← Chapters

အထောက်အထား

Vol. 1 Ch. 15

အထောက်အထား

Vol. 1 Ch. 15

သက်ရှည်ဘုရားကျောင်းတွင်းရှိ လေထုအခြေအနေက လွန်စွာတင်းမာနေခဲ့သည်။

လွန်ခဲ့သောနှစ်ပေါင်းရှစ်ဆယ်ခန့်က...

ယဲ့ပိုင်၏ရှေ့တွင် ထိုလူအိုကြီးများက ဘာမှမဟုတ်ခဲ့ပေ။သူတို့သည် ထိုအချိန်က မည်သည့်ချမ်းသာမှုမှ မပိုင်ဆိုင်ခဲ့ပေ။

ထို့ပြင် သြဇာအာဏာနှင့်စွမ်းအားတို့ကိုလည်း ပိုင်ဆိုင်ခဲ့ခြင်းမရှိဘဲ တိုက်ပွဲဝင်ရန်အတွက် အဆင်သင့်ဖြစ်နေကြသည့် လူငယ်လေးများသာဖြစ်ကြသည်။

ယခုအချိန်၌ သူတို့သည်အသက်အရွယ်ကြီးရင့်နေကြပြီဖြစ်ကာ အမျိုးမျိုးသောကိစ္စများကိုလည်း စိုးရိမ်ပူပန်တတ်လာကြသည်။

မည်သည့်ကိစ္စတွင်မဆို သူတို့သည်ရှေ့နောက်ကြည့်၍ဆုံးဖြတ်တတ်လာကြပြီး သူတို့ပင်မသိလိုက်ချိန်မှာပင် သူတို့၏အလွန်လျှို့ဝှက်ဆန်းကြယ်သော သခင်ဖြစ်သူအားကြောက်ရွံ့တတ်လာကြသည်။

"ဆရာ...မင်းငါ့ကိုမွေးစားလိုက်ပြီးကတည်းက ငါမင်းအပေါ်လုံးဝသစ္စာရှိခဲ့ပါတယ်...ငါ့မှာစိတ်နှစ်ခွဖြစ်စရာလုံးဝမရှိဘူး...ကျေးဇူးပြုပြီးတော့ ငါ့ကိုယုံကြည်ပေးပါ"

ခန်းရှစ်ရှန်းသည် ပထမဆုံးစတင်ပြောလာခဲ့သည်။သူသည် မြေကြီးပေါ်ဒူးထောက်ကာ နဖူးကိုမြေကြီးနှင့်ထိကပ်လိုက်သည်။ထို့နောက် သူသည်အေးစက်နေသောလေထုအခြေအနေကိုတွန်းလှန်၍ တုန်တုန်ယင်ယင်လေသံဖြင့်ပြောလိုက်သည်။

ရှမိုရန်ကလည်း ဝင်ရောက်ပြောဆိုလိုက်သည်။

"ငါ့ရဲ့အသက်ကို သခင်ကပေးထားတာပါ..ငါ့ရဲ့သစ္စာရှိမှုကဘယ်တော့မှ ပြောင်းလဲသွားမှာမဟုတ်ဘူး"

"ဆရာ...ငါတို့ကဒီအချိန်ကိုရောက်လာတဲ့အထိ သစ္စာဖောက်ဖို့လုံးဝအတွေးမဝင်ဖူးပါဘူး"

လူတိုင်းက သူတို့၏ထင်မြင်ယူဆချက်များကို ထုတ်ဖော်ခဲ့ကြသည်။

"မတ်တပ်ရပ်ကြ..."

