အစည်းအဝေး
Vol. 1 Ch. 13
ယဲ့ပိုင်သည် အချိန်အတော်ကြာရှင်သန်နေထိုင်ခဲ့ရာ လူပေါင်းမျိုးစုံနှင့် အရာမျိုးစုံကို တွေ့မြင်ဖူးပေသည်။
သို့ဖြစ်ရာ သူသည်လူသားများ၏နှလုံးသားကို သိရှိနားလည်ပေသည်။လူသားများသည် အကျိုးကျေးဇူးများ လုံလုံလောက်လောက်ရရှိပါက အရာအားလုံးကိုတတ်စွမ်းနိုင်ပေသည်။
ကျွန်များသည် သူတို့၏သခင်ကို သစ္စာဖောက်နိုင်ပေသည်။သားအဖအချင်းချင်းကလည်း သတ်ဖြတ်ကြပေသည်။လင်မယားတို့ကလည်း ကွဲကွာကြပေသည်။
ခုနကသူပြောလိုက်သည့်စကားသည် ပေါ့ပေါ့ပါးပါးခံစားချက်တစ်ခုသာဖြစ်သော်လည်း ထိုအစေခံများထံမှ ယခုလိုမျိုးကြီးမားသည့်တုံ့ပြန်မှုအား ရရှိစေလိမ့်မည်ဟု သူမျှော်လင့်ထားခြင်းမရှိပေ။သို့သော်လည်း ထိုအဘိုးကြီးများ မြေပေါ်ဒူးထောက်နေသည်ကိုမြင်သောအခါတွင် ယဲ့ပိုင်သည် စကားများများစားစားမပြောတော့ဘဲ သူတို့အားတစ်ယောက်ချင်းစီ သေချာစူးစိုက်ကြည့်ရှုလိုက်သည်။
သူသည် အမှတ်တမဲ့ကြည့်လိုက်ခြင်းသာဖြစ်သော်လည်း မြေပေါ်၌ဒူးထောက်နေသူများက ချွေးများဖြင့်စိုရွဲသွားခဲ့ကြသည်။
...
ထိုအခိုက်အတန့်တွင် ခွန်းလွန်တောင်အောက်...
မြို့တော်၏အလယ်ဗဟို၌ အနည်းဆုံးစတုရန်းမီတာ ၇၅၀၀၀၀ကျယ်ဝန်းသည့် အိမ်တော်ရာတစ်ခုတည်ရှိပြီး ၎င်းသည်ယခင်မင်းဆက်များ၏ နန်းတော်သကဲ့သို့ ကြီးကျယ်ခမ်းနားပေသည်။
ထိုနေရာတစ်ခုလုံးသည် စိမ်းလန်းစိုပြေနေခဲ့ကာ ထူးဆန်းသောကျောက်တုံးများနှင့် ဧရာမရေကူးကန်ကြီးတစ်ခုလည်း ပါရှိပေသည်။
အချို့နေရာများတွင် နှစ်ပေါင်းထောင်ချီသက်တမ်းရှိသည့် ဆီဒါပင်များ ရှိနေခဲ့သည်။
ထိုအိမ်တော်ရာသည် ခေတ်မှီသော်လည်း ရှေးကျသောတရုတ်ဗိသုကာလက်ရာများဖြင့် ပြည့်နှက်နေကာ အလွန်ပင်လှပကျော့ရှင်းနေခဲ့သည်။
ထိုအိမ်တော်ရာအား ခြေထောက်သုံးချောင်းနဂါးအိမ်တော်ဟု အမည်ပေးထားပေသည်။ထိုအိမ်တော်ရာသည် တရုတ်နိုင်ငံရှိ ကျောက်မိသားစု၏ဌာနချုပ်ဖြစ်သည်။
Qမြို့တော်၌ ကျောက်မိသားစု၏ခွင့်ပြုချက်မရှိပါက မြို့တော်ဝန်သည်ပင် အိမ်တော်ရာထဲဝင်ရောက်ရန် အရည်အချင်းမပြည့်မှီပေ။
သို့သော်လက်ရှိအချိနိ၌ အိမ်တော်ရာအတွင်းရှိ လေထုအခြေအနေသည် ထူးဆန်းနေခဲ့သည်။
ထိုအိမ်တော်ရာ၌ အကျယ်အဝန်း စတုရန်းမီတာ၂၀၀၀၀ကျယ်ဝန်းသော အစည်းအဝေးခန်းမကြီးတစ်ခုရှိသည်။အစည်းအဝေးခန်းမနံရံများ၌ တန်ဖိုးကြီးသောလက်ရေးလှပန်းချီများနှင့် အနည်းဆုံးဒေါ်လာဆယ်သန်းကျော် တန်ကြေးရှိသော အနုပညာလက်ရာများကို ချိတ်ဆွဲထားပေသည်။
