← Chapters

သိုင်းခန်းမ၏ အုတ်မြစ်

Vol. 1 Ch. 496

သိုင်းခန်းမ၏ အုတ်မြစ်

Vol. 1 Ch. 496

ကျန်းရီက ကြည်လင်သည့် အပြုအမူဖြင့် ပြောလိုက်ပြီး သူ၏ စော်ကားလိုသော ရည်ရွယ်ချက်က သိသာထင်ရှားနေပေ၏။ သူ့ကို အမှောင်ထဲကနေဖြစ်စေ ပွင့်ပွင့်လင်းလင်း ဖြစ်စေ အကောက်ကြံခဲ့လျှင် သူ စောဒကတက်မှာ မဟုတ်ပေ။ သို့သော် သူတို့က ကျန်းရှောင်နူနှင့် ကျန်သည့်သူများကို ပြန်ပေးဆွဲခဲ့ရာ သူသည် တုကူချိုးကို အမှန်တကယ် အထင်သေးမိပေ။ တုကူချိုး၏ အမူအရာက မပြောင်းလဲသွားပေ။ သူက ပေါ့ပေါ့ပါးပါး ရယ်ပြီးနောက် ပြောလိုက်၏။

“ကျန်းရီ မင်းမှားနေပြီ မင်းရဲ့မိသားစုကို ပြန်ပေးဆွဲတာက အမှောင်ထဲက လှည့်ကွက်တစ်မျိုးပဲ ငါတို့လည်း မမှန်ကန်ပေမဲ့ပေါ့လေ၊ စစ်တပ်က ဖြစ်ဖြစ် ပူးပေါင်းကြံစည်တာပဲ ဖြစ်ဖြစ် ရလဒ်တစ်ခုအတွက် ဒါတွေ အားလုံးကို လုပ်ခဲ့တာပဲ မဟုတ်လား၊ ဘယ်နည်းလမ်းပဲ ဖြစ်ဖြစ် အဆင်ပြေတယ် မဟုတ်လား၊ ဒီတော့ ငါ လုပ်ချင်လား မလုပ်ချင်လား ဆိုတာအပေါ် မမူတည်ဘူး၊ သိုင်းခန်းမအတွက် ဆိုရင် ဘာမဆို လုပ်မှာပဲ မင်းနားလည်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်”

“တော် တော် တော်”

ကျန်းရီသည် ကျိန်ဆဲချင်လှသည်။ သို့သော် ကျန်းရှောင်နူနှင့် ကျန်သည့်သူများက သိုင်းခန်းမ၏ လက်ထဲတွင် ရှိနေသေး၏။ သူက ရွေးချယ်စရာ မရှိဘဲ သည်းခံရမှာပဲ ဖြစ်သည်။ အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးနောက် သူက ပြောလိုက်သည်။

“သိုင်းခန်းမခေါင်းဆောင် တုကူး ခင်ဗျားလိုချင်တဲ့ အချက်ကို ပြော”

တုကူချိုးက ခေါင်းအနည်းငယ် ညိတ်ပြီးနောက် လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ တစ်ငုံသောက်လိုက်၏။ ပြီးနောက် လက်ဖက်ရည်ခွက်ကို ဖြည်းဖြည်းချင်း ချပြီးနောက် လေးနက်တည်ကြည်သည့် အမူအရာဖြင့် ပြောလိုက်တော့သည်။

“ကျန်းရီ ငါတို့တွေက ရပ်တည်ချက် မတူဘူး။ အတိတ်တုန်းက ရန်စခဲ့မိတဲ့ အဖြစ်အပျက်တွေ အားလုံးအတွက် ကျေးဇူးပြုပြီး ခွင့်လွတ်ပေးပါ မင်းရဲ့မိသားစုကို အထိအခိုက်မရှိ ထားပေးမယ်လို့ ကတိပေးတယ်၊ တစ်ချိန်တည်းမှာပဲ မင်းကို ဒီနယ်မြေရဲ့ အုပ်စိုးသူ ဖြစ်အောင် မင်းရဲ့နောင်လာမဲ့ မျိုးဆက်တွေအတွက် ထာဝရဂုဏ်ကျက်သရေရအောင် အာမခံပေးမယ်”

“ဟမ့်”

