ဆရာ ... ဒီတပည့်ကမင်းကိုလိုက်ရှာနေတာ။
Vol. 66 Ch. 781
တိုက်ပွဲသည် မျက်စိတမှိတ်အတွင်း ပြီးဆုံးသွား၏။ ခြေလက်များနှင့် ရတနာများ၏ အပိုင်းအစများသည် သွေးများနှင့် ရောနှောပြန့်ကျဲနေသည်။
“ သေစမ်း ... ။ ”
ကူကျန်းမင်တစ်ယောက် မျက်နှာသည် ပြာနှမ်းသွားပြီး ဒေါသကြောင့်တုန်ခါလာသည်။ ဧကရာဇ်ဆယ်ယောက်ကျော်ဖြင့် ဝိညာဉ်တာအို နယ်ပယ် လူငယ်တစ်ဦးကို မဖမ်းမိနိုင်ခဲ့ချေ။
ယင်းအစား ဆုံးရှုံးမှုများပင် ကြုံခဲ့ရလေသည်။ ရှက်ဖွယ်ကောင်းလှသည့် တိုက်ပွဲကြီးပေပင်။
“ ဒီကောင်လေး ဘယ်သူလဲ ... ဘာလို့ဒီလောက်တောင် ကြောက်စရာ ကောင်းနေရတာလဲ ... ။ ”
တစ်စုံတစ်ယောက်က ထိတ်လန့်စွာမေးမြန်းသည်။ ဤတိုက်ပွဲသည် သူ့ဘဝတွင် အမြန်ဆုံးဖြစ်၏။ ဧကရာဇ်များမှာ ဝိညာဉ်တာအိုနယ်ပယ်လူငယ်ရှေ့တွင် ကူကယ်ရာမဲ့နေချေပြီ။
“ အစ်ကိုကြီး၊ ငါတို့ လိုက်သင့်လား။ ”
ရှန်ကွမ်းကျဲ၏ မျက်နှာသည် ဒေါသတကြီးဖြင့် ရှုံ့မဲ့နေသည်။ ဤနေရာသည် ကျဉ်းမြောင်းလွန်းသဖြင့် သူတို့လွတ်လပ်စွာ တိုက်ခိုက်၍မရချေ။
ထို့ကြောင့် သူ့တွင်သတ်ဖြတ်လိုခြင်း ရည်ရွယ်ချက်နှင့် မထိန်းချုပ်နိုင်သောဒေါသများ ပြည့်နှက်နေစေသည်။
“ ဂျူနီယာညီလေး ... အထဲက စီနီယာလေးယောက်ကို ငါသွားကြည့်လိုက်မယ် မင်းတခြားသူတွေကိုခေါ်ပြီး အဲဒီကောင်လေးကို လိုက်ရှာပါ။ ”
“ ကောင်းပြီ ... ။ ”
ရှန်ကွမ်းကျဲက ခေါင်းညိတ်ပြလိုက်၏။ လူတိုင်းထွက်ခွာသွား ပြီးနောက် ကူကျန်းမင်းက တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။
ထို့နောက် သူ့အင်္ကျီလက်ထဲက ထူးဆန်းသော အဖြူရောင် အရိုးစာလိပ်တစ်ခု ထုတ်ယူပြီး နတ်အာရုံဖြင့် အကြောင်းအရာ အချို့ ရေးသားလိုက်၏။
“ ဘိုးဘေးရဲ့မျိုးဆက်လို့ သံသယရှိတဲ့ စုရီပေါ်လာပါပြီ ဦးလေးဆရာ ... သူက ငါတို့ရဲ့ အဖိုးကြီးလေးယောက်ကို ဖြတ်ကျော် ထွက်ပြေး သွားပါတယ် ... ဦးလေးဆရာ သတင်းရရင် ပြန်လာပေးပါ။ ”
အထက်ပါစာသားများ ရေးသားပြီးနောက် အရိုးစာလိပ်ပေါ်ရှိတံဆိပ်ကို အသက်သွင်း၏။ များမကြာခင် အရိုးစာလိပ်သည် စူးရှစွာ တောက်ပလျက် လေဟာနယ်ကိုခွဲကာ ပျောက်ကွယ်သွားသည်။
“ ဟမ့် ... ။ ”
