← Chapters

မွှေးရနံ့

Vol. 1 Ch. 8

မွှေးရနံ့

Vol. 1 Ch. 8

ယဲ့ပိုင်သည် လက်ဖက်ရည်ဆက်မသောက်တော့ဘဲ တိတ်ဆိတ်စွာဖြင့် ငြိမ်ငြိမ်လေးထိုင်နေလိုက်သည်။

သူ၏အကြည့်များက ဧည့်ခန်းတဝိုက်ကို တိတ်တဆိတ်ကြည့်နေခဲ့သည်။ဧည့်ခန်းကသေးငယ်သော်လည်း ထိုနေရာတဝိုက်တွင် ကြည့်ရှုစရာအရာများစွာ ရှိခဲ့ပေသည်။

ယဲ့ပိုင်နှင့်ဆန့်ကျင်ဘက်နံရံတွင် ရှုမျှော်ခင်းများကိုရေးဆွဲထားသည့် ပန်းချီကားတစ်ချပ်ရှိနေခဲ့သည်။

ပန်းချီကားထဲတွင် ကောင်းကင်သည်မှိန်ဖျော့နေကာ ကျီးကန်းအုပ်စုတစ်ခုက ညှိးနွမ်းနေသော စပျစ်နွယ်ပင်များဖြင့် ကာရံထားသည့် သစ်ပင်အိုကြီးများကိုဝိုင်းရံကာ အဆက်မပြတ်ငိုကြွေးနေသကဲ့သို့ ဖြစ်နေခဲ့သည်။

တံတားအောက်တွင် ရေများကတဟုန်ထိုးစီးဆင်းနေပြီး တံတားဘေးနားရှိ အိမ်များထံမှ မီးခိုးများကို တွေ့မြင်နိုင်သည်။

ရှေးဟောင်းခေတ်လမ်းမပေါ်၌ မြင်းပိန်လေးတစ်ကောင်သည် ဖြည်းညှင်းစွာလျှောက်သွားနေခဲ့သည်။အနောက်လေသည် တဖြည်းဖြည်းတိုက်ခတ်နေသော်လည်း အနောက်ဘက်မှနေ၍ နေမင်းကကျဆင်းနေခဲ့သည်။

ထိုပန်းချီကားများတွင် အတုအယောင်များ မပါရှိပေ။

သို့သော်လည်း တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် ထိုပန်းချီကားများသည် လွန်စွာမှအဖိုးတန်သော ရှေးဟောင်းပစ္စည်းတစ်ခုဖြစ်ကြောင်း ချက်ချင်းသိနိုင်ပေသည်။

ထိုပန်းချီကားများကို တွေ့မြင်လိုက်ချိန်တွင် ယဲ့ပိုင်၏နှလုံးသားက လှုပ်ရှားလာခဲ့သည်။ထိုအခိုက်အတန့်တွင် ယဲ့ပိုင်၏အတွေးထဲ၌ မြင်ကွင်းတစ်ခုဖြစ်ပေါ်လာခဲ့သည်။အတိတ်တစ်ချိန်က သူသည်ရွာလေးတစ်ရွာကိုဖြတ်သွားရင်း ကဗျာများကိုရေးစပ်တတ်သည့် ဆယ်ကျော်သက်လေးတစ်ယောက်ကို သတိရသွားခဲ့သည်။

ထိုအချိန်ကသူသည် စိတ်အားထက်သန်စွာဖြင့် စုတ်တံနဲ့ပိတ်ကားတစ်ချပ်ကို အသုံးပြုကာ ပန်းချီကားတစ်ချပ်အား ရေးဆွဲခဲ့သည်။

အဆုံးသတ်တွင် သူသည် ထိုပန်းချီကားကို ကောင်လေးအားပေးအပ်ခဲ့သည်။

နှစ်ပေါင်းများစွာကြာပြီးနောက်တွင် ကောင်လေးကြီးပြင်းလာချိန်၌ အရာများစွာကိုတွေ့မြင်ခဲ့ပြီးနောက် လူများ၏အကြောင်းကိုတွေးတောမိကာ ခေတ်အဆက်ဆက်ဖြတ်သန်းလာသည့် မြင်ကွင်းများအကြောင်းကို ရေးဆွဲခဲ့သည်။

