တုန်လှုပ်ခြောက်ခြားခြင်း
Vol. 1 Ch. 7
ခွန်းလွန်တောင်...သက်ရှည်ဘုရားကျောင်း...
ထိုနေရာတွင် ဆူညံသံများ ထွက်ပေါ်လာပြီး သတင်းတစ်ပုဒ်က လျင်မြန်စွာပျံ့နှံ့လာခဲ့သည်။
"ဘာ...ခွန်းလွန်တောင်မှာရှိတဲ့ အင်မော်တယ်အကြီးအကဲရဲ့နေရာကို ကျောက်မိသားစုကလူတွေက ဝင်ရောက်ဖျက်ဆီးခဲ့တာလား..."
စီနီယာအရာရှိတစ်ယောက်သည် ထိုသတင်းကိုကြားပြီးနောက်တွင် ထိုင်ခုံပေါ်မှပြုတ်ကျလုနီးပါးဖြစ်သွားခဲ့သည်။ထို့နောက် သူ၏မျက်နှာသည်ဖြူဖျော့သွားပြီး လေသံတုန်တုန်ယင်ယင်ဖြင့် အော်ဟစ်လိုက်သည်။
"တစ်ယောက်ယောက်ကိုအမြန်လွှတ်လိုက်...ကျောက်မိသားစုကိုထပ်ပြီးမိုက်ရူးရဲမဆန်စေနဲ့တော့"
"ကျောက်မိသားစုကငတုံးတွေက အသက်ရှင်ရတာငြီးငွေ့နေတာလား...အင်မော်တယ်အကြီးအကဲကို စော်ကားတယ်ဆိုတာ သေလမ်းကိုရှာနေတာပဲ"
"တစ်ယောက်ယောက်ကိုချက်ချင်းလွှတ်လိုက်စမ်း...အဲ့ဒီကောင်တွေကို ရပ်တန့်ဖို့အတွက်နည်းလမ်းရှာလိုက်...တကယ်လို့ကျောက်မိသားစုကလက်မခံဘူးဆိုရင် ဘာမှစဉ်းစားမနေဘဲ ချက်ချင်းသစ်ပစ်"
မည်းမှောင်သောမျက်နှာထားဖြင့် လူအိုကြီးတစ်ယောက်သည် အေးစက်သောလေသံဖြင့် အမှောင်ထုထဲမှနေ၍ အမိန့်ပေးလိုက်သည်။
"အင်မော်တယ်အကြီးအကဲကို ပြသနာရှာဝံ့တယ်ပေါ့...ကျောက်မိသားစုကို ချက်ချင်းဆက်သွယ်လိုက်...သူတို့ဘာဖြစ်ချင်နေတာလဲ...ကျောက်မိသားစုနဲ့ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ချက်ချင်းရပ်စဲလိုက်"
လုပ်ငန်းရှင်ကြီးတစ်ယောက်သည် လုပ်ငန်းအစည်းအဝေးတက်ရန် ပြင်ဆင်နေခိုက် ထိုသတင်းကိုကြားချိန်တွင် လမ်းတစ်ဝက်မှနေ၍လှည့်ထွက်သွားကာ ဖုန်းဆက်၍အော်ဟစ်အမိန့်ပေးလိုက်သည်။
"ကျောက်မိသားစုရဲ့ တတိယသခင်လေးကျောက်ခွန်က ဒီပြသနာကိုအစပြုခဲ့တာ...ကျောက်ခွန်ကရူးသွားတာလား"
ထိုသတင်းကိုကြားချိန်တွင် မိသားစုကြီးများ၏သခင်လေးအချို့က အံ့သြသွားခဲ့ကြသည်။
သို့သော်လည်း ရေတွင်းထဲပြုတ်ကျနေသူတစ်ယောက်အား ခဲဖြင့်ထုချင်သောလူတချို့လည်း ရှိနေပေသေးသည်။
"ကြည့်ရတာ ကျောက်မိသားစုက ဒီအခက်အခဲကနေ ကျော်လွှားနိုင်ဖို့မသေချာတော့ဘူး...ဒါပေမဲ့ဒီလိုဖြစ်သွားတာလည်း မကောင်းတာတော့မဟုတ်ဘူး...အဲ့ဒီလူရဲ့စွမ်းအား ဘယ်လောက်ထိကျန်နေသေးလဲဆိုတာ အကဲခတ်ကြည့်ရမှာပဲ"
မိသားစုကြီးတစ်ခု၏ ဘိုးဘေးတစ်ယောက်သည် ထိုသတင်းကိုကြားချိန်တွင် မည်သည့်လှုပ်ရှားမှုမှမလုပ်ခဲ့ပေ။ထို့အစား သူသည် အနှိပ်ထိုင်ခုံပေါ်၌ အေးအေးလူလူအနားယူနေခဲ့ကာ သူ၏လက်ထဲ၌ကိုင်ထားသော လက်ဖက်ရည်ခွက်အား အပြုံးမပျက်မော့သောက်လိုက်သည်။
