေ့သွားတာလား”
“အကယ်၍ စာမေးပွဲမေးခွန်းတွေကို ချက်ချင်း ပြောင်းလဲလိုက်ပြီး ငါ့ရဲ့ သင်္ချာရမှတ်က မင်းထက် သာလွန်နေသေးရင် ၊ အဲဒါက မင်း ငါ့ကို စွပ်စွဲပုတ်ခတ်တယ်ဆိုတာ သက်သေပြလိုက်တာပဲ မဟုတ်လား”
“ဟမ့်”
ယန်ရှီ တိုက်ရိုက် ပြန်မဖြေလိုက်သော်လည်း ဝန်ခံလိုက်သည်ဟု ယူဆနိုင်သည်။
“အဲဒီအချိန်ကျရင် မင်း ငါ့ကို ဦးညွှတ်ပြီး လူတိုင်းရှေ့မှာ အမှားဝန်ခံရမယ်။ ပြီးရင် မင်း ငါ့ကို မင်းရဲ့ ပါးဆယ်ချက် ရိုက်ခွင့်ပြုရမယ် ၊ ဘယ်လိုလဲ”
“မင်း သေလမ်းရှာနေတာပဲ” ယန်ရှီက တင်းမာစွာ ပြောလိုက်သည်။ “မင်းရဲ့ မွေးစားအဖေ လီဝမ်ဟွေ့က ပြီးသွားပြီ ၊ မင်းက မာန်မာန ထောင်လွှားရဲသေးတယ်ပေါ့။ မင်း သေလမ်းရှာနေတာပဲ”
“အခု ငါတို့က တစ်ဦးချင်း စွမ်းရည်နဲ့ ပြိုင်ဆိုင်နေတာ ၊ မွေးစားအဖေတွေနဲ့ ဘာမှမဆိုင်ဘူး။ မင်း ကြောက်နေတာလား”
“ငါက ဘာကို ကြောက်ရမှာလဲ။ အကယ်၍ သင်္ချာစာမေးပွဲ မေးခွန်းတွေ ပြောင်းလဲလိုက်ပြီး ၊ မင်းရဲ့ ရမှတ်က ငါ့လောက် မကောင်းရင်ရော ဘယ်လိုလုပ်မလဲ”
“ငါ မြေပြင်ပေါ်မှာ ဒူးထောက်ပြီး ငါ စာခိုးချပါတယ်လို့ ဝန်ခံမယ်။ ပြီးရင် ကိုယ့်ပါးကိုယ် ဆယ်ချက် ပြန်ရိုက်မယ်”
“မရဘူး ၊ ငါ မင်းပါးကို ဆယ်ချက် ရိုက်မယ်။ မင်းရဲ့ မိဘတွေတောင် မမှတ်မိနိုင်လောက်အောင် မင်းရဲ့ ချောမောလှပတဲ့ မျက်နှာလေး ပျက်စီးသွားစေရမယ်”
“ကောင်းပြီ ၊ သဘောတူတယ်။ ရှိနေတဲ့လူအားလုံး ကြားကြလား”
ရာပေါင်းများစွာသော မိန်းမစိုးဂိုဏ်းအကယ်ဒမီ ဖြေဆိုသူများက ပြိုင်တူ အော်ဟစ်လိုက်ကြသည်။
“ကြားတယ်”
တုပိုင်က ဆက်ပြောလိုက်သည်။
“ငါ့ရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြဖို့ ၊ ငါလည်း သင်္ချာစာမေးပွဲ မေးခွန်းလွှာကို ယာယီ ပြောင်းလဲပေးဖို့ ၊ စာမေးပွဲစစ်ဆေးသူ ကုန်းကုန်းအကြီးအကဲတွေကို ချက်ချင်း မေးခွန်းထုတ်ခိုင်းဖို့ တက်တက်ကြွကြွ တောင်းဆိုပါမယ်။ ဒီလိုဆိုရင် မေးခွန်းပေါက်ကြားနိုင်ချေ ရှိတော့မှာ မဟုတ်ဘူး။ မင်းလည်း ဒီတောင်းဆိုမှုကို လုပ်နိုင်တယ်”