ကျန်းရီက အံ့သြသွားသည်။ တုကူချိုးက ညှိနှိုင်းရန်အတွက် ဤနေရာကို အမှန်တကယ် လာရောက်ခဲ့ခြင်း ဖြစ်ပြီး စစ်မှန်လွန်းနေသည်။ သူပေးသည့်ကမ်းလမ်းမှုများကလည်း အလွန်ရက်ရောပြီး ကျန်သည့်သူများသာ ဆိုလျှင် အလေးထား တွေးတောကြမှာပဲ ဖြစ်သည်။ ဆိုရလျှင် လူတစ်ယောက်၏ ဘဝ၌ ထိပ်ဆုံး အနေအထားတွင် ရှိသော ပလ္လင်ကို တက်လှမ်းနိုင်မှာပဲ ဖြစ်သည်။ ထို့အပြင် မျိုးဆက်သစ်များအတွက် အောင်မြင်မှုကိုတောင် အာမခံပေးနိုင်သည်။ ယင်းက မက်မောစရာ ကောင်းလွန်းပေ၏။

ကျန်းရီက စကားပြောခဏရပ်တန့်သွားပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်။

“ခင်ဗျားက ကျုပ်ကို ဘာလုပ်ခိုင်းစေချင်တာလဲ”

တုကူချိုးနှင့် ကျီထင်ယွီက အချင်းချင်း ကြည့်လိုက်ပြီးနောက် ကျီထင်ယွီက ပထမဆုံးအကြိမ် ဝင်ပြောလာသည်။

“ကျန်းရီ ရှင်ဘာမှ လုပ်ပေးဖို့ မလိုဘူး၊ သိုင်းခန်းမက ရှင့်ဆီ ဘာမှဝင်စွက်ဖက်မှာ မဟုတ်ဘူး၊ ရှင်က နယ်မြေကို အုပ်စိုးသူ ဖြစ်လာတာနဲ့ တိုင်းပြည်စစ်ပွဲတွေလည်း ဆက်လက်ဆောင်ရွက်လို့ ရတယ်၊ တိုင်းပြည်ခြောက်ခုကို ဆက်တည်ရှိခွင့်ပေးလည်း ရတယ်၊ ဒါမှမဟုတ် မရေမတွက်နိုင်အောင် များပြားတဲ့ တိုင်းပြည်လေးတွေအဖြစ် နယ်မြေကို ခွဲထုတ်လိုက်လည်း ရတယ်၊ ရှင်အဆင်ပြေသရွေ့ စိတ်ကြိုက် လုပ်လို့ ရတယ် သိုင်းခန်းမက ဝင်ရှုပ်မှာ မဟုတ်ဘူး၊ ဒါပေါ့ တစ်ခုတော့ ရှိတာပေါ့ ရှင့်ရဲ့ဝိညာဉ်ချိပ်ကို ပေးရမယ်”

“ဟား ဟား ဟား”

ကျန်းရီသည် ရယ်မောလိုက်ပြီးနောက် သူသည် လောကကြီးထဲ၌ ရယ်စရာအကောင်းဆုံး ပြက်လုံးကို ကြားလိုက်ရသည့်အလား အူလှိုက်သည်းလှိုက် ရယ်မောလိုက်၏။ အကြီးအကဲလုနှင့် အကြီးအကဲကျန်းတို့က ဒေါသထပ်တွက်လာသော်ငြား တုကူချိုး ဖိနှိပ်ထားတာ ခံနေရသည်။

ကျန်းရီက ရယ်မောပြီးနောက် တုကူချိုးသည် မတ်တတ်ထရပ်ကာ လေးနက်တည်ကြည်သည့် အမူအရာဖြင့် ပြောလိုက်သည်။

“ကျန်းရီ ငါ ကောင်းကင်သွေးကတိ ပေးနိုင်တယ်။ မင်းရဲ့ဝိညာဉ်ချိပ်ကို ပေးပြီး တိုင်းပြည်စစ်ပွဲကို ဆက်လက်ဆောင်ရွက်မယ်လို့ ကတိပေးသရွေ့ သိုင်းခန်းမက ဘယ်ကိစ္စကိုမှ ဝင်ပါမှာ မဟုတ်ဘူး။ မဟုတ်ရင် ငါတို့အားလုံး ဆိုးဆိုးဝါးဝါး သေမှာပဲ”

