သွေးဝိညာဉ်အစီအရင်
Vol. 20 Ch. 284
"ငါတို့ မဟာမိတ်အဖွဲ့က အားလုံးစီစဉ်ထားပြီးသား ချင်းယန်..."
မုန့်ထျန်းရွှမ်၏ မျက်နှာသည် စိတ်လှုပ်ရှားမှုတို့ဖြင့် နီမြန်းနေပြီး သူ့မျက်လုံးများမှာ သွေးများပင် ထွက်နေသည်။
"ဒီအစီအစဥ်က လွန်ခဲ့တဲ့နှစ်ရာနဲ့ချီကတည်းက ပေါ်ပေါက်လာခဲ့တာ...အဓိပတိမဟာမိတ်က လူသား ကောင်းကျိုးအတွက် ကိုယ်ရေးကိုယ်တာ ဒုက္ခတွေကို စတေးခဲ့တာကွ… ပုံမှန်အတိုင်းသာ ဖြစ်သွားခဲ့ရင် မင်းနဲ့ ငါ ဒီလိုတောင် တွေ့နိုင်မှာ မဟုတ်ဘူး..."
ထိုသူသည် စကားပြောရင်း သူ၏အသုံးအနှုန်းသည်လည်း ပို၍ပို၍ ပုံပျက်လာသည်။
"ငါ ဖောက်ခွဲ ကောင်းကင်ဂိုဏ်းကို ဆန့်ကျင်ချင်နေတယ်လို့ မင်းထင်နေတာလား... ရှေးတုန်းက ကျရှုံးသွားတဲ့ အဓိပတိနယ်ပယ်တွေထဲမှာ ဘယ်သူတွေက လူသားမျိုးနွယ်ရဲ့ ဉာဏ်ကြီးရှင်တွေ မဟုတ်ကြလို့လဲ....ဒီမဟာမိတ်အဖွဲ့ ခေါင်းဆောင်က အရည်အချင်းရှိတဲ့ လူတွေကို မြတ်နိုးလို့ ကျန်းဟိုင်ဓားနတ်ဘုရားကို စုဆောင်းဖို့တောင် စဉ်းစားထားပေမယ့်…”
"ခဏနေဦး ရပ်လိုက်!"
ချင်းယန် လက်နှစ်ဖက်ကို ဝှေ့ယမ်းပြီး တစ်ဖက်လူကို အေးစက်စွာ ဝင်ရောက် ဟန့်တားလိုက်သည်။
"ဒါဆို ခင်ဗျားတို့ မဟာမိတ်အဖွဲ့ကြီးက သားရဲဒီရေကို မြို့ထဲကို ဝင်ခွင့်ပြုလိုက်တာကရော... ကမ္ဘာကြီးအတွက်လို့ ခေါ်ရဲသေးလား"
ချင်းယန်ဆိုသည်မှာ မုန့်ထျန်းရွှမ်၏ မြှောက်ပင့်ပြောဆိုနေမှုများကို သေချာပေါက် ယုံနေမည့်သူ မဟုတ်ချေ။ အစမှ အဆုံး ထိုသူ၏ ရှင်းပြချက်များထဲတွင် ချို့ယွင်းချက်များက အပြည့်ပင်။
သာမန်ပြည်သူများအတွက် ဘယ်လိုကောင်းကျိုး လုပ်ပေးနိုင်လို့လဲ။
ချင်းယန်သည် အခြားသူများသာ ဤသတင်းကို ပြောပြလာခဲ့ပါက အနည်းငယ် ယုံနိုင်ဖွယ်ရှိသေးသည်။ သို့ပေမယ့် မုန့်ထျန်းရွှမ်ကဲ့သိူ့ ကြောင်သူတော်၊ တကယ့်လူဆိုး တစ်ယောက်၏ ပါးစပ်မှ ထွက်လာသမျှကို ချင်းယန် လုံးဝ မယုံနိုင်ပါ။
"ခင်ဗျားရဲ့ အဓိပတိမဟာမိတ်က ဘေးမှာ ရပ်ပြီး ကမ္ဘာမြေရဲ့ အနာဂတ်အတွက် လူသားတွေကို သတ်ဖြတ်နေတဲ့ သားရဲတွေကို စောင့်ကြည့်နေတာလား ခင်ဗျားရဲ့ ထူးကဲတဲ့ အစွမ်းအစတွေနဲ့ လုပ်ဆောင်ချက်မဲ့တာက စွဲစွဲမြဲမြဲ ဖုံးကွယ်ထားဖို့ ရွေးချယ်ခံရလို့ ဆိုရင် ကျွန်တော် နားလည်နိုင်တယ် ဒါပေမယ့် ဘာလို့... ကျန်းဟိုင် ဓားနတ်ဘုရားရဲ့ စွက်ဖက်မှုအပြီးမှာတောင် ခင်ဗျားက ဒီကိစ္စကို လိုက်လှန်ချင်နေတုန်းပဲ"
