တံခါးကိုကန်ကျောက်ခြင်း
Vol. 1 Ch. 5
သက်ရှည်ဘုရားကျောင်း၏တံခါးဝ၌...
"ဘာတွေ့ကြည့်နေတာလဲ..."
"သွားကြစမ်း..."
"နောက်တစ်ခါစိုက်ကြည့်မယ်ဆိုရင် မင်းရဲ့ခွေးမျက်လုံးကို ဖောက်လိုက်မယ်"
"အမှိုက်တွေဘေးဖယ်ကြစမ်း..."
"ဒီနေရာကနေထွက်သွား...ဒီမှာဘယ်သူရောက်နေတာလဲသိလား...ဒါကသခင်လေးကျောက်ပဲ...မင်းတို့ဘယ်တော့မှစော်ကားနိုင်မှာမဟုတ်တဲ့ ဖြစ်တည်မှုတစ်ခုဆိုတာမှတ်ထားကြ"
ဝတ်စုံနက်ဝတ် ခန္ဓာကိုယ်တောင့်တင်းသော သက်တော်စောင့်အမြှောက်အများသည် ခရီးသွားများကို တွန်းထုတ်ကာ အော်ဟစ်ဆဲဆိုခဲ့ကြသည်။
ထိုသက်တော်စောင့်များ၏အလယ်တွင် အဖြူရောင်ရှုပ်အင်္ကျီကိုဝတ်ဆင်ထားပြီး အနက်ရောင်သားရေဖိနပ်နှင့် ဆံပင်ကေခပ်ပွပွရှိသော လူငယ်တစ်ယောက်ရှိနေခဲ့သည်။သူ၏မျက်လုံးများတွင် ဂုဏ်မောက်မှုက အတိုင်းသားကြီးစိုးနေကာ ပတ်ဝန်းကျင်ရှိခရီးသွားများအား မထီမဲ့မြင်စိုက်ကြည့်နေခဲ့သည်။
အမှန်တော့ သူ၏သက်တော်စောင့်များသည် ခရီးသွားအချို့ကို မြေကြီးပေါ်သို့တွန်းချကာ ရက်ရက်စက်စက်ကန်ကျောက်နေသည်ကိုပင် သူကလျစ်လျူရှုထားခဲ့သည်။သူ၏အမြင်တွင် ထိုလူများသည် ပုရွက်ဆိတ်ကဲ့သို့ တည်ရှိမှုများဖြစ်ကြသည်။
သက်ရှည်ဘုရားကျောင်း၏ အနီးတွင်...
ယခင်ကအလွန်မာနကြီး၍ မောက်မာသောသခင်လေးဝူသည် ထိုလူငယ်ကိုတွေ့မြင်ချိန်၌ ချက်ချင်းခေါင်းငုံ့လိုက်မိသည်။
"သခင်လေးဝူ...ဒီလူကဘယ်သူလဲ...သူကတော်တော်မောက်မာတာပဲ"
သခင်လေးဝူနံဘေးရှိ အဖော်တစ်ယောက်သည် လက်ရှိအခြေအနေနှင့်အလွန်ရင်းနှီးနေသည်ဟု ခံစားမိသော်လည်း အတည်ပြုရန်အနည်းငယ် ကြောက်ရွံ့နေခဲ့သည်။
သူသည် မောက်မာသည့်ပုံစံအပြည့်ဖြင့် ခရီးသွားများကိုရက်ရက်စက်စက်ကန်ကျောက်နေသော သက်တော်စောင့်များကိုကြည့်ပြီး သူ၏ခန္ဓာကိုယ်သည် အနည်းငယ်တုန်လှုပ်သွားကာ စကားပြောနေစဉ် ဒေါသသံအနည်းငယ်ပါဝင်နေခဲ့သည်။
တိတ်တိတ်နေစမ်း...