မြေပြင်ပေါ်တွင် ရှေးဟောင်းကြွေထည်များကို ခင်းကျင်းထားကာ တစ်ခုချင်းစီတိုင်းအား နိုင်ငံတော်ဘဏ္ဍာအဖြစ် သတ်မှတ်နိုင်ပေသည်။
ထိုနေရာ၌ခင်းထားသောကော်ဇောများကို LVက စိတ်ကြိုက်ပြုလုပ်ထားပြီး အစည်းအဝေးတစ်ခုပြုလုပ်ပြီးတိုင်း နောက်ဆုံးပေါ်မော်ဒယ်ဖြင့် အစားထိုးသွားမှာဖြစ်သည်။
ထိုအစည်းအဝေးခန်းတွင် ထိုင်ခုံနှစ်တန်းရှိပြီး စုစုပေါင်းထိုင်ခုံ၁၀၂ခုံရှိပေသည်။ထိုင်ခုံတစ်ခုစီတိုင်းကို အရည်အသွေးမြင့် အဝါရောင်သစ်သားဖြင့် ပြုလုပ်ထားသည်။ထိုထိုင်ခုံများအား ထိပ်တန်းလက်သမားဆရာများက ဂရုတစိုက်ဖန်တီးထားခြင်းဖြစ်သည်။ဤနေရာရှိ ကြုံရာပစ္စည်းတစ်ခုကို အပြင်လောကသို့ထုတ်ယူလိုက်ရုံဖြင့် အဖိုးမဖြတ်နိုင်သော အနုပညာလက်ရာတစ်ခုအဖြစ် မှတ်ယူနိုင်သည်။
ယနေ့အစည်းအဝေးတွင် ထိုင်ခုံအားလုံး၌ လူများဖြင့်ပြည့်နှက်နေခဲ့သည်။သို့သော်လည်း အစည်းအဝေးခန်းမတစ်ခုလုံး တိတ်ဆိတ်နေခဲ့သည်။
အကယ်၍ အပ်တစ်ချောင်းက မြေပေါ်သို့ပြုတ်ကျလျှင်တောင် အသံကြားရနိုင်သည်။
ပင်မထိုင်ခုံပေါ်တွင် သက်လတ်ပိုင်းအရွယ်လူတစ်ယောက် ထိုင်နေပေသည်။
သူ၏ဆံပင်သည် မီးခိုးရောင်သန်းနေပြီး အဖြူရောင်ရှပ်အင်္ကျီဝတ်ဆင်ထားကာ ရွှေရောင်လည်စည်းနှင့် ရွှေရောင်မျက်မှန်တစ်ရံအား ဝတ်ဆင်ထားပေသည်။
သူသည် အလွန်ပင်အေးစက်သော ဟန်ပန်ရှိကာ ကျက်သရေရှိသောလူကြီးလူကောင်းတစ်ယောက်ကဲ့သို့ ထင်ပေသည်။
အကယ်၍ လူတစ်ယောက်ကသာ သူ့အားအမှတ်တမဲ့ငေးကြည့်မိလိုက်ပါက ထိုလူသည်ခေါင်းငုံ့ကာ စကားပြောရဲတော့မည်မဟုတ်ပေ။
ထိုလူသည် ကျောက်ခွန်၏ဖခင်အရင်းဖြစ်သော ကျောက်ချန်စွင်ဖြစ်သည်။
သူ၏လက်ချောင်းများက ကွန်ဖရင့်စားပွဲကို အသာအယာပုတ်လိုက်ရာ ညင်သာသည့်အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
အချိန်အတော်ကြာပြီးနောက်တွင် ကျောက်ချန်စွင်သည် အေးစက်သည့်သတ်ဖြတ်လိုစိတ်ပါသောအသံဖြင့် တိတ်ဆိတ်မှုများကို ချိုးဖျက်လိုက်သည်။
