← Chapters

အင်မော်တယ်အကြီးအကဲ

Vol. 1 Ch. 2

အင်မော်တယ်အကြီးအကဲ

Vol. 1 Ch. 2

ခွန်းလွန်တောင်ပေါ်ရှိ ရှေးဟောင်းလမ်းတစ်ခုပေါ်၌...

ယဲ့ပိုင်သည် အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ရင်း ဖြေးညှင်းစွာလမ်းလျှောက်နေခဲ့သည်။

ဆောင်းရာသီကာလဖြစ်၍ နှင်းပွင့်များက ငန်းမွှေးများသဖွယ် ကောင်းကင်ယံမှကျဆင်းလာခဲ့သည်။

ယဲ့ပိုင်ဝတ်ဆင်ထားသော ဝတ်စုံသည် အတော်လေးပါးလွှာနေသော်လည်း အေးစက်သည့်ပတ်ဝန်းကျင်က သူ့အားလုံးဝထိခိုက်စေပုံမပေါ်ပေ။

"ငါဒီကိုနောက်ဆုံးအကြိမ်ရောက်တုံးကဆိုရင် နှစ်ပေါင်း၈၀လောက်ကြာသွားခဲ့ပြီဘဲ...အဲ့ကောင်တွေခုထိရှိနေသေးလားမသိဘူး..."

ယဲ့ပိုင်၏အကြည့်များသည် ကျဆင်းနေသောနှင်းများကို တည်ငြိမ်စွာကြည့်ရင်းရေရွတ်လိုက်သည်။ထိုအခိုက်အတန့်တွင် ဆက်သွယ်နေသောတောင်စဉ်တောင်တန်းများက အနည်းငယ်ထူးဆန်းနေပုံရသည်။

ယဲ့ပိုင်သည် ဖြေးညှင်းစွာလမ်းလျှောက်နေရင်း ရံဖန်ရံခါတွင် သူ၏လက်ကိုဆန့်တန်းလိုက်ကာ နှင်းပွင့်များကိုကျဆင်းစေလိုက်သည်။အဆုံးသတ်၌ ထိုနှင်းပွင့်များက ရေငွေ့များသဖွယ် အစွန်းအထင်းမရှိပျောက်ကွယ်သွားခဲ့သည်။

ယနေ့အချိန်တွင် ဆီးနှင်းများထူထပ်စွာကျဆင်းနေသော်လည်း ခရီးသွားအမြှောက်အများက ဖြတ်သန်းသွားလာနေကြဆဲဖြစ်သည်။

"ဘယ်လိုဘဝမျိုးပဲဖြစ်ဖြစ် သူတို့ကိုကြည့်ရတာ အရင်လူတွေလို မျက်နှာပေါက်ဆင်တူနေပေမဲ့ အရင်ကလိုရှေးမဆန်တော့တာ သနားစရာပဲ"

ယဲ့ပိုင်သည် ပတ်ဝန်းကျင်၌သွားလာနေသော ခရီးသွားများကိုရံဖန်ရံခါစိုက်ကြည့်လိုက်ရင်း သက်ပြင်းချမိလိုက်သည်။

ယဲ့ပိုင်သည် သူ၏ခြေလှမ်းများကိုအရှိန်မြင့်ရန် ဟန်ပြင်လိုက်သည့်အချိန်တွင် မြင်းမြီးပုံစံဆံပစ်ကျစ်ထားသည့် အလွန်ချောမောလှပသောမိန်းကလေးတစ်ယောက်က သူ့နံဘေးသို့ရောက်လာခဲ့သည်။

"လူချောလေး...မင်းတစ်ယောက်တည်းလမ်းလျှောက်နေတာလား...ငါတို့အချင်းချင်းတစ်ယောက်နဲ့တစ်ယောက်ရင်းနှီးဖို့ စိတ်ကူးရှိလား...ဒါကငါ့ရဲ့ဖုန်းနံပါတ်ဘဲ"

