ကျောက်ပိုင်ရှန်
Vol. 1 Ch. 14
ကျောက်မိသားစု၏ တွေ့ဆုံပွဲအပြီးတွင် လူတိုင်းသည် လျင်မြန်စွာစတင်ပြောင်းရွေ့ခဲ့ကြသည်။
ရုတ်ချည်းဆိုသလိုပင် Qမြို့တော်တစ်ခုလုံး လေနှင့်မိုးများချည်းကပ်လာပြီဟူ၍ ကျပ်တည်းသောခံစားချက်ကိုရရှိနေခဲ့သည်။
ခွန်းလွန်တောင်ခြေ၌လည်း မျက်နှာစိမ်းလူများကို ရံဖန်ရံခါတွေ့လာရသည်။
သို့သော်လည်း ထိုအခိုက်အတန့်တွင် ခြေသုံးချောင်းနဂါးအိမ်တော်ရာအတွင်းရှိ လျှိ့ဝှက်အိမ်တော်အတွင်း၌ အလွန်ပင်တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
"အင်း..."
ကျောက်ချန်စွင်၏ ပထမဆုံးစကားကိုနားထောင်ပြီး အချိန်အတော်ကြာပြီးနောက်တွင် ဆံပင်ဖြူအဘိုးကြီးက ညင်သာစွာတုံ့ပြန်ပြောဆိုလိုက်သည်။
ထိုအဘိုးကြီးသည် မနေ့ကဆုံးပါးသွားပြီဟု သတင်းထွက်နေသော ကျောက်ပိုင်ရှန်ပင်ဖြစ်သည်။
"အဖေ...ကျနော်အခုလေးတင်ပဲ မိသားစုအစည်းအဝေးကိုလုပ်ခဲ့ပြီး လက်ရှိအခြေအနေတွေကိုပြောပြခဲ့တယ်...ခုဆိုရင်လူတိုင်းယုံကြည်မှုအပြည့်ရှိနေပေမဲ့ အခြေအနေတွေကနည်းနည်းလေးရှုပ်ထွေးနေတယ်"
ကျောက်ပိုင်ရှန်၏တုံ့ပြန်မှုကိုရရှိပြီးနောက် ကျောက်ချန်စွင်ကနောက်ထပ်စကားလုံးအချို့အား ဆက်ပြောခဲ့သည်။
"ခွန်အာကောအဆင်ပြေလား...နောက်ပြီးခွန်းလွန်တောင်ကိုသွားခဲ့တဲ့ သက်တော်စောင့်တွေရဲ့အလောင်းကိုတောင် ပြန်မရခဲ့ဘူးလား"
ကျောက်ပိုင်ရှန်၏အသံက အနည်းငယ်မှုန်ဝါးသွားခဲ့သည်။သူသည် ကျောက်ချန်စွင်ကိုကြည့်ပြီးနောက်တွင် တိတ်တဆိတ်မေးမြန်းလိုက်ခြင်းဖြစ်သည်။
ကျောက်ခွန်အကြောင်းကိုကြားချိန်၌ ကျောက်ချန်စွင်က ချက်ချင်းဒေါသထွက်သွားခဲ့ကာ အံကြိတ်၍ပြောလိုက်သည်။
"သူ့လက်ရှိအခြေအနေက တော်တော်ထူးဆန်းနေတယ်...အဲ့အဘိုးကြီးက ခွန်အာရဲ့စိတ်ဝိညာဉ်ကို ပြသနာကြီးကြီးမားမားဖြစ်စေဖို့ ဘယ်လိုနည်းလမ်းတွေကိုအသုံးပြုခဲ့လဲဆိုတာ ခုထိအဖြေရှာမရသေးဘူး"
ထိုစကားကိုကြားချိန်၌ ကျောက်ပိုင်ရှန်၏မျက်လုံးများက အနည်းငယ်ကျဉ်းမြောင်းသွားခဲ့သည်။ကျောက်ပိုင်ရှန်သည် ဆယ်မိနစ်လောက်ကြာအောင် စဉ်းစားပြီးနောက် သူ၏မျက်လုံးများအားဖွင့်၍မေးလိုက်သည်။
"ချန်စွင်...မင်းကိုဘာလို့ဒီနာမည်ပေးခဲ့တာလဲသိလား..."
