ဆရာသခင်
Vol. 1 Ch. 3
"ဒါ...ဒါက"
သက်ရှည်ဘုရားကျောင်း၏အဝင်ဝ၌ ရပ်နေသောအဘိုးအိုသည် ယဲ့ပိုင်အားတွေ့မြင်ပြီးနောက် လွန်စွာပင်တုန်လှုပ်သွားခဲ့ရသည်။
ထိုအခိုက်အတန့်တွင် သူ၏လွန်စွာတည်ငြိမ်သောအသွင်အပြင်သည် ပြိုလဲပျောက်ကွယ်သွားပြီး သူ၏လေသံသည် အနည်းငယ်တုန်ခါနေခဲ့သည်။
"အထဲဝင်ပြီး စကားပြောရအောင်"
ယဲ့ပိုင်က ချက်ချင်းကြားဖြတ်ပြောဆိုလိုက်သည်။သူသည် စကားများများစားစားမပြောခဲ့သော်လည်း သူ၏စကားလုံးများ၌ ငြင်းဆန်မရနိုင်သောစွမ်းအားများ ပါဝင်နေခဲ့သည်။
အနီးအနားတွင်ရှိနေသော အထူးရဲများသည် ယဲ့ပိုင်ထံမှစကားလုံးများကို ကြားလိုက်ရပြီးနောက်တွင် ရုတ်တရက်အေးစက်မှုကို ခံစားလိုက်ကြရသည်။
ခွန်းလွန်တောင်၏ အင်မော်တယ်အကြီးအကဲသည် စတင်ကျော်ကြားလာချိန်မှစတင်၍ မည်သူကမှယခုလိုလေသံဖြင့် စကားမပြောခဲ့ဖူးပေ။
ယဲ့ပိုင်၏စကားကြောင့် သက်ရှည်ဘုရားကျောင်းအနီးရှိ ခရီးသည်များ ပိုမိုဒေါသထွက်လာကြသည်။
"ကောင်လေး...မင်းသေချင်နေတာလား"
တစ်စုံတစ်ယောက်က ဒေါသတကြီးအော်ဟစ်လိုက်သည်။
"မင်းက အင်မော်တယ်အကြီးအကဲကို နှောင့်ယှက်ချင်နေတာလား...မင်းကဒီလောကထဲအသက်မရှင်ချင်တော့တာလား"
"မင်းက အင်မော်တယ်အကြီးအကဲကို ဘယ်လိုလေသံနဲ့စကားပြောလိုက်တာလဲ...ချက်ချင်းဒူးထောက်တောင်းပန်ပြီး ခွင့်လွှတ်မှုရအောင်လုပ်စမ်း"
လူအချို့သည် ယဲ့ပိုင်အားဒေါသထွက်နေသော အကြည့်များဖြင့်စိုက်ကြည့်လိုက်ကြပြီး ပြင်းထန်စွာကျိန်ဆဲလိုက်ကြသည်။
"မင်းကိုယ်မင်းဘာထင်နေတာလဲ...မင်းကရုပ်ချောရုံလောက်နဲ့ ဘာမဆိုလုပ်လို့ရပြီလို့ထင်နေတာလား"
အချို့သောလူများသည် အံကြိတ်လိုက်ကြပြီး သူတို့လက်များဖြင့် ယဲ့ပိုင်ကိုအပိုင်းပိုင်းအစစဖြတ်တောက်လိုနေကြသည်။
ထိုအခိုက်အတန့်တွင် သခင်လေးဝူသည် ယဲ့ပိုင်အားပို၍ပင်ရှုတ်ချပြောဆိုလိုက်ပြီး တစ်ချိန်တည်းမှာပင် သူ၏ဘေးနား၌ရှိနေသော သူငယ်ချင်းနှစ်ယောက်အား တည်တည်ငြိမ်ငြိမ်ပြောဆိုလိုက်သည်။
"အင်မော်တယ်အကြီးအကဲရဲ့ တည်ငြိမ်တဲ့အပြုအမူကိုကြည့်ပြီးတော့ သူ့ကိုချည်းကပ်ရလွယ်ကူလိမ့်မယ်လို့ မထင်လိုက်ကြနဲ့...နောက်ဆုံးတစ်ကြိမ် သူ့ကိုခုလိုပုံစံနဲ့စကားပြောဝံ့တဲ့သူတစ်ယောက်က အဆုံးသတ်မကောင်းခဲ့ဘူး...အထူးရဲတွေကသူ့ကို စိတ်ကျန်းမာရေးဆေးရုံဆီကိုယ်တိုင်ပို့လိုက်ကြတယ်"
"တကယ်ပြောတာလား..."