"သခင်ကြီးက မနေ့ကပဲကွယ်လွန်သွားခဲ့တယ်...ငါတို့ကျောက်မိသားစု ထွန်းကားလာတာက ခွန်းလွန်တောင်ရဲ့အင်မော်တယ်အကြီးအကဲနဲ့ ဆက်စပ်နေတယ်ဆိုတာကို လူတိုင်းသိတယ်...သခင်ကြီးကွယ်လွန်သွားပြီးတဲ့တောက်မှာ ခွန်းလွန်တောင်က အင်မော်တယ်အကြီးအကဲဝမ်ကို တောင်ပေါ်ကပင့်ဖိတ်ပြီးတော့ ကျောက်မိသားစုရဲ့အထောက်အပံ့နဲ့ ဆက်လက်ကျော်ကြားစေဖို့ စီစဉ်ထားတယ်...ဒါပေမဲ့ သခင်ကြီးကွယ်လွန်သွားတာကြောင့် အဲလူအိုကြီးက ငါတို့ကျောက်မိသားစုကို မျက်နှာသာပေးဖို့ငြင်းဆန်ခဲ့တယ်...သူကတခြားသူတွေကိုတော့ အသိအမှတ်ပြုပြီးတော့ ငါတို့ကျောက်မိသားစုကို မျက်နှာသာပေးဖို့ငြင်းဆန်ရုံတင်မက ခွန်အာကိုလည်း ပြင်းပြင်းထန်ထန်ဒဏ်ရာရစေခဲ့တယ်...ခွန်အာကခုထိတောင်သတိမေ့နေသေးပြီးတော့ သူ့ရဲ့သက်တော်စောင့်တွေကလည်း အကုန်လုံးသေဆုံးသွားခဲ့တယ်"
ထိုအကြောင်းကိုပြောသောအခါ ကျောက်ချန်စွင်သည် စိတ်ဆင်းရဲနေပြီး ဒေါသတကြီးဖြစ်နေပုံရပေသည်။
"ခွန်အာမမှားဘူး...ငါတို့မှာအပြစ်ရှိတယ်ဆိုတာမှန်တယ်...ဒါပေမဲ့ သခင်ကြီးကွယ်လွန်သွားပြီးတဲ့နောက်မှာ ငါတို့ကျောက်မိသားစုပြိုလဲသွားပြီလို့ လူတွေကထင်ကြပြီး အဘိုးကြီးဝမ်ကလည်း ငါတို့နဲ့ဆက်လက်ပူးပေါင်းဖို့ငြင်းဆန်ခဲ့တယ်...လူတိုင်းက ငါတို့ရင်ဆိုင်နေရတဲ့အခြေအနေနဲ့ပတ်သက်ပြီး သိထားကြမယ်လို့မျှော်လွှင့်တယ်"
ထိုအချိန်တွင် အစည်းအဝေးခန်းမအတွင်းရှိ လူတစ်ယောက်က စတင်၍ပြောလာခဲ့သည်။
ကျောက်ခွန်၏ဝမ်းကွဲအစ်ကို ကျောက်ကျွမ်းက ဝင်ပြောလိုက်သည်။
"ဟုတ်တယ်...ဦးလေးပြောတာမမှားဘူး...ခွန်းလွန်တောင်ပေါ်က အင်မော်တယ်အကြီးအကဲက တကယ့်ကိုအရှက်ကင်းမဲ့တဲ့သူတစ်ယောက်ပဲ...သူကကျောက်မိသားစုကို အကူအညီတချို့ပေးခဲ့ရုံနဲ့ မြင့်မြတ်တဲ့သူတစ်ယောက်လို့ထင်နေတာလား...သူကညီလေးခွန်ကို နာကျင်အောင်ပြုလုပ်ခဲ့တယ်...ခုဆိုရင်သူက ငါတို့ကျောက်မိသားစုနဲ့ဆက်ဆံရေးကိုချိုးဖျက်လိုက်ပြီဆိုတာ ပြသခဲ့ပြီမလို့ ငါတို့ကလည်းသူ့ကိုမျက်နှာသာပေးစရာမလိုတော့ဘူး...အဘိုးကကွယ်လွန်သွားပြီဆိုပေမဲ့ ငါတို့ကဘယ်သူ့အကူအညီကိုမှမလိုဘူးဆိုတာ ငါတို့ကျောက်မိသားစုက စည်းစည်းလုံးလုံးနဲ့သက်သေပြသင့်တယ်"
ကျောက်ကျွမ်း၏စကားကိုကြားပြီးနောက် အစည်းအဝေးခန်းမအတွင်းရှိ ထူးဆန်းသောလေထုအခြေအနေက လုံးဝပျောက်ကွယ်သွားခဲ့သည်။
ကျောက်မိသားစုမှလူများသည် ကျောက်ချန်စွင်၏ တမင်တကာသွေးထိုးလှုံ့ဆော်မှုအောက်တွင် သူတို့၏ထင်မြင်ချက်များကို စတင်ဖော်ပြလာခဲ့ကြသည်။