"ဘယ်လောက်ပဲကုန်ကျပါစေ ခွန်းလွန်တောင်တဝိုက်က ကားအသွားအလာတွေကို တစ်နာရီလောက်ပိတ်ဆို့ထားရမယ်"
"ဘယ်သူကမှ ခွန်းလွန်တောင်ပေါ်ကို တက်ခွင့်မရှိဘူး"
"ဒီနေ့ခေတ်မှာ ငတုံးတွေလိုစကားပြောတာက မှန်ကန်တဲ့လုပ်ရပ်မဟုတ်ဘူး...ဒီကမ္ဘာပေါ်မှာ အင်မော်တယ်တွေဆိုတာ တကယ်မရှိဘူး"
သတင်းက ဆက်လက်ပျံ့နှံ့နေခဲ့သည်။အချို့သောလူများသည် ဝမ်အန်းအားကူညီလိုစိတ်ဖြင့် ခွန်းလွန်တောင်ဆိသို့ အပြေးအလွှားသွားရောက်နေကြသည်။
အချို့သောလူများကမူ ရှိုးတစ်ခုအားကြည့်ရှုရန်ရည်ရွယ်ချက်ဖြင့် ခွန်းလွန်တောင်သို့သွားရာလမ်းတလျှောက်တွင် အမျိုးမျိုးသောပြဿနာများကိုဖန်တီးရန်အတွက် လူအချို့ကိုလျှို့ဝှက်စွာဖြင့်စေလွှတ်ခဲ့ကြသည်။သူတို့သည် ခွန်းလွန်တောင်သို့ မသက်ဆိုင်သူများမရောက်ရှိစေရန် နည်းလမ်းပေါင်းစုံဖြင့်တားဆီးကာ ကျောက်ခွန်အတွက် အချိန်ဆွဲပေးထားကြသည်။
ထို့နေ့တွင် တရုတ်ပြည်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။အမှောင်ထုနောက်ကွယ်တွင် ရေစီးကြောင်းများက အရူးအမူးစီးဆင်းနေခဲ့ကြသည်။
ထို့နောက်တွင် ကမ္ဘာတစ်ဝှမ်းလုံးမှနေ၍ ခွန်းလွန်တောင်ဆီသို့ သွားရောက်သည့် ခရီးသွားဧည့်သည်များ လျင်မြန်စွာတိုးပွားလာခဲ့သည်။လေယာဉ်လက်မှတ်များ၊ရထားလက်မှတ်များ၊ဘတ်စ်ကားလက်မှတ်များသည်ပင် တစ်နာရီအတွင်း အားလုံးနီးပါးရောင်းကုန်သွားခဲ့သည်။
ယခုအချိန်တွင် ခွန်းလွန်တောင်ပေါ်ရှိ ဧည့်ခန်းမအတွင်း၌ လုံးဝခြားနားသည့်အခြေအနေတစ်ခုကို မြင်တွေ့ရမည်ဖြစ်သည်။
ဧည့်ခန်းမအတွင်းရှိ လေထုသည်ရုတ်တရက်အေးခဲသွားသလိုမျိုး ထိုနေရာရှိလူတိုင်း ငြိမ်သက်နေခဲ့ကြသည်။
သူ၏လက်ကိုဆန့်တန်းကာ ယဲ့ပိုင်၏လည်ပင်းကို ဖမ်းဆုပ်ရန်ကြိုးပမ်းခဲ့သော သက်တော်စောင့်သည် ယဲ့ပိုင်နှင့်ဆယ်စင်တီမီတာအကွာအဝေးသို့ ရောက်ရှိနေသော်လည်း သူမည်မျှပင်အားထုတ်ကြိုးပမ်းပါစေ ရှေ့သို့အနည်းငယ်မျှပင် မလှမ်းနိုင်တော့ပေ။
သူ၏လက်မောင်းတွင် သွေးကြောများပင်ထွက်ပေါ်လာပြီး မျက်လုံးများကလည်း သွေးရောင်ဖြင့်ရဲရဲနီနေခဲ့သည်။
"ဘာဖြစ်တာလဲ...ငါဘာလို့မလှုပ်နိုင်ရတော့တာလဲ"
သက်တော်စောင့်ဖြစ်သူ၏ နှလုံးသားထဲ၌ မကြုံစဖူးကြောက်ရွံ့မှုတစ်ခု လွှမ်းခြုံလာခဲ့သည်။
"ငါ့ခန္ဓာကိုယ်က တောင့်တင်းနေတယ်"
"ဒါကိုဘယ်သူလုပ်လိုက်တာလဲ..."