"ငါပြောတာအမှန်ပဲ...မင်းကရာထူးပိုမြင့်လေလေ မင်းမှာတားမြစ်ချက်တွေပိုများလာလေလေပဲ...မင်းစဉ်းစားကြည့်လိုက်လေ...မင်းကသာအင်မော်တယ်တစ်ယောက်ဆိုပါစို့ မင်းကိုတစ်ယောက်ယောက်က ရန်လာစမယ်ဆိုရင် မင်းကသူ့ကိုမသတ်ရင်တောင်မှ ဒါကသူ့အတွက် လက်ဆောင်ကြီးတစ်ခုဖြစ်နေပြီမလား"
"သေချာတာပေါ့...ဒါပေမဲ့ ငါသာအင်မော်တယ်တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ငါ့ကိုစော်ကားဝံ့တဲ့သူကို ဘယ်တော့မှခွင့်လွှတ်သွားမှာမဟုတ်ဘူး"
လူငယ်နှစ်ယောက်က လေးလေးနက်နက်ပုံစံဖြင့် သဘောတူညီစွာ ခေါင်းညိတ်ပြလိုက်ကြသည်။
သို့သော်လည်း အထူးရဲများနှင့်မရေမတွက်နိုင်သော ခရီးသွားဧည့်သည်များစွာသည် ယဲ့ပိုင်အားအရေးယူရန် ပြင်ဆင်နေကြသည့်အချိန်တွင် အဘိုးအို၏မျက်နှာသည် တဖြည်းဖြည်းအေးစက်တင်းမာလာခဲ့သည်။
"အားလုံးတိတ်တိတ်နေကြ...ငါပြောတာနားမထောင်တဲ့သူမှန်သမျှ နောက်တစ်ကြိမ်ခွန်းလွန်တောင်ကို ခြေချခွင့်ရမှာမဟုတ်ဘူး"
အဘိုးအို၏အသံသည် မကျယ်လောင်သော်လည်း အကျိုးသက်ရောက်မှုပြင်းထန်ပေသည်။
အဘိုးအို၏စကားကိုကြားချိန်တွင် သက်ရှည်ဘုရားကျောင်းတစ်ခုလုံး ရုတ်တရက်တိတ်ဆိတ်သွားခဲ့ရသည်။
ယဲ့ပိုင်၏အကြောင်းကို နားမလည်သောလူအချို့ကမူ ယဲ့ပိုင်တစ်ယောက် ဤနေ့ကံမကောင်းနိုင်ကြောင်း ခံစားလာရသည်။အထူးသဖြင့် ရဲအရာရှိများသည် သူတို့၏ပေါ့ဆမှုကြောင့် သူတို့အားလုံးအပြစ်ပေးခံရမည်ကို စိုးရိမ်လာကြ၍ အင်မော်တယ်အကြီးအကဲကို လုံးဝမကြည့်ဝံ့တော့ပေ။တစ်ချိန်တည်းမှာပင် သူတို့အားလုံးသည် ယဲ့ပိုင်အားအခွင့်အရေးရသည်နှင့် သင်ခန်းစာတစ်ခုပေးရန် စိတ်ပိုင်းဖြတ်ထားလိုက်ကြသည်။
လူတိုင်းသည် သူတို့၏ကိုယ်ပိုင်အတွေးများဖြင့် ရှုပ်ထွေးနေကြချိန်တွင် အင်မော်တယ်အကြီးအကဲ၏ လှုပ်ရှားမှုက မရေမတွက်နိုင်သောလူများကို စကားမပြောနိုင်အောင်ဖြစ်သွားခဲ့ရသည်။
သူသည် ယဲ့ပိုင်ဘက်သို့လှည့်ကြည့်၍ အနည်းငယ်ခေါင်းညိတ်ပြလိုက်သည်။ထိုအချိန်တွင် ယဲ့ပိုင်သည် မည်သည့်အတားအဆီးမှမကြုံတွေ့ရဘဲ သက်ရှည်ဘုရားကျောင်းတွင်းသို့ ဝင်ရောက်သွားကြောင်း တွေ့လိုက်ရသည်။
ယဲ့ပိုင်၏ခန္ဓာကိုယ်သည် သက်ရှည်ဘုရားကျောင်းတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားချိန်တွင် အင်မော်တယ်အကြီးအကဲသည် သူ၏အိုမင်းရွတ်တွနေသောလက်များကို ဆန့်ထုတ်လိုက်ပြီးနောက် ဘုရားကျောင်းတံခါးကို ဖြည်းညှင်းစွာပိတ်လိုက်တော့သည်။
"ကျွီ..."