ကောင်မလေးသည် ဘောပင်နှင့်စာရွက်ကို အလျင်အမြန်ထုတ်ယူလိုက်ကာ ဖုန်းနံပါတ်ကိုရေးပြီး ယဲ့ပိုင်ကိုပေးလိုက်သည်။ထိုကောင်မလေးသည် ယဲ့ပိုင်နှင့်စကားပြောနေချိန်၌ အလွန်ပင်စိတ်အားထက်သန်နေခဲ့သည်။

သို့သော်လည်း ယဲ့ပိုင်သည် ထိုစာရွက်ကိုလှမ်းမယူဘဲ ကောင်မလေးကို အေးအေးဆေးဆေးငုံ့ကြည့်လိုက်ရင်း လမ်းဆက်လျှောက်နေခဲ့သည်။

နှစ်ပေါင်း၉၀၀၀၀...ထိုကာလအတွင်း ယဲ့ပိုင်ကိုဝန်းရံထားခဲ့သော အလှတရားများစွာရှိနေခဲ့သည်။

သူသည် ရှန့်မင်းဆက်မှ တကျီ၏စွဲမက်ဖွယ်ကခုန်ဟန်ကို တွေ့မြင်ဖူးခဲ့သလို အမျိုးသမီးအင်ပါယာဖြစ်သော ဝူဇီထျန်း နန်းတက်ခြင်းကိုလည်း ကိုယ်တိုင်မြင်တွေ့ဖူးပေသည်။

တစ်ကြိမ်တစ်ခါက သူ့နံဘေးတွင် သူအားကိုးရသော လူယုံတော်တစ်ယောက်ရှိခဲ့သလို တိုင်းပြည်ပြိုကွဲစေလောက်သော အလှပိုင်ရှင်တစ်ယောက်ရှိခဲ့ဖူးသည်။

ထိုကောင်မလေးသည် ယဲ့ပိုင်၏ငြင်းဆိုခြင်းကိုခံလိုက်ရသော်လည်း စိတ်ဆိုးခြင်းမရှိခဲ့ပေ။သူမသည် ယခုလေးပင်ဂုဏ်ယူစရာကောင်းသော အရာတစ်ခုကိုပြုလုပ်လိုက်ရသကဲ့သို့ နောက်ပြန်ဆုတ်ကာ သူမ၏သူငယ်ချင်းများနှင့်စကားပြောနေခဲ့သည်။

"အဲ့ဒီလူက အရမ်းကိုချောတာပဲ..."

"ဟုတ်တယ်...ဒါပေမဲ့နည်းနည်းအေးစက်စက်နိုင်သလိုပဲ"

"ရိုးရိုးသားသားပြောရမယ်ဆိုရင် သူ့ရဲ့အဲလိုပုံစံလေးကိုကပဲ တကယ်ကိုဆွဲဆောင်မှုရှိနေတာပဲ"

"ငါသာ သူ့ကောင်မလေးဖြစ်ရင် ဘယ်လောက်ကောင်းလိုက်မလဲ"

ယဲ့ပိုင်သည် ထိုမိန်းကလေးများ၏စကားကို လျစ်လျူရှုလိုက်ပြီး သူ့လမ်းသူဆက်လျှောက်ခဲ့သည်။

လမ်းတလျှောက် ယဲ့ပိုင်သည် လူအမြှောက်အများ၏ အာရုံစိုက်မှုကိုဆွဲဆောင်နိုင်ခဲ့သည်။

"ဒီလူရဲ့အဝတ်အစားတွေက ဘယ်လောက်တောင်ထူးဆန်းလိုက်သလဲ...ခွန်းလွန်တောင်မှာ အချိန်ပြည့်နှင်းတွေကျနေပြီး အပူချိန်ကသုညဒီဂရီအောက်ကိုကျရောက်နေတယ်...သူ့ရဲ့အဝတ်အစားတွေကရှေးဟောင်းအဝတ်အစားတွေနဲ့ ဆင်တူနေတာပဲ...သူအရမ်းအေးနေမှာမဟုတ်လား"