"လူတစ်ယောက်ကို ပြစ်တင်ရှုံ့ချချင်ရင် အမြဲတမ်း အကြောင်းပြချက်ရှာလို့ ရတယ်တဲ့"
သူ ရှင်းရှင်းလင်းလင်း မှတ်မိနေပါသေးသည်။
သားရဲဒီရေ ဝင်ရောက်လာသောအခါ၌ ကျန်းဟိုင် မြို့တော်က ပြိုကျလုနီးပါး ဖြစ်နေခဲ့ပြီး သားရဲနတ်အရှင်ဂိုဏ်းသည်လည်း ထိုဘေးအန္တရာယ်တွင် ရှိနေခဲ့၏။ ၎င်းတို့က မီးထဲကို လောင်စာများပင် ထပ်ထည့်လိုက်ကြသေးသည်။
ထိုအကြောင်းကြောင့် ပြိုပျက်နေပြီဖြစ်သော အခြေအနေမှာ ပို၍ပင် ဆိုးရွားလာခဲ့သည်။
သို့ပေမယ့် ထိုအချိန်မှာ အဓိပတိမဟာမိတ် အဖွဲ့ဝင်ဟူသည့်အရာက ဘယ်ရောက်နေသနည်း။
၎င်းတို့က လူသားမျိုးနွယ်ကို ကယ်တင်ရန် အဓိပတိနယ်ပယ်ကို စေလွှတ်ခြင်း မပြုရုံမျှမက တစ်ချိန်လုံး ပျောက်ကွယ်နေခဲ့ကာ ဆိတ်ကွယ်ရာသို့ ရပ်တည်ရန် ရွေးချယ်လိုက်ကြသည်။
"အဓိပတိ မဟာမိတ်ခေါင်းဆောင်? ဒါက လူသားတွေကို ကာကွယ်တာလို့ ခေါ်တာလား"
ချင်းယန် ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ၏ရင်ဘတ်ထဲမှ ဒေါသမီးတောက်မှာ ပိုမိုလောင်ကျွမ်းလာဟဖြင့် သူ့အနောက်ဘက်ရှိ ကျန်းဟိုင်မြို့ နယ်နိမိတ်ကို တိုက်ရိုက်ညွှန်ပြဖို့ပင် မထိန်းနိုင်တော့။
မည်းမှောင်နေသော မြို့ရိုးများက အလွန် မြင့်မားလှသည်။
အခွံခွာခံထားရသော အင်္ဂတေသည် အရွယ်အစား အမျိုးမျိုးရှိသော အပေါက်များဖြင့် ဖုံးကွယ်ထားပြီး သားရဲဒီရေ၏ အမှတ်အသားများကို ဆောင်ထားဆဲ။ ၎င်းမှာ ထိုနေရာတွင် ဘာဖြစ်ပျက်ခဲ့သလဲ ဟူ၍ လူတိုင်းကို နှိုးဆော်ချက်အဖြစ် ဆောင်ရွက်ပေးနေသည့်အလားပင်။
မြို့တော်ကို ဖျက်ဆီးသွားလေသော အနှီ ကပ်ဆိုးကြီးသည် မနေ့တစ်နေ့ကလို မပျောက်ကွယ်သွားသေး။
"မုန့်ထျန်းရွှမ်! ငါ့သခင်ရဲ့ အံ့ဖွယ်ဝင်ရောက်စွက်ဖက်မှုကြောင့်သာ မဟုတ်ရင် မင်းအခုမြင်တဲ့ ကျန်းဟိုင်မြို့က ပျက်စီးနေလောက်ပြီ!"
ချင်းယန်သည် မုန့်ထျန်းရွှမ်၏ မျက်လုံးများကို စိုက်ကြည့်ရင်း သူ့အား အရိပ်အာဝါသ တစ်ခုဖြင့် လွှမ်းခြုံထားလိုက်သည်။
"ကမ္ဘာ့ငြိမ်းချမ်းရေးလို့ ခင်ဗျားခေါ်တာက ဒါမျိုးလား?"