ဘုရားကျောင်း၏အပြင်ဘက်တွင် သူ၏အဖော်နှစ်ယောက်အား အင်မော်တယ်အကြီးအကဲ၏ ကြောက်မက်ဖွယ်ကောင်းပုံကို ရှင်းပြနေသည့် သခင်လေးဝူသည် လက်ရှိအချိန်တွင် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ လုံးဝထိတ်လန့်သွားခဲ့ပြီး စကားတစ်ခွန်းမှမပြောနိုင်လောက်အောင် အချိန်အတော်ကြာဆွံ့အသွားခဲ့သည်။
"ဘာဖြစ်သွားတာလဲ..."
ထိုအချိန်တွင် တစ်စုံတစ်ယောက်က အံ့သြနေသောလေသံဖြင့်ပြောလိုက်သည်။
"အင်မော်တယ်အကြီးအကဲက အဲ့လူကိုတစ်ယောက်တည်း လက်ခံတွေ့ဆုံခဲ့တာလား"
လူအချို့က ပြူးကျယ်သောမျက်လုံးများဖြင့် မယုံကြည်နိုင်စွာ ညည်းညူလိုက်ကြသည်။
"ဘယ်သူဓာတ်ပုံရိုက်ထားလိုက်သေးလဲ...ဒါကကိစ္စကြီးတစ်ခုပဲ...ငါအမှတ်မမှားဘူးဆိုရင် အင်မော်တယ်အကြီးအကဲက ဒီလူငယ်ကိုပထမဆုံးလက်ခံတွေ့ဆုံတာပဲ...ဒီကလေးရဲ့အနာဂတ်အောင်မြင်မှုတွေဟာ အနာဂတ်မှာလုံးဝမြင့်တက်လာမယ်ဆိုတာ ငါပြောရဲတယ်...ဒုတိယမြောက်အင်မော်တယ်အကြီးအကဲတောင်ဖြစ်လာနိုင်တယ်"
အချို့သောလူများသည် သတိပြန်ဝင်လာကာ အော်ဟစ်လိုက်ကြပြီး သူတို့၏မျက်လုံးများ၌ မနာလိုမှုနှင့်နောင်တရမှုများကို တွေ့မြင်လိုက်ကြရသည်။
တံခါးဝ၌စောင့်ကြပ်နေသော အထူးရဲအရာရှိများက တစ်ယောက်ကိုတစ်ယောက် စူးစူးဝါးဝါးစိုက်ကြည့်နေခဲ့ကြသည်။
"ဒီနေရာကို ချက်ချင်းပိတ်လိုက်တော့"
"ဘယ်သူမှ ဆူဆူညံညံလုပ်ပိုင်ခွင့်မရှိဘူး...ကျေးဇူးပြုပြီးထွက်သွားပေးကြပါ"
ထိုအထူးရဲအရာရှိများသည် သတိပြန်ဝင်လာရန် အချိန်အတော်ကြာယူလိုက်ရသည်။သူတို့သည် သတိပြန်ဝင်လာပြီးနောက်တွင် အေးစက်စက်မျက်နှာထားများဖြင့် ရိုင်ဖယ်သေနတ်များကို ရင်ဘတ်ပေါ်တင်၍ တံခါးကိုပိတ်ဆို့လိုက်ကြသည်။ထိုသို့ပြုလုပ်လိုက်မှသာ သက်ရှည်ဘုရားကျောင်းအနီး၌ ရုတ်ရုတ်သဲသဲဖြစ်နေသော ခရီးသွားများတဖြည်းဖြည်းငြိမ်သက်သွားခဲ့ကြသည်။
သို့သော်လည်း မည်သူကမှထိုနေရာမှ ထွက်ခွာသွားခြင်းမရှိဘဲ စောင့်ကြည့်နေခဲ့ကြသည်။သူတို့၏အမြင်တွင် ယဲ့ပိုင်သည် မကြာမှီထိုနေရာမှထွက်ခွာလာမည်ဟု ခံစားနေကြရသည်။
သူတို့၏အမြင်အရ ယဲ့ပိုင်၏အပြုအမူများသည် လေးစားဖွယ်မရှိသည့်အတွက် သူ၏အခြေအနေသည် များစွာကောင်းမွန်နေမည်မဟုတ်ပေ။
ဘုရားကျောင်းအတွင်း၌...