ညိုးနွမ်းနေသော စပျစ်နွယ်ပင်များနှင့်သစ်ပင်အိုများ ၊ ကျီးကန်အုပ်စုများ ၊ တံတားငယ်များ ၊ စီးဆင်းနေသောစမ်းရေများ ၊ ရှေးခေတ်အချိန်၌ တိုက်ခတ်နေသောအနောက်လေနှင့် ပိန်လှီနေသောမြင်းများ ၊ နေဝင်ချိန်ကာလ၌ အထီးကျန်နေသောသူများက ကမ္ဘာအဆုံးထိတိုင်ရှိနေမှာဖြစ်သည်။

သို့သော်လည်း ထိုအထီးကျန်နေသော လူသားသည် ကဗျာပညာရှင်မာကျစ်ယွင်ကို ရည်ညွန်းထားခြင်းမဟုတ်ကြောင်း အနာဂတ်မှလူများမသိကြပေ။ထိုလူသည် အေးစက်မှောင်မိုက်သော ညတစ်ခုတွင် သူ့အားနောက်ကျောပေးကာ ရွာထဲမှထွက်ခွာသွားသည့် ယဲ့ပိုင်၏အထီးကျန်ဆန်သော ပုံရိပ်ဖြစ်ပေသည်။

ထိုနာမည်ကျော်ကြားသောကဗျာသည် ပန်းချီကားတစ်တစ်ချပ်မှ ဆင်းသက်လာခြင်းဖြစ်ကြောင်း မည်သူမှထင်ထားမည်မဟုတ်ပေ။ထိုပန်းချီဆရာသည်ကား နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာမြင့်သွားသော်လည်း အသက်ရှင်သန်နေသေးသည်။

...

"ဟင်း..."

ယဲ့ပိုင်သည် အလွန်ပင်တည်ငြိမ်နေခဲ့သည်။အချိန်အတော်ကြာပြီးနောက်တွင် သူ၏အတွေးများက အဝေးသို့လွှင့်စင်သွားခဲ့ပြီးနောက် တိုးတိုးလေးသက်ပြင်းချလိုက်သည်။

"ဆရာ..."

ထိုမြင်ကွင်းကိုကြည့်၍ မြေပေါ်ဒူးထောက်နေသည့် ဝမ်အန်းသည် တုန်လှုပ်ခြောက်ခြားသွားခဲ့သည်။

ထို့နောက်တွင် ယဲ့ပိုင်ကစကားဆက်မပြောတော့ဘဲ ဝမ်အန်းကသာ မရပ်မနားဆက်ပြောတော့သည်။

"ဆရာ...ဒီလိုဖြစ်ရတာက ငါအလုပ်ကောင်းကောင်းမလုပ်နိုင်လို့ပါ...ငါသာအစောကတည်းက ကျောက်မိသားစုကိုဖျက်ဆီးခဲ့မယ်ဆိုရင် ဒီလိုဖြစ်လာစရာအကြောင်းမရှိဘူး...ဒီကိစ္စပြီးသွားရင် ငါကိုယ်တိုင်ကျောက်မိသားစုကို ဖျက်ဆီးပစ်မယ်"

"အင်း..."

"ဆရာ...ခုနကကျောက်ခွန်ကို ဒီတိုင်းလွှတ်ပေးစရာမလိုဘူး...အဲ့ဒီကောင်လေးက အရမ်းကိုရိုင်းစိုင်းတယ်...သူ့ကိုအရှင်မထားသင့်ဘူး"

"အင်း..."

"ဆရာ..."