"အင်မော်တယ်တွေဆိုတာ တကယ်ရှိနေတာလား"
"ဒါကဘယ်လိုဖြစ်သွားရတာလဲ..."
အနီးအနားတွင်ရှိနေသော အခြားသောသက်တော်စောင့်များလည်း ထိုနည်းတူပင်ဖြစ်သည်။သူတို့အားလုံးသည် တုန်လှုပ်ခြောက်ခြားသွားကြပြီး သူတို့၏နှလုံးသားက အဆက်မပြတ်ခုန်ပေါက်လုနီးပါးဖြစ်နေကြကာ စကားတစ်ခွန်းမှမပြောနိုင်တော့ပေ။
ကျောက်ခွန်၏သက်တော်စောင့်များသည် အစွမ်းထက်သောတိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားကြပြီး စစ်မြေပြင်မှထွက်ခွာလာသည့် စစ်မှုထမ်းဟောင်းများဖြစ်ကြောင်း သိထားရမည်ဖြစ်သည်။
သက်တော်စောင့်တစ်ယောက်စီတိုင်းသည် အနည်းဆုံးရန်သူဆယ်နှင့်ချီ၍ သတ်ဖြတ်ဖူးကြသူများဖြစ်ကြသည်။
ယနေ့ခေတ်တွင် အတိတ်တစ်ချိန်ကလူတစ်ယောက်ကို သတ်ဖြတ်ခဲ့ခြင်းသည် လွန်စွာမှမထူးဆန်းတော့ပေ။
သက်တော်စောင့်များသည် လှုပ်ရှားနိုင်ခြင်းမရှိသလို ကျောက်ခွန်ကလည်း အလားတူပင်ဖြစ်ပေသည်။
သူသည် လေပေါ်မြှောက်ထားသည့်လက်ကို မည်မျှပင်ခက်ခက်ခဲခဲပြန်ချပါစေ လုံးဝပြန်ချ၍မရခဲ့ပေ။
ထိုအခိုက်အတန့်တွင် ကျောက်ခွန်၏မာနကြီးသောအကြည့်များက တဖြည်းဖြည်းပြောင်းလဲလာခဲ့သည်။အစောပိုင်းတွင် သူ၏အကြည့်သည် အံ့သြတုန်လှုပ်နေရာမှ ကြောက်ရွှံ့မှုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
"ခုနကငါဘာပြောခဲ့လဲ မှတ်မိပြီလား"
ယဲ့ပိုင်သည် ထိုင်ခုံပေါ်မှမထဘဲ တိုးတိုးလေးပြောလိုက်သည်။
ယဲ့ပိုင်သည် ထိုသို့ပြောပြီးသည်နှင့် သူ၏လက်ချောင်းများကို ဆန့်ထုတ်လိုက်ကာ သန့်ရှင်းသပ်ရပ်နေသော ကော်ဖီစားပွဲအား အသာအယာတစ်ချက်ခေါက်ထည့်လိုက်၍ ပြတ်သားသည့်အသံတစ်ခုထွက်ပေါ်လာခဲ့သည်။
ထို့နောက်တွင် ကြောက်မက်ဖွယ်ကောင်းသည့် အရာတစ်ခုဖြစ်ပျက်ခဲ့သည်။
ယဲ့ပိုင်၏လည်ပင်းကို ဖမ်းဆုပ်ရန်ကြိုးပမ်းခဲ့သော သက်တော်စောင့်သည် ရုတ်တရက်ဖောင်းပွလာပြီး နီမြန်းသောသွေးမှုန်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ပို၍ကြောက်စရာကောင်းသည်မှာ ထိုအရာသည်အစမျှသာရှိသေးခြင်းဖြစ်သည်။
ထို့နောက်
ဒုတိယမြှောက်သက်တော်စောင့်...တတိယမြှောက်သက်တော်စောင့်...