ရှေးယခင်တချိန်က ယဲ့ပိုင်သည် ခွန်းလွန်တောင်သို့ရောက်ရှိခဲ့ချိန်တွင် ဤဘုရားကျောင်းကို ခိုင်မြဲစွာတည်ဆောက်ခဲ့သည်။ယနေ့အချိန်တွင် ယဲ့ပိုင်သည် ဤနေရာသို့ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိလာသော်လည်း သူ၏ခံစားချက်က ရင်းနှီးကျွမ်းဝင်နေခဲ့သည်။
သူသည် ဤနေရာနှင့်ရင်းနှီးကျွမ်းဝင်နေသော်လည်း ထိုရင်းနှီးမှု၌ ထူးဆန်းမှုများစွာကလည်း ပါဝင်ပတ်သက်နေခဲ့သည်။
ခြံဝင်းတွင်းရှိ မက်မွန်ပင်လေးများသည် အိုမင်းနေပြီဖြစ်ကာ ပင်စည်ကား အနက်ရောင်စေးကပ်ကပ်အရာများဖြင့် ပြည့်နှက်နေခဲ့သည်။အပင်၏ထူထဲသော အကိုင်းအခက်များကို သံဘောင်များဖြင့်ထောက်ကန်ထားသော်လည်း အချိန်မရွေးပြိုကျတော့မယောင် ခံစားနေရသည်။
အဆောက်အဦး၏နံရံများသည်လည်း အက်ကွဲကြောင်းများနှင့်ပြည့်နှက်နေကာ ၎င်းတို့ပေါ်၌ရိုက်နှိပ်ထားသော သံမှိုများသည်ပင် သံချေးတက်နေပြီဖြစ်သည်။
ခြံထဲ၌ မြုပ်နှံထားသည်မှာ မကြာသေးသည့် သင်္ချိုင်းဂူတစ်ခုကိုလည်း တွေ့လိုက်ရသည်။ထိုသချိုင်းဂူအနားတွင် အဝါရောင်ခွေးကြီးတစ်ကောင်၏ပုံရိပ်က ရုတ်တရက်ထွက်ပေါ်လာကာ ယဲ့ပိုင်ဘက်သို့လှည့်ကြည့်၍ အမြီးယမ်းပြကာ လျှာထုတ်ပြနေခဲ့သည်။
ယဲ့ပိုင်သည် ထိုအရာအားလုံးကို ငြိမ်သက်စွာစိုက်ကြည့်နေခဲ့ပြီး သူ၏မျက်လုံးများ၌ ခံစားချက်ကင်းမဲ့နေခဲ့သည်။
ထိုအချိန်တွင် ခွန်းလွန်တောင်၏ အင်မော်တယ်အကြီးအကဲသည် သူ၏တည်ငြိမ်သောအမူအရာကို ချက်ချင်းဆုံးရှုံးလိုက်ရပြီး သာမန်အဘိုးအိုတစ်ယောက်၏သွင်ပြင်သို့ ချက်ချင်းကူးပြောင်းသွားခဲ့သည်။
သူသည် ခြံဝင်းတွင်းသို့ဝင်ရောက်ပြီးနောက် ယဲ့ပိုင်ဆီသို့ဦးတည်လိုက်ကာ သူ၏တုန်ရီနေသောခြေထောက်များဖြင့် မြေပြင်ဆီသို့ဒူးထောက်ဦးညွတ်လိုက်သည်။
"ဆရာကြီး..."