"ငါ့ရဲ့ထင်မြင်ချက်အရဆိုရင် အင်မော်တယ်အကြီးအကဲဆိုတာ လူတွေကိုလှည့်စားနေတဲ့အရာတစ်ခုပဲ...၂၁ရာစုမှာ သိပ္ပံပညာကို လူတိုင်းကယုံကြည်လာကြပြီ...သူ့လိုလူအိုကြီးတစ်ယောက်က ဘယ်လိုလုပ်ပြီး နတ်ဘုရားတစ်ပါး အင်မော်တယ်တစ်ပါးဖြစ်နိုင်မှာလဲ...သူ့လိုအရွယ်တွေက စိတ်ကြီးဝင်ပြီးတော့ သူတို့ကိုယ်သူတို့ တအားကြီးကျယ်မြင့်မြတ်တယ်လို့ ထင်မြင်ယူဆနေတာပဲ"
"သူက ဂျူနီယာတစ်ယောက်ကို အရှက်မရှိအနိုင်ကျင့်နေတာပဲ"
"ဟုတ်တယ်...သူအနိုင်ကျင့်နေတယ်ဆိုတာ သိသာနေတာပဲ...သူပြောတာကိုလည်းကြည့်ဦးလေ...ကျောက်ခွန်ကသူ့ကိုခြိမ်းခြောက်ပြီးတော့ အရှက်ရစေခဲ့တယ်လို့ လိမ်လည်ပြောဆိုခဲ့တယ်...ကျောက်ခွန်ဆိုတာက အရမ်းကိုယဉ်ကျေးသိမ်မွေ့တဲ့ကလေးတစ်ယောက်ပဲ...အဲလူအိုကြီးကဘာဖြစ်ချင်နေတာလဲ"
"ငါသိတယ်...ငါသိတယ်...သခင်ကြီးဆုံးပါးသွားတာကြောင့် သူကငါတို့ကိုလုံးဝအလေးအနက်မထားတော့ဘူး..."
"ဟေး...သူ့ကိုလုပ်ကြံဖို့အတွက် ငါတို့တစ်စုံတစ်ယောက်ကိုရှာဖွေသင့်တယ်လို့ မထင်ကြဘူးလား...အင်မော်တယ်အကြီးအကဲကပုံမှန်ဆိုရင် ခွန်းလွန်တောင်မှာပဲအမြဲနေထိုင်တာဆိုပေမဲ့ သာမန်နေ့တွေမှာ အထူးရဲအနည်းငယ်လောက်ကပဲ သူ့ကိုကာကွယ်ပေးနေတာလေ...သူ့ကိုသတ်ဖြတ်ဖို့ဆိုတာမခက်ပါဘူး"
ကျောက်မိသားစုဝင်အများစုက အေးစက်စက်လေသံဖြင့်ပြောလာကြသည်။ကျောက်ချန်စွင်သည် သူတို့၏စကားသံများကို တိတ်တဆိတ်နားထောင်နေရင်း သူ၏မျက်လုံးများကမှုန်မှိုင်းသွားခဲ့သည်။
အချိန်အတော်ကြာပြီးနောက်တွင် ထိုလူများ၏ဒေါသများ အထွတ်အထိပ်သို့ရောက်ရှိသွားသည့်အခါ...
"အားလုံးတိတ်တိတ်နေကြ..."
ကျောက်ချန်စွင်၏စကားကြောင့် အစည်းအဝေးခန်းမသည် ပြန်လည်ငြိမ်သက်တိတ်ဆိတ်သွားခဲ့သည်။
"ခွန်အာရဲ့မတော်တဆမှုအပြီးမှာ သတင်းတွေပျံ့နှံ့သွားခဲ့တယ်...ခုချိန်မှာခွန်းလွန်တောင်ကိုပိတ်ဆို့ထားပြီးတော့ လူတော်တော်များများက လူအိုကြီးဝမ်ကိုတွေ့ဖို့သွားနေကြပြီ...ဒီအတွက်တာဝန်ရှိတဲ့ငါတို့က ထိုးနှက်ချက်အမျိုးမျိုးနဲ့ရင်ဆိုင်ရနိုင်တယ်...အဲ့အချိန်ရောက်လာရင် မင်းတို့သည်းခံပြီးကျော်လွှားနိုင်ဖို့လုပ်ထားကြ...အနာဂတ်မှာ ငါတို့အတွက်လက်တုံ့ပြန်ဖို့အခွင့်အရေးတွေရလာလိမ့်မယ်...စီးပွားရေးတွေအရှိန်အဟုန်နဲ့ဖွံ့ဖြိုးနေတဲ့ကာလမှာ ငါတို့ရဲ့ထုတ်ကုန်တန်ဖိုးက ဘယ်တော့မှကျဆင်းသွားမှာမဟုတ်ဘူး"
"ဟုတ်ကဲ့ဦးလေး..."