“မေးခွန်းတွေကို ယာယီ ပြောင်းလဲပြီးတဲ့နောက် ၊ ငါ့ရဲ့ သင်္ချာစာမေးပွဲ ရမှတ်က ယန်ရှီထက် သာလွန်နေသေးရင် ၊ သူ ငါ့ရှေ့မှာ ဒူးထောက် ၊ ဦးညွှတ်ပြီး အမှားဝန်ခံရမယ်။ သူ ငါ့ကို စွပ်စွဲပုတ်ခတ်ခဲ့ကြောင်း ဝန်ခံရမယ်။ ပြီးရင် သူ့ပါးကို ဆယ်ချက် ရိုက်ခွင့်ပြုရမယ်”
“အဲဒီအချိန်ကျရင် ငါ့ရဲ့ သင်္ချာစာမေးပွဲ ရမှတ်က ယန်ရှီလောက် မကောင်းဘူးဆိုရင် ၊ ငါ ကျောင်းတံခါးဝရှေ့မှာ ဒူးထောက်ပြီး ငါ စာခိုးချပါတယ်လို့ ဝန်ခံမယ်။ ပြီးရင် ယန်ရှီကို ငါ့ပါး ဆယ်ချက် ရိုက်ခွင့်ပြုမယ်”
“ဒီလောငးကြေးကို တရားဝင် ပြုလုပ်လိုက်ပြီ ၊ မင်းတို့အားလုံး သက်သေအဖြစ် နေချင်ကြလား”
“ငါတို့ သက်သေအဖြစ် နေပါ့မယ်”
ရာပေါင်းများစွာသော မိန်းမစိုးဂိုဏ်းအကယ်ဒမီ ဖြေဆိုသူများက ပြိုင်တူ အော်ဟစ်လိုက်ကြသည်။
ထန်ယန်သည် ကျောင်းအုပ်သစ်၏ စာကြည့်ခန်းထဲတွင် တုပိုင်၏ စာခိုးချမှုကို မေးခွန်းထုတ်ပြီး စာမေးပွဲမေးခွန်းလွှာကို ယာယီ ပြောင်းလဲပေးရန် တောင်းဆိုနေသည်။
ကျောင်းအုပ်သစ် မျက်မှောင်ကြုတ်လိုက်ပြီး ချက်ချင်း သဘောမတူပေ။ အဘယ်ကြောင့်ဆိုသော် စာမေးပွဲစစ်ဆေးသူ ကုန်းကုန်းအကြီးအကဲ ငါးဦးအနက် နှစ်ဦးသည် အရှေ့ဘက်ကွပ်ကဲရေးရုံး အဖွဲ့ဝင်များ ဖြစ်ပြီး ၊ သုံးဦးသည် အခမ်းအနားများဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာန အဖွဲ့ဝင်များ ဖြစ်သောကြောင့် ဖြစ်သည်။
သို့သော် အခမ်းအနားများဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာနမှ ကုန်းကုန်းအကြီးအကဲ သုံးဦးသည် ပညာရပ်ပိုင်းဆိုင်ရာ သက်သက်ဖြစ်သော မိန်းမစိုးများ ဖြစ်ကြပြီး ၊ အခမ်းအနားများဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာနနှင့် အရှေ့ဘက်ကွပ်ကဲရေးရုံးကြား ပဋိပက္ခများတွင် များစွာ ပါဝင်ပတ်သက်ခြင်း မရှိကြပေ။