ထိုမြင်ကွင်းထံ ခဏမျှ ငေးကြည့်နေ ပြီးနောက် အံကြိတ်လျက် ဂူအတွင်းပိုင်းသို့ ပြေးဝင်လိုက်တော့၏။ အတွင်းမှ အော်ဟစ် နေသံများ ကြားနေရဆဲဖြစ်သည်။
***
“ ဖျစ် ဖျစ် ဖျစ် ... ။ ”
ပြိုကျနေသော ရှေးဟောင်း အဆောက်အအုံများဖြင့် ပြည့်နှက်နေသည့် လွင်ပြင်ကြီးတစ်ခုတွင် နီရဲရဲလျှပ်စီးများက အဆက်မပြတ် လင်းလက်နေသည်။
ကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံများသည် လွင်ပြင်တဝိုက်တွင် ပဲ့တင်ထပ်နေ၏။
ဤသည်မှာ မြေအောက်ကမ္ဘာသင်္ချိုင်း၏ အန္တရာယ်အရှိဆုံးသော တားမြစ်ဇုန်များအနက် တစ်ခုဖြစ်သည့် နတ်ဘုရားသင်္ချိုင်းပေပင်။
ထိုလွင်ပြင်သည် ရှေးခေတ်ကတည်းက နတ်ဘုရားနှင့်တူသော တန်ခိုးကြီးသတ္တဝါများ နေထိုင်သည့် မြင့်မြတ်မြေတစ်ခုဖြစ်၏။
သို့သော် ကပ်ဘေးကြီးတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် အဆိုပါမြင့်မြတ်မြေသည် တစ်ညတည်းဖြင့် အပျက်အစီးများအဖြစ် ပြောင်းလဲနှစ်မြုပ်သွားသည်။
ဤသည်မှာ နတ်ဘုရားသင်္ချိုင်း အပျက်အစီးမြေဟူသော အမည်၏ မူလလည်း ဖြစ်သည်။ သို့သော် ကောလဟာလ တစ်ခုမျှသာ ဖြစ်၏။ မည်သူမျှ ဤတားမြစ်နယ်မြေ အကြောင်း တိကျစွာမသိနိုင်ချေ။
တောင်ကုန်းတစ်ခုပေါ်တွင် မီးလျှံများ တောက်လောင်နေသည့် တာအိုဝတ်ရုံကို ဆင်မြန်းထားသော လူငယ်တစ်ဦးရပ်နေသည်။
သူ့လက်များကို ကျောနောက်တွင် ပို့ထားကာအဝေးရှိ ကြက်သွေးရောင်လျှပ်စီးများ ဖုံးလွှမ်းနေသော သင်္ချိုင်းအပျက်အစီးနယ်မြေထံ ငေးကြည့်နေခြင်းပေပင်။
“ မက်မွန်တောင်သခင်ရဲ့ အဆိုအရ ငါ့ဆရာက ဒီတားမြစ်နယ်မြေထဲ ဝင်ရောက်ခဲ့ပြီး သုံးနှစ်ကြာ ပိတ်မိခဲ့ဖူးတယ် အဲဒီသုံးနှစ်အတွင်း ဆရာဘာတွေ ခံစားခဲ့ရသလဲ ...
... ဒီအပျက်အစီးအတွင်းကနေ ပြန်လည်ဝင်စားခြင်းဆိုတဲ့ လျှို့ဝှက်ချက်ကို ရှာတွေ့ခဲ့တာများလား။ ”
လူငယ်က တစ်ကိုယ်တည်း ညည်းတွားလျက် မျက်လုံးများ တောက်ပလာပြီး မီးလျှံတာအိုဝတ်ရုံသည် ညလေပြေထဲတွင် တဖျပ်ဖျပ်လှုပ်ရှားသွားလေသည်။
အချိန်အတော်ကြာ ပြန်လည် တိတ်ဆိတ်သွားပြီးနောက်အဆုံး၌ တိုးတိုးလေး သက်ပြင်းချကာ မကျေနပ်မှုအရိပ်အယောင်များ မျက်ခုံးများကြား ဖြစ်ပေါ်လာ၏။
“ ဆရာ၊ ဒါကို မင်းငါတို့ဆီကနေ အကြာကြီးဖုံးကွယ်ထားခဲ့တာပဲ မြေအောက် ကမ္ဘာသင်္ချိုင်းမြေသာ အခုလိုရုတ်တရက် ...
