တစ်နေရာတည်း၌ စုဝေးကြခြင်း
Vol. 1 Ch. 10
"အထဲဝင်ခဲ့..."
ကျယ်လောင်သောထွက်ပေါ်လာသည့်အသံသည် သာမန်မဟုတ်ဘဲ အမိန့်ပေးသည့်လေသံဖြစ်နေခဲ့သည်။
အဘိုးကြီး၉ယောက်သည် ထိုလေသံကိုကြားချိန်တွင် သူတို့၏တစ်ကိုယ်လုံးပြင်းထန်စွာ တုန်ခါသွားခဲ့ကြသည်။ထို့ပြင်သူတို့၏မျက်နှာအမူအရာများကလည်း ရူးသွပ်စွာပြောင်းလဲသွားခဲ့ကြသည်။
အချို့အဘိုးကြီးများဆိုလျှင် မျက်နှာများနီရဲလာကာ သူတို့၏မျက်လုံးများ၌ စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်လာခဲ့သည်။
အချို့အဘိုးကြီးများဆိုလျှင် ဖြူဖျော့သောမျက်နှာဖြင့် သူတို့၏မျက်လုံးများ၌ ကြောက်ရွံ့စိတ်များ ကြီးစိုးလာခဲ့ကြသည်။
ထိုအခြေအနေကို တွေ့မြင်နေရသော သက်ရှည်ဘုရားကျောင်းကိုစောင့်ကြပ်သည့် အထူးရဲအရာရှိများသည် အလွန်ပင်စိတ်ရှုပ်ထွေးသလို ခံစားလိုက်ရသည်။
ခုနကထွက်ပေါ်လာသောအသံသည် အနည်းငယ်အမိန့်ပေးသံပေါ်နေသော်လည်း အင်မော်တယ်အကြီးအကဲမှ ပြောလိုက်ခြင်းသာဖြစ်သည်။ယုတ္တိနည်းအရပြောကလျှင် ထိုလူများ၏ကိုယ်ပိုင်လက္ခဏာများသည် အင်မော်တယ်အကြီးအကဲနှင့်တန်းတူလောက်ရှိပေရာ အဘယ်ကြောင့် ထိုစကားလုံးနှစ်လုံးဖြင့် ပုံမှန်မဟုတ် ရုပ်ပျက်ဆင်းပျက်ဖြစ်သွားရသနည်း။
"သွားကြရအောင်..."
လူအိုကြီးကူက စိတ်မရှည်စွာပြောလိုက်သည်။
"အထဲကို ဝင်ကြည့်ရအောင်..."
လူအိုကြီးတစ်ယောက်က သူ့ကိုယ်သူတည်ငြိမ်အောင် ပြုပြင်ရင်းပြောလိုက်သည်။
"ကောင်းပြီ"
လူအိုကြီးခန်း၏ ခန္ဓာကိုယ်သည် တုန်ယင်နေခဲ့သည်။
ထိုစကားများကို ပြောကြားပြီးနောက် လူအိုကြီး၉ယောက်သည် အတူတကွရှေ့သို့တိုးဝင်သွားခဲ့ကြပြီး သက်ရှည်ဘုရားကျောင်းထဲသို့ ပျက်စီးနေသောတံခါးမှတဆင့် ဝင်ရောက်သွားခဲ့ကြသည်။
ထိုအချိန်တွင် အပြင်ဘက်၌စောင့်ကြပ်နေသော အထူးရဲအရာရှိများက လုံးဝစိတ်ရှုပ်ထွေးသွားကြသည်။
ယနေ့ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များသည် လွန်စွာများပြားလွန်းသလို အလွန်လည်းထူးဆန်းလှပေသည်။
ယခုအချိန်၌ သူတို့၏ဦးခေါင်းများသည် ထိုကိစ္စရပ်များကိုတွေးတောရလောက်အောင် ကြီးမားခြင်းမရှိဟု သူတို့ယူဆသွားကြသည်။
အချိန်အတော်ကြာပြီးနောက်တွင် အထူးရဲအရာရှိတစ်ယောက်က အသက်ကိုခပ်ပြင်းပြင်းရှု၍ လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
"ကောင်းကင်ကြီးက စတင်ပြောင်းလဲတော့မယ်ထင်တယ်...အင်မော်တယ်အကြီးအကဲရဲ့အခြေအနေက ငါတို့ထင်ထားတာထက် ပိုကြောက်စရာကောင်းနေသလိုပဲ"