"အဖေ...ငါတို့ကျောက်မိသားစုဟာ ထာဝရရှင်သန်ဖို့နဲ့ မျိုးဆက်တစ်ခုပြီးတစ်ခု ပိုမိုချမ်းသာလာစေဖို့ ဘယ်သူ့ကိုမှကျွန်ခံတော့မှာမဟုတ်ဘူးလို့ အရင်ကပြောဖူးတယ်လေ...ဒါကငါတို့ဘယ်တော့မှ မေ့နိုင်မယ့်အရာမဟုတ်ဘူး"
(ချန်စွင် - ထာဝရ)
ကျောက်ပိုင်ရှန်သည် ဆိုဖာပေါ်ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး အသက်ကိုခပ်ပြင်းပြင်းရှုရှိုက်လိုက်သည်။
ထို့နောက် သူ၏တုတ်ကောက်ကိုအားပြုကာ အိမ်နံရံဆီသို့လျှောက်သွားခဲ့ပြီး အတန်ကြာတိတ်ဆိတ်သွားပြီးမှ ကျောက်ချန်စွင်အား လှည့်ကြည့်လိုက်သည်။
ထိုနေရာ၌ ပုံတူပန်းချီကားတစ်ချပ်ရှိနေခဲ့သည်။
ပန်းချီကားသည် ပဒေသရာဇ်ခေတ်မှ တရုတ်ပြည်ကိုဖော်ညွန်းထားပေသည်။ပန်းချီကားထဲ၌ ပျက်စီးနေသောမြေသားအိမ်၃လုံး ၊ ကြက်အနည်းငယ် ၊ ကောက်ရိုးပိုးစားပင်အနည်းငယ်နှင့်အတူ အလွန်လှပစွာ ဝတ်စားဆင်ယင်ထားသည့် မျိုးရိုးမြင့်လူများကို တွေ့ရမည်ဖြစ်သည်။
အလယ်တည့်တည့်ရှိ ရွှံ့ခြောက်အိမ်ရှေ့တွင် လေးငါးနှစ်အရွယ် ကလေးငယ်တစ်ဦးသည် စုတ်ပြဲနေသောအဝတ်အစားများကို ဝတ်ဆင်ထားသည်။သူသည် သနားစဖွယ်ကောင်းသည့်မျက်လုံးများဖြင့် ခွက်အလွတ်တစ်လုံးအားကိုင်ဆောင်ကာ အစာတောင်းခံလျက်ရှိပေသည်။
ထိုပန်းချီကား၌ ဇာတ်ကောင်တိုင်း၏အပြုအမူကို ရှင်းရှင်းလင်းလင်းတွေ့မြင်ရပေသည်။
သပ်သပ်ရပ်ရပ်ဝတ်စားထားသည့် မျိုးရိုးမြင့်လူတစ်စု၏ လှောင်ပြောင်သရော်သောအကြည့်များ...
စိတ်ပျက်စရာကောင်းသည့် ကလေးငယ်၏အကြည့်များ...
နှံစားဆန်အတွက် အပြိုင်အဆိုင်လုယက်နေကြသည့် ကြက်ကလေးများ...
ကျောက်ပိုင်ရှန်က ထိုပန်းချီကားအား ငြိမ်သက်စွာကြည့်နေခဲ့သည်။
ကျောက်ပိုင်ရှန်၏နက်နဲသောမျက်လုံးများအတွင်း၌ အေးစက်မှုများပြည့်နှက်နေခဲ့ကာ အနည်းငယ်နီမြန်းနေခဲ့သည်။
ကျောက်ချန်စွင်သည်ကား ကျောက်ပိုင်ရှန်၏နောက်၌ သံသယစိတ်အပြည့်ဖြင့် လေးစားစွာရပ်နေခဲ့သည်။
သူ၏အမြင်အရ နံရံပေါ်ရှိပန်းချီကားသည် အနုပညာအရလုံးဝတန်ဖိုးမရှိပေ။ဆန့်ကျင်ဘက်အားဖြင့် ၎င်းသည်သိမ်ငယ်မှုနှင့် စိတ်အားငယ်ခြင်းကိုကိုယ်စားပြုပေသည်။သို့သော် သူ၏အဖေသည် အဘယ်ကြောင့်ထိုပန်းချီကားအား နာရီပေါင်းများစွာကြာသည်အထိ အမြဲလိုလိုစိုက်ကြည့်နေရသည်ကို သူနားမလည်နိုင်ခဲ့ပေ။