သင်္ချာစာမေးပွဲ မေးခွန်းလွှာကို ချက်ချင်း ပြောင်းလဲရန် တောင်းဆိုလိုက်သည်နှင့် ကြီးကြပ်ရေးမှူးချုပ်သည် သေချာပေါက် ဗီတိုအာဏာသုံးပြီး ငြင်းပယ်ကာ ဒေါသထွက်ပေလိမ့်မည်။ သို့သော် အောက်ဘက် ကစားကွင်းရှိ မြင်ကွင်းကို မြင်လိုက်ရသောအခါ ၊ ယခုအကြိမ် သင်္ချာစာမေးပွဲ မေးခွန်းလွှာကို ပြောင်းလဲခြင်းသည် မဖြစ်မနေ လုပ်ဆောင်ရမည့် ကိစ္စဖြစ်ကြောင်း သူ သိလိုက်သည်။
ထိုအချိန်တွင်ပင် ယန်ရှီသည် သူ၏ မွေးစားအဖေ ၊ ဒုတိယကျောင်းအုပ်ကြီး လန်ထင်ကို ရှာတွေ့သွားသည်။
“မွေးစားအဖေ ၊ ဒီတုပိုင်က သေချာပေါက် စာခိုးချထားတာ။ အိမ်မက်ထဲမှာတောင် သူ ဒီလိုရမှတ်မျိုး မရနိုင်ဘူး”
ဒုတိယကျောင်းအုပ်ကြီး လန်ထင်က ဆူပူလိုက်သည်။
“ထန်ယန်တောင် စကားမပြောသေးဘူး ၊ မင်းက ဘာလို့ ခေါင်းထောင်နေရတာလဲ”
ထို့နောက် သူ မျက်မှောင်ကြုတ်ပြီး တွေးတောလိုက်သည်။ တုပိုင်အနေဖြင့် ဤကဲ့သို့သော ရမှတ်မျိုး မရရှိနိုင်ကြောင်း သူလည်း ခံစားမိသဖြင့် ယန်ရှီ၏ သံသယသည် အခြေအမြစ်မရှိခြင်း မဟုတ်ပေ။ ထို့အပြင် လီဝမ်ဟွေ့၏ လက်အောက်ငယ်သားဟောင်းနှင့် ပြိုင်ဘက်ဟောင်း တစ်ဦးအနေဖြင့် တုပိုင် ကြီးပွားတိုးတက်လာသည်ကို သူ လုံးဝ မမြင်လိုပေ။
သို့သော် ဤကိစ္စတွင် သူက ရှေ့ထွက်မည့်သူ မဖြစ်နိုင်သဖြင့် ကျောင်းအုပ်သစ်ကို သွားရောက်တွေ့ဆုံရန် တက်တက်ကြွကြွ သွားရောက်လိုက်သည်။
ကျောင်းအုပ်သစ်နှင့် လန်ထင်တို့ ၁၅ မိနစ်ခန့် ဆွေးနွေးပြီးနောက် စာမေးပွဲစစ်ဆေးသူ ကုန်းကုန်းအကြီးအကဲ ငါးဦးကို သွားရောက်တွေ့ဆုံလိုက်ကြသည်။
ဒုတိယကျောင်းအုပ်ကြီး လန်ထင်က ပြောလိုက်သည်။
“ပထမဆုံးအနေနဲ့ ဘိုးဘေးကြီးငါးပါးရဲ့ ဂုဏ်သိက္ခာကို လူတိုင်း သိကြပြီး ၊ ကျွန်တော်တို့ မျိုးဆက်သစ်တွေအတွက် စံပြပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ လီဝမ်ဟွေ့က ထူးခြားဆန်းကြယ်တဲ့ စွမ်းရည်ရှိသူ တစ်ယောက် ဖြစ်ပြီး ၊ သူ့လက်အောက်မှာ အရည်အချင်းရှိပြီး ထူးခြားတဲ့ လူတွေ မရေမတွက်နိုင်အောင် ရှိပါတယ်။ စာမေးပွဲမေးခွန်းတွေကို ခိုးယူဖို့ လူလွှတ်လိုက်တာက သူ့အတွက် မဖြစ်နိုင်တဲ့ ကိစ္စ မဟုတ်ပါဘူး။ ပြီးတော့ သူက တုပိုင်ကို နင်ဇောင်ဝူရဲ့ တပည့် ဖြစ်လာအောင် လုပ်ပေးခဲ့တယ်။ သေချာတာပေါ့ ၊ တုပိုင် အနေနဲ့ ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်း နင်ဇောင်ဝူဆီကနေ ဘာမှ အများကြီး မသင်ယူနိုင်ပါဘူး။ ဒါပေမဲ့ စာမေးပွဲမေးခွန်းလွှာကို ခိုးယူပြီးနောက် ၊ နင်ဇောင်ဝူကို သူ့အစား ဖြေဆိုခိုင်းထားနိုင်ပါတယ်။ အဲဒီလိုမှ မဟုတ်ရင် တုပိုင်ရဲ့ အရင်တုန်းက စွမ်းဆောင်ရည်အရ ၊ သူ့ရဲ့ တိုင်းပြည်ဆိုင်ရာ စာပေလေ့လာရေးဘာသာရပ် ရမှတ်က ဒီလောက်ထိ ကောင်းကင်ကို အာခံနိုင်နေတာ တကယ်ကို ယုံရခက်ပါတယ်”
စာမေးပွဲစစ်ဆေးသူ ကုန်းကုန်းအကြီးအကဲ ငါးဦး တိတ်ဆိတ်ငြိမ်သက်နေကြသည်။
“တုပိုင်က ဘာလို့ စာမေးပွဲမစခင် နာရီဝက်အလိုမှ ရောက်လာတာလဲ ၊ ပြီးတော့ ခရီးဝေး နှင်လာပြီး မြင်းတွေ ပင်ပန်းနွမ်းနယ်နေသလို ၊ သူက ဘာလို့ နေ့ရောညပါ အိပ်မပျော်ထားသလို ဖြစ်နေရတာလဲ” လန်ထင်က ဆက်ပြောလိုက်သည်။ “ဒါတွေအားလုံးက ကောက်ချက်ချမှုတွေနဲ့ ကိုက်ညီနေပါတယ်။ ဒါကြောင့် ကျောင်းသားတွေက တုပိုင် စာခိုးချတယ်လို့ သံသယဝင်တာ အခြေအမြစ်မရှိတာ မဟုတ်ပါဘူး။ ရာပေါင်းများစွာသော ဖြေဆိုသူတွေကလည်း ဆူပူအုံကြွမှုတွေ ဖြစ်နေကြပါပြီ”
ကြီးကြပ်ရေးမှူးချုပ်က အေးစက်စွာ ပြောလိုက်သည်။
“ဒါဆို မင်းတို့က ဘာလိုချင်တာလဲ”
“ဒုတိယ သင်္ချာစာမေးပွဲ ဖြေဖို့ တစ်နာရီ လိုပါသေးတယ်။ လုံးဝ တရားမျှတမှု ရှိစေဖို့ ၊ ပြီးတော့ တုပိုင်ရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြဖို့ ၊ ဘိုးဘေးကြီးတွေကို သင်္ချာစာမေးပွဲ မေးခွန်းလွှာ အသစ်တစ်ခု ယာယီ ထုတ်ပေးဖို့ ကျွန်တော်တို့ ရိုသေစွာ တောင်းဆိုပါတယ်”
ထို့နောက် ကျောင်းအုပ်သစ်နှင့် လန်ထင်တို့သည် ခါးကို နက်နက်ရှိုင်းရှိုင်း ကိုင်းညွှတ်လိုက်ကြပြီး ပြန်မမတ်တော့ပေ။
စာမေးပွဲစစ်ဆေးသူ ကုန်းကုန်းအကြီးအကဲ ငါးဦး အချင်းချင်း ကြည့်လိုက်ကြပြီး အေးစက်စွာ ပြောလိုက်သည်။
“ကောင်းပြီ ၊ ငါတို့ သဘောတူတယ်။ ဒါပေမဲ့ မေးခွန်းထုတ်ဖို့ နှစ်နာရီ ကြာလိမ့်မယ်။ ဒါကြောင့် သင်္ချာစာမေးပွဲကို တစ်နာရီ နောက်ဆုတ်ရလိမ့်မယ်”