ဝမ်အန်းက ဆက်ပြီးစကားပြောနေဆဲဖြစ်သည်။ခုနက ကျောက်ခွန်ပြောခဲ့သည့်စကားများက သူ့အားလွန်စွာမှစိတ်မသက်မသာဖြစ်စေခဲ့သည်။

သို့သော်လည်း ဝမ်အန်းက စကားဆက်ပြောနေသည့်အချိန်တွင် ယဲ့ပိုင်ကခေါင်းကိုလှည့်၍ ဝမ်အန်းအားကြည့်လိုက်တော့သည်။ထို့ကြောင့် ဝမ်အန်းသည် ခဏလောက်ထိတ်လန့်သွားပြီး ချက်ချင်းငြိမ်သက်သွားခဲ့သည်။

"အန်းလေး...မင်းတော်တော်အသက်ကြီးနေပြီ"

ယဲ့ပိုင်၏အသံသည် ဖြစ်ရပ်မှန်တစ်ခုအား ဇာတ်ကြောင်းပြန်ပြောပြနေသကဲ့သို့ ငြိမ်သက်နေခဲ့သည်။သူ၏လေသံတွသ် မမြင်တွေ့နိုင်သော မှော်စွမ်းအားအချို့ပါဝင်နေကာ သူ၏မျက်လုံးများက ညဏ်ပညာဖြင့်ပြည့်ဝနေကာ အရာအားလုံးကို တွေ့မြင်နေရသကဲ့သို့ ယူဆစေခဲ့သည်။

ဝမ်အန်းသည် ထိုစကားကိုကြားပြီးနောက် ရပ်တန့်သွားခဲ့ကာ သူ၏မျက်လုံးထောင့်စွန်းမှနေ၍ မျက်ရည်များ မရပ်တန့်နိုင်အောင်စီးကျနေခဲ့သည်။

ထိုအခိုက်အတန့်တွင် သူ၏ဆံပင်များက ယခင်ကထက်ပိုမိုဖြူဖျော့သွားပုံရသည်။

သူသည် ထိုအကြောင်းကိုရှင်းပြလိုသော်လည်း သူ၏လည်ချောင်း၌ တစ်စုံတစ်ခုတစ်နေသကဲ့သို့ အချိန်အတော်ကြာ စကားမပြောနိုင်ခဲ့ပေ။

ခွန်းလွန်တောင်တန်းမှ အင်မော်တယ်အကြီးအကဲ...

ဤကမ္ဘာကြီးတွင် သူသည် အမြဲတမ်းလိုလိုပင် ရက်စက်ကြမ်းကြုတ်ပြီး အေးစက်သောမျက်နှာထားနှင့် လျှို့ဝှက်ဆန်းကြယ်မှုများဖြင့်ပြည့်နှက်နေသည့် ဖြစ်တည်မှုတစ်ခုဖြစ်သည်။သို့သော်လည်း ယနေ့တွင်မူ သူသည်သူ၏ပုံရိပ်ကို အကြိမ်ကြိမ်အခါခါပြန်လည်ဆန်းစစ်နေခဲ့သည်။အကယ်၍ အခြားသူများက ဝမ်အန်း၏လက်ရှိအခြေအနေကို တွေ့မြင်ပါက လွန်စွာထိတ်လန့်သွားကြမည်ဖြစ်သည်။

အချိန်ကာလသည် လူသားများအပေါ်ခွင့်မလွှတ်တတ်ပေ။နှစ်ရှည်လများ ကြာမြင့်လာသည်နှင့်အမျှ ကမ္ဘာကြီးကို ထိတ်လန့်တုန်လှုပ်စေခဲ့သော ဂုဏ်သိက္ခာကြီးမားသည့် လူပုဂ္လိုလ်များသည် မည်သို့သေဆုံးသွားခဲ့ရသည်ကို လူအနည်းငယ်ကသာ သိရှိကြပေသည်။

အကယ်၍ လူတိုင်းလိုလိုက သင့်အား အနိုင်ကျင့်ရန်လွယ်ကူနေပါက သင်သည်အသက်ရှည်ရှည်နေနိုင်မှာ မဟုတ်ပေ။