ထိုစကားကိုကြားချိန်တွင် သခင်လေးဝူသည် ကြောက်ရွံ့မှုကြောင့်တုန်ခါသွားခဲ့ကာ သူ့အဖော်၏ပါးစပ်ကို ဖုံးထားလိုက်သည်။
ထို့နောက်တွင် သူသည် အဖော်ဖြစ်သူ၏အနားသို့ တိုးကပ်ကာ တိုးတိုးလေးပြောလိုက်သည်။
"တိတ်တိတ်နေစမ်း...မင်းကတကယ်ဘဲ အသက်မရှင်ချင်တော့ဘူးလား...ဒီလူငယ်က အရင်ကငါမင်းကိုပြောဖူးတဲ့ ကျောက်မိသားစုရဲ့တတိယသခင်လေးပဲ...သူ့ရဲ့လုပ်ပုံလုပ်နည်းတွေက အရမ်းကိုရက်စက်ကြမ်းကြုတ်လွန်းတယ်"
သခင်လေးဝူသည် ထိုစကားကိုပြောပြီးသည်နှင့် သူ၏မျက်နှာသည်ဖြူဖျော့သွားခဲ့ပြီး သူ၏မျက်လုံးများက ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေခဲ့သည်။
"အဲ့ဒါသူ့ကိုပြောတာလား"
ခဏလောက်အကြာတွင် အဖော်နှစ်ယောက်၏ခန္ဓာကိုယ်သည် ကြောက်ရွံ့မှုကြောင့် အဆက်မပြတ်တုန်ခါလာခဲ့သည်။
သူတို့၏စိတ်အတွေးထဲတွင် သခင်လေးဝူမကြာသေးမှီက လေသံတိုးတိုးဖြင့်ပြောခဲ့သည့် စကားသံက အထပ်ထပ်အခါခါ ပြန်လည်ကြားယောင်လာခဲ့သည်။
"ကျောက်မိသားစုက တကယ့်အင်အားစုကြီးတစ်ခုပဲ...သူတို့ကအရမ်းကိုအစွမ်းထက်တယ်...အထူးသဖြင့် တတိယသခင်လေးဖြစ်တဲ့ ကျောက်ခွန်ဟာဆိုရင် ရက်ရက်စက်စက်ပြုကျင့်ရတာကို တကယ်သဘောကျတယ်"
သူတို့၏ရှေ့မှလူငယ်သည် မည်သူမည်ဝါဖြစ်ကြောင်း သိရှိပြီးနောက်တွင် သူတို့၏နဖူးပေါ်မှ ချွေးအေးများစီးကျလာပြီး စကားမပြောရဲကြတော့ပေ။
သို့သော်လည်း သခင်လေးဝူသည် လက်ရှိအခြေအနေကိုမြင်သောအခါ သူ၏ထိတ်လန့်နေသောမျက်နှာပေါ်၌ ကျေနပ်နှစ်သက်သည့် အမူအရာတို့ထွက်ပေါ်လာခဲ့သည်။
"ကျောက်မိသားစုထွက်ပေါ်လာတာဟာ အင်မောတယ်အကြီးအကဲနဲ့ဆက်စပ်နေတယ်လို့ ငါ့ဘိုးဘေးက ပြောဖူးတယ်...တစ်ခါကဆိုရင် ကျောက်မိသားစုရဲ့ဘိုးဘေးက အင်မော်တယ်အကြီးအကဲဆီ လာရောက်လည်ပတ်ဖူးတယ်...အဲ့ဒီလူအိုကြီးက တကယ်အောင်မြင်တဲ့လူတစ်ယောက်ဖြစ်ပြီး ငါကိုယ်တိုင်လေးစားအားကျရတဲ့လူတစ်ယောက်ဖြစ်တယ်"
ထိုအကြောင်းကို ပြောနေရင်း သခင်လေးဝူသည် ကျောက်ခွန်၏အခြေအနေကို ဆက်လက်တွေ့မြင်လိုသည့်အတွက် ခေါင်းကိုတိတ်တိတ်လေးမော့ကြည့်လိုက်သည်။
သို့သော်လည်း ကျောက်ခွန်၏လုပ်ဆောင်ချက်က သခင်လေးဝူကိုအံ့သြသွားစေခဲ့သည်။
ဝုန်း...
