← Chapters

Chapter 1...နှစ်ပေါင်းကိုးသောင်း

Vol. 1 Ch. 1

Chapter 1...နှစ်ပေါင်းကိုးသောင်း

Vol. 1 Ch. 1

နှစ်ပေါင်း ၉၀၀၀၀ ကြာ ရှင်သန်ခြင်း

ဘာသာပြန်သူ-လင်း

Book 1 Chapter 1 to 15

Author....Venerable-Lingfeng

Status....685 completed(537 web novel...537 to 685 chinese)

ခွန်းလွန်တောင်တန်းသည် တရုတ်နိုင်ငံ၌တည်ရှိကာ အထွတ်အမြတ်ထားရာတောင်တန်းအဖြစ် လူသိများကျော်ကြားသည်။

ဤနေရာတွင် ရေခဲဆီးနှင်းများ တစ်နှစ်ပတ်လုံးလွှမ်းခြုံနေသော မြင့်မားသည့်တောင်ထိပ်တချို့ရှိနေသည်။

ဤနေရာတွင် ကီလိုမီတာပေါင်းများစွာနက်သော ချောက်နက်ကြီးတစ်ခုလည်း ရှိနေလေ၏။

လပေါင်းများစွာကြာ စူးစမ်းလေ့လာပြီးနောက် တရုတ်နိုင်ငံမှလူခုနစ်ယောက်ဖြင့် ဖွဲ့စည်းထားသည့် ပရော်ဖက်ရှင်နယ်လေ့လာရေးအဖွဲ့တစ်ဖွဲ့သည် ဤနေရာသို့ ခြေချနိုင်ခဲ့သော်လည်း ဤအချိန်အခိုက်အတန့်တွင် သူတို့သည် မည်သည့်ပျော်ရွှင်မှုကိုမျှ မခံစားရချေ။ဆန့်ကျင်ဘက်အနေဖြင့် လူတိုင်းသည် သူတို့ရှေ့ရှိမြင်ကွင်းကိုကြည့်ပြီး ကြက်သေသေနေကြကာ စကားတစ်လုံးမျှ မပြောနိုင်တော့ချေ။

ချောက်နက်ကြီးအတွင်း၌ သန့်ရှင်းသောသစ်သားတဲအိမ် အမြောက်အများနှင့် ပြိုလဲကျလုဆဲဆဲဖြစ်နေသော်လည်း တစ်နည်းနည်းဖြင့် မားမားမတ်မတ်ရှိနေသော အမြဲစိမ်းသစ်ပင်ကြီးတစ်ပင်ရှိနေသည်။

ထိုအမြဲစိမ်းသစ်ပင်၏ရှေ့၌ အပြာရောင်ကျောက်တုံး သင်္ချိုင်းကမ္ပည်းကျောက်စာတိုင်များကို တစ်ခုပြီးတစ်ခု စိုက်ထူထားသည်။

ထိုအရာများကို ရေတွက်ကြည့်ပါက ဆယ့်နှစ်ခု အတိအကျရှိနေသည်။

တချို့ကမ္ပည်းကျောက်စာတိုင်များသည် အလွန်အမင်း လောကဓံကိုခံခဲ့ရပုံရှိကာ တချို့မှာမူ သန့်ရှင်းပြီးထူးခြားနေသည်။

ဘဲမွှေးများနှင့်တူသော ထူထဲသည့်နှင်းပွင့်လွှာများနှင့် အတူယှဥ်တွဲ၍ လေထုအတွင်း၌ ထူးဆန်းသောအငွေ့အသက်တစ်ခုရှိနေလေရာ လူတိုင်းသည် သူတို့၏ဆံပင်များ အထက်သို့ထောင်မတ်သွားသည်အထိ ချမ်းစိမ့်မှုကို ခံစားရလေ၏။

"အိုး ဘုရားရေ...ဒီလိုနေရာမျိုးမှာ ဘယ်လိုလုပ်ပြီးတော့ လူသားတွေရဲ့ရွာတစ်ရွာရှိနေတာလဲ...ပြီးတော့ ဒီသင်္ချိုင်းကမ္ပည်းကျောက်စာတိုင်တွေကို ဒီနေရာမှာ ဘယ်သူကလုပ်ခဲ့တာလဲ"