ငယ်စဉ်ကတည်းက သူသည်ခွန်းလွန်တောင်မှထွက်လာပြီး ယဲ့ပိုင်၏အမိန့်များကို နားထောင်ခဲ့သည်။ယခုအခါ ဤကမ္ဘာကြီးတစ်ခုလုံး၌ မည်သူက သူ့အမိန့်ကိုမနာခံဘဲ နေဝံ့မည်နည်း။

သူငယ်ရွယ်စဉ်က စကားလုံးတစ်လုံးဖြင့် စစ်ပွဲအားရပ်တန့်နိုင်ခဲ့သည်။သူငယ်ရွယ်စဉ်က မရေမတွက်နိုင်သောလူများသည် သူ့အားဒူးထောက်ကာ ငွေကြေးနှင့်အခွင့်ထူးများပေးရန် တောင်းဆိုခဲ့ကြသည်။

ငယ်ရွယ်စဉ်ကပင် အနိုင်ကျင့်ခံနေပါက ယခုအချိန်၌ အောင်မြင်ကြီးပွားနေမည်မဟုတ်ပေ။

"ဆရာ...ကျနော်..."

ဝမ်အန်းသည် အချိန်အတော်ကြာမှ ထိုသို့စကားစလာခဲ့သည်။

"ဒီပန်းချီကားက တကယ်မဆိုးဘူး...အင်း...ငါဗိုက်နည်းနည်းဆာသလိုပဲ...မင်းချက်ကျွေးတဲ့ဟင်းကို မစားရတာတောင်ကြာပြီ...မင်းရဲ့ကျွမ်းကျင်မှုတွေက အရင်လိုရှိသေးရဲ့လား"

ယဲ့ပိုင်သည် ဝမ်အန်းကိုလှည့်ကြည့်ရင်း ညည်းညူလိုက်သည်။

ဝမ်အန်းက သူ၏မျက်ရည်များကို သုတ်ချလိုက်သည်။ယဲ့ပိုင်သည် သူ့အားယခုလိုပုံစံမျိုးဖြင့် မတွေ့မြင်လိုကြောင်း သူကောင်းကောင်းသိထားပေသည်။

"လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ဆရာပြန်လာတာကိုစောင့်ဆိုင်းရင်းနဲ့ သက်ရှည်ဘုရားကျောင်းမှာ နေ့တိုင်းလိုလိုကို ချက်ပြုတ်ပြီးတော့ ဟင်းချက်နည်းတွေကိုကျွမ်းကျင်အောင် လုပ်ဆောင်နေခဲ့တယ်...ဒီလိုနေ့မျိုးကိုရောက်ရှိလာဖို့ ကြိုတင်မျှော်လင့်ထားပြီးဖြစ်တဲ့အတွက် ဆရာအကြိုက်ဆုံးဖြစ်တဲ့စားသောက်ဖွယ်တွေကိုပြင်ဆင်ဖို့ အလတ်ဆတ်ဆုံးပါဝင်ပစ္စည်းတွေကို အသင့်ပြင်ဆင်ထားပြီဖြစ်တယ်...ဆရာ့အတွက်ငါအကောင်းဆုံးချက်ပြုတ်ပေးမယ်"

ဝမ်အန်းသည် သူ၏မျက်နှာပေါ်၌ အပြုံးတစ်ခုကို ဖြစ်ညှစ်ထုတ်ဖော်လိုက်ပြီး ခက်ခက်ခဲခဲထရပ်လိုက်သည်။

လက်ရှိအချိန်တွင် မျက်ရည်များဖြင့်စိုရွဲနေသော မျက်လုံးများ၌ ပျော်ရွှင်မှုအရိပ်အယောင်ကို တွေ့မြင်နိုင်ပေသည်။

နှစ်ပေါင်း၈၀ကျော်ကြာ...သူနေ့တိုင်းလိုလိုစောင့်ဆိုင်းခဲ့သည်။

တစ်နှစ်ပြီးတစ်နှစ်...တစ်နေ့ပြီးတစ်နေ့...