"ဟုတ်တယ်...ခွန်းလွန်တောင်က ဒီနေ့ပိတ်ဆို့ထားတယ်...ပုံမှန်ဆိုရင် အင်မော်တယ်အကြီးအကဲကို တွေ့ချင်တဲ့လူအမြှောက်အများက ဘုရားကျောင်းတံခါးဝမှာ အချိန်တစ်နာရီလောက် ရပ်စောင့်နေမယ်ဆိုရင် ကမ္ဘာကြီးတစ်ခုလုံးပေါက်ကွဲသွားလိမ့်မယ်လို့ ခန့်မှန်းရတယ်"
အခြားသောအထူးရဲအရာရှိများကလည်း ဝင်ရောက်ပြောဆိုခဲ့ကြသည်။
"ငါ့အမြင်အရဆိုရင် ဒီတစ်ကြိမ်တော့ ကျောက်မိသားစုအဆုံးသတ်သွားလောက်ပြီ...ဒီလူအိုကြီးကိုးယောက်သာ စည်းလုံးညီညွတ်မယ်ဆိုရင် အချို့အင်အားစုကြီးတွေတောင် အလျော့ပေးရလိမ့်မယ်...ကျောက်မိသားစုကောင်လေးက အင်မော်တယ်အကြီးအကဲဆီမှာ အပြစ်ပေးခံလိုက်ရမယ်ဆိုပေမဲ့ ဒီထက်ပိုဆိုးတဲ့ နောက်ဆက်တွဲဖြစ်ရပ်တွေကို သူတို့ကြုံတွေ့ရဦးမယ်"
အထူးရဲအရာရှိတစ်ယောက်က သက်ပြင်းချရင်းပြောလိုက်သည်။
"တိတ်တိတ်နေစမ်း...မင်းကကျောက်မိသားစုရဲ့နောက်ခံနဲ့သူတို့ရဲ့နည်းလမ်းတွေကို မေ့နေတာလား"
အနီးရှိ အထူးရဲအရာရှိတစ်ယောက်က တိုးတိုးလေးသတိပေးလိုက်သည်။
ထိုစကားကိုကြားချိန်တွင် သက်ပြင်းချလိုက်သော အထူးရဲအရာရှိသည် မျက်နှာဖြူဖျော့သွားကာ စကားမပြောဝံ့တော့ပေ။
ကျောက်မိသားစုသည် မည်သို့ပင်ဖြစ်နေပါစေ ထိုအရာက သူတို့၏ပြဿနာသာဖြစ်သည်။
သူသည် အထူးရဲအရာရှိတစ်ယောက်သာဖြစ်ပြီး ထိုကဲ့သို့ကိစ္စများကို ဝေဖန်ရန်မည်သို့အရည်အချင်းရှိမည်နည်း။ကျောက်မိသားစုသည် အမှန်တကယ်အဆုံးသတ်သွားခဲ့လျှင်တောင်မှ သူတို့လိုအထူးရဲအရာရှိများအတွက် ကြီးမားသောဖြစ်တည်မှုဖြစ်နေသေးသည်။သူတို့သည် လက်တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် သူတို့၏လည်ပင်းကိုညှစ်သတ်နိုင်စွမ်းရှိသည်။
...
သက်ရှည်ဘုရားကျောင်းတွင်း ခြံဝင်းထဲ၌...
လူအိုကြီး၉ယောက်သည် လမ်းလျှောက်ဝင်ရောက်လာစဉ် ကိုယ်စီကိုယ်ငှ အတွေးများရှိနေကြသည်။
ခြံဝင်းတွင်းရှိ မက်မွန်ပင်သည် အိုမင်းလာသည်နှင့်အမျှ အရွက်များပိုမိုကြွေကျလာခဲ့သည်။
မြေပြင်ပေါ်ရှိ အပြာရောင်ခြေနင်းကျောက်များသည် အထူးချောမွေ့ကာ သန့်ရှင်းနေခဲ့သည်။သူတို့၉ယောက်သည် ရှေ့သို့တဖြည်းဖြည်းတိုးလာရင်း သူတို့၏ပုံရိပ်များက ထိုခြေနင်းကျောက်များပေါ်ရောင်ပြန်ဟပ်နေခဲ့သည်။သူတို့၏ရှေ့မှ ထူးဆန်းသောအဆောက်အဦးက သူတို့အားအလွန်ရင်းနှီးသည့် ခံစားချက်ကိုပေးစွမ်းနိုင်ပေသည်။
ဝှီး...