အချိန်အတော်ကြာပြီးနောက် အမျိုးသမီးငယ်တစ်ယောက်သည် အမာရွတ်များဖြင့် ပြည်နှက်နေသော သူမ၏ပါးပြင်ကို ပွတ်သပ်ကာ မသိစိတ်မှနေ၍ အံ့အားတစ်သင့် ရေရွတ်လိုက်သည်။ဤအမျိုးသမီးသည် ငယ်ရွယ်သော်လည်း ချင်းဟွာတက္ကသိုလ်မှ သမိုင်းနှင့်ရှေးဟောင်းသုတေသနဌာန၏ နာမည်ကျော်ကြားသော ပါမောက္ခတစ်ယောက်ဖြစ်သည်။

သူမ၏အသံထွက်ပေါ်လာချိန်၌ လူတိုင်း အသိဝင်လာကြသည်။

"အဲဒီကမ္ပည်းကျောက်စာတွေပေါ်မှာ စာလုံးတွေရှိနေတယ်"

တခြားလူငယ်တစ်ယောက်က အံ့အားတသင့် ပြောဆိုလိုက်၏။သူသည် မျက်မှန်တပ်ထားကာ သူ့၏ခန္ဓာကိုယ် အနည်းငယ်တုန်ရီနေသည်။သူသည် ပြင်းထန်အားကစားနည်းများကို စိတ်ပါဝင်စားသည့် ကျွမ်းကျင်ပညာရှင်တစ်ယောက်ပင်။သူသည် တစ်နှစ်ပတ်လုံး သေခြင်းနှင့်ရှင်ခြင်းအကြားတွင် ကူးခတ်နေခဲ့ကာ ထူးဆန်းသောအရာအမြောက်အများကို သူ မြင်တွေ့ခဲ့ဖူးသည်။သို့ရာတွင် သူ့ရှေ့ရှိမြင်ကွင်းသည် သူ့အား စိတ်မတည်ငြိမ်ဖြစ်အောင် လုပ်ဆောင်နိုင်ဆဲပင်။

"မြန်မြန်လေး....အဲ့ဒီပေါ်မှာ ဘာတွေရေးထားလဲဆိုတာ ကြည့်ကြရအောင်"

တစ်စုံတစ်ယောက်က အကြံပြုလေ၏။

ဤအချိန်အခိုက်အတန့်တွင် ပြင်းထန်အားကစားဝါသနာအိုးက ရှေ့သို့တက်လာခဲ့သည်။

သူ့၏လက်များ အနည်းငယ်တုန်ရီနေသည်။

သို့ရာတွင် သူသည် ထိုကမ္ပည်းကျောက်စာတိုင်များအနီးသို့ အမှန်တကယ်နီးကပ်သွားချိန်၌ သူ၏အသက်ရှူနှုန်း တစတစပို၍လျှင်မြန်လာသည်။

"ဒီအရာတွေပေါ်မှာ...ရှေးဟောင်းအက္ခရာစာလုံးတချို့ရှိနေတယ်...ကျွန်တော် ဒါတွေကို မသိဘူး...ပါမောက္ခရှု လာကြည့်သင့်တယ်"

ထိုသို့ပြောဆိုပြီးနောက် သူသည် ခြေလှမ်းအနည်းငယ်ခန့် နောက်ဆုတ်လိုက်၏။

ထို့နောက် အသက်ခုနစ်ဆယ်ရှစ်ဆယ်ခန့်ရှိပြီဖြစ်သော ပါမောက္ခအိုကြီးတစ်ယောက်သည် တုန်ရီနေသောလက်များဖြင့် မှန်ဘီလူးတစ်ခုကိုဆွဲထုတ်လိုက်သည်။သူ့၏ခန္ဓာကိုယ်တွင်ကြီးမားသောစွမ်းအားများရှိနေပုံရကာ သူသည် ကမ္ပည်းကျောက်စာတိုင်များထံသို့ဦးတည်၍ အပြေးသွားလေသည်။