... ထွက်ပေါ်လာခြင်းမရှိရင် ပြန်လည်ဝင်စားခြင်း အမှန်တကယ်ရှိကြောင်း ငါတို့တောင်သိလိုက်ရမှာ မဟုတ်ဘူး။ ”
ဤတစ်ကြိမ်၌ သူ့မျက်နှာသည် ခံစားချက်များ ရောနှောနေပြီး တင်းမာအေးစက် လာချေပြီ။
“ ဟမ့် ... ဒါတွေကိုမင်းသိနေရဲ့နဲ့ အဲဒီတုန်းက ဘာလို့ငါတို့ကိုမပြောပြခဲ့တာလဲ ... ငါ့အတွက်တော့ မင်းကအဖေပါ၊ ဒါပေမယ့် ...
... မင်းကတော့ မင်းရဲ့တပည့်ကို အရာအားလုံးဖုံးကွယ်ထားတယ် ... တကယ့်ကို တစ်ကိုယ်ကောင်းဆန်လွန်းတယ်။ ”
နက်ရှိုင်းပြီး ပြင်းပြလွန်းသော မကျေနပ်ချက်တစ်ခု သူ့မျက်လုံးများထဲ ပြည့်နှက်လာခဲ့သည်။
ထိုအချိန်မှာပင် တစ်ခုခုကို ခံစားမိပြီး သူ့ခါးရှိကျောက်စိမ်းဆွဲသီးကို ဖြုတ်ယူလိုက်၏။ ကျောက်စိမ်းဆွဲသီးသည် အနည်းငယ်တုန်ခါပြီး မျက်နှာပြင်တွင် အလင်းရောင်များ တောက်ပလာခဲ့သည်။
“ ချီ ... ။ ”
များမကြာခင် သူ့ရှေ့လေဟာနယ်၌ အာကာသလှိုင်းတွန့်ပေါ်လာပြီး ထူးဆန်းသော အရိုးစာလိပ်တစ်ခု ကျလာသည်။
လှမ်းယူလျက်စာလိပ်ကို ဖွင့်ဖတ်ကြည့်လိုက်ရာ မျက်ဝန်းများ ချက်ချင်း တောက်ပလာတော့၏။
“ စုရီ ... နောက်ဆုံးတော့ ... မင်းရောက်လာပြီပဲ ... ငါမျှော်လင့်ပါတယ် အဲဒါ မင်းဖြစ်ပါစေလို့။ ”
စကားဆုံးသည်နှင့် လူငယ်သည် ထိုနေရာမှရိပ်ခနဲ ပျောက်သွားလေသည်။
***
ကြေးဝါဘုံကျောင်းမှ ပြန်လာပြီးနောက် နန်းတော်တစ်ခုအတွင်း၌ ကူကျန်းမင်းသည် စိုးရိမ်တကြီး စောင့်ဆိုင်းနေခဲ့သည်။
ရုတ်တရက် လှိုင်းတွန့်များပေါ်လာပြီး လေထုအလယ် မီးတောက်တာအိုဝတ်ရုံဖြင့် လူငယ်တစ်ယောက် ထင်ရှားလာ၏။
“ ဦးလေးဆရာ ... ။ ”
ကူကျန်းမင်က ပြုံးရွှင်လျက် ဦးညွှတ်နှုတ်ဆက်ရန် ရှေ့သို့လှမ်းတက်သည်။ လူငယ်မှ လျစ်လျူရှုလျက်၊
“ ဒီလိုနှုတ်ဆက်စကားတွေ ပြောစရာမလိုပါဘူး ဘာတွေဖြစ်ခဲ့လဲဆိုတာ ပြောပြပါ။ ”
-ဟု တည်ငြိမ်စွာ ပြောကြားလာသည်။ သူ့လက်များကို ကျောနောက်တွင်ပို့ထားပြီး မြင့်မြတ်သော အရှိန်အဝါများ ထုတ်ဖော်ထား၏။
သူ့အမူအရာသည် စုရီ၏နှင့် အနည်းငယ်ဆင်တူသော်လည်း လွှမ်းမိုးလိုစိတ် အစား ထောင်လွှားသောရောင်ဝါသာရှိနေ၏။