အဘိုးအိုသည် ကျယ်လောင်စွာနှုတ်ဆက်လိုက်ကာ သူ၏အိုမင်းသောမျက်နှာပေါ်သို့ မျက်ရည်များစီးကျလာခဲ့သည်။
ယဲ့ပိုင်သည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် အဘိုးအိုအားလှည့်ကြည့်လိုက်သည်။
ထိုအခါ မြေပြင်ပေါ်၌ ဒူးထောက်နေသော အဘိုးအိုသည် ပြတ်တောက်ပြတ်တောက်လေသံဖြင့် ပြောလိုက်သည်။
"ဆရာကြီး...ဒါတွေအကုန်လုံးကငါ့အပြစ်တွေပါ...ငါကအားဟောင်ကို ကောင်းကောင်းဂရုမစိုက်နိုင်ခဲ့ဘူး...မင်းထွက်သွားပြီးဆယ်နှစ်လောက်ကြာတော့ သူသေသွားခဲ့တယ်...သူကငှက်တစ်ကောင်ကိုလိုက်ဖမ်းရင်းနဲ့ တောင်ခြေအရောက်မှာဝံပုလွေတစ်ကောင်ရဲ့သတ်ဖြတ်ခြင်းကိုခံခဲ့ရတယ်...သူ့ရဲ့အလောင်းကိုခြံဝင်းထဲမြုပ်နှံထားပြီးတော့ နှစ်တိုင်းလိုလိုမြေတွေကိုတူးဖော်ပြီး မြေသစ်တွေနဲ့အစားထိုးပေးခဲ့တယ်"
"မက်မွန်ပွင့်ကို မနှစ်ကတည်းကကောင်းကောင်းဂရုမစိုက်ပေးနိုင်တော့ဘူး...အဲ့အပင်ကအပွင့်ဆက်မပွင့်နိုင်တော့ဘူး...ဒီနှစ်တွေအတွင်း အကောင်းဆုံးရုက္ခဗေပညာရှင်တွေကို ဖိတ်ခေါ်စောင့်ရှောက်ခိုင်းထားတာကြောင့် မက်မွန်ပင်ကနောက်ထပ်နှစ်နှစ်လောက် အသက်ရှင်နိုင်သေးတယ်"
"ဆရာကြီး...ဒီငယ်သားက နှစ်တိုင်းလိုလို သက်ရှည်ဘုရားကျောင်းရဲ့ အစဉ်အလာကိုထိန်းသိမ်းထားခဲ့ပါတယ်...ဒီမှာရှိတဲ့အရာအားလုံးက မင်းစီစဉ်ထားတဲ့အတိုင်း လုံးဝပြောင်းလဲမှုမရှိခဲ့ဘူး...ဒါပေမဲ့ နှစ်တွေကြာလာတာနဲ့အမျှ တချို့အရာတွေကအချိန်ရဲ့သက်ရောက်မှုဒဏ်ကြောင့် တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့ရတယ်"
အဘိုးအို၏စကားပြောသံက ဆက်လက်ထွက်ပေါ်လာခဲ့သည်။
ယဲ့ပိုင်သည် ခြံဝင်းထဲ၌ရပ်နေကာ အဘိုးအို၏စကားသံကို ငြိမ်သက်စွာနားထောင်နေခဲ့သည်။အချိန်အတော်ကြာပြီးနောက် ယဲ့ပိုင်က စတင်စကားပြောဆိုလိုက်သည်။
"ငါသိပြီ..."
သူ၏လေသံသည် အလွန်ပင်အေးစက်နေကာ သူ၏စိတ်အခြေအနေမည်သို့ရှိနေကြောင်း ခန့်မှန်းမရပေ။
သို့သော်လည်း မြေပြင်ပေါ်၌ဒူးထောက်နေသော အဘိုးအိုသည် ထိုအသံကိုကြားပြီးနောက်တွင် အနည်းငယ်ဝမ်းသာသွားခဲ့သည်။
ယဲ့ပိုင်သည် စကားအများကြီးမပြောတတ်သလို မည်သည့်ပြသနာကို မည်သို့ဖြေရှင်းရမည်ကို မပြောတတ်ပေ။သို့သော်လည်း ယဲ့ပိုင်သည် ထိုအရာများကိုဂရုမစိုက်ကြောင်း အဘိုးအိုကကောင်းကောင်းနားလည်ပေသည်။
အဘိုးအိုသည် မြေပြင်ပေါ်မှအမြန်ဆုံးကုန်းရုန်းထလိုက်သည်။
"ဆရာကြီးအတွက် လက်ဖက်ရည်ဖျော်ပေးပါမယ်...ပြီးတော့ဆရာပြန်လာတာကို အခြားသူတွေဆီအကြောင်းကြားပြီး ချက်ချင်းလာတွေ့ခိုင်းလိုက်ပါမယ်"
အဘိုးအိုသည် ထိုသို့ပြောဆိုပြီးနောက်တွင် ယဲ့ပိုင်၏အနားမှ အမြန်ဆုံးထွက်ခွာသွားခဲ့သည်။
အကယ်၍ ဤနေရာ၌ဖြစ်ပျက်နေသည်များကို အပြင်လူများတွေ့မြင်သွားခဲ့မည်ဆိုပါက လွန်စွာတုန်လှုပ်သွားမည်ဖြစ်ကာ သူတို့၏မေးရိုးများသည် မြေပြင်ပေါ်သို့ပြုတ်ကျလုမတတ်ဖြစ်သွားမှာဖြစ်သည်။