သူ၏စကားများက ထက်မြက်ပြီး လေးနက်ပေသည်။
“ဟုတ်တယ်.… ဒါတွေအားလုံးက ပိုကောင်းတဲ့အကျိုးအတွက်ပဲ”
ချင်းယန်၏ ကဲ့ရဲ့ရှုံ့ချမှုကို ရင်ဆိုင်ရင်း မုန့်ထျန်းရွှမ်တစ်ယောက် မငြင်းဆန်ခဲ့။ ထို့နောက် သူ၏မျက်လုံးများထဲတွင် ခါးသီးမှု အငွေ့အသက်များက ပို၍ပင် နက်နဲလာခဲ့သည်။
"မင်းပြောတာကို ငါနားလည်ပါတယ် ဒါပေမယ့် ဒါက ကမ္ဘာကြီးရဲ့ ကြီးမြတ်တဲ့ အကျိုးအတွက် ဆိုတာတော့ အမှန်ပဲ။ မင်းယုံသည်ဖြစ်စေ ကျိန်ဆဲသည်ဖြစ်စေ မင်းရဲ့ဒေါသကို ဖြေဖျောက်ပါ..."
"ပိုကောင်းဖို့အတွက် ဟုတ်လား?"
ချင်းယန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အတွင်းထဲ၌ ရန်လိုမှု အရိပ်အမြွက်တို့ ပြသနေသည်။
"ကိုယ်ကျင့်တရားပျက်ပြားအောင် ပြောင်ပြောင်တင်းတင်း ကြိုးပမ်းတာ ! သားရဲတွေ အစုလိုက်အပြုံလိုက် လွှမ်းခြုံပြီး ပြေးဝင်လာအောင် လွှတ်ထားတာ! ဖြောင့်မတ်ဖို့အတွက် မြို့သူမြို့သားတွေရဲ့ အသက်ကို နင်းချေတာက ပိုကောင်းဖို့လို့ ထင်တာလား? ခင်ဗျားပြောပုံအရဆို ကောင်းကင်က အကောင်တွေအတွက် လူတွေအားလုံးက ပုရွက်ဆိတ်တွေဆိုတော့ ကျန်းဟိုင်မြို့သားတွေကလည်း ခင်ဗျားမျက်လုံးထဲမှာ တန်ဖိုးမရှိကြဘူး မဟုတ်လား"
"ဟမ့် မင်းဘာသိလို့လဲ လူငယ်လေး!"
မုန့်ထျန်းရွှမ်၏ မျက်နှာ မည်းမှောင်သွားသည်။ ချင်းယန်၏ စကားကြောင့် အဆက်မပြတ် တရစပ်ပြောနေသော သူ၏ တည်ငြိမ်မှုလည်း ပြိုလဲလာ၏။
"သေလောက်တဲ့ကောင်တွေပဲကွ! ဖောက်ခွဲကောင်းကင်ဂိုဏ်းက က အငယ်တန်းကလေးက ငါ့ရဲ့ကြီးမားတဲ့ ရည်မှန်းချက်တွေကို ဘယ်လိုလုပ် နားလည်နိုင်မှာလဲ?! မင်း ဘာမှ ရှင်းရှင်းလင်းလင်း နားမလည်ပါဘူး ချင်းယန်! ကျန်းဟိုင်မြို့ကို စွန့်လွှတ်လိုက်တာက ကမ္ဘာတစ်ခုလုံးကို ငြိမ်းချမ်းစေလိမ့်မယ်! ဒါပဲ ဖြစ်သင့်တာ.... ငါ... အရာအားလုံးကို တွက်ချက်ပြီးသား!"
သူသည် ပြောနေရာမှ ရုတ်တရက် ရပ်တန့်လိုက်ပြီး ချင်းယန်ကို တိုက်ရိုက် စိုက်ကြည့်လိုက်သည်။ သူ၏မျက်လုံးများသည် ဒေါသတကြီး ဟစ်အော်နေသောကြောင့် သွေးရောင်လွှမ်းကာ နီရဲလာချေ၏။
"မင်းရဲ့ ဖောက်ခွဲကောင်းကင်ဂိုဏ်း မပေါ်မချင်း အဆင်ပြေနေသေးတယ်... မင်းရဲ့ လုပ်ရပ်ကြောင့် အားလုံး ပျက်စီးသွားတာ! "
ချင်းယန် စကားမပြောနိုင်အောင် ဆွံ့အသွားခဲ့သည်။
'သူတို့ အဓိပတိမဟာမိတ်က ဖောက်ခွဲ ကောင်းကင်ဂိုဏ်းကို အပြစ်တင်နေကြတာလား?'