“ ဟုတ်ကဲ့ ... ။ ”
ကူကျန်းမင်က တွန့်ဆုတ်မနေဘဲ ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောပြလိုက်လေသည်။ လူငယ်က အာရုံစိုက်နားထောင်ပြီးနောက် စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်လာ၏။
“ အခုဘယ်မှာလဲ ... ။ ”
“ ဦးလေးဆရာ ... ၊ ငါတို့တွေစုရီနဲ့ တိုက်ခိုက်နေတုန်းက အရိပ်မဲ့မွှေးရနံ့တစ်စက် ချန်ထားခဲ့ပါတယ် ဒီအရိပ်မဲ့ရနံ့နောက်လိုက်ရင် သူ့ရဲ့တည်နေရာကို ခံစားနိုင်ပါမယ်။ ”
ကူကျန်းမင်မှ ကျောက်စိမ်းပြားတစ်ချပ် ထုတ်ပေးလိုက်သည်။ လူငယ်က လက်ခံယူပြီး ခေါင်းညိတ် ထွက်ခွာသွားတော့မည့် အချိန်တွင် ရုတ်တရက်သတိရကာ ပြန်လှည့်ကြည့်၏။
“ ဒီကောင်လေးရဲ့ မူလနဲ့ပတ်သက်ပြီး တခြားတစ်ယောက်ယောက်ကို မင်းပြောပြ မိသေးလား။ ”
“ ဦးလေးဆရာ ... စိတ်မပူပါနဲ့ ... စုရီအကြောင်း ငါဘယ်သူ့ကိုမှ မပြောပါဘူး။ ”
“ မင်း ကောင်းကောင်းလုပ်ခဲ့တာပဲ။ ”
သူ့စကားသံမဆုံးခင် လူငယ်ပုံရိပ်သည် လေထုအလယ်၌ ပျောက်ကွယ်သွားတော့၏။ ကူကျန်းမင်တစ်ယောက် စိတ်သက်သာရာရ သွားပြီး ကွေးညွှတ်ထားသောခါးကျောကို ပြန်မတ်လိုက်သည်။
“ ဦးလေးဆရာရဲ့ စွမ်းအားက ... ဒီနှစ်တွေထဲမှာ ... ပိုပိုပြီးကြောက်စရာ ကောင်းလာနေတာပဲ ... ။ ”
လွန်ခဲ့သော နှစ်ပေါင်းငါးရာက ဦးလေးဆရာသည် ဝိညာဉ်တာအိုနယ်ပယ်၌သာ ရှိနေသေးသည်။
တပည့်ကိုးယောက်အနက် အမိုက်ဆုံးအဖြစ်ပင် သတ်မှတ်ခံထားရချေ၏။ ယခုမူ မျက်စိတစ်မှိတ်အတွင်း နှစ်ငါးရာ ကုန်လွန်ပြီးနောက် ဧရာမလူတစ်ယောက် ဖြစ်လာခဲ့ချေပြီ။
ကောင်းကင်တွင် လမင်းသည် ထင်ရှားစွာ တောက်ပနေ၏။ စုရီတစ်ယောက် မီးခိုးရောင် မြူများဖုံးလွှမ်းနေသောလွင်ပြင်ကြီးကို ဖြတ်သန်းနေသည်။
ပတ်ဝန်းကျင်ရှိ အမှောင်ထုသည် ကြောက်မက်ဖွယ်ကောင်းသော အန္တရာယ်များ ဖုံးကွယ်ထားသဖြင့် ဧကရာဇ်များသည်ပင် အလွယ်တကူ ဖြတ်သန်းဝံ့ခြင်းမရှိချေ။
သို့သော် စုရီသည် အင်မော်တယ်တူဖြင့် ထိုဒေသကို အလွယ်တကူ ဖြတ်သန်းနေခဲ့၏။ အင်မော်တယ်တူသည် ထာဝရအလင်းရောင် အလား တောက်ပနေပြီး မကောင်ဆိုးရွား ဝိညာဉ်များကို ဖယ်ရှားပေးသည်။