ပထမဆုံးစကားပြောဆိုခဲ့သည့် အမျိုးသမီးငယ်သည်လည်း သူ့၏နောက်မှ လိုက်ပါသွားသည်။

ပါမောက္ခရှုသည် ယခုနှစ်တွင် အသက်ခုနစ်ဆယ့်ခြောက်နှစ်ရှိပြီဖြစ်ကာ နာမည်ကျော်ကြားသည့် ရှေးဟောင်းသုတေသနပညာရှင်တစ်ယောက်ပင်။သူ့၏ရှေးဟောင်းသုတေသနဆိုင်ရာအောင်မြင်မှုများအပြင် သူ့ထံ၌ သမိုင်းပညာရပ်တွင်လည်း ကြီးမားသောအောင်မြင်မှုများရှိခဲ့သည်။

ထို့ပြင် နိုင်ငံတကာတွင် နာမည်ကျော်ကြားသောအမျိုးသမီးသမိုင်းပညာရှင်တစ်ယောက်ကပင် ပါမောက္ခရှု၏ကျောင်းသားတစ်ယောက် ဖြစ်ပေ၏။

အပြာရောင်ကမ္ပည်းကျောက်စာတိုင်များ၏နံဘေးသို့အရောက်တွင် ပါမောက္ခရှု၏မျက်လုံးများစူးရှသွားကာ သူသည် လက်တစ်ဖက်ဖြင့် မှန်ဘီလူးတလက်ကိုကိုင်လိုက်သည်။ထို့နောက် နူးညံ့သောအဝတ်စတစ်ခုကိုထုတ်ယူကာ ကမ္ဗည်းကျောက်စာတိုင်များပေါ်ရှိအစွန်းအထင်းများကို ဂရုတစိုက်တိုက်ချွတ်လေသည်။

သူ့၏နံဘေးရှိ တခြားလေ့လာရေးအဖွဲ့ဝင်များ၏မျက်နှာများ အနည်းငယ်ဖြူရော်သွားကာ သူတို့က မေးမြန်းလိုက်၏။

"ပါမောက္ခ အဲ့ဒီအရာပေါ်မှာ ဘာတွေရေးထားတာလဲ"

"ဟုတ်တယ်...အဲ့ဒါတွေကို ဖတ်ပြပါအုံး"

"ဒါက မယုံကြည်နိုင်ဖို့ကောင်းတဲ့ နေရာတစ်နေရာပဲ...ငါတို့က အံ့အားသင့်ဖို့ကောင်းတဲ့တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ငါခံစားမိတယ်"

တခြားသူများက သူ့အား တိုက်တွန်းနှိုးဆော်လိုက်ကြသည်။

"အမ်...."

ပါမောက္ခရှုသည် ထိုအရာများအထက်ရှိ စာလုံးများကို ဖြည်းညင်းစွာအဓိပ္ပါယ်ဖော်ပြီးနောက် သူ့၏မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားကာ သူ ထိုအရာကို မယုံကြည်နိုင်ချေ။

သူ၏နောက်မှ လိုက်သွားခဲ့သော အမျိုးသမီးငယ်သည် အလိုအလျောက် စကားတစ်လုံးချင်းပြောဆိုလိုက်သည်။

"ပျံသန်းနေတဲ့ ငှက်ကလေးတွေက...သူတို့ရဲ့လှောင်ချိုင့်တွေထဲကနေ လွတ်မြောက်သွားတာ အချိန်အတော်ကြာနေပြီ...သူတို့ကမိုးကောင်းကင်ယံမှာ ခရီးဆက်နေကြပြီးတော့အရိပ်အယောင်ကိုတောင် ရှာတွေ့ဖို့ခက်ခဲနေတယ်....သူတို့က အိမ်နဲ့ဝေးကွာတဲ့နေရာမှာသေဆုံးသွားကြရတယ်"

"ဒါက ဘာကိုဆိုလိုတာလဲ"

အမျိုးသမီးငယ်သည် ထိုစာလုံးများ၏အဓိပ္ပါယ်ကို နားလည်သဘောပေါက်ခြင်းမရှိချေ။

သူမ၏နောက်ရှိသူများသည်လည်း ထိုစာလုံးများကို နားလည်သဘောပေါက်ခြင်းမရှိပေ။

ပထမဆုံးကမ္ပည်းကျောက်စာတိုင်ကို စူးစမ်းလေ့လာပြီးနောက် ပါမောက္ခရှု၏မျက်နှာအမူအယာသည် ပို၍ထူးဆန်းသွားကာ သူသည်ဒုတိယကမ္ပည်းကျောက်စာတိုင်ကိုစတင်၍ ကြည့်လိုက်သည်။