သို့သော်လည်း ယဲ့ပိုင်က သူတို့စကားဆုံးသည်ထိမစောင့်ဘဲ အေးစက်စက်လေသံဖြင့် နောက်လှည့်ကြည့်၍ပြောလိုက်သည်။

လူအိုကြီးများသည် အနည်းငယ်တုန်ယင်သွားကြပြီး သူတို့၏အားနည်းသောခြေထောက်များကို လှုပ်ရှားကာမတ်တပ်ထရပ်လိုက်ကြသည်။

"လက်ဖက်ရည်ကြမ်းကုန်သွားပြီ...သံသယဖြစ်စရာတွေထပ်မလုပ်ကြနဲ့တော့...မင်းတို့လိပ်ပြာသန့်သန့်နေရင် မင်းတို့ဘာမှမဖြစ်ဘူး...ဒီတစ်ခါငါပြန်လာတယ်ဆိုတာ လုပ်စရာရှိလို့ပဲ...အန်းလေး ငါ့ကိုအထောက်အထားတစ်ခုလုပ်ပေး...ကျန်တဲ့သူတွေပြန်ကြတော့...ဒီနေရာမှာဘာမှမဖြစ်ခဲ့ဘူးလို့သဘောထားလိုက်...နားလည်ကြလား"

ယဲ့ပိုင်က အမိန့်ပေးသည့်လေသံဖြင့် ပြောလိုက်သည်။

"နားလည်ပါပြီ..."

"နားလည်ပါတယ် သခင်..."

"ဒီအစေခံက နားလည်ပါတယ်"

ယဲ့ပိုင်၏စကားအဆုံးတွင် လူအိုကြီးကိုးယောက်သည် မည်သည့်စကားမှအပိုမပြောရဲတော့ဘဲ ခေါင်းငုံ့ကာအမြန်ပြန်ဖြေလိုက်ကြသည်။

သူတို့၏လုပ်ဆောင်ချက်များက သူတို့၏သေးငယ်သောအမှားများကိုဖုံးကွယ်ရန် အသုံးပြုသည့်အရာများသာဖြစ်ကြသည်။

လက်ရှိအချိန်၌ မည်သည့်စကားမှမပြောဘဲ နှုတ်ဆိတ်နေခြင်းသည် ညဏ်ပညာအရှိဆုံးရွေးချယ်မှုဖြစ်သည်။

"သခင်...နှစ်တိုင်းနှစ်တိုင်း မင်းအတွက်အထောက်အထားအသစ်တစ်ခုကို အမြဲပြင်ဆင်ပေးထားတယ်...အဲ့ဒါတွေက သက်ရှည်ဘုရားကျောင်းမှာရှိတယ်"

ဝမ်အန်းသည် အရာအားလုံးကို စနစ်တကျပြုပြင်လုပ်ဆောင်ခဲ့ပြီး ယဲ့ပိုင်ပြဿနာမတက်ရအောင် အချိန်များစွာပေး၍လုပ်ဆောင်ခဲ့သည်။

ထိုသို့ပြောပြီးနောက် ဝမ်အန်းသည် ရိုသေစွာလှည့်ထွက်သွားကာ ထိုပစ္စည်းများအား စတင်ရှာဖွေခဲ့သည်။

ကျန်ရှိနေသောလူအိုကြီးကိုးယောက်သည်ကား အခန်းထဲ၌တုန်လှုပ်စွာရပ်နေခဲ့ကြသည်။

ဝမ်အန်းက ပစ္စည်းသွားယူသည်ကိုမြင်သောအခါ ခန်းရှစ်ရှန်းကခဏလောက်စဉ်းစား၍ ပြောလိုက်သည်။

"သခင်...ဒီအစေခံသွားနှင့်ပါအုံးမယ်...တကယ်လို့သခင့်မှာညွန်ကြားချက်တစ်ခုခုရှိခဲ့မယ်ဆိုရင် ဒီအစေခံအိုကြီးကအသင့်ရှိနေပါတယ်...သခင့်မှာလိုအပ်ချက်တစ်ခုခုရှိလာရင် ဒီအစေခံအိုကြီးကအသက်နဲ့ရင်းပြီး လုပ်ဆောင်ပေးသွားဖို့ တွန့်ဆုတ်နေမှာမဟုတ်ပါဘူး"