သခင်လေးကျောက်သည် သက်ရှည်ဘုရားကျောင်း၏ တံခါးအနီးသို့လျှောက်သွားခဲ့ကာ တံခါးကိုညင်သာစွာတွန်းဖွင့်ရန် လုံးဝရည်ရွယ်ချက်မရှိခဲ့ပေ။ထို့အစား သူ၏ပါးစပ်ထောင့်စွန်းက အနည်းငယ်ကွေးညွတ်သွားခဲ့ကာ သူ၏ခြေထောက်ကိုမြှောက်လိုက်ပြီး ဘုရားကျောင်း၏တံခါးကို ကန်ချလိုက်တော့သည်။
ဘန်း...
သစ်သားတံခါးသည် ချက်ချင်းပြိုကျသွားခဲ့ကာ အနီးရှိအထူးရဲအရာရှိများကလည်း အံ့သြမှင်သက်သွားခဲ့သည်။
လှေကားထစ်အနီးတွင် တွန်းထုတ်ခံလိုက်ရ၍ ဒေါသတကြီးဖြစ်သော ခရီးသွားများသည်လည်း တိတ်ဆိတ်သွားခဲ့ကြသည်။
သခင်လေးဝူ၏နံဘေးရှိ အဖော်နှစ်ယောက်ကလည်း ပါးစပ်အဟောင်းသားဖြစ်သွားခဲ့သည်။
သခင်လေးဝူသည် မယုံကြည်နိုင်ဖြစ်နေသောအမူအရာဖြင့် သူ၏မျက်လုံးများကို ပြင်းပြင်းထန်ထန်ပွတ်သပ်လိုက်သည်။
"တစ်ခုခု ကြီးကြီးမားမားဖြစ်တော့မှာပဲ"
အချိန်အတော်ကြာပြီးမှသာ သခင်လေးဝူက ထိုစကားလုံးကို ထုတ်ဖော်ပြောဆိုလိုက်သည်။
အမှန်တော့ လက်ရှိအချိန်တွင် သခင်လေးဝူသည်သာမက လူတိုင်းလိုလိုပင် ကြီးကြီးမားမားတစ်စုံတစ်ခုဖြစ်တော့မည်ဟု နားလည်လိုက်ကြသည်။
ဤနေရာသည် အင်မော်တယ်အကြီးအကဲ၏ နေအိမ်ဖြစ်သည်။နေ့စဉ်နေ့တိုင်းလိုလိုပင် ကာကွယ်မှုအပြည့်အဝကိုလည်း ရရှိထားပေသည်။
လက်တွေ့ကမ္ဘာတွင် မရေမတွက်နိုင်သောလူများသည် သူတို့၏အိပ်မက်ထဲ၌ပင် အင်မော်တယ်အကြီးအကဲနှင့် တွေ့ဆုံလိုစိတ်အပြည့်ရှိကြသည်။ထိုလူများအနက် ကြီးမားသောသြဇာအာဏာနှင့်ဂုဏ်သရေတို့အားပိုင်ဆိုင်သူ မည်မျှရှိနေကြောင်း အတိအကျမသိနိုင်ပေ။
သို့သော်လည်း ယနေ့အချိန်တွင်မူ ကျောက်မိသားစု၏သခင်လေးသည် အင်မော်တယ်အကြီးအကဲအား လာရောက်ဂါဝရပြုပုံမရပေ။သို့သော်လည်း တံခါးကိုကန်ဖွင့်လိုက်သည့်လုပ်ရပ်မှာ အလွန်ပင်ရူးမိုက်ရာကျပေသည်။ထိုအရာသည် ကောလဟာလများကဲ့သို့မဟုတ်ပေရာ အထဲ၌ကြီးကြီးမားမားတစ်စုံတစ်ခုဖြစ်ရန် ဖြစ်နိုင်ခြေရှိပေသည်။
"သခင်လေးကျောက်...ဒီနေရာက အင်မော်တယ်အကြီးအကဲနေထိုင်တဲ့နေရာဖြစ်တယ်...သခင်လေးခုလို ရိုင်းရိုင်းစိုင်းစိုင်းပြုလုပ်ဖို့ မသင့်တော်ပါဘူး"
အထူးရဲအရာရှိတစ်ယောက်က အဆုံးသတ်၌ တုံ့ပြန်စကားဆိုလိုက်သည်၊လက်ရှိအချိန်တွင် သူ၏အတွေးများကရှုပ်ထွေးနေကာ ကိုယ်ခန္ဓာသည်ပင် တုန်ရီနေခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ယနေ့တွင်သက်ရှည်ဘုရားကျောင်း၏တံခါးသည် ဖျက်ဆီးခံလိုက်ရပြီဖြစ်ရာ သူတို့အားလုံးမလွဲမသေ အပြစ်ပေးခံရတော့မည်ဖြစ်သည်။
"အိုး.."