လူအများကို တစ်ချိန်လုံး ခြိမ်းခြောက်နိုင်ရန်အတွက်သာ စဥ်းစားတတ်သည့် မဟာမိတ်ပင်။ အကျင့်စာရိတ္တ တစ်ခုတည်းကပင် ပြောစရာ မလိုလောက်အောင် ရှက်စရာကောင်းနေပြီ။
အရှက်မရှိကြဘူးလား!
"ကောင်းပြီ... အိပ်ချင်ယောင်ဆောင်နေတဲ့ လူကို နှိုးရခက်တယ်တဲ့..."
ချင်းယန် သူ့လက်ကို ဝှေ့ယမ်းပြီး ရှင်းပြချက်များကို လုံးဝ စိတ်မ၀င်စားကြောင်း သွယ်ဝိုက်ကာ ပြလိုက်သည်။
"မင်း ဘာပြောချင်နေတာလဲ အရူးကြီး!"
"အရူး ဟုတ်လား။ ဟမ့် ငါစိတ်မဆိုးပါဘူး ချင်းယန် ဆန့်ကျင်ဘက်အနေနဲ့ ဒီမှာရှိတဲ့ အန္တရာယ်ကို တခြားသူထက် မင်းက ပိုနားလည်ပါတယ်"
လေပူများ မှုတ်ထုတ်ပြီးနောက် မုန့်ထျန်းရွှမ်၏ စိတ်ခံစားမှုများ အနည်းငယ် တည်ငြိမ်သွားပုံပေါ်လေသည်။ ထို့နောက် သူ့ရှေ့ရှိ ချင်းယန်ကို ကြည့်ရင်း။
"ဂိုဏ်းချုပ်လေး ငါတို့ဘိုးဘေးတွေက တွင်းနက်ထဲက ကျွမ်းကျင်သူကို နှိမ်နင်းပြီးတဲ့နောက်ပိုင်း အကြောင်း မင်းကို ငါမပြောရသေးတဲ့ လျှို့ဝှက်ချက်တစ်ခုရှိတယ်... မင်းကြားပြီးရင် ငါ့ရဲ့ ရည်ရွယ်ချက်ကောင်းတွေကို နားလည်ပါလိမ့်မယ်"
"ပြီးတော့ ဘာဖြစ်လဲ?"
ချင်းယန်သည် ကျောက်တုံးပေါ်တွင် အထိုင်မပျက်ဘဲ အေးစက်စွာ ပြန်ပြောလိုက်သည်။
"ဆက်ပြောလေ!"
ယခုအချိန်မှာ သူ အရမ်းသတိရှိနေပါပြီ။
ယခုဆိုလျှင် မုန့်ထျန်းရွှမ်၏ စိတ်အခြေနေမှာ မတည်မငြိမ် ဖြစ်နေသောကြောင့် သူပြောသည့်စကားထဲ၌ တစ်ဝက်မျှသာ ယုံကြည်ရနိုင်ဖွယ် ရှိသည်။ ကျန်သည့် အချက်များကိုတော့ မိမိဘာသာ ခွဲခြမ်းစိတ်ဖြာပြီး တွေးတောရလိမ့်မည်။
ချင်းယန် အတွေးထဲ ပျောက်နေစဥ် မုန့်ထျန်းရွှမ်၏ အသံ လွင့်ပျံလာ၏။
"အတိုချုပ်ပြောရရင် ဒီပေါင်းပင်ကို အမြစ်ပြတ်ချေမှုန်းဖို့ဆိုတာ မဖြစ်နိုင်ဘူး... အဲဒီတုန်းက အစွမ်းထက်တဲ့ သတ္တဝါတွေကို နှိမ်နင်းခဲ့ပေမယ့် အရာတစ်ခု ကျန်ခဲ့တယ်... အဲဒါက ကမ္ဘာမြေကြီးရဲ့ ကြယ်စွမ်းအင် ဖြန့်ဖြူးမှုကို ပြောင်းလဲစေတဲ့အရာပဲ"
ထိုသို့ကိုပြောရင်း မုန့်ထျန်းရွှမ်သည် သူ၏လက်ကို လျှို့ဝှက်စွာ ဖွင့်လိုက်ပြီး ကြယ်ဖန်သားပြင်ကို နောက်တစ်ကြိမ် ထုတ်လွှတ်လိုက်ပြန်၏။
ဗုန်း!