ခန်းရှစ်ရှန်းသည် ဤနေရာ၌ဆက်မနေဝံ့တော့ပေ။ဤနေရှိ လေထုအခြေအနေက စိတ်ကိုမွန်းကျပ်စေပြီး ယနေ့ဖြစ်ပျက်ခဲ့သောဖြစ်ရပ်များအား ပြန်လည်ဖျောက်ဖျက်ပစ်လိုခဲ့သည်။

"သခင်...ကျနော်လည်း သွားလိုက်ပါတော့မယ်"

"သခင်ကြီး...ငါအပါအဝင် ငါ့ရဲ့မိသားစုတစ်ခုလုံးက မင်းရဲ့အမိန့်ကိုအချိန်တိုင်း စောင့်မျှော်နေပါမယ်"

ခန်းရှစ်ရှန်းကဦးဆောင်စကားပြောပြီးနောက် လူအိုကြီးများသည် တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်စကားဆိုလာကြသည်။နှစ်ပေါင်းများစွာကြာပြီးသည့်နောက်တွင်မှ ယဲ့ပိုင်အားပြန်လည်တွေ့ရှိခဲ့ရ၍ သခင်နှင့်အစေခံအကြားတွင် ပြောစရာစကားအချို့ရှိနေဆဲဖြစ်သည်။သို့သော်လည်း ကျောက်မိသားစုသည် ခွင့်မလွှတ်နိုင်သော လုပ်ရပ်ကိုလုပ်ဆောင်ခဲ့သည့်အတွက်ကြောင့် ဤနေရာတွင်ဆက်လက်ရှိနေခြင်းက ယဲ့ပိုင်အားပို၍ဒေါသထွက်စေရုံသာဖြစ်ကြောင်း သူတို့နားလည်ပေသည်။

ယဲ့ပိုင်၏မျက်နှာသည်ကား မည်သည့်ထူးခြားမှုကိုမှမဖော်ပြသလို သူ၏အကြည့်များက နဂိုအတိုင်းအေးစက်နေဆဲဖြစ်သည်။

လူအိုကြီး၉ယောက်သည် မတ်တပ်ရပ်၍ ခါးကိုကွေးညွတ်ထားကြပြီး ယဲ့ပိုင်ကသူတို့အားထွက်သွားခွင့်ပြုရန်အတွက် စောင့်ဆိုင်းနေကြသည်။ထိုအချိန်တွင် ယဲ့ပိုင်ကစကားတစ်ခွန်းကို ပြောလိုက်သည်။

"သွားကြတော့..."

ထိုစကားကိုကြားရချိန်မှသာ လူအိုကြီး၉ယောက်သည် ငရဲမှယမမင်းထံမှ လွတ်ငြိမ်းချမ်းသာခွင့်ကို ရရှိလိုက်သကဲ့သို့ စိတ်သက်သာရာရသွားကြသည်။ထို့နောက်သူတို့သည် မည်သည့်ဆူညံသံမှမထွက်ပေါ်ရစေအောင် ခြေသံတိုးတိုးဖြင့် သက်ရှည်ဘုရားကျောင်း၏တံခါးဆီသို့ လျှောက်သွားခဲ့ကြသည်။

အဖြူရောင်နှင်းများဖုံးလွှမ်းနေသည့် အပြာရောင်ခြေနင်းကျောက်တုံးများပေါ်၌သာ သူတို့၏ခြေရာများ အစီအရီကျန်ရစ်ခဲ့သည်။

...

ဝမ်အန်းသည် ပစ္စည်းများအားလုံးကို ယူဆောင်လာသောအခါတွင် ဧည့်ခန်းအတွင်း၌ ယဲ့ပိုင်တစ်ယောက်တည်းသာကျန်တော့ကြောင်း တွေ့ရှိလိုက်ရ၍ သူ၏မျက်လုံးများ၌ အံ့သြနေသောအရိပ်အယောင်အချို့ ဖြတ်ပြေးသွားခဲ့သည်။