ကျောက်ခွန်သည် မကျေမနပ်နှာခေါင်းရှုံ့လိုက်ကာ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ထိုအထူးရဲအားတစ်ချက်ကြည့်လိုက်သည်။ထို့နောက်တွင် သူ၏သက်တော်စောင့်များက ဝင်ရောက်လှုပ်ရှားရန် အသင့်ပြင်ဆင်လိုက်ကြသည်။
ထိုအခိုက်အတန့်တွင် သက်ရှည်ဘုရားကျောင်းတွင်းမှ အသံတစ်ခုထွက်ပေါ်လာခဲ့သည်။
"သူတို့ကိုဝင်ခွင့်ပေးလိုက်..."
ထိုအသံသည် ကျယ်လောင်ခြင်းမရှိသော်လည်း လူတိုင်း၏နားထဲသို့ ရှင်းရှင်းလင်းလင်းတိုးဝင်သွားခဲ့သည်။
ရဲအရာရှိများသည် ထိုအသံကိုကြားလိုက်ချိန်တွင် သူတို့၏ခန္ဓာကိုယ်များက တုန်ရီသွားခဲ့ကြသည်။သူတို့၏သွေးရောင်လွှမ်းနေသော မျက်လုံးများက ကျောက်ခွန်နှင့်အခြားသူများကို စိုက်ကြည့်နေခဲ့သော်လည်း နောက်ထပ်လှုပ်ရှားဝံ့ခြင်းမရှိတော့ဘဲ မရပ်မနားပြန်လည်ဆုတ်ခွာသွားခဲ့ကြသည်။
ထိုအချိန်တွင် သက်တော်စောင့်များသည် မောက်မာမှုအပြည့်ဖြင့် တစ်ယောက်ပြီးတစ်ယောက် သူတို့၏ခေါင်းများကို မြှောက်ပင့်ထားလိုက်ကြသည်။
"ဟမ့်...နည်းနည်းတော့စိတ်ဝင်စားစရာပဲ"
ကျောက်ခွန်သည် အေးစက်သောအမူအရာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး သက်ရှည်ဘုရားကျောင်းအတွင်းသို့ တိုက်ရိုက်ဝင်ရောက်သွားခဲ့သည်။
ဘန်း...
ကျောက်ခွန်၏သားရေဖိနပ်က ပြိုကျလုဆဲဆဲတံခါးကို စီးနင်းဝင်ရောက်ချိန်၌ ထိုသစ်သားတံခါးက ဘုရားကျောင်းထဲသို့ ပြုတ်ကျသွားခဲ့သည်၊
"ကြီးကြီးမားမားတစ်စုံတစ်ခု ဖြစ်လာတော့မယ်ထင်တယ်"
"ဟေ့ကောင်...ငါဘာကိုတွေ့မြင်လိုက်ရတာလဲ"
"တစ်ယောက်ယောက်က သက်ရှည်ဘုရားကျောင်းတံခါးကို ချိုးဖျက်ဝင်ရောက်ခဲ့တာလား"
ကျောက်ခွန်သည် သက်တော်စောင့်များနှင့်အတူ သက်ရှည်ဘုရားကျောင်းထဲသို့ ဝင်ရောက်သွားချိန်တွင် ခရီးသွားများသည် တစ်ယောက်ပြီးတစ်ယောက် အော်ဟစ်ပြောဆို တုံ့ပြန်ခဲ့ကြသည်။ယခုတစ်ကြိမ်တွင်မူ အထူးရဲအရာရှိများက သူတို့အားထပ်မံဆူပူရဲခြင်းမရှိကြတော့ပေ။
ဟူး....