လူတစ်ယောက်သည် ယဲ့ပိုင်ကိုကြည့်ရင်း အနည်းငယ်မျက်မှောင်ကြုတ်မိလိုက်ကာ သံသယစိတ်များပြည့်နှက်နေသည့်လေသံဖြင့် ရေရွတ်လိုက်သည်။

"မြန်မြန်သွားရအောင်...ဘာတွေစိတ်ဝင်စားနေတာလဲ"

ထိုလူများအနက် ချစ်သူစုံတွဲတစ်တွဲလည်းပါဝင်နေပြီး ကောင်လေးဖြစ်သူသည် ယဲ့ပိုင်ကိုကြည့်ရင်း အနည်းငယ်ရှက်ရွံ့သလိုခံစားလာရ၍ သူ၏ကောင်မလေးကိုထွက်ခွာရန် တိုက်တွန်းလိုက်သည်။

သို့သော်လည်း လူအုပ်အတွင်း၌ အနည်းငယ်ညဏ်ရှိသူများပါဝင်နေသည်မှာ မထူးဆန်းလှပေ။

"ဒီလူက အရမ်းကိုထူးဆန်းနေတာပဲ...သူ့ရဲ့ပတ်ဝန်းကျင်မှာ ငါတို့နားမလည်နိုင်တဲ့ ထူးဆန်းတဲ့အော်ရာတစ်ခုဝန်းရံထားတယ်လို့ ငါအမြဲခံစားနေရတယ်...ငါသေချာမပြောနိုင်ပေမဲ့ သူ့ရဲ့မျက်လုံးတွေက ကိစ္စအတော်များများကို တွေ့ကြုံခံစားဖူးနေတဲ့အတိုင်းပဲ..."

ကုလားထိုင်ပေါ်မှီထိုင်နေသော တရုတ်ရိုးရာဝတ်စုံဝတ် အဘိုးအိုတစ်ယောက်သည် ယဲ့ပိုင်နှင့်အကြည့်ချင်းဆုံမိချိန်တွင် ရုတ်တရက်အံ့သြသွားခဲ့သော်လည်း အချိန်အတော်ကြာပြီးနောက် ခေါင်းခါယမ်းမိလိုက်သည်။

သို့သော်လည်း လူတိုင်း၏အတွေးအမြင်က မတူညီခဲ့ကြပေ။လူတိုင်းလိုလိုပင် ကွဲလွဲသောအတွေးအမြင်များ ရှိနေခဲ့ကြသည်။

"ဒီကောင့်ရဲ့ ချောမောတဲ့ရုပ်ရည်က ဘာသုံးစားလို့ရမှာလဲ...သူ့ရဲ့ဝတ်စားပုံနဲ့ဆိုရင် ဒီလူမိုက်ကအနှေးနဲ့အမြန်သေဆုံးသွားလိမ့်မယ်...သူ့ကိုယ်သူခွန်းလွန်တောင်က အင်မော်တယ်အကြီးအကဲလို့ထင်နေတာလား...ရှက်စရာပဲ"

အနက်ရောင်ဝတ်စုံနှင့်တောက်ပြောင်သောသားရေဖိနပ်ကို ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်က မထီမဲ့မြင်လေသံဖြင့်ပြောလိုက်သည်။

သူ့နောက်လိုက်အဖော်နှစ်ယောက်ကလည်း ယဲ့ပိုင်ကိုစိုက်ကြည့်လိုက်ကြပြီး လျစ်လျူရှုသည့်လေသံဖြင့် လှောင်ပြောင်လိုက်ကြသည်။

"ဟီးဟီး...သခင်လေးဝူပြောတာအမှန်ပဲ"

"ဒီတစ်ခါ အရူးတွေတော်တော်များများတွေ့နေရတာပဲ...သခင်လေးဝူ...ဒီတစ်ခါကျရင် အင်မော်တယ်အကြီးအကဲက ငါ့တို့ကိုလက်ခံတွေ့ဆုံမယ်လို့မင်းထင်လား"