ယခုတစ်ကြိမ်တွင်မူ ကျောက်ချန်စွင်သည် စိတ်မထိန်းနိုင်တော့ဘဲ မေးမြန်းလိုက်တော့သည်။
"အဖေ...ဒီပန်းချီကားက ဘာကိုဆိုလိုချင်တာလဲ...အဲ့ဒါကဘာတွေများထူးခြားနေလို့လဲ...ဒီပန်းချီကားကိုဘယ်လိုမှနားမလည်နိုင်ခဲ့ဘူး"
ကျောက်ပိုင်ရှန်၏အသံအပြီးတွင် ထိုလျှို့ဝှက်အိမ်တော်၌ တိတ်ဆိတ်မှုကကြီးစိုးသွားခဲ့သည်။
ကျောက်ပိုင်ရှန်သည် အဖြေပြန်မပေးသော်လည်း အတိတ်တစ်ချိန်က အမှတ်တရများက သူ့နှလုံးသားထဲ၌ အမြဲလိုလိုခုန်ပေါက်နေခဲ့သည်။
ထိုအချိန်ကဆိုလျှင် သူသည်အထီးကျန်ကာ အကူအညီမဲ့၍အေးစက်နေခဲ့ကာ တစ်ကမ္ဘာလုံးမှသူ့အား စွန့်ပစ်ထားသကဲ့သို့ ခံစားနေခဲ့ရသည်။
ကံအားလျော်စွာဖြင့် သူသည်ယဲ့ပိုင်၏ရွေးချယ်မှုကိုခံရကာ ချမ်းသာကြွယ်ဝလာခဲ့သည်။
ထို့နောက်သူသည် နေ့ညမပြတ်ကြိုးစားအားထုတ်ခဲ့ကာ လက်ရှိအခြေအနေသို့ ရောက်ရှိ်လာခဲ့ခြင်းဖြစ်သည်။သူသည် အတိတ်တစ်ချိန်က ကြေကွဲဖွယ်အခြေအနေသို့ လုံးဝပြန်မရောက်လိုပေ။
တစ်နေ့တွင် ယဲ့ပိုင်ပြန်လည်ရောက်ရှိလာပါက သူဖန်တီးထားသည့်စည်းစိမ်ဥစ္စာများအားလုံး ဆုံးရှုံးသွားမည်ကို သူအမှန်တကယ်ကြောက်ရွံ့နေခဲ့သည်။
သူသည် ယနေ့အချိန်၌ အလွန်ကြီးကျယ်မြင့်မြတ်သလို ခံစားနေခဲ့ရသည်။အစောပိုင်း၌ သူကြိုးစားအားထုတ်ခဲ့သော စည်းစိမ်ဥစ္စာများသည် လက်ရှိအချိန်၌ပြောပြရန် မထိုက်တန်တော့ပေ။
သူသည် ရှေးခေတ်ဧကရာဇ်တစ်ပါးသာ ဝတ်ဆင်နိုင်သည့် ရွှေရောင်ဝတ်ရုံကိုဝတ်ဆင်ထားသည်။ထိုဝတ်ရုံထဲ၌ မရေမတွက်နိုင်အောင်များပြားလှသည့် အထူးပြုလုပ်ထားသော ပျော့ပြောင်းသည့်ရွှေချည်မျည်များရှိနေခဲ့သည်။လျှို့ဝှက်အခန်းထဲ၌ ထိုကဲ့သို့ပုံစံတူ ပန်းချီကားတစ်ချပ်ရှိပေသည်။
သို့သော် ဤသို့လုပ်ဆောင်ရုံမျှဖြင့် ယဲ့ပိုင်အားရင်ဆိုင်၍မရနိုင်ကြောင်း သူနားလည်ထားပေသည်။ထို့ကြောင့်သူသည် လောင်းကစားပြုလုပ်ရန် ရွေးချယ်ခဲ့သည်။
အကယ်၍ ဤတစ်ကြိမ်သာ မအောင်မြင်ခဲ့ဘူးဆိုပါက ယခုအချိန်ကစ၍ ကျောက်ပိုင်ရှန်ဟုခေါ်သောလူတစ်ယောက် ရှိလာနိုင်တော့မည်မဟုတ်ပေ။
"ဟူး..."