"နားလည်ပါပြီ..."
"စိတ်ပူစရာမလိုပါဘူး...ငါတို့ကငယ်ရွယ်သေးတယ်ဆိုပေမဲ့ အဲ့ဒီအဘိုးကြီးက ဘယ်လောက်ကြာကြာအသက်ရှင်နိုင်မှာလဲ"
"ငါတို့ကျောက်ခွန်အတွက် ကျိန်းသေပေါက်လက်စားပြန်ချေရမယ်"
ကျောက်မိသားစု၏အကြီးအကဲများက ယုံကြည်မှုအပြည့်ဖြင့် ကြုံးဝါးလိုက်ကြသည်။
တစ်နာရီခန့်ကြာပြီးနောက် အစည်းအဝေးကိုအဆုံးသတ်လိုက်ကြသည်။
ထိုအစည်းအဝေးအပြီးတွင် ကျောက်ချန်စွင်သည် အိမ်သို့တစ်ယောက်တည်းပြန်လာခဲ့ကာ လုံခြုံသောလျှို့ဝှက်ခန်းတစ်ခုတွင်းသို့ ဝင်ရောက်လာခဲ့သည်။
ကျောက်မိသားစု၌ မိသားစုခေါင်းဆောင်များကသာ ဤနေရာကိုသိထားပေသည်။ဤလျှို့ဝှက်နေရာ၌ နေထိုင်ရန်အဆောက်အဦးများအပြည့်အစုံရှိပြီး သာမန်လူတစ်ယောက်ဆိုပါက ဤနေရာ၌သုံးလခန့် ကောင်းကောင်းနေထိုင်နိုင်ပေသည်။
ကျောက်ချန်စွင်သည် ထိုလျှို့ဝှက်နေရာထဲသို့ ဝင်ရောက်သွားခဲ့သည်။
အထဲတွင်...
ရွှေဝါရောင်ကုတ်အင်္ကျီကိုဝတ်ဆင်ထားသည့် ဆံပင်ဖြူအဘိုးကြီးတစ်ယောက်သည် လောကဓံကိုအံတုနေဟန်ဖြင့် အဖြူရောင်ဆိုဖာပေါ်၌ထိုင်နေခဲ့သည်။
ထိုအဘိုးအိုသည် မည်သည့်အရှိန်အဟုန်ကိုမှထုတ်လွှတ်မနေဘဲ သာမန်အဘိုးကြီးတစ်ယောက်လို ထင်မြင်ရစေသည်။
သူ၏မျက်နှာ၌ အရေးကြောင်းများဖြင့်ပြည့်နှက်နေကာ အချိန်မရွေးမီးစာကုန်ခမ်းတော့သည့် မီးတောက်တစ်ခုလိုဖြစ်နေခဲ့သည်။
သို့သော်လည်း သေသေချာချာကြည့်ရှုလိုက်မည်ဆိုပါက ထိုအဘိုးကြီး၏မျက်လုံးများသည် အရာအားလုံးကို ဖောက်ထွင်းတွေ့မြင်နေရသကဲ့သို့ ကြီးမြတ်သောအသိအမြင်ဖြင့် ပြည့်စုံနေကြောင်း တွေ့မြင်ရမည်ဖြစ်သည်။သူ၏အိုမင်းသောမျက်နှာပေါ်၌လည်း တက်ကြွမှုအရိပ်အယောင်အချို့ကို မသိမသာတွေ့မြင်နေရမည်ဖြစ်သည်။
ကျောက်ချန်စွင်သည် အထဲသို့ဝင်လာပြီးနောက် တံခါးကိုပိတ်ချလိုက်သည်။
ထို့နောက် ကျောက်ချန်စွင်သည် ထိုအဘိုးကြီး၏ရှေ့သို့သွားကာ ရိုသေကိုင်းရှိုင်းစွာဖြင့် ခေါင်းငုံ့၍ပြောလိုက်သည်။
"သခင်ကြီး...မင်းရဲ့ခန့်မှန်းချက်ကလုံးဝမှန်ကန်နေပါတယ်...ခွန်အာကိုဆေးရုံပို့ပြီးတဲ့နောက်မှာ မိသားစုကြီး၉ခုက ခွန်းလွန်တောင်ကိုရောက်အောင်သွားခဲ့ကြတယ်"