အဖော်တစ်ယောက်က စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်သည်။

"အင်မော်တယ်အကြီးအကဲက ငါတို့ကို လက်ခံတွေ့ဆုံမှာလား မတွေ့ဘူးလား ငါမသိဘူး...ဒါပေမဲ့မင်းတို့ကိုဒီထိခေါ်လာပြီးမှတော့ မင်းတို့ကသူ့ရဲ့သွင်ပြင်ကို တွေ့မြင်ခွင့်ရမှာပဲ...အင်မော်တယ်အကြီးအကဲက အရမ်းကိုအစွမ်းထက်လွန်းတယ်...နိုင်ငံတော်ကသူ့ကိုတွေ့ဆုံဖို့ တောင်းဆိုတာတောင်မှ သူကလျစ်လျုရှုလိုက်ပြီးတော့ တစ်နှစ်ကိုတစ်ယောက်တည်းသာ လက်ခံတွေ့ဆုံလေ့ရှိတယ်...သူနဲ့တွေ့ဆုံခွင့်ရတဲ့သူတိုင်းဟာ နောက်ပိုင်းဟာ ကျိန်းသေပေါက်အောင်မြင်ကျော်ကြားလာလိမ့်မယ်...တချို့က ဘီလီယံနဲ့ချီတဲ့ချမ်းသာမှုကိုပိုင်ဆိုင်တဲ့ စူပါသူဌေးကြီးတွေဖြစ်လာကြသလို တချို့ကတော့ သေခြင်းရှင်ခြင်းကိုဆုံးဖြတ်ပေးနိုင်တဲ့ အာဏာရှင်တွေဖြစ်လာလိမ့်မယ်...သူတို့တစ်ယောက်ချင်းစီတိုင်းဟာ အရမ်းကိုကြောက်စရာကောင်းလွန်းတယ်"

သခင်လေးဝူက လေသံတိုးတိုးဖြင့်ပြောလိုက်သည်။

ထိုစကားကိုပြောချိန်တွင် သူ့ပတ်ဝန်းကျင်ရှိလူတိုင်းက အံ့သြတကြီးမျှော်လင့်မိသွားကြသည်။

ခွန်းလွန်တောင်က အင်မော်တယ်အကြီးအကဲ...

ထိုစကားကိုကြားပြီးနောက်တွင် ယဲ့ပိုင်က ခေါင်းကိုအနည်းငယ်ခါယမ်းမိလိုက်သည်။

နှစ်ပေါင်း၈၀...

အစောပိုင်းတွင် သူမရည်ရွယ်ဘဲလုပ်ဆောင်ခဲ့သည့်လုပ်ရပ်က ထိုလူအိုကြီး၏တစ်သက်တာကို ဤနေရာ၌ကုန်ဆုံးစေခဲ့ဟန်ရသည်။

"ဟူး...ဘယ်တတ်နိုင်ပါမလဲ...ငါဒီကိုရောက်လာပြီဆိုမှတော့ သူ့ကိုသွားကြည့်ရတာပေါ့"

ယဲ့ပိုင်သည် ငြီးတွားလိုက်ပြီးနောက် သူ၏အရှိန်ကိုမြင့်လိုက်ကာ ရှေ့သို့မြန်မြန်လျှောက်သွားခဲ့သည်။

ဆယ်မိနစ်ကြာလမ်းလျှောက်ပြီးနောက် ခွန်းလွန်တောင်ထိပ်ပေါ်ရှိ သက်ရှည်ဘုရားကျောင်းအနီးသို့ရောက်ချိန်တွင် ယဲ့ပိုင်ကအရှိန်လျော့ချလိုက်သည်။

ထိုနေရာတွင် အနည်းငယ်လူပေါင်းထောင်ချီရှိနေပုံရပြီး သူတို့၏စကားပြောသံများက ကျယ်လောင်စွာထွက်ပေါ်နေခဲ့သည်။

ရံဖန်ရံခါတွင် လူအချို့သည် သူတို့၏ဖုန်းများကိုထုတ်ယူကာ တာအိုဘုရားကျောင်းကို မကြာခဏဓာတ်ပုံရိုက်ယူလေ့ရှိကြသည်။