ကျောက်ပိုင်ရှန်သည် အချိန်အတော်ကြာပြီးမှ သက်ပြင်းရှည်ကြီးတစ်ခုကိုချထားလိုက်သည်။
"ဒီတစ်ခါတော့ အရာအားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်...ငါ့ရဲ့ဆုံးဖြတ်ချက်မှန်ကန်လိမ့်မယ်လို့ တကယ်မျှော်လင့်မိတယ်...ခုဆိုရင်အနှစ်ရှစ်ဆယ်ကျော်ကြာသွားပြီ...အဲ့လူကဘယ်တော့မှ ပြန်မလာတော့တာလည်း ဖြစ်နိုင်တာပဲ"
နောက်ဘက်၌ရပ်နေသော ကျောက်ချန်စွင်သည် ပို၍ပင်ပဟေဠိဖြစ်လာခဲ့သည်။
နှစ်ပေါင်းရှစ်ဆယ်...
အဲ့လူ...ဘယ်လိုလူလဲ...
သူ၏အဖေကိုပင် လွန်စွာသတိထားနိုင်အောင် ပြုလုပ်နိုင်သူတစ်ယောက်သည် လွန်စွာမှအစွမ်းထက်နေမည်မှာ သေချာသလောက်ပင်ဖြစ်ပေသည်။
သို့သော်လည်း ကျောက်ပိုင်ရှန်က သူ့အားထိုအကြောင်းကိုစဉ်းစား၍ မေးခွန်းမေးရန် အခွင့်အရေးမပေးခဲ့ပေ။
ထိုအကြောင်းကိုပြောပြီးနောက် ကျောက်ပိုင်ရှန်က ဖြည်းညှင်းစွာလှည့်ကြည့်လာခဲ့သည်။ထိုအခိုက်အတန့်တွင် သူ၏မျက်လုံးများကနီရဲလာပြီး မျက်လုံးထောင့်စွန်း၌ မှုန်မှိုင်းနေသောအရိပ်အယောင်က ပေါ်လွင်နေခဲ့သည်။
"ချန်စွင်...လျှိုဇီယွမ်နဲ့ကျင်းရူဖန်တို့ကို ချက်ချင်းဆက်သွယ်လိုက်စမ်း...သူတို့ကိုခြေသုံးချောင်းနဂါးအိမ်တော်ရာကိုလာခိုင်းလိုက်...ဒါ့ပြင်ငါသေတဲ့သတင်းကို လူတိုင်းသိအောင် တိုက်ရိုက်သတင်းထုတ်ပြန်လိုက်...ဖြစ်နိုင်ရင်ကမ္ဘာပေါ်ကလူတိုင်း ဒီသတင်းကိုသိသွားရင်အကောင်းဆုံးပဲ...မိသားစုရဲ့အခြေအနေကို အရမ်းကြီးစိတ်မပူနဲ့..."
ကျောက်ပိုင်ရှန်၏လေသံသည် ပွက်ပွက်ဆူနေသောအသံမှ အလွန်ပြတ်သားသည့်လေသံအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ထိုအခိုက်အတန့်တွင် ကျောက်ပိုင်ရှန်သည် လုံးဝစိတ်ပိုင်းဖြတ်လိုက်ပုံရသည်။
သူသည် ရပ်တည်ချက်တစ်ခုအတွက် နှစ်ပေါင်းများစွာကြာအောင် အားထုတ်ကြိုးပမ်းခဲ့ပြီး သူရည်မှန်းထားသောပန်းတိုင်အတွက် သေခြင်းတရားအား ထိုက်ထိုက်တန်တန် ရင်ဆိုင်ဝံ့ပေသည်။
"ဟုတ်ကဲ့...အဖေ"
ကျောက်ချန်စွင်သည် သူ၏နှလုံးသားထဲ၌ မရေမတွက်နိုင်သည့် သံသယစိတ်များပြည့်နှက်နေသော်လည်း ထိုအကြောင်းနှင့်ပတ်သက်၍ ဆက်မမေးဝံ့တော့ပေ။
ယခုအချိန်၌ ကျောက်ပိုင်ရှန်သည် သူ့စိတ်ထဲ၌ဆုံးဖြတ်ချက်ချပြီးပြီဖြစ်ကြောင်း သိရှိလိုက်သည့်အတွက် သူသည်လျှို့ဝှက်အိမ်တော်မှ ချက်ချင်းထွက်ခွာသွားခဲ့သည်။သို့သော်လည်း ယခုလိုနည်းစနစ်မျိုးကိုအသုံးချကာ ယဲ့ပိုင်အားဆန့်ကျင်ရန်ကြိုးပမ်းခဲ့သည့် နည်းဗျူဟာသည် မည်မျှထိနုံအကြောင်း ထိုလူနှစ်ယောက်မသိခဲ့ကြပေ။
...