ရံဖန်ရံခါတွင် လေပြေလေညှင်းများက ညင်သာစွာတိုက်ခတ်နေကာ ၎င်းတို့၌ကပ်ပါလာသည့် အအေးဓာတ်က ခွန်းလွန်တောင်အား အေးစက်သောရာသီဥတုအခြေအနေသို့ ကျရောက်စေခဲ့သည်။
လူအိုကြီးကူ၏လှုပ်ရှားမှုက အလွန်မြန်ဆန်ပေသည်။သူသည် ခြံဝင်းထဲသို့ ပထမဆုံးလှမ်းဝင်သွားကာ ဧည့်ခန်းဆီသို့တန်းတန်းမတ်မတ်ဝင်သွားခဲ့သည်။
သူသည် အလျင်စလိုဖြင့် ဧည့်ခန်းတံခါးကိုဖွင့်လိုက်ရာ အထဲ၌ထိုင်နေသော ရင်းနှီးသည့်အသွင်အပြင်ကို တွေ့မြင်လိုက်ရသည်။
ထိုအခိုက်အတန့်တွင် အံ့သြမှင်သက်မှုကြောင့် သူ၏ခန္ဓာကိုယ်သည် အချိန်အတော်ကြာမလှုပ်ရှားနိုင်ခဲ့ပေ။သူ၏မျက်လုံးများ၌ ထိတ်လန့်အံ့သြမှုများဖြင့်ပြည့်နှက်နေကာ တစ်ချိန်တည်းမှာပင် အဆုံးမဲ့ပျော်ရွှင်မှုများကလည်း ဖြစ်ပေါ်နေခဲ့သည်။
ထို့နောက်တွင် လူအိုကြီးမာနှင့် လူအိုကြီးခန်းတို့က ရှေ့ဆင့်နောက်ဆင့်ရောက်လာခဲ့ကြသည်။
အဆုံးသတ်တွင် လူအိုကြီး၉ယောက်လုံးသည် ဧည့်ခန်းတံခါးဝ၌ အတူတကွရပ်မိလိုက်ကြသည်။သူတို့အားလုံးသည် ကိုယ်ပိုင်အတွေးအမြင်အား ပိုင်ဆိုင်ထားသူများဖြစ်ကြသော်လည်း ယခုအချိန်တွင်မူ သူတို့၏မျက်လုံးများ၌ မျက်ရည်များပြည့်လျှံနေကာ ထိန်းထားနိုင်စွမ်းမရှိကြတော့ပေ။
"ဆရာ..."
မည်သူက လေတံတိုးတိုးဖြင့်အော်လိုက်မှန်းမသိရသော်လည်း သူ၏အသံကမူ ဝမ်းသာပျော်ရွှင်မှုဖြင့် ပြည့်နှက်နေခဲ့သည်။
ထိုအသံကပင် လူတိုင်းအား လက်ရှိအခြေအနေသို့ အာရုံပြန်လည်ရောက်ရှိစေခဲ့သည်။
"ဆရာ...ဆရာရဲ့အစေခံအိုကြီးရောက်လာပါပြီ"
"ဆရာ...တကယ်ပြန်ရောက်လာတာလား"
"ဆရာ...ငါမင်းကိုစောင့်နေတာ အတော်ကြာလှပြီ"
"ဆရာ...ပြန်ရောက်လာတာ အရမ်းကောင်းတယ်"
"ဆရာ..."