ယခုလိုအချိန်မျိုးတွင် ရှုပ်ထွေးပွေလီပြီး ယုတ်ညံ့သောကိစ္စရပ်များအား ပြောဆိုနေခြင်းကအဓိပ္ပါယ်မရှိလှပေ။သူသည် ကိစ္စတော်တော်များများအပေါ် အတွေးလွန်ကာ ဂရုစိုက်မိခဲ့သည်။သို့သော် သူ့လိုလူပြိန်းတစ်ယောက်က ယဲ့ပိုင်တွေးတောနေသောအရာများအား နားလည်သဘောပေါက်ရန် အခွင့်အရေးမရှိပေ။

ယဲ့ပိုင်၏မျက်လုံးများတွင် သူအလွန်ပင်ဂရုစိုက်ခဲ့သောကိစ္စရပ်များသည် မြူမှုန်သဖွယ်ပျောက်ကွယ်သွားကာ ဘာမှမကျန်ခဲ့ပေ။

ဆယ်စုနှစ်များစွာလေ့ကျင့်ပြီးနောက် ဝမ်အန်းသည် ဟင်းချက်ရာ၌ ရွှေတံဆိပ်ရထားသည့် စားဖိုမှုးများထက်သာလွန်ခဲ့သည်။

သူသည် အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားကာ မီးမွှေးရန်အတွက် ရှေးအကျဆုံးမြေမီးဖိုကို အသုံးပြုခဲ့သည်။

ဧည့်ခန်းတွင်း၌ ယဲ့ပိုင်သည် ဟင်းသီးဟင်းရွက်များကို ကြော်လှော်သံ၊ဆီပေါက်သံနှင့် မီးခိုးငွေ့တို့၏စူးရှသောရနံ့တို့ကို ရှင်းရှင်းလင်းလင်းခံစားနေရသည်။

မိနစ်၃၀ကြာပြီးနောက် ဝမ်အန်းသည် သူ၏ခါးစည်းကိုချွတ်လိုက်ကာ စားပွဲပေါ်တင်ထားသော ပန်းကန်ပြားတစ်ချပ်ကို ယူဆောင်လာခဲ့သည်။ဟင်းပွဲအားလုံးကို စားပွဲပေါ်သို့ခင်းကျင်းထားလိုက်ကာ ဟင်းပွဲအားလုံးက တစ်ချိန်မှယဲ့ပိုင်အကြိုက်ဆုံးဟင်းလျာများဖြစ်ခဲ့သည်။

"ဆရာ...အကုန်လုံးအဆင်သင့်ဖြစ်ပြီ"

နောက်ဆုံးသောပန်းကန်ကို စားပွဲပေါ်သို့တင်ပြီးနောက်တွင် ဝမ်အန်းသည် ဘေးနားသို့ရွေ့၍ ကိုယ်ကိုအနည်းငယ်ငုံ့ကာ ရိုရိုသေသေနေလိုက်သည်။

"ဟင်းပွဲတွေက မဆိုးဘူး...မင်းရဲ့ဟင်းချက်စွမ်းရည်က တိုးတက်လာပြီ"

ယဲ့ပိုင်သည် ဟင်းပွဲများအား တပွဲချင်းစီကြည့်ရှုလိုက်ပြီးနောက် တူကိုကောက်ယူလိုက်သည်။သို့သော်လည်း သူသည်ထိုဟင်းပွဲများအား မြည်းစမ်းကြည့်ခြင်းမရှိသေးပေ။

"ဟုတ်ကဲ့...ဆရာ"

ဝမ်အန်းက ခေါင်းငုံ့၍တိုးတိုးလေးပြောလိုက်သည်။

"အန်းလေး...ငါနဲ့လာထိုင်...တူတူစားရအောင်"

မမျှော်လင့်ထားစွာပင် ယဲ့ပိုင်က ဝမ်အန်းကိုလှမ်းခေါ်လိုက်သည်။

"ဆရာ...ကျနော်"

ဝမ်အန်းက တုံ့ဆိုင်းသွားခဲ့သည်။

"ထိုင်..."

"ကောင်းပါပြီ..."