ကောင်းကင်သွေးကတိသည် နယ်မြေပေါ်၌ အပြင်းထန်ဆုံး ကတိဖြစ်သည်။

ကောင်းကင်သွေးကတိဟူသည် သူတို့သည် ကတိသစ္စာကို ဆန့်ကျင်ခဲ့လျှင် ကောင်းကင်ဘုံက အပြစ်ပေးလိမ့်မည်ဟူ၍ လူအများက ဆိုကြပေသည်။ ယင်းက ပြင်းထန်သည့် အရေးကိစ္စဖြစ်ပြီး ရှုပ်ထွေးသော ဖြစ်စဉ် များစွာ၌ ထိုကဲ့သို့ အခမ်းအနားများ ထည့်သွင်း ကျင်းပလေ့ ရှိသည်။ သမိုင်းကြောင်းထဲတွင် ကတိသစ္စာကို ဖောက်ဖျက်ခဲ့သည့် ဗာဂျရာနယ်ပယ်သိုင်းပညာရှင် တစ်ဦး ရှိခဲ့ဖူးကာ သူက မိုးကြိုးပစ်ခံရပြီး သေဆုံးသွားပေ၏။

ထိုစဉ် ကျန်းရီက တုကူချိုး သူ့ကို လိမ်နေတာ မဟုတ်မှန်း အမှန်တကယ် ယုံသွားခဲ့ပြီ ဖြစ်သည်။ သူက ဝိညာဉ်ချိပ်ကို ကမ်းလှမ်းပြီး ဆက်သွားခွင့် ကတိပေးခဲ့လျှင် သိုင်းခန်းမက တုကူချိုး အစောပိုင်းက ဖော်ပြခဲ့သည့် အခြေအနေများ ထုတ်ပေးလာပေမည်။

ကျန်းရီက သူ၏ဝိညာဉ်ချိပ်ကို ကမ်းလှမ်းမည်လား၊ သို့တည်းမဟုတ် သူသည် သိုင်းခန်းမနှင့် ကတိကဝတ်ပြုမည်လား။ မဟုတ်တာ သိသာနေပေသည်။

ကျူးကော့ချင်းယွင်အတွက် လက်စားချေမှုကို ချိတ်ပိတ်ထားပြီး သူက ဝိညာဉ်ချိပ်ကို ပေးအပ်ခဲ့လျှင် သိုင်းခန်းမအတွက် တစ်ဘဝလုံး ကျွန်တစ်ဦး ဖြစ်သွားပေလိမ့်မည်။ ကျန်သည့်သူများ၏ လက်ထဲ၌ သူ့ဘဝကို ဆုပ်ကိုင်ခွင့် ပြုထားရပြီး အုပ်စိုးသူတစ်ဦး ဖြစ်လာရခြင်းက ဘာအသုံးဝင်မည်နည်း။ သူသည် ထိုကဲ့သို့ အခြေအနေမျိုးတွင် ရှင်သန်မည်ထက် သေပစ်လိမ့်မည်။ ထိုအရာက မည်သည်များ စိတ်ကျေနပ်စရာ ကောင်းနေသနည်း။

ယင်းက သူလိုချင်သည့်ဘဝမဟုတ်၊ သူသည် အလွယ်တကူ ကတိကဝတ် ပြုတတ်တဲ့သူ မဟုတ်ပေ။ ထို့ကြောင့် သူက အားပါးတရ ရယ်မောပြီးနောက် ပြောလိုက်၏။

“ကျုပ် လက်မခံရင်ရော..”

“ဒါဆို တခြားရွေးချယ်စရာ မရှိဘူး”

တုကူချိုးက ခေါင်းခါပြီးနောက် လက်ကို ဖြန့်ကားလိုက်၏။

“ငါတို့တွေက မင်းကို တွန့်တွန့်ဆုတ်ဆုတ်နဲ့ တိုက်ရမှာပဲ၊ မင်းက သိတာ သိပ်များနေပြီ သိုင်းခန်းမကို အညံ့မခံရင် မင်းသေရမယ်”