မျက်စိတစ်မှိတ်အတွင်းမှာပင် ယဲ့ပိုင်အားတိုက်ခိုက်ရန် ကြိုးပမ်းလာသည့် သက်တော်စောင့်များသည် ကျောက်ခွန်နှင့်ဝမ်အန်းတို့၏ရှေ့တွင် သူတို့၏ဦးခေါင်းများတိုက်ရိုက်ပေါက်ကွဲသွားကာ သွေးမှုန်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုသွေးအမှုန်အမွှားများသည်လည်း စက္ကန့်ပိုင်းလေးအတွင်း လုံးဝပျောက်ကွယ်သွားခဲ့ကာ ဤတလျှောက်လုံးသက်ရှည်ဘုရားကျောင်းတွင်းသို့ သူတို့လုံးဝမရောက်လာခဲ့ဟန် ဖြစ်နေခဲ့သည်။
သွေးရနံ့သင်းသင်းလေးက လေထုထဲ၌ယခုတိုင်ရှိနေသေးသည်။
သက်တော်စောင့်များအားလုံး ပျောက်ကွယ်သွားပြီးနောက်တွင် ယဲ့ပိုင်က ချုပ်နှောင်ခြင်းကို ဖယ်ရှားလိုက်သည်။
ကျောက်ခွန်၏မျက်နှာသည် သေလုမတတ်ဖျော့တော့နေကာ သူ၏ခြေထောက်များကပျော့ခွေသွားပြီး မြေကြီးပေါ်သို့လဲကျသွားခဲ့သည်။
ဝမ်အန်းသည် ကျောက်ခွန်အားမျက်စောင်းထိုးကြည့်လိုက်ပြီး သူ၏အကြည့်၌ ကြောက်ရွံ့မှုအချို့ရှိနေခဲ့သည်။
ယဲ့ပိုင်ကို သူသိထားသည်မှာကြာပြီဖြစ်သည်။
ငယ်စဉ်ကတည်းက သူသည်ယဲ့ပိုင်နောက်သို့ တကောက်ကောက်လိုက်ကာ ဆရာအဖြစ်သတ်မှတ်ခဲ့သည်။
သူ၏အမြင်တွင် ယဲ့ပိုင်သည် သူကိုယ်တိုင်ပင်နားမလည်နိုင်သော ကြောက်မက်ဖွယ်ရာ တည်ရှိမှုတစ်ခုဖြစ်ပြီး သူသည်လူသားများအတွက် လက်လှမ်းမမှီသော အင်မော်တယ်တစ်ပါးဖြစ်သည်။
သို့သော်လည်း ဝမ်အန်းသည် ယဲ့ပိုင်မှတစ်စုံတစ်ယောက်အား သတ်လိုက်တိုင်း ယဲ့ပိုင်၏ဒေါသထွက်နေသော အသွင်အပြင်ကို တစ်ခါမှမတွေ့မြင်ဖူးပေ။
သူသည် လူများသတိမထားမိရအောင် သူ၏လက်ချောင်းထိပ်ဖြင့် အသက်ကိုနှုတ်ယူလေ့ရှိသည်။ယဲ့ပိုင်သည် လူသတ်မှုပြီးသည့်အခါတိုင်း မျက်မှောင်တစ်ချက်မကြုတ်ဘဲ တည်ငြိမ်သောမျက်နှာဖြင့် လက်ဖက်ရည်အား မြည်းစမ်းနေခဲ့သည်။
ထိုမြင်ကွင်းကို ယနေ့ပြန်မြင်လိုက်ရချိန်တွင် ဝမ်အန်း၏ခန္ဓာကိုယ်သည် အပူချိန်သုညဒီဂရီအောက် ရောက်ရှိနေသကဲ့သို့ အချိန်အတော်ကြာအေးခဲသွားသလို ခံစားလိုက်ရသည်။
သူ၏ရင်ထဲတွင် ယဲ့ပိုင်အားအမြဲတစေ သစ္စာစောင့်သိခဲ့သည့်အတွက် ကံကောင်းသည်ဟုယူဆမိလိုက်သော်လည်း တစ်ချိန်တည်းမှာပင် ယဲ့ပိုင်အားသစ္စာဖောက်ရန် ကြိုးစားနေသူများအတွက် တိတ်တဆိတ်ဝမ်းနည်းခဲ့ရသည်။
စည်းစိမ်ဥစ္စာအတွက် သစ္စာဖောက်ခဲ့သူများက သူတို့သစ္စာဖောက်ခဲ့သူသည် မည်မျှထိကြောက်မက်ဖွယ်ကောင်းကြောင်း သူတို့သေဆုံးချိန်ထိ မသိလိုက်ကြမည်ကို သူစိုးရိမ်မိပေသည်။
"မင်းကဘယ်သူလဲ..."
"မင်းကနတ်ဆိုးပဲ..."