ခွန်းလွန်တောင်...သက်ရှည်ဘုရားကျောင်း...
ယဲ့ပိုင်က မတ်တပ်ထရပ်လိုက်သည်။
သူဝတ်ထားသောဝတ်စုံသည် လေနှင့်ဖုန်တို့ကပ်ညှိခြင်းမရှိပေ။သူ၏ရှည်လျားသော အနက်ရောင်ဆံပင်များက နောက်ကျောဘက်၌တွဲလျောင်းကျနေခဲ့သည်။
သူ၏ခန္ဓာကိုယ်သည် ပြီးပြည့်စုံကာ သူ၏လှပသောမျက်နှာသွင်ပြင်နှင့် ကျောက်စိမ်းကဲ့သို့အသားအရည်တို့က မိန်းကလေးများကိုပင် မနာလိုဖြစ်စေမှာဖြစ်သည်။
အင်မော်တယ်ဘဝ...အသက်ကြီးလာခြင်းမရှိ...အနာရောဂါတို့ကင်းဝေးခြင်း...လူသားတို့၏အသိညဏ်ကိုကျော်လွှားနိုင်ခြင်း...အရာအားလုံးကို ထိန်းချုပ်နိုင်စွမ်းရှိခြင်း...
ယခုယဲ့ပိုင်ရရှိနေသောဘဝကို လူပေါင်းမည်မျှအိပ်မက်မက်နေကြသနည်း...
ကံမကောင်းစွာဖြင့် ထိုလူပြိန်းအများစုသည် ဤအကြောင်းကိုနားမလည်နိုင်ကြပေ။ထာဝရအသက်ဟုခေါ်သောအရာသည် အချို့သောလူများအတွက် ကောင်းကင်မှပေးအပ်သည့် လက်ဆောင်တစ်ခုမဟုတ်သော်လည်း လွယ်လွယ်ကူကူရရှိနိုင်သည့်အရာမဟုတ်ပေ။
ယဲ့ပိုင်၏မျက်နှာသည် အမူအရာကင်းမဲ့နေခဲ့ပြီး သူ၏နက်ရှိင်းသောအကြည့်များဖြင့် ဧည့်ခန်းတွင်းရှိလူအိုကြီးများကို တစ်ယောက်ပြီးတစ်ယောက်စိုက်ကြည့်လိုက်သည်။
ထိုလူအိုကြီးများသည် ယဲ့ပိုင်၏အကြည့်နှင့်ရင်ဆိုင်လာရချိန်တွင် သူတို့တစ်ကိုယ်လုံးကြက်သီးမွှေးညင်းထသွားကြပြီး ခေါင်းကိုမော့မကြည့်ဝံ့ကြတော့ပေ။
ယဲ့ပိုင်သည် အဝေးသို့လှမ်းကြည့်လိုက်ပြီး လက်နှစ်ဖက်ကိုနောက်ပိုက်၍ ဧည့်ခန်းအဝင်ဝသို့ လျှောက်သွားခဲ့သည်။
ခြံဝင်းထဲရှိ အားဟောင်၏အုတ်ဂူအားကြည့်လိုက်ချိန်တွင် သူ့နှလုံးသားထဲ၌ ခံစားချက်အချို့ပေါက်ဖွားလာခဲ့သည်။
အချိန်အတော်ကြာပြီးနောက်တွင် ယဲ့ပိုင်၏ပါးစပ်ထဲမှနေ၍ သူ့ကိုယ်သူရေရွတ်နေသကဲ့သို့ အသံတစ်ခုထွက်ပေါ်လာခဲ့သည်။
"မင်းတို့ကောင်တွေ ငါ့ကိုအရမ်းကြောက်နေတာလား"
ယဲ့ပိုင်၏အသံကိုကြားချိန်၌ ဧည့်ခန်းတွင်းရှိလူအိုကြီးများအားလုံးသည် ဆရာတစ်ယောက်က ခက်ခက်ခဲခဲမေးခွန်းတစ်ခုမေးလာချိန်တွင် ဖြေဆိုရန်မတတ်နိုင်သော ညဏ်တုံးသည့်ကလေးများသဖွယ် ထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်။