"သခင်...ဒါကမင်းအတွက် ငါစီစဉ်ပေးထားတဲ့ အထောက်အထားအသစ်တစ်ခုပဲ...ဒီအထောက်အထားကို ပြုပြင်ပေးမယ့်သူကို နှစ်တိုင်းငါရှာဖွေပြီး သေချာပြုပြင်ခဲ့တယ်...ဒီထဲမှာ ဆွေစဉ်မျိုးဆက်၉ခုထိတိုင်အောင် အမှားအယွင်းမရှိရှာတွေ့နိုင်တယ်...ဒါတွေကိုထုတ်သုံးတဲ့အခါကျရင် ပြသနာလုံးဝမရှိစေရဘူး"

ဝမ်အန်းသည် ပစ္စည်းများများစားစား ယူမလာခဲ့ပေ။

ထိုထဲတွင် IDကတ်ပြားတစ်ခု...

အကန့်အသတ်မရှိငွေလွဲနိုင်သော အနက်ရောင်ဘဏ်ကတ်ပြားတစ်ခု...

အိမ်ထောင်စုစာရင်းစာအုပ်တစ်ခု...

သက်သေခံအချက်အလက် အနည်းငယ်ပါရှိသော ရိုးရှင်းသည့်မိတ်ဆက်စာလွှာတစ်ခု ပါဝင်ပေသည်။

ယဲ့ပိုင်သည် ခေါင်းညိတ်လိုက်ကာ ထိုပစ္စည်းများအား လက်ဖြင့်ဆွဲယူ စစ်ဆေးလိုက်သည်။

အထက်ဖော်ပြပါ အချက်အလက်များသည် စိတ်ဝင်စားဖွယ်ကောင်းလှပေသည်။

"အမေရိကန်မှာ ၃နှစ်လောက်ကြာအောင် စာလေ့လာပြီးတော့ ပြန်ရောက်လာတဲ့ရှေးဟောင်းသုတေသနကျောင်းသားတစ်ယောက်ဖြစ်တယ်....သုံးနှစ်တာကာလအတွင်းမှာ ရှေးဟောင်းပစ္စည်းနဲ့ပတ်သက်တဲ့ လျှိ့ဝှက်ချက်ပေါင်းများစွာကိုဖြေရှင်းနိုင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းနာမည်ကောင်းရရှိခဲ့တယ်...ဘာသာစကား၉မျိုးကိုနားလည်ထားတဲ့ လူငယ်ပါရမီရှင်တစ်ယောက်လည်းဖြစ်တယ်...တစ်ချိန်တည်းမှာပဲ အသက်အငယ်ဆုံးတိုက်ခိုက်ရေးပါရမီရှင်၊ သိုင်းပညာဆရာသခင် ၊ တရုတ်ရဲ့အသက်အငယ်ဆုံးပါမောက္ခ..."

အထက်ဖော်ပြပါအထောက်အထားများသည် အလွန်ပင်အဆင့်မြင့်လှပေသည်။

ယဲ့ပိုင်၏အသက်အရွယ်သည် အပြင်ပန်းမှကြည့်လျှင် နှစ်ဆယ်လောက်သာရှိဦးမည်ဖြစ်သည်။

အကယ်၍ သူသည်ထိုအထောက်အထားအား အမှန်တကယ်အသုံးပြုလိုက်မည်ဆိုပါက လူပေါင်းမည်မျှကိုထိတ်လန့်စေနိုင်ကြောင်း မသိနိုင်ပေ။

သို့သော်လည်း ဝမ်အန်းလက်အောက်မှလူများ၏ ထိန်းချုပ်ထားမှုအောက်တွင် ထိုအထောက်အထား၌ပါရှိသော အချက်အလက်တိုင်းသည် ယုတ္တိရှိကာ စုံစမ်းမေးမြန်းနိုင်ပေသည်။

"အင်း..."