ကျီထင်ယွီက သက်ပြင်းချလိုက်ပြီးနောက် မတ်တတ်ထရပ်လိုက်သည်။

“ကျန်းရီ ရှင်အမှားမလုပ်ဖို့ ကျွန်မ မျှော်လင့်တယ်၊ သမိုင်းကြောင်းထဲမှာ သိုင်းခန်းမကို ဆန့်ကျင်ခဲ့တဲ့သူတွေက ရှင်က ကောင်းကင်ဧကရာဇ်ပညာရှင် ဖြစ်ခဲ့ရင်တောင် ရှင်သေမှာပဲ သိုင်းခန်းမက ရှင်ထင်ထားတာထက် ပိုသန်မာတယ်၊ လိုက်နာတဲ့သူတွေက အောင်မြင်မယ်၊ ပုန်ကန်တဲ့သူတွေက သေသင့်တယ်”

“ဒီလိုလား ဒါဆိုရင် သိုင်းခန်းမ ဘယ်လောက် သန်မာလဲ ဆိုတာ အတိအကျ မြင်ချင်တယ်”

ကျန်းရီက ရယ်မောပြီးနောက် သူ့ခန္ဓာကိုယ်သည် သတ်ဖြတ်လိုသည့် အရှိန်အဝါဖြင့် ပေါက်ကွဲသွား၏။ မီးဝိညာဉ်ပုလဲက တောက်ပလာပြီးနောက် မရေမတွက်နိုင်သည့် မီးတောက်မီးလျှံများ ပေါ်ထွက်လာသည်။ သူ၏ လက်က လင်းထိန်လာပြီးနောက် ဘုံကိုးဘုံ၏ နဂါးမီးလျှံများကို ထုတ်လွင့်ရန် အသင့်ဖြစ်နေသည်။

သူသည် ငယ်ရွယ်စဉ်တည်းက အလျော့မပေးတတ်သည့် အကျင့်စရိုက်ရှိသူ ဖြစ်ပြီး သူတို့က သူ့ကို သိုင်းခန်းမအတွက် ကျွန်ဖြစ်ရန် တောင်းဆိုရဲသည်တဲ့လား။ အိပ်မက်ထဲမှာပဲ ရမယ်။

ထို့အပြင် သူ နိုင်မည့် အခွင့်အရေးတစ်ခုမှ မရှိသည်ကို မယုံကြည်ပေ။ သူတို့ လေးဦးကို ဖယ်ရှားနိုင်သရွေ့ သိုင်းခန်းမသည် ကျန်းရှောင်နူနှင့် ကျန်သည့်သူများကို သတ်နိုင်ပါမည်လော။ ဦးစွာ တိုက်ခိုက်နိုင်သူက အသာစီး ရပေမည်။

သူတို့က ဤမျှ နီးကပ်သည့် အကွာအဝေးအတွင်း ရှိနေသည်။ ကျန်းရီက တမလွန်လောက တစ္ဆေမီးလျှံများကို ထုတ်လွှတ်ခဲ့လျှင် သိုင်းခန်းမသခင်ကို အသာထား ကျီထင်ယွီနှင့် ကျန်သည့်နှစ်ယောက်သည် အလွယ်တကူ သတ်ဖြတ်ခံရမည်မလား။

သို့သော်.. တစ်စုံတစ်ခုက ကျန်းရီကို အံ့သြသွားစေသည်။ သူက တမလွန်လောက တစ္ဆေမီးလျှံများကို ထုတ်လွတ်လိုက်သည်နှင့် သိုင်းခန်းမသခင်၏ လက်က အလင်းတန်းဖြင့် ဖြတ်ခနဲ လက်သွားပြီးနောက် သူ့ဆီကို လက်ဝါးတစ်ချက် ရိုက်လိုက်တော့သည်။ သူ့နားရှိလေက တုန်ခါသွားပြီးနောက် သူ အမှန်တကယ် ပျောက်ကွယ်သွားတော့သည်။

ဟမ်..

ကျန်းရီ၏ ခန္ဓာကိုယ်က လေထဲ၌ ပြန်ပေါ်လာပြီးနောက် သူ၏ ပတ်ဝန်းကျင်ကို ဇဝေဇဝါ ကြည့်လိုက်သည်။ သူသည် သရဲတစ်ကောင်လိုပင်။ သူက နေရာရွှေ့ပြောင်းဖို့ ဖိအားပေးခံလိုက်ရတာလား။

“ဒါက.. ဘယ်လို လေဟာနယ် တာအိုမျိုးလဲ တခြားသူကို နေရာရွှေ့ပြောင်းအောင် ဖိအားပေးနိုင်တာလား”