ကျယ်လောင်သော အသံကြီးတစ်သံ ဟိန်းဟောက်သွားသည်။ လျှို့ဝှက်ဆန်းကြယ်သော သေးငယ်သည့် အစီအရင် ခင်းကျင်းပြသမှုတစ်ခုသည် သူဧလက်ဖဝါးထဲ၌ လွင့်ပျံလာ၏။ ၎င်းထဲ၌ မြူခိုးများ ဖုံးလွှမ်းနေပြီး လေးနက်သော၊ ကောင်းမွန်သော ကြယ်စွမ်းအင်များဖြင့် ဖုံးအုပ်ထားသည်။
မှုန်ဝါးဝါးနှင့် မှန်းဆ၍မရသော်လည်း ၎င်း၏ထူးခြားသော သဘာဝကိုတော့ ခံစားနိုင်ဆဲပင်။
"ဒါကဘာလဲ?"
ထိုအခိုက် ချင်းယန်တစ်ယောက် မျက်မှောင်ကြုတ်သွားပြီး မုန့်ထျန်းရွှမ်၏ လက်ဖဝါးပေါ်မှ သူ့အကြည့်များကို သေချာ အာရုံစိုက်နေသည်။ စိုက်ကြည့်နေရင်း စိတ်ထဲ၌ ရုတ်တရက် ထိတ်လန့်သွားမိသည်။ ၎င်းကို အနီးကပ်ကြည့်လိုက်သော်လည်း ရှင်းရှင်းလင်းလင်း မမြင်နိုင်မှန်း သိလိုက်ရ၍ပင်။
'မဟုတ်သေးဘူး...ဒီအစီအရင်က မှုန်ဝါးနေသလောက် မရိုးရှင်းဘူး'
*တာအိုအစီအရင်၏ စစ်မှန်သော ရှင်းလင်းချက်* နှင့် ပေသို့ခုနှစ်စင်ကြယ် အစီအရင်ကြီးကို ပေါင်းစည်းခဲ့သည့် သူ၏ သုတေသနကို အားကိုးလိုက်လျှင် ကမ္ဘာပေါ်ရှိ အစီအရင် အားလုံးကို ဖောက်မြင်နိုင်ပြီး မည်သည့်အတားအဆီးကိုမှ မကြုံရနိုင်ချေ။
သို့သော် ပြဿနာမှာ ဤအစီအရင်၏ နက်နဲမှုသည် သူ၏အသိဥာဏ်ထက် များစွာကျော်လွန်သွားခြင်းပင် ဖြစ်လေသည်။ ၎င်းက သူ၏ လေးလေးနက်နက် နားလည်နိုင်စွမ်းထက်ပင် ကျော်လွန်နေ၏။
"ဒါက ဘယ်လို အစီအရင် အမျိုးအစားလဲ"
သူ၏ ထိတ်လန့်မှုကို နှိမ့်ချလိုက်သူ ချင်းယန်တစ်ယောက် ငြိမ်သက်စွာ မေးလိုက်သည်။ အမူအရာမှာတော့ ရေပြင်ကဲ့သို့ တည်ငြိမ် အေးဆေးလျက်သား။
"တွင်းနက်ကြီးတွေကို နှိမ်နင်းဖို့ မင်းရဲ့မဟာမိတ်မှာ ဒီလိုကျွမ်းကျင်တဲ့ အစီအရင်ပညာရှင် တစ်ယောက်ရှိလား။"
"မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဂိုဏ်းချုပ်လေး မင်းမှားနေပြီ ငါတို့ရဲ့ အဓိပတိမဟာမိတ်မှာ ဒီလိုတာဝန်မရှိဘူး... ကမ္ဘာပေါ်မှာ ဘယ်သူကမှလည်း ဒီအစီအရင်ကို မဆွဲနိုင်ဘူး"
မုန့်ထျန်းရွှမ်သည် သူ့လက်ကို လျင်မြန်စွာ ဝှေ့ယမ်းကာ လေးနက်သော မျက်လုံးများဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်သည်။
"ငါတို့ကမ္ဘာကြီးရဲ့ ကြယ်စွမ်းအင် အခြေခံအုတ်မြစ်ကို ထိန်းသိမ်းထားဖို့ လုပ်ထားတဲ့ ဒီအစီအရင်က အရမ်း လျှို့ဝှက်ဆန်းကြယ်တယ်.. အဲဒီအချိန်တုန်းက ရောက်လာတဲ့ တွင်းနက်ကြီးတွေရဲ့ နောက်ကွယ်က ကောင်တွေ ချန်ထားခဲ့တာ... နာမည်က 'သွေးဝိညာဉ်အစီအရင်'တဲ့..."