သို့သော်လည်း အချိန်ခဏကြာပြီးနောက်တွင် ထိုအထောက်အထားစာရွက်များသည် ယဲ့ပိုင်၏လက်ထဲ၌ ပြာများအဖြစ်သို့ပြောင်းလဲပျောက်ကွယ်သွားခဲ့ရသည်။

ထို့နောက်တွင် ယဲ့ပိုင်သည် သူ၏IDကတ်အား စတင်အာရုံစိုက်လာခဲ့သည်။

ထိုIDကတ်ပေါ်ရှိ နာမည်ကလည်းယဲ့ပိုင်သာဖြစ်သည်။အထဲရှိဓာတ်ပုံကလည်း လွန်ခဲ့သောနှစ်ပေါင်း၈၀က ယဲ့ပိုင်ထွက်သွားစဉ်က ပုံပင်ဖြစ်သည်။နှစ်ပေါင်းများစွာကြာသွားသည့်တိုင်အောင် ထိုဓာတ်ပုံကလုံးဝပြောင်းလဲသွားခြင်းမရှိပေ။

သို့သော်လည်း သူ၏လက်ရှိသွင်ပြင်သည် သူထွက်မသွားမှီပုံစံထက် များစွာပြောင်းလဲနေကြောင်း ယဲ့ပိုင်ကိုယ်တိုင်သာသိရှိပေသည်။

"သခင်...ဒီအစေခံကပြောသင့်လားတော့မသိဘူး...ကိစ္စတစ်စုံတစ်ခုတော့ရှိတယ်"

ယဲ့ပိုင်သည် အထောက်အထားများကို စာရွက်တစ်ခုသဖွယ် အလွယ်တကူဖျက်ဆီးနေသည်ကိုကြည့်ပြီး ဝမ်အန်းသည် ယဲ့ပိုင်၏ရှေ့၌ရပ်ကာ စက္ကန့်အနည်းငယ်ခန့်တုံ့ဆိုင်းနေပြီးမှ ခေါင်းငုံ့၍လေသံတိုးတိုးဖြင့်ပြောလိုက်သည်။

"ပြောလေ..."

ယဲ့ပိုင်က လေကုန်မခံလိုသည့်အလား တိုတိုပြတ်ပြတ်ပြောလိုက်သည်။

"သခင်...လူသားတိုင်းမှာ တစ်ကိုယ်ကောင်းဆန်တတ်တဲ့စိတ်ဆန္ဒဆိုတာရှိတယ်...ကျောက်မိသားစု၊လျှိုမိသားစု၊ကျင်းမိသားစုတို့က သခင်ဒီမှာရှိနေတာမသိလို့အဲလိုလုပ်တာဖြစ်နိုင်တယ်...ဒီတစ်ခေါက်သခင်ပြန်လာပြီဆိုတာကို သူတို့ကိုတကယ်အကြောင်းကြားစရာမလိုဘူးလား"

ဝမ်အန်းက လေသံတိုးတိုးဖြင့်ပြောလိုက်သည်။

လွန်ခဲ့သောဆယ်စုနှစ်များအတွင်းက သူတို့ဆယ်သုံးယောက်သည် ညီအစ်ကိုများကဲ့သို့ရင်းနှီးခဲ့ကြပြီး သူတို့အားလုံးသည် ယဲ့ပိုင်၏ပြုစုပျိုးထောင်ခြင်းကို ခံခဲ့ရသူများဖြစ်သည်။

ဝမ်အန်း၏အမြင်တွင် အချို့သောသူများသည် ဤကိစ္စ၌အနည်းငယ်လွန်သည်ဟု ယူဆနိုင်သော်လည်း ထိုလူများသည် ယဲ့ပိုင်အားသစ္စာဖောက်ရန်အတွက် အမှန်တကယ်လုပ်ဆောင်ဝံ့လိမ့်မည်ဟု သူမထင်မှတ်ပေ။

"ငါ့မှာကိုယ်ပိုင်အစီအစဉ်ရှိတယ်..."