"တစ်ချိန်တုန်းက ဆေးပင်ခူးတဲ့ကောင်လေးတစ်ယောက် ချောက်နက်ကြီးထဲကို...ပြုတ်ကျလာခဲ့တယ်...ငယ်ရွယ်တဲ့အချိန်ကနေ အရွယ်ရောက်လာပြီးတော့....အသက်ကြီးလာတဲ့အရွယ်မှာ မိန်းကလေးတယောက်နဲ့တွေ့ပြီး သူ့ကိုချစ်ကျွမ်းဝင်သွားခဲ့တယ်...ဒါပေမယ့် သူတို့ကမျိုးဆက် မမွေးထုတ်နိုင်ခဲ့ဘူး...ဒါကြောင့် တောရိုင်းတိရစ္ဆာန်တွေအများကြီးကို မွေးမြူခဲ့ကြတယ်..ဒါက စားသောက်ဖို့အတွက်မဟုတ်ဘဲ အဖော်ရဖို့သက်သက်ပဲ"

အမျိုးသမီးငယ်က ဆက်လက်၍ ဖတ်လိုက်သည်။

တတိယတစ်ခု...

"တစ်ချိန်က ငါ သာမာန်ကာလျှံကာ စိုက်ပျိုးခဲ့တဲ့အမြဲစိမ်းသစ်ပင်တစ်ပင်က တောရိုင်းတိရစ္ဆာန်တွေကြောင့် ကျိုးပဲ့သွားခဲ့တယ်...အသက်ရှင်သန်နိုင်ဖို့အတွက်နဲ့ အဲဒီအပင်က လေနဲ့မိုးကိုကြံကြံခံပြီးတော့ ရပ်တည်နိုင်ပြီး ပြိုလဲမသွားခဲ့ဘူး...အခု အဲ့ဒီအပင်က မီတာတစ်ရာအမြင့်ထိ ကြီးပြင်းလာပြီးတော့ ပိုးကောင်တွေကြောင့် ဆွေးမြည့်ပြီး တစစီပဲ့ကျလာခဲ့တယ်"

ဟူး....ဟူး....

ထိုစာကြောင်းကို ဖတ်လိုက်ချိန်တွင် လေ့လာရေးအဖွဲ့အတွင်းရှိ လူတိုင်းသည် ပတ်ဝန်းကျင်ရှိလေထု ရုတ်တရက် ပို၍အေးစက်လာသည်ကို ခံစားမိသည်။

လေပြေလေးညင်းတချက်တိုက်ခတ်လာသည်နှင့်အတူ အပြာရောင်ကမ္ပည်းကျောက်စာတိုင်များအထက်ရှိ အမြဲစိမ်းသစ်ပင်သည် ပို၍ညှိုးနွမ်းခြောက်သွေ့စ ပြုလာပုံရသည်။လေတိုက်ခတ်မှုအောက်တင် အဝါရောင်သစ်ရွက်တချို့သည် ရံဖန်ရံခါ ကြွေကျလာပေ၏။

စတုတ္ထတစ်ခု....

"တစ်ချိန်တုန်းက ငါက ကောင်းကင်နဲ့မြေပြင်ကို ပန်ဂုနဲ့အတူပိုင်းခြားခဲ့ပြီးတော့ နွီဝါးနဲ့အတူလူသားတွေကို ဖန်တီးခဲ့တယ်...ပြီးတော့ တထာဂတနဲ့အတူ ဗုဒ္ဓဝါဒကို ရှင်းပြခဲ့တယ်"

ပဉ္စမတစ်ခု....

"ငါက ဒဏ္ဍာရီလာခေတ်ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လည်ပတ်ခဲ့ပြီးတော့ မိုးကောင်းကင်ယံက ဘုရားတွေနဲ့ဗုဒ္ဓတွေအကြားကတိုက်ပွဲကို စောင့်ကြည့်ခဲ့တယ်"

ဆဋ္ဌမတစ်ခု....