ဝမ်အန်းသည် ထိုအကြောင်းကို ဆက်မပြောဝံ့တော့ပေ။ယဲ့ပိုင်သည် ဆုံးဖြတ်ချက်ချပြီးသည်နှင့် ထိုဆုံးဖြတ်ချက်အားလုံးဝမပြောင်းလဲတတ်ကြောင်း သူကောင်းကောင်းသိပေသည်။သူသာ ထိုအကြောင်းကိုဆက်ပြောပါက ယဲ့ပိုင်စိတ်ပျက်သွားမည်ဖြစ်သည်။

ဝမ်အန်းသည် တုန်ယင်စွာဖြင့် ယဲ့ပိုင်၏အနားတွင်ဝင်ထိုင်လိုက်ကာ သူ၏တူများကိုချက်ချင်းကောက်ယူကာ ယဲ့ပိုင်အတွက် ဟင်းသီးဟင်းရွက်များ ထည့်ပေးခဲ့သည်။

ထိုအခိုက်အတန့်တွင် ယဲ့ပိုင်က လေသံအေးအေးဖြင့်ပြောလိုက်သည်။

"ဟင်းအမယ်တွေကတော့ တော်တော်လေးစုံလင်ပါတယ်...မင်းရဲ့ဟင်းချက်ကျွမ်းကျင်မှုက မဆိုးဘူးဆိုရင်တောင်မှ ဒီဟင်းပွဲတွေအကုန်လုံးကို မင်းကိုယ်တိုင်မချက်ပြုတ်နိုင်ဘူး"

ဝမ်အန်းသည် အသီးအရွက်များကို ကောက်ထည့်ပေးနေရင်း သူ၏မျက်နှာက ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။

ဝမ်အန်းသည် ဒူးထောက်ထိုင်ချလိုက်ပြီး သူ၏ခန္ဓာကိုယ်သည် လုံးဝလှုပ်ရှားဝံ့ခြင်းမရှိပေ။

ဝမ်အန်း၏အပြုအမူကြောင့် ယဲ့ပိုင်သည် အနည်းငယ်အံ့သြသွားခဲ့ကာ သက်ပြင်းအနည်းငယ်ချမိလိုက်သည်။ဝမ်အန်း၏အမြင်တွင် ထိုအရာများသည် လုံးဝရိုးရှင်းနေခြင်းမရှိပေ။နှစ်ပေါင်းများစွာအတွင်း ယဲ့ပိုင်၏နောက်သို့လိုက်ခဲ့သူ အမြှောက်အများရှိခဲ့ပေသည်။

ယဲ့ပိုင်ထံ၌ ဝါသနာတစ်ခုရှိပေသည်။သူသည် ကာလကြာရှည်စွာရှင်သန်နေထိုင်ခဲ့၍ အချို့သောအရာများကိုနှစ်သက်ပေသည်။ထိုအထဲတွင် ကောင်းမွန်သည့်အစားအစာများကို နှစ်သက်ခြင်းသည် နှစ်ပေါင်းထောင်ချီကြာအောင် ပြောင်းလဲခဲ့ခြင်းမရှိပေ။ထို့ကြောင့် သူ့နောက်လိုက်များအားလုံးသည် ဟင်းချက်နည်းကို ကောင်းကောင်းမွန်မွန်လေ့လာခွင့်ရအောင် လုပ်လေ့ရှိသည်။

ဤသို့ဖြင့် ယဲ့ပိုင်ကြိုက်တတ်သည့်ဟင်းလျာများကို လူတိုင်းချက်တတ်ကြပေသည်။

သို့သော်လည်း ယနေ့အချိန်တွင်မူ ဝမ်အန်းကတစ်ဦးတည်းသာဖြစ်သည်။

သက်ရှည်ဘုရားကျောင်းတွင် ကြီးကြီးမားမားကိစ္စအချို့ဖြစ်ခဲ့သော်လည်း ထိုလူများကယခုထိတိုင် ထွက်ပေါ်မလာသေးပေ။သူတို့သည် တစ်စုံတစ်ခုလုပ်ဆောင်ရန် ကြိုးပမ်းနေကြသည်လား...

All Chapters