နောက်ထပ် မိုင်ရာဂဏန်းခန့်သာ ဆက်သွားသော် အင်မော်တယ်ဘူးသီးတောင်သို့ ရောက်ရှိနိုင်သည်။
၎င်းသည် မြေအောက်ကမ္ဘာသင်္ချိုင်းရှိ လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်ခုပေပင်။ ဧရာမဘူးသီးပုံသဏ္ဌာန်ရှိကာ အဖြူရောင် အလင်းများ အမြဲတမ်းဖုံးအုပ်ထား၏။
ထိုအရပ်တွင် ကမ္ဘာကြီးတစ်ခုလုံးကို မှင်သပ်သွားစေနိုင်သည့် ပြန်လည်ဝင်စားခြင်း ပလက်ဖောင်းစင်မြင့်ရှိ၏။
သို့သော် တစ်စုံတစ်ယောက်သည် အင်မော်တယ်ဘူးသီးတောင်သို့ ရောက်ရှိနိုင် လျှင်ပင် ပြန်လည်ဝင်စားခြင်းစင်မြင့်ကို ရှာတွေ့ရန်မှာ မဖြစ်နိုင်သေးချေ။
ထိုနေရာသည် အလွန် လျှို့ဝှက်ဆန်းကြယ်၏။ ပြန်လည်ဝင်စားခြင်းနှင့် ဆက်စပ်သော လျှို့ဝှက်ချက်အချို့ကို နားလည် မှသာလျှင် မြင်နိုင်မည်ဖြစ်သည်။
စုရီတစ်ယောက် ပျံသန်းနေရာမှ တစ်စုံတစ်ရာခံစားမိပြီး လေထဲရပ်တန့်လျက် တောင်ကုန်းတစ်နေရာသို့ လှည့်ကြည့်သည်။
လေဟာနယ် တွန့်ခေါက်လာပြီး မီးတောက်တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက် တောင်ထိပ်တွင် ထင်ရှားလာသည်ကို မြင်လိုက်ရ၏။
တစ်ချိန်တည်းမှာပင် ထိုလူငယ်သည်လည်း သူ့ကိုသတိထားမိသွားကာ ချက်ချင်းမော့ကြည့် လာလေသည်။
ထို့နောက်တွင် အံ့အားသင့်မှု၊ ကြောက်ရွံ့မှု၊ ထိတ်လန့်မှု၊ မယုံကြည်နိုင်မှုဖြင့် အကြည့်ချင်း ဆုံသွားကာ တိတ်ဆိတ်သွားတော့၏။
များမကြာခင် ထိုလူငယ်သည် ရှုပ်ထွေးသောခံစားချက်များနေရာ၌ အပြုံး တစ်ပွင့် အစားထိုးသွားသည်။
အဆိုပါအပြုံးသည် စိတ်လှုပ်ရှားမှုများ သယ်ဆောင်ထားပြီး မျှော်လင့်ချက်အလင်းများ ပြည့်နှက်နေတော့၏။
အဆုံး၌သူ့ဝတ်ရုံစများကို ပြင်ယူကာ လက်နှစ်ဖက်နောက်ပို့လျက် ဖြည်းဖြည်းချင်း လေထဲလှမ်းတက်လာခဲ့သည်။
“ ဆရာ ... နှစ်တွေတစ်လျှောက်လုံး ဒီတပည့်ကခင်ဗျားကို အရမ်းတွေ့ချင်နေလို့ လိုက်ရှာနေခဲ့တာ ... ။ ”
လူငယ်က ပြုံးပြီးပြောလိုက်သည်။ မီးတောက်တာအိုဝတ်ရုံသည် လေပြေအတွင်း တဖျပ်ဖျပ်လွင့်မျောလျက် ခြေလှမ်းများနှင့်အတူ လိုက်ပါလာတော့၏။
***