ရှားထင်းဝေနှင့် လင်းဂိုဏ်း၏ ဘိုးဘေးတို့က လေဟာနယ် တာအိုကို နားလည်သဘောပေါက်ကြသည်။ ရှားထင်းဝေက လေဟာနယ် အက်ကွဲကြောင်းများကို ဖြတ်ကျော်ပြီး ကျန်းရီကို နေရာရွှေ့ပြောင်းခြင်း မပြုနိုင်အောင် ဟန့်တားရန်အတွက် လေဟာနယ်ဇုံများကို တုန်လှုပ်စေသည်။ သူသည် ရန်သူကို အဝေးသို့ ရွှေ့ပြောင်းစေနိုင်သည့် လေဟာနယ်တာအိုသိုင်းကွက်ကို တစ်ခါမှ မကြားခဲ့ဖူးပေ။

“အရှင်”

“ဝေါင်း..”

ငွေပန်းပွင့်အဘွားအိုနှင့် ယာ့ဇီသားရဲတို့က လေထဲကို ဖြတ်သန်းလာလျက် ကျန်းရီဘေး၌ စိုးရိမ်ပူပန်စွာ ပေါ်လာသည်။ သူ၏ အမူအရာကို မြင်သည့် အချိန်၌ ညှိနှိုင်းဆွေးနွေးမှု ကျရှုံးကြောင်း သိနိုင်ပေသည်။ ဆိုလိုသည်က သူတို့သည် ပြင်းထန်သည့် တိုက်ပွဲ ဖြစ်တော့မှာပင်။

“ဟူး..”

တုကူချိုးက သိုင်းခန်းမထဲကနေ ကျန်သည့်သူများကို ဦးဆောင်ပြီးနောက် သူနှင့် အကြီးအကဲ နှစ်ဦးသည် ကောင်းကင်ထဲသို့ တက်သွားလိုက်သည်။ တုကူချိုး၏ အကြည့်က ယာ့ဇီသားရဲပေါ်တွင် ရှိသည့် ကျန်းရီဆီသို့ ရောက်သွားကာ နောက်ဆုံးမေးခွန်း မေးလိုက်တော့သည်။

“ကျန်းရီ မင်း တိုက်ခိုက်ချင်တာ သေချာလား”

“ခင်ဗျား အဓိပ္ပာယ်မရှိတာတွေ တော်လောက်ပြီ”

မီးနဂါးဓားက ကျန်းရီ၏ လက်ထဲ၌ ပေါ်ပေါက်လာပြီး သူက တုကူချိုးကို ပြောလိုက်သည်။

“ကျုပ်ရဲ့လူတွေကို လွှတ်ပေးပြီး ကျောင်းအုပ်ကျူးကော့ကို အကွက်ချခဲ့တဲ့ နောက်ကွယ်က ကြံစည်တဲ့သူကို လွဲပေး ကျုပ်ကို ရန်ထပ်မစဖို့ ကတိပေး၊ သိုင်းခန်းမကို အသက်ရှင်လျက် ထားနိုင်တယ်၊ မဟုတ်ရင် ကျုပ်က သိုင်းခန်းမရဲ့နယ်မြေထဲက အဆောက်အအုံအားလုံးကို ဖျက်ဆီးပစ်မယ်”

“ဟား ဟား ဟား မသိတတ်တဲ့ အရူးကောင်ပဲ ကျန်းရီ သိုင်းခန်းမရဲ့အုတ်မြစ်ကို တွေ့ခွင့်ပေးမယ်၊ နတ်ဆိုးဧကရီက ငါတို့ သိုင်းခန်းမကို ဘာလို့ ရန်မစရဲလဲ ဆိုတာ မင်းကို သိခွင့်ပေးမယ်”

တုကူချိုးသည် ကြေညာချက် တစ်ခုကို ထုတ်ပြီးနောက် သူ၏ ရှေးဟောင်းနတ်ဘုရားလက်စွပ်က လင်းထိန်လာတော့သည်။ လက်ထဲ၌ စေတီတစ်ဆူ ပေါ်ပေါက်လာပြီး ညင်သာစွာ ပင့်မြောက်လိုက်သည်။ ထိုစေတီက ကောင်းကင်ထဲသို့ လွင့်တက်သွားပြီးနောက် ဖြည်းဖြည်းချင်း ပြန့်ကားလာရာ မီတာ(၃၀၀)ခန့် မြင့်ပြီး မီတာ(၃၀၀)ခန့် ကျယ်ဝန်းသော ဧရာမစေတီတစ်ခု အဖြစ် အသွင်ပြောင်းလဲသွားသည်။