"ငါက လူသားမျိုးနွယ်တွေ မြင့်တက်လာပြီးတော့ စွမ်းအားတွေရဖို့အတွက် တစ်ယောက်နဲ့တစ်ယောက်သတ်ဖြတ်နေပြီး သွေးတွေက မြစ်တွေလို စီးဆင်းနေတာကိုလည်း မြင်ခဲ့ရတယ်"

ဒွာဒဿမမြောက်.....

"နွေဦးပေါက်ပြီးတော့ နွေရောက်လာတဲ့အချိန်မှာ ပွင့်လန်းနေတဲ့ပန်းပွင့်တွေ အရောင်မှေးမှိန်သွားကြတယ်...ငါ အသက်ရှင်သန်နေခဲ့တာ နှစ်ပေါင်းကိုးသောင်း ကြာမြင့်သွားခဲ့ပြီ"

ဤရှေးဟောင်းအက္ခရာစာလုံးများသည် အားမာန်ပါပြီးအစွမ်းထက်ကာ နှစ်ကာလများစွာကိုဖြတ်သန်းခဲ့သော အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။

ထိုရှေးဟောင်းစာကြောင်းများကို အဆက်မပြတ် အဓိပ္ပါယ်ဖော်နေခြင်းနှင့်အတူ......

ချောက်နက်ကြီးအတွင်း၌ လေ့လာရေးအဖွဲ့ဝင်များအားလုံးသည် တိတ်ဆိတ်ငြိမ်သက်စွာ မတ်တတ်ရပ်နေတာ သူတို့၏မျက်လုံးများသည် တက်ကြွနေရာမှမှုန်မှိုင်းမှုသို့ ပြောင်းလဲသွားခဲ့သည်။

ဤအချိန်အခိုက်အတန့်တွင် သူတို့သည် သွေးလေခြောက်ခြားနေပုံရကာ အသစ်စိုက်ထူထား သော သင်္ချိုင်းကမ္ပည်းကျောက်စာတိုင်ရှေ့၌ အဖြူရောင်ဝတ်စုံဝတ် လူတစ်ယောက်သည် သူ၏လက်များကိုနောက်ပစ်၍ မောက်မာဝံ့ကြွားစွာ မတ်တပ်ရပ်နေသည်ကို သူတို့ တွေ့မြင်လိုက်ရသည်။ထိုလူ၏အေးစက်စက်မျက်နှာပေါ်တွင် ဝမ်းနည်းမှု ပျော်ရွှင်မှုဟူသော ခံစားချက်အရိပ်အယောင်များမရှိဘဲ အမူအယာကင်းမဲ့နေသည်။သူ့၏နက်ရှိုငသောမျက်လုံးတစ်စုံသည် သင်္ချိုင်းကမ္ပည်းကျောက်စာတိုင်များကို ကြည့်ရှုခြင်းမပြုချေ။ထိုအစား သူသည် ခေါင်းအနည်းငယ်မော့ကာ မိုးကောင်းကင်ယံကို ကြည့်နေလေ၏။

"ငါသိပြီ...ငါ သိသွားပြီ..ဟား ဟား ဟား...အခုကြည့်ကြည့်တော့မှ ဒါတွေက ဒဏ္ဍာရီတွေမဟုတ်ဘူး...ဖြစ်ရပ်မှန်တွေပဲ....ဒီနေရာကသက်သေ ဒီနေရာကသက်သေပဲ....ဒီနေရာမှာထာဝရ အသက်ရှင်သန်နိုင်တဲ့လူတွေ တကယ်ကြီးရှိနေတယ်...အရင်က ငါ ရှေးဟောင်းသုတေသနလေ့လာမှုတွေမှာ ပါဝင်ခဲ့တဲ့အချိန်တုန်းက အီဂျစ်ရဲ့ပိရမစ်တွေ တရုတ်ရဲ့မဟာတံတိုင်းကြီး ကြေးနီစစ်သည်တော်တွေနဲ့မြင်းတွေ ဂရိနတ်ဘုရားရုပ်ထု စတဲ့နေရာတွေမှာ လူတစ်ယောက်ရဲ့အရိပ်အယောင်တွေကို မတော်တဆ ငါ ရှာတွေ့ခဲ့တယ်"