ယဲ့ပိုင်၏အဖြေသည် အလွန်ပင်ရိုးရှင်းပေသည်။

သူသည် ရှင်သန်နေထိုင်လာသည်မှာ ကြာမြင့်လှပြီဖြစ်သည်။

ကျောက်မိသားစုနှင့်လျှို့မိသားစုတို့သည် ပုရွက်ဆိတ်များထက်သာ သာလွန်သည့်အရာများဟု သူမှတ်ယူထားပေသည်။သူတို့သည် လက်ရှိအချိန်တွင် တရုတ်ပြည်၏မဟာအင်အားစုများဖြစ်ကြသော်လည်း သူ့အတွက်မူ လက်နှင့်ခြေကိုမြှောက်လိုက်ရုံဖြင့် အလွယ်တကူဖျက်ဆီးနိုင်သည့် လူရွှင်တော်များသာဖြစ်ကြသည်။

ကံမကောင်းစွာဖြင့် အချို့သောမိသားစုများသည် ထိုအရာအားရိုးရိုးရှင်းရှင်း နားလည်သဘောမပေါက်ခဲ့ကြပေ။

ဝမ်အန်းသည် ပြောစရာစကားပျောက်ဆုံးနေခဲ့သည်။ယဲ့ပိုင်က ထိုသို့ပြောလာခဲ့ပြီဖြစ်၍ သူ့စိတ်ထဲတွင် ဆုံးဖြတ်ချက်ချမှတ်ပြီးပြီဖြစ်ကြောင်း သိသာပေသည်။

"သခင်ပြောတာကို နာခံပါမယ်"

ဝမ်အန်းသည် ယဲ့ပိုင်၏စကားကိုလက်ခံရုံသာ တတ်နိုင်ခဲ့သည်။

"ဒီမှာတစ်ညလောက်ဆက်နေလိုက်မယ်...နောက်တစ်နေ့ကြရင် တောင်ပေါ်ကနေဆင်းကြည့်ရအောင်...နှစ်ပေါင်းရှစ်ဆယ်တောင်ကြာခဲ့ပြီ...ဒီကမ္ဘာကြီးမှာဘာတွေဖြစ်သွားမှန်းတောင် မသိတော့ဘူး"

ယဲ့ပိုင်သည် သူ့လက်များကိုနောက်ကျောပိုက်ကာ တံခါးဝဆီသို့လျှောက်သွားခဲ့သည်။ထို့နောက် မှန်းခရခက်သည့်အကြည့်မျိုးဖြင့် ဧည့်ခန်းတွင်းသို့ လှမ်းကြည့်လိုက်သည်။

ထိုအချိန်တွင် ခွန်းလွန်တောင်၌ကျဆင်းနေသည့် နှင်းပွင့်များက ပို၍ကြီးမားလာခဲ့သည်။

ထိုနှင်းပွင့်များသည် မက်မွန်ကိုင်းအခက်များနှင့်အားဟောင်၏ သချိုင်းဂူတို့အား ဖုံးအုပ်ထားပြီး အပြာရောင်ခြေနင်းကျောက်များ၌ ကျန်ရစ်ခဲ့သော လူအိုကြီး၉ယောက်၏ခြေရာများကိုလည်း ဖုံးလွှမ်းသွားခဲ့သည်။

"ရန်ငြိုးနဲ့အာဃာတတွေ ဘယ်လောက်ပဲနက်ရှိုင်းနေပါစေ ဒီနှင်းပွင့်တွေကတော့ အတူတူပါဘဲ...နှင်းပွင့်တွေကြီးလာသရွေ့ အချိန်သာအလုံအလောက်ရှိမယ်ဆိုရင် အရာအားလုံးကချောချောမွေ့မွေ့နဲ့ ပြန်လည်စတင်နိုင်လိမ့်မယ်"

ယဲ့ပိုင်က ညည်းညူလိုက်သည်။

သူသည် အနီရောင်ဖုန်မှုန့်ကမ္ဘာ(သေမျိုးကမ္ဘာ)ကို စေ့စေ့စပ်စပ်တွေ့မြင်ဖူးပေသည်။ယခုအခါတွင် အသက်ရှည်ခြင်း၏ လျှို့ဝှက်ဆန်းကြယ်မှုကသာ သူ၏နှလုံးသားအား တုန်ခါစေနိုင်ပေသည်။

Thank For reading.

All Chapters