ထို၉ယောက်အနက် အချို့သည် ပုံမှန်အချိန်ဆိုလျှင် ဝမ်အန်းကိုမျက်နှာသာပေးခြင်းမရှိကြပေ။
သို့သော်လည်း ယဲ့ပိုင်အား သူတို့၏မျက်လုံးများဖြင့် ကိုယ်တိုင်မြင်တွေ့လိုက်ရသည့်အချိန်တွင် သူတို့၏အတွေးများက ပျံ့လွှင့်ပျောက်ကွယ်သွားခဲ့သည်။
သူတို့၏အသံများက ဆူညံနေခဲ့ပြီး လူတိုင်းလိုလိုပင် မျက်ရည်ကျနေခဲ့ကြသည်။
ယဲ့ပိုင်သည် ထိုကုလားထိုင်ပေါ်တွင် ထိုင်နေရင်း သူ့လက်ထဲ၌သလင်းကျောက်ခွက်ကို ကိုင်ကာ ရှေ့မှပန်းချီကားကိုစိုက်ကြည့်နေခဲ့သည်။သို့သော် ထိုအဘိုးကြီးများ၏စကားလုံးများသည် သူတို့၏နှလုံးသားထဲ အနက်ရှိင်းဆုံးအပိုင်းမှထွက်ပေါ်လာကာ အတုအယောင်မဖြစ်နိုင်ကြောင်း ယဲ့ပိုင်နားလည်ပေသည်။
"ဆရာက ဒီနေ့ပြန်ရောက်လာခဲ့ပြီ...မင်းတို့ဒီကိုရောက်လာပြီဆိုမှတော့ အထဲကိုဝင်လာခဲ့တော့"
ဝမ်အန်းက မတ်တပ်ထရပ်လိုက်ကာ ထိုလူအို၉ယောက်ကို ကြည့်၍ပြောလိုက်သည်။
ထို့နောက်သူသည် အခန်းတစ်ခုတွင်းသို့ဝင်ကာ ကုလားထိုင်၉လုံးအားထုတ်ယူလာခဲ့ပြီး ဧည့်ခန်းတွင်း၌ နေရာချထားလိုက်သည်။
ထိုမြင်ကွင်းကိုကြည့်၍ အဘိုးကြီး၉ယောက်သည် ဆက်လက်တွန့်ဆုတ်နေခြင်းမရှိတော့ဘဲ တုန်တုန်ယင်ယင်ဖြင့် အခန်းထဲသို့ဝင်လာခဲ့ကြကြသည်။ထို့နောက်သူတို့သည် သူတို့၏သက်ဆိုင်ရာထိုင်ခုံအလိုက် ကိုယ်စီကိုယ်ငှဝင်ထိုင်လိုက်ကြပြီး နောက်ထပ်မည်သည့်လှုပ်ရှားမှုလေးကိုတောင်မှ ဆက်မလုပ်ရဲကြတော့ပေ။
သူတို့သည် စကားလုံးဝပြောဆိုခြင်းမရှိဘဲ အလွန်တိတ်ဆိတ်နေခဲ့ကြသည်။လက်ရှိအချိန်တွင် မည်သူကမှ ထိုတိတ်ဆိတ်မှုအားချိုးဖျက်ရန် သတ္တိမရှိကြပေ။
သို့သော်လည်း ယဲ့ပိုင်ကမူ လက်ဖက်ရည်ကိုသာ ဆက်သောက်နေခဲ့သည်။
လူတိုင်းထိုင်နေကြသည်ကို တွေ့မြင်ပြီးနောက်တွင် ဝမ်အန်းသည် သူချက်ပြုတ်ထားသော ဟင်းပွဲအားလုံးကို ဂရုတစိုက်သိမ်းဆည်းလိုက်ပြီး ဧည့်ခန်းတစ်ခုလုံးအား ဖြည်းညှင်းစွာသန့်စင်လိုက်သည်။သွေးရနံ့သင်းသင်းလေးက အချိန်အတော်ကြာသည်ထိ လေထဲ၌စိမ့်ဝင်နေခဲ့သည်။
အဘိုးကြီး၉ယောက်လုံးသည် ခေါင်းငုံ့ထားခဲ့ကြသည်။
သူတို့ထဲမှတစ်ယောက်သည် ယဲ့ပိုင်အားရံဖန်ရံခါ လှမ်းကြည့်နေသော်လည်း အဆုံးသတ်၌ခေါင်းကိုသာငုံ့ထားလိုက်သည်။
ဝမ်အန်းသည် ဧည့်ခန်းကိုသန့်ရှင်းရေးလုပ်ပြီးနောက် ယဲ့ပိုင်နှင့်ဆန့်ကျင်ဘက်ထိုင်ခုံဆီသို့ လျှောက်သွားခဲ့ပြီး ယဲ့ပိုင်၏စကားကိုစောင့်မျှော်နေသော အဘိုးကြီး၉ယောက်အနားတွင် ထိုင်ချလိုက်သည်။သူသည် အစမှအဆုံးထိတိုင်အောင် မည်သည့်အသံမှမထွက်ခဲ့ပေ။
ဧည့်ခန်းတွင်း၌ အသက်ရှုသံမှလွဲ၍ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
အစောပိုင်း၌အဆင်ပြေနေသော်လည်း တိတ်ဆိတ်မှုကတဖြည်းဖြည်းကြာမြင့်လာချိန်တွင် အဘိုးကြီးများ၏နှလုံးခုန်သံကိုတောင်မှ ကြားခဲ့ရသည်။
သူတို့အားလုံးသည် မည်မျှပင်အာဏာရှိပါစေ...မည်မျှပင်ချမ်းသာပါစေ...မည်မျှပင်လက်အောက်ငယ်သားများပေါများပါစေ...