လူအချို့ကမူ တိုးတိုးလေးစကားပြောနေကြသည်။

ဘုရားကျောင်း၏ဘေးနှစ်ဖက်တွင် အထူးဝတ်စုံဝတ်ရဲအရာရှိများစွာသည် သူတို့၏လက်ထဲတွင် လက်နက်များကိုကိုင်ဆောင်ထား၍ စောင့်ဆိုင်းနေကြသည်။သူတို့၏မျက်နှာအမူအရာသည် တည်ကြည်လေးနက်နေခဲ့ပြီး သူတို့၏စူးရှသောအကြည့်များက ခရီးသွားများစွာကို အခါအားလျော်စွာ ဆွဲဆောင်နိုင်ခဲ့သည်။ဤနေရာတွင် မည်သည့်မူမမှန်သောဖြစ်ရပ်မဆို သူတို့၏အာရုံစိုက်မှုအား ချက်ချင်းဆွဲဆောင်နိုင်ပေသည်။

ယဲ့ပိုင်သည် ကျောက်လှေကားထစ်များပေါ်၌ ရပ်နေခဲ့ပြီး သက်ရှည်ဘုရားကျောင်း၏ ထူးဆန်းသောမြင်ကွင်းကိုလှမ်းကြည့်ရင်း သူ၏နှုတ်ခမ်းထောင့်စွန်းက အနည်းငယ်ကွေးတက်လာခဲ့သည်။

အဲ့ဒီနေ့က ငါတွေ့ခဲ့တဲ့ကလေးက ခုဆိုတော်တော်တောင်ကြီးနေပြီဘဲ...

သူသည် ရှေ့သို့ဆက်သွားရန်ပြင်ဆင်လိုက်သော်လည်း ခြေလှမ်း၂လှမ်းခန့်သာ လှမ်းရသေးသည့်အချိန်တွင် လူအနည်းငယ်က သူ့အားရပ်တန့်လိုက်သည်။

"ဟေ့ကောင်လေး...ဒါကဘာနေရာလဲဆိုတာမင်းသိလား...မင်းကဧကရာဇ်ဆိုရင်တောင်မှ ဒီနေရာက ခွန်းလွန်တောင်က အင်မော်တယ်အကြီးအကဲရဲ့နေအိမ်ပဲ...မင်းဒီမှာနာခံမှုရှိရှိရပ်နေတာကောင်းလိမ့်မယ်"

ထိုစကားကိုပြောလိုက်သူမှာ သခင်လေးဝူဟူသည့် လူငယ်လေးဖြစ်ပြီး သူသည်ယဲ့ပိုင်အားကြည့်ကာ ရွဲ့စောင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

"သခင်လေးဝူ...ဒီကောင်ကမင်းပြောတဲ့စကားကိုကြားပြီးတော့ ကံစမ်းချင်နေတာထင်တယ်"

သူ့ဘေးနားရှိလူတစ်ယောက်က ဝင်ပြောလိုက်သည်။

"မင်းကဒီလိုအဝတ်အစားမျိုးဝတ်ထားရုံနဲ့ အင်မော်တယ်အကြီးအကဲကို တွေ့ခွင့်ရမယ်လို့ထင်နေတာလား...ငါပြောစရာစကားပျောက်ဆုံးသွားပြီ"

နောက်ထပ်လူတစ်ယောက်က ဝင်ပြောလိုက်သည်။

သို့သော်လည်း ယဲ့ပိုင်ကမူ မည်သည့်စကားမှပြန်မပြောဘဲ ထိုလူသုံးယောက်ကို ပေါ့ပေါ့ပါးပါးစိုက်ကြည့်လိုက်သည်။

ယဲ့ပိုင်၏အကြည့်နှင့်ရင်ဆိုင်ရချိန်တွင် သူတို့၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားခဲ့ပြီး သူတို့၏စိတ်အာရုံကို အမှောင်ထုကရုတ်တရက်လွှမ်းခြုံသွားခဲ့သည်။သခင်လေးဝူက ထပ်မံတုံ့ပြန်ရန်ပြင်ဆင်လိုက်ချိန်တွင် ယဲ့ပိုင်သည် သက်ရှည်ဘုရားကျောင်း၏တံခါးဝအနီးသို့ ချည်းကပ်သွားသည်ကို သူတွေ့မြင်လိုက်ရသည်။