ကျောက်ခွန်သည် သက်ရှည်ဘုရားကျောင်း၏ ခြံဝင်းအတွင်းသို့ လမ်းလျှောက်ဝင်ရောက်သွားချိန်တွင် လေပြေညှင်းလေးတိုက်ခတ်လာကာ အေးစိမ့်စိမ့်ဖြစ်သလို ခံစားလိုက်ရသည်။
သို့သော်လည်း ထိုအရာက သူ၏အရှိန်အဟုန်အား မထိခိုက်စေခဲ့ပေ။
"ဟမ့်...နတ်ဘုရားတစ်ပါးလိုဟန်ဆောင်ပြီး နတ်ဆိုးတစ်ကောင်လိုပြုမူနေတာလား"
ကျောက်ခွန်က မထီမဲ့မြင်လေသံဖြင့် ထိုသို့အော်ဟစ်ပြောဆိုလိုက်သည်။
ကျောက်ခွန်သည် သက်ရှည်ဘုရားကျောင်းထဲသို့ ရောက်ရှိလာချိန်တွင် ဧည့်ခန်းအဝင်ဝ၌ ဝတ်စုံနက်ဝတ် အဖြူရောင်ဆံပင်ပိုင်ရှင် လူငယ်လေး၏နံဘေးတွင် ဒူးထောက်ထိုင်နေသော အဘိုးအိုတစ်ယောက်ကို တွေ့မြင်လိုက်ရသည့်အတွက် အနည်းငယ်အံ့သြသွားကာ မျက်မှောင်ကြုတ်မိလိုက်သည်။သို့သော်လည်း သူ၏မျက်လုံးများကမူ မာနများဖြင့်ပြည့်နှက်နေကော ဤနေရာရှိလူတိုင်းကို အထင်အမြင်သေးနေပုံရသည်။
"ဟမ့်...ဒီကမ္ဘာပေါ်မှာ အင်မော်တယ်ဆိုတာမရှိနိုင်ဘူး...မင်းပြောပုံအရဆိုရင် ငါ့အဘိုးဟာအနည်းဆုံး နောက်ထပ်၃နှစ်နေနိုင်ရဦးမှာဆိုပေမဲ့ ကံဆိုးစွာနဲ့မနေ့ညကပဲ ဆုံးပါးသွားခဲ့တယ်...ဒါကြောင့်မင်းနဲ့ငါ့အဘိုးကြား သဘောတူညီထားတဲ့ဘယ်လိုစီးပွားရေးလုပ်ငန်းမဆို ဒီနေ့ကစပြီးရပ်ဆိုင်းတော့မယ်...နောင်အနာဂတ်မှာ ကျောက်မိသားစုနဲ့ပတ်သက်တဲ့ ဘယ်လိုကိစ္စမျိုးမဆို ဝင်ပါခွင့်မရှိတော့ဘူး...ပြီးတော့ သက်ရှည်ဘုရားကျောင်းကလည်း ဆက်ပြီးရှိစရာမလိုတော့ဘူး...ခုဆိုရင်မင်းဆီမှာရွေးစရာနှစ်ခုရှိမယ်...မင်းကိုယ်မင်းသတ်သေမလား...ဒါမှမဟုတ်ငါရွေးပေးတဲ့နေရာမှာနေပြီး အကျယ်ချုပ်ချခံမလား"
ကျောက်ခွန်၏စကားသံအဆုံးတွင် ပတ်ဝန်းကျင်လေထုက တဖြည်းဖြည်းပိုမိုအေးစက်လာခဲ့သည်။
ထို့နောက်တွင် ပတ်ဝန်းကျင်ကိုတိတ်ဆိတ်ငြိမ်သက်ခြင်းက ကြီးစိုးသွားခဲ့ပြီး သစ်ရွက်ကြွေကျသံကိုသာ အတိုင်းသားကြားနေရတော့သည်။