"မင်းကနတ်ဆိုးတစ်ကောင်...နတ်ဆိုးတစ်ကောင်ပဲ"
ကျောက်ခွန်သည် သတိပြန်ဝင်လာပြီးနောက်တွင် ယခင်ကရှိခဲ့ဖူးသည့် သူ၏တည်ငြိမ်သောသွင်ပြင်ကို မည်သည့်နေရာတွင်မှ ရှာမတွေ့တော့ပေ။သူ၏ခြေထောက်နှစ်ချောင်းက မြေပြင်ပေါ်၌ပျော့ခွေကျနေခဲ့သည်။သူသည် စကားပြောရန်အတွက် ပါးစပ်ကိုဖွင့်လိုက်သည့်အချိန်တိုင်းတွင် သက်တော်စောင့်များ သတ်ဖြတ်ခံရသည့်ပုံရိပ်က သူ့စိတ်ထဲတွင်ထပ်ခါတလဲလဲဖြစ်ပေါ်နေခဲ့သည်။
"လုပ်လိုက်တော့..."
ယဲ့ပိုင်သည် ကျောက်ခွန်ကိုလှည့်ပင်မကြည့်ဘဲ ဝမ်အန်းကို တိုးတိုးလေးအမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့ပါ ဆရာ"
ဝမ်အန်းက ခေါင်းငုံ့၍ ပြောလိုက်သည်။
ထို့နောက်သူသည် ကျောက်ခွန်၏ရှေ့သို့ခြေလှမ်းနှစ်လှမ်းဖြင့် ရောက်ရှိသွားခဲ့ကာ သူ၏အိုမင်းသောလက်ကိုဆန့်ထုတ်၍ ကျောက်ခွန်ကို ကော်လာမှဆွဲမလိုက်ပြီး သက်ရှည်ဘုရားကျောင်း၏တံခါးဝထံ ဆွဲခေါ်သွားခဲ့သည်။
ဝမ်အန်းသည် ပြိုလဲပျက်စီးနေသောတံခါးကိုမြင်ပြီးနောက် အနည်းငယ်မျက်မှောက်ကြုတ်မိလိုက်သည်။ထို့နောက် သူ၏လက်မောင်းများ၌ အားအနည်းငယ်စိုက်ထုတ်လိုက်ပြီး ကျောက်ခွန်အား သက်ရှည်ဘုရားကျောင်းအပြင်ဘက်သို့ လွှင့်ပစ်လိုက်သည်။
ကျောက်ခွန်သည် လွှင့်ပစ်လိုက်သောအရှိန်ကြောင့် ကျောက်လှေကားထစ်များပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
ခရက်ခ်...ခရက်ခ်...
ထိုအခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်တွင်းရှိ အရိုးများအားလုံးကျိုးသွားသလို ကျောက်ခွန်ခံစားလိုက်ရသည်။
"နတ်ဆိုး..."
"သေချာတယ်...သူကနတ်ဆိုးတစ်ကောင်ပဲဖြစ်ရမယ်"
ကျောက်ခွန်သည် သွေးများစွန်းထင်းနေသော သူ၏ခေါင်းကိုလက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ထားခဲ့သည်။သူသည် လွန်စွာမှသွေးပျက်ခြောက်ခြားနေသည့် လေသံဖြင့် ကျယ်လောင်စွာအဆက်မပြတ်အော်ဟစ်နေသေးသည်။
"ဒီနေ့ သက်ရှည်ဘုရားကျောင်းကိုပိတ်လိုက်ပြီ...ဘယ်သူမှဆက်ပြီးအနှောင့်အယှက်မပေးကြနဲ့တော့"
ကျောက်ခွန်အားလွှင့်ပစ်လိုက်ပြီးနောက် ဝမ်အန်း၏အသံက ပျံ့နှံ့သွားခဲ့သည်။
သက်ရှည်ဘုရားကျောင်း၏တံခါးဝတွင် စုပြုံနေကြသော ခရီးသွားများသည် ချက်ချင်းပင်တိတ်ဆိတ်သွားခဲ့ကြသည်။
အဝေးမှရောက်လာသည့်လူတော်တော်များများသည် အသက်ပင်မရှုရဲကြပဲ တောင့်တင်းသွားခဲ့ကြသည်။ဝမ်အန်းသည် ဧည့်ခန်းတွင်းသို့ ပြန်ရောက်လာပြီး ယဲ့ပိုင်၏ရှေ့မှောက်တွင် ထပ်မံ၍ဒူးထောက်ချလိုက်သည်။ထိုခဏတွင် သူ၏သွင်ပြင်သည် သာမန်အဘိုးကြီးတစ်ယောက်သဖွယ် ပြန်လည်ရောက်ရှိသွားခဲ့သည်။