လေထုသည် အေးခဲလုမတတ်ဖြစ်လာချိန်၌ ပါမောက္ခရှုသည် ရုတ်တရက်အော်ဟစ်ကာ သူသည် ရူးသွပ်သွားသည်အလားပင်။သူသည် မည်သူမျှ နားမလည်နိုင်သော တစ်စုံတစ်ခုကိုပြောဆိုလိုက်၏။

ထို့နောက် သူသည် မတ်တတ်ထရပ်ကာ သူ့၏နံဘေးရှိ ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားသော သစ်သားအိမ်ငယ်လေးတစ်လုံးအတွင်းသို့ ချက်ချင်းအပြေးဝင်သွားခဲ့သည်။

ကျွီ ....

ထို့နောက် သူသည် အခန်းတံခါးကိုတွန်းဖွင့်လိုက်၏။

ထိုအခန်း၏အလယ်တွင် ရိုးရှင်းသောကော်ဖီစားပွဲတစ်လုံး ရှိနေသည်။

ထိုကော်ဖီစားပွဲပေါ်တွင် မီးခိုးရောင်ကော်ဖီခွက်တစ်ခွက်ရှိနေကာ ထိုအရာမှနေ၍ အဖြူရောင်အခိုးအငွေ့များ ဖြည်းညှင်းစွာထွက်ပေါ်နေသည်။

တခြားလေ့လာရေးအဖွဲ့ဝင်များသည်လည်း နောက်မှလိုက်ပါသွားပြီးနောက် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် သူတို့၏နှလုံးသားများသည် သူတို့၏လည်ချောင်းများမှ ခုန်ထွက်သွားတော့လုမတတ်ပင်။

"တစ်ယောက်ယောက်...."

"ဒီနေရာမှာ ခုဏက တကယ့်ကိုတစ်ယောက်ယောက် ရှိနေခဲ့တယ်"

"ဘယ်သူလဲ....ထွက်လာခဲ့စမ်း...သရဲတစ္ဆေတစ်ကောင်လို ဟန်ဆောင်မနေစမ်းနဲ့"

သူတို့သည် ကျယ်လောင်စွာအော်ဟစ်လိုက်ကြသော်လည်း အချိန်အတော်ကြာသည့်တိုင် မည်သည့်တုံ့ပြန်မှုမျိုးမျှ ရှိမလာချေ။

လူတိုင်းသည် သစ်သားအိမ်ငယ်လေး၏ပြင်ပသို့အပြေးထွက်ခဲ့ကြသည်။

ရုတ်တရက် တစ်စုံတစ်ယောက်သည် အမြဲစိမ်းသစ်ပင်အောက်ရှိ မူမမှန်မှုကို ရှာဖွေတွေ့ရှိသွားလေ၏။

"အပြာရောင်ကမ္ပည်းကျောက်စာတိုင်တွေ ပျောက်ကွယ်သွားတာလား"

အစောပိုင်းကရှိနေခဲ့သော သင်္ချိုင်းကမ္ပည်းကျောက်စာတိုင်များသည် အချိန်ကာလ၏တိုက်စားမှုကိုခံရပုံဖြင့် အစိတ်စိတ်အမွှာမွှာဖြစ်နေသော အပျက်အစီးများအဖြစ်သို့ ပြောင်းလဲနေလေပြီ။

"ဒီအမြဲစိမ်းသစ်ပင်ကလည်း ညှိုးနွမ်းခြောက်သွေ့သွားပြီ...ငါတို့ ပထမဆုံး ရောက်လာတဲ့အချိန်တုန်းက ဒီလိုမဟုတ်တာအသိသာကြီးလေ"

အမြဲစိမ်းသစ်ပင်တွင် အစိမ်းရောင်သစ်ရွက်တစ်ရွက်မျှမရှိတော့ဘဲ သစ်ကိုင်းခြောက်များသာရှိနေကာ လေနှင့်နှင်းများအောက်တွင် အချိန်မရွေးပြိုလဲသွားတော့မည့်ပုံရသည်။

ဝုန်း

သူတို့သည် ခြေမကိုင်မိလက်မကိုင်မိဖြစ်နေကာ ကြောက်ရွံ့နေစဉ်မှာပင် ချောက်နက်ကြီးအတွင်းရှိ နှစ်ပေါင်းမည်မျှကြာအောင် ရပ်တည်ခဲ့မှန်းမသိရသော သစ်သားအိမ်ငယ်လေးသည် မည်သည့်အရိပ်အရောင်မျှမပြသပဲ ပြိုကျသွားခဲ့သည်

ဟူး...ဟူး...ဟူး....