ဧရာမစေတီသည် အမျိုးအမည်မသိ အနက်ရောင် အုတ်ခဲများဖြင့် ပြုလုပ်ထားပြီး အထင်ကြီးဖွယ် ကောင်းနေပေ၏။ ရှေးဟောင်းဆန်သည့် ခမ်းနားကြီးကျယ်သော အရှိန်အဝါတို့ ထုတ်လွှင့်နေပေသည်။ ယင်းက အချိန်ကာလအစတည်းက တည်ရှိခဲ့သည့် အခြေခံအကျဆုံး ရတနာတစ်ခုဟု ခံစားမိစေ၏။

“အဲဒါက ဘာလက်နက်လဲ”

ကျန်းရီက စေတီကို ကြည့်နေစဉ် ငွေပန်းပွင့် အဘွားအိုနှင့် ယာ့ဇီသားရဲတို့က လေးနက်တည်ကြည်သည့် အမူအရာများ ပေါ်လာတော့သည်။ မူလက စေတီကို တိုက်ခိုက်ခြင်း လက်နက်ဟူ၍ သူတို့ တွေးခဲ့တာ ဖြစ်သည်။ သို့သော် စေတီမှ ဖိအားများ မခံစားရပေ။ သူတော်စင်လက်နက် သို့မဟုတ် ကောင်းကင်လက်နက်၏ အရှိန်အဝါမျိုးတောင် မတည်ရှိနေပေ။ သာမန်စေတီတစ်ဆူနှင့် တူနေပေ၏။

“သားရဲထောင်ချီ စေတီ ပွင့်စေ”

တုကူချိုး၏လက်က အလင်းတန်းဖြင့် လင်းထိန်သွားပြီးနောက် အတွင်းအားဖြင့် စေတီကို ပစ်ထုတ်လိုက်သည်။ ရှေးဟောင်းစေတီက ရောင်ခြည်ဖြင့် တောက်ပလာပြီး ဧရာမတံခါးက ပွင့်လာတော့သည်။ ချက်ချင်းပင် မြို့ထဲရှိ လူတိုင်းက ထိတ်လန့်သွားကြတော့၏။

ဝေါင်း.. ဝေါင်း

ဝူး ဝူး..

အာ ဝူး..

နားအူဖွယ် ထိတ်လန့်ခြောက်ခြားစရာ အော်ဟစ်သံ အူသံများကို ကြားနေရပြီး သားရဲများစွာက ထိုစေတီထဲမှ ထွက်ပေါ်လာသည်။ သားရဲတိုင်းက မီတာ(၃၀)ကျော်ခန့် မြင့်ပြီး ကြောက်မက်ဖွယ် အရှိန်အဝါတို့ တည်ရှိနေပေ၏။ သူတို့က နတ်ဆိုးဘုရင်အမြင့်ဆုံး အဆင့်များ ရှိကြပေသည်။

တစ်ကောင်၊ နှစ်ကောင်၊ ကိုးကောင်..၊ အကောင်တစ်ရာ..

မျက်တောင်တစ်ခတ်အတွင်း ကောင်းကင်တစ်ဝက်ကို ဧရာမသားရဲများ စိုးမိုးသွားပြီ ဖြစ်သည်။ အမြင့်ဆုံးအဆင့် နတ်ဆိုးဘုရင် အကောင်တစ်ရာ၏ အရှိန်အဝါတို့က ကောင်းကင်ကြယ်တာရာမြို့ထဲရှိ လေကို စီးဆင်းမှု ရပ်တန့်သွားစေသည်။ အောက်ရှိ လူတိုင်းက စိတ်ပျက်အားငယ်နေပြီး မည်သည့်ဘက်က နိုင်စေကာမူ ဤနေရာရှိလူတိုင်း အသက်မရှင်နိုင်လောက်မှန်း သိနေပေ၏။

ကျန်းရီက တံထွေးမျိုချပြီးနောက် ပြောလိုက်သည်။

“သေစမ်း သိုင်းခန်းမရဲ့အုတ်မြစ်က တကယ်ကြောက်ဖို့ကောင်းတာပဲ”

***

All Chapters