“ဟုတ်ကဲ့ပါ”
ကြီးကြပ်ရေးမှူးချုပ်က အေးစက်စွာ ပြောလိုက်သည်။
“ဒီလို စာမေးပွဲမေးခွန်းလွှာ ယာယီ ပြောင်းလဲလိုက်တာက တရားမျှတမှုအတွက် သက်သက် မဟုတ်ဘူး ၊ ငါတို့ငါးယောက်ရဲ့ ဂုဏ်သိက္ခာအတွက်လည်း ပါဝင်တယ်။ မင်းတို့ ထွက်သွားကြတော့ ၊ လူကြီးမင်းသုံးယောက်က မေးခွန်းတွေကို ယာယီ ထုတ်ရဦးမယ်”
ချက်ချင်းပင် ကျောင်းအုပ်သစ်နှင့် လန်ထင်တို့ ထွက်ခွာသွားကြသည်။
တစ်နာရီခွဲ ကြာပြီးနောက် သင်္ချာစာမေးပွဲ မေးခွန်းလွှာ အသစ်စက်စက် တစ်ခု ထွက်ပေါ်လာပြီး မိန်းမစိုးလေး ဒါဇင်ပေါင်းများစွာက အစောင်ရေ ၂၃၀ ကို အမြန်ဆုံးနှုန်းဖြင့် ကူးယူလိုက်ကြသည်။
နှစ်နာရီ ကြာပြီးနောက် သင်္ချာစာမေးပွဲ မေးခွန်းလွှာ အသစ်စက်စက် ၂၀၀ ကျော်သည် ကျောင်းအုပ်သစ်၏ ရှေ့မှောက်သို့ ရောက်ရှိလာသည်။
ကြီးကြပ်ရေးမှူးချုပ်က ပြောလိုက်သည်။
“ဒီသင်္ချာစာမေးပွဲ မေးခွန်းလွှာက လုံးဝ အသစ်ပဲ။ ဘယ်သူမှ မခိုးဘူး မဟုတ်လား။ ငါတောင် တစ်ချက် မကြည့်ရသေးဘူး။ လုံးဝ မျှတပြီး တရားမျှတမှု ရှိတယ် မဟုတ်လား”
ကျောင်းအုပ်သစ် ရယ်မောလိုက်ပြီး ၊ ထို့နောက် သင်္ချာစာမေးပွဲ မေးခွန်းလွှာ အစောင် ၂၃၀ ကို လူတစ်ယောက်အား ယူဆောင်သွားခိုင်းလိုက်သည်။
ဒေါင်။ ခေါင်းလောင်းသံ မြည်ဟည်းသွားသည်။
မိန်းမစိုးဂိုဏ်းအကယ်ဒမီ ဘွဲ့ယူစာမေးပွဲ၏ ဒုတိယအကျော့ ၊ သင်္ချာစာမေးပွဲသည် တစ်နာရီကျော် နောက်ကျပြီးနောက် တရားဝင် စတင်လေတော့သည်။
သူတို့၏ စိတ်ထဲတွင် ဒေါသထွက်နေကြသောကြောင့် သင်္ချာစာမေးပွဲ မေးခွန်းသစ်များသည် အံ့သြစရာ ကောင်းလောက်အောင် ခက်ခဲနေသည်။ သေချာသည်မှာ ဤအရာသည် အခြားလူတိုင်းအတွက် ဖြစ်သည်။
တုပိုင်အတွက်မူ ဤသင်္ချာစာမေးပွဲ မေးခွန်းလွှာ အသစ်စက်စက်ကို မြင်လိုက်ရပြီးနောက် သူ့တွင် ခံစားချက် တစ်ခုတည်းသာ ရှိတော့သည်။
‘ဒါ ၊ ဒါက သောက်ကျိုးနည်း လွယ်လွန်းတယ်။ ငါ မျက်လုံးမှိတ်ပြီး ဖြေရင်တောင် အမှတ်ပြည့် ရနိုင်တယ်။’
အပိုင်း ၂၅၀ ပြီး။