အေးစက်သောလေနှင့်အတူယှဥ်တွဲ၍ ထူထပ်သိပ်သည်းသော နှင်းများကျလာသည်။

ဤချောက်နက်ကြီးသည် ချက်ချင်းဆိုသလို နှစ်ထောင်ပေါင်းများစွာ ဖြတ်ကျော်သွားခဲ့ရပုံပင်.....

အပြာရောင်သင်္ချိုင်းကမ္ပည်းကျောက်စာတိုင်များ ပျောက်ကွယ်သွားကာ....

အမြဲစိမ်းသစ်ပင်သည်လည်း ညှိုးနွမ်းခြောက်သွေ့သွားလေပြီ။

သစ်သားအိမ်ငယ်လေးသည်လည်း ပြိုလဲကျသွားပြီးနောက် နှင်းများအတွင်း၌ နစ်မြုပ်သွားတော့သည်။

တစ်ရက်အတွင်းတွင် ဤချောက်နက်ကြီးကိုလုံးလုံးလျားလျား ချိပ်ပိတ်လိုက်၏။

တရုတ်အစိုးရသည် နိုင်ငံတော်အဆင့်ရှိရှေးဟောင်းသုတေသနပညာရှင် အမြောက်အမြားကို စေလွှတ်ခဲ့သော်လည်း သူတို့သည် မည်သည့်အရာကိုမျှ ရှာမတွေ့ခဲ့ချေ။

လေ့လာရေးအဖွဲ့ဝင်ခုနှစ်ယောက်ကမူ သူတို့အားလုံးသည် ကြောင်စီစီဖြစ်နေပုံရကာ အထူးသဖြင့် ပါမောက္ခအိုကြီးရှူပင်။

သူ့အား ဆရာဝန်များက ထမ်းစင်ဖြင့် သယ်ဆောင်သွားချိန်တွင် သူက အဆက်မပြတ် ရေရွတ်နေသည်။

"ဒါက မဖြစ်နိုင်ဘူး....ဒါက မဖြစ်နိုင်ဘူး"

နှင်းများဖုံးလွှမ်းနေသောကုန်းမြေသည် ကျယ်ပြန့်ပြီး မြူဆိုင်းနေသည်။

နှစ်များကြာလာသည်နှင့်အမျှ....

မည်သည့်အရာမျှ မကျန်ရှိတော့ချေ။

"ဟူး...."

နောက်ဆုံးရဟတ်ယာဉ် ထွက်ခွာသွားပြီးနောက် ချောက်နက်ကြီးအတွင်း၌ တစ်စုံတစ်ယောက်သည် လေးနက်သောအသံဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်ကာ သူ၏အသံတွင် ဘဝ၏လောကဓံတရားများဖြင့် ပြည့်နှက်နေပုံရသည်။

"နောက်ထပ် နှစ်ကိုးသောင်းရှိသွားပြီ...ဒီအချိန်မှာလည်း တူညီတဲ့ပန်းတွေပွင့်နေတုန်းပဲလားဆိုတာ ငါ သိချင်မိတယ်"

တချိန်တည်းမှာပင်.....

ခွန်းလွန်တောင်ရှိ ရှေးဟောင်းလမ်းမတစ်ခုပေါ်၌ ဝတ်ရုံရှည်ကြီးတစ်ထည်ကို ဝတ်ဆင်ထားသောလူတစ်ယောက်သည် ဖြည်းညှင်းစွာလျှောက်လှမ်းသွားနေကာ မရေမတွက်နိုင်သော ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်ခဲ့သည်။

All Chapters