"ဒီကိုဝင်ခွင့်မရှိဘူး"

အထူးရဲတစ်ယောက်၏ အေးစက်စက်လေသံကထွက်ပေါ်လာခဲ့သည်။

"ပိုင်ရှင်ရဲ့ခွင့်ပြုချက်မပါဘဲ မင်းကဒီနားတဝိုက်ကိုအလည်အပတ်လာလို့ပဲရမယ်"

အခြားအထူးရဲများကလည်း ယဲ့ပိုင်ကိုသတိကြီးစွာစိုက်ကြည့်နေကြသည်။

"ဒီကလေးက တော်တော်သတ္တိကောင်းတာပဲ"

"ဝိုး...သူအလေးအနက်ထားတဲ့အခါကျ သူ့ရဲ့ပုံစံကတကယ်ကိုမိုက်တာပဲ"

"သူ့ကြည့်ရတာ နည်းနည်းထူးဆန်းနေသလိုပဲ"

လူငယ်သုံးယောက်အနက် အချို့မှာရင်တုန်နေကြပြီး အချို့မှာတိတ်တဆိတ်မေးခွန်းထုတ်နေကြသည်။

ထိုအချိန်တွင် သက်ရှည်ဘုရားကျောင်းပတ်လည်ရှိ ခရီးသွားများအားလုံးသည် ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။

"တစ်ယောက်ယောက်က သက်ရှည်ဘုရားကျောင်းထဲကိုဝင်ချင်နေတာလား"

"အားလုံးကြည့်ထားကြဟေ့..."

"ဒီနေ့ အင်မော်တယ်အကြီးအကဲက လူတိုင်းကိုတရားဟောပြောဖို့ ရောက်လာမယ်လို့ပြောကြတယ်...ဒီလူကတမင်တကာပြသနာလာရှာတာလား"

"ဒီလူမိုက်ကို နှင်ထုတ်ပစ်ဖို့ ငါအလေးအနက်တောင်းဆိုတယ်"

မရေမတွက်နိုင်သောခရီးသွားများက အရူးအမူးအော်ဟစ်နေခဲ့ကြသည်။အထူးရဲအရာရှိများကလည်း ထိုအသံများအောက်တွင် ပို၍ပင်တည်ငြိမ်လာခဲ့သည်။သူတို့သည် ယဲ့ပိုင်ကိုမျက်တောင်မခတ်စိုက်ကြည့်နေကြပြီး ယဲ့ပိုင်သာတစ်ခုခုလှုပ်ရှားပါက ဝင်ရောက်စွက်ဖက်ရန် အသင့်ပြင်ထားကြသည်။

"ခရက်ခ်"

သို့သော်လည်း အပြင်ဘက်ရှိလေထုအခြေအနေသည် အလွန်ပြင်းထန်တင်းမာလာချိန်တွင် သက်ရှည်ဘုရားကျောင်း၏တံခါးက ရုတ်တရက်ပွင့်သွားခဲ့သည်။

မြင့်မြတ်သောရောင်ဝါများကို ထုတ်လွှတ်နေပုံရသည့် အဘိုးအိုတစ်ဦးသည် သက်ရှည်ဘုရားကျောင်းရှေ့၌ ထွက်ပေါ်လာခဲ့သည်။

ထိုအဘိုးအိုသည် ယဲ့ပိုင်၏ခန္ဓာကိုယ်အား တွေ့မြင်လိုက်ချိန်၌ အလွန်တုန်လှုပ်သွားခဲ့ရသည်။

(TN )

(တကျီ - ကျိုးဘုရင်၏အနှစ်သက်ဆုံးကိုယ်လုပ်တော် ၊ ရှန့်မင်းဆက်၏နောက်ဆုံးသောအုပ်စိုးသူ ၊ ထန်ဧကရီ ဝူဇီထန်း (၆၂၄-၇၀၅)

All Chapters