လက်ရှိအချိန်တွင် သူတို့သည် ယဲ့ပိုင်၏အစေခံများသာဖြစ်ကြသည်။
တစ်နာရီ...နှစ်နာရီ...
အချိန်နှစ်နာရီကြာမြင့်ပြီးနောက် ယဲ့ပိုင်သည် သူ၏မျက်နှာပေါ်၌သေးငယ်သောအပြုံးတစ်ခုအား ထုတ်ပြလိုက်ကာ တိတ်ဆိတ်မှုအားချိုးဖျက်လိုက်သည်။
"ငါမင်းတို့ကိုမတွေ့ရတာ နှစ်တွေအတော်ကြာနေပြီ...မင်းတို့အားလုံးပြောင်းလဲနေကြပြီဘဲ"
ယဲ့ပိုင်က ထိုစကားကို ရှင်းရှင်းလင်းလင်းပြောလိုက်ပြီး ထိုလူအိုကြီးများ၏စိတ်ကို လှုပ်ရှားစေခဲ့သည်။
အချိန်ကာလသည် လူကိုခွင့်မလွှတ်ပေ။သူ၏ရှေ့တွင်ရှိနေသော လူအိုကြီးများသည် တစ်ချိန်ကလူငယ်များဖြစ်ခဲ့ဘူးသည်။သို့သော်လည်း အချို့လူအိုကြီးများအတွက် အချိန်သိပ်မကျန်တော့ဘဲ မကြာမှီမြေကြီးထဲသို့ ရောက်သွားနိုင်ပေသည်။
သို့သော်လည်း ဤနေရာ၌ရှိနေသော အဘိုးကြီးများသည် ယဲ့ပိုင်၏ပျော့ပြောင်းသောစကားသံကို နားထောင်လိုက်ရမည်ဟု မထင်မှတ်ထားခဲ့ပေ။
ပြောင်းလဲတာ...ဘာတွေပြောင်းလဲသွားတာလဲ...
ငါတို့သစ္စာမရှိတော့ဘူးလို့ ဆရာကသံသယရှိနေတာလား...ဖြစ်နိုင်တာက ငါတို့တကယ်ပဲပြောင်းလဲသွားခဲ့ပြီလား...
အဘိုးကြီးများ၏စိတ်ထဲ၌ မရေမတွက်နိုင်သည့် ရှုပ်ထွေးသောခံစားချက်များ ဖြစ်ပေါ်လာခဲ့သည်။ထို့နောက်တွင် အဘိုးကြီး၉ဦးလုံးသည် ချက်ချင်းအားလျော့သွားကြပြီး ထိုင်ခုံပေါ်မှချက်ချင်းဆင်းကာ မြေပေါ်ဒူးထောက်လိုက်ကြသည်။ထို့ပြင် သူတို့၏မျက်လုံးများ၌ အဆုံးမရှိသည့်ကြောက်ရွံ့သောခံစားချက်များက အသီးသီးထွက်ပေါ်လာခဲ့သည်။
ထိုမြင်ကွင်းသည် အလွန်ထိတ်လန့်စရာကောင်းပေသည်။
ယဲ့ပိုင်သည် အလယ်၌ထိုင်နေစဉ်တွင် တစ်ကမ္ဘာလုံးမှလေနှင့်မိုးအားဆင့်ခေါ်နိုင်သည့် ဖြစ်တည်မှုများက သူ့အားဒူးထောက်ကာဝိုင်းရံထားကြသည်။
မြေပြင်ပေါ်၌ ဒူးထောက်ထားကြပြီး အသက်ပင်ရဲရဲမရှုဝံ့သော အဘိုးကြီးများကိုကြည့်ရသည်မှာ အမှန်ပင်သနားစဖွယ်ကောင်းလှပေသည်။