← Chapters

သစ္စာဖောက်ခြင်းနှင့် လောကအမှန်တရား။

Vol. 66 Ch. 788

သစ္စာဖောက်ခြင်းနှင့် လောကအမှန်တရား။

Vol. 66 Ch. 788

ယီလောင်တစ်ယောက် ပြင်းထန်စွာ ဒဏ်ရာရရှိနေသော ဟောင်ယောင်းခန္ဓာကို ကျောပိုးကာ ထွက်ခွာသွားတော့သည်။

နှစ်ယောက်သား ကျယ်ပြောသော ညအမှောင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွား၏။ ယင်းထံကြည့်ကာ ကျောက်စိမ်းဓားဘူးသီးကို သိမ်းဆည်းလိုက်သည်။

“ အဟွတ် ... အဟွတ် ... ။ ”

ထိုနောက် ချက်ချင်းပင် ပြင်းစွာ ချောင်းဆိုးလျက် နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာခဲ့၏။ တစ်ချိန်က လွင့်မျောနေသော အနက်ရောင်ဆံပင်များသည် အသက်မဲ့သွား သကဲ့သို့ ငြိမ်သက်သွားသည်။

ချောမောလှသော သူ့မျက်နှာသည် စက္ကူကဲ့သို့ဖြူဖျော့သွားပြီး မျက်ခုံးများနှင့် မျက်လုံးများသည် ပင်ပန်းနွမ်းနယ်မှုများ ပြသနေ၏။

ရောင်ဝါများ ရုတ်တရက် အားနည်းလျက် ဖော်ပြ၍မရသော နွမ်းနယ်မှုတစ်ခု သူ့ဝိညာဉ်ထံ လွှမ်းမိုးလာသည်။ နှုတ်ခမ်းထောင့်မှ သွေးများ သုတ်လျက် ဝိုင်အိုးကိုထုတ်ယူကာ မော့သောက်ချလိုက်၏။

အချိန်အတော်ကြာ တိတ်ဆိတ် သွားပြီးနောက် စုရီမှ မျက်မှောင်ကြုတ်ကာ၊

“ မင်း ... ထွက်မလာသေးဘူးလား။ ”

- ဟု ဖိတ်ခေါ်လိုက်၏။

ပတ်ဝန်းကျင် ကမ္ဘာကြီးတစ်ခုလုံးသည် လူသူကင်းမဲ့နေပြီး တောင်နှင့်မြစ်များစွာသည် ညှိုးနွမ်းလျက် မီးလောင်ပျက်စီးနေသော မြေပြင်အဖြစ်သို့ ပြောင်းလဲသွားသည်။

ညလေပြင်းတိုက်ခတ်မှုကြောင့် စုရီ၏သွေးစွန်းနေသော ဝတ်ရုံသည် တဖျပ်ဖျပ် လွင့်မျောသွားလေသည်။

“ ဒီလိုအခြေအနေမျိုးမှာ ငါမင်းကို ဘယ်လိုများ အခွင့်ကောင်းယူနိုင်မှာလဲ။ ”

ရုတ်တရက် ဆွဲဆောင်မှုရှိသော အသံတစ်သံထွက်ပေါ်လာပြီး အနက်ရောင် ဝတ်စုံနှင့် အသက်ရှူ မဝလောက်အောင် လှပလွန်းသည့် အမျိုးသမီးတစ်ဦး လွင့်မျောလာသည်။

သူမက စုရီရှေ့သို့ဆင်းသက်ကာ လှုပ်လီလှုပ်လဲ့ချဉ်းကပ်လျက် သွယ်လျသော ပေါင်တံများကို မြင်သာစေခဲ့၏။

“ မင်းရဲ့တပည့်က သစ္စာဖောက်ပြီး ဆရာ့ကိုပြန်သတ်ဖို့ ကြိုးစားတယ် မင်းအတွက် အရမ်းဆိုးရွားတဲ့ ခံစားချက်ပဲ မဟုတ်လား တာအိုမိတ်ဆွေ။ ”

ငရဲဘုရင်ကလှပပြီး ဆွဲဆောင်မှုရှိသော မျက်လုံးများဖြင့် စုရီထံကြည့်ကာ သက်ပြင်းချ လိုက်လေသည်။

“ အခုအချိန်မှာ အပျင်းပြေစကားပြောဖို့ အချိန်မရှိဘူး တိုက်ပွဲတစ်ခုလုံးကို မင်းခဲ့တာပဲ ငါ့အခြေအနေဆိုးနေတယ် ...

... မင်းလှုပ်ရှားချင်ရင် ဒါအခွင့်အရေးကောင်းပဲ ဒါပေမယ့် မင်းဆုပ်ကိုင် နိုင်မလားဆိုတဲ့အပေါ်မှာ မူတည်တယ်။ ”

သို့သော် စုရီမှ လျစ်လျူရှုလျက် လှည့်ထွက်သွားတော့၏။ ငရဲဘုရင်တစ်ယောက် စုရီကျောပြင်ထံ ပြန်ကြည့်ကာ အတွေးထဲ နစ်မြုပ်သွားသည်။

ခဏအကြာတွင် ဂရုမစိုက်တော့ဘဲ ပြုံးလျက်ဖြင့် စုရီနောက်သို့ ပေါ့ပေါ့ပါးပါး လိုက်ပါသွား၏။

“ အမှန်အတိုင်းပြောရရင် ဒီတိုက်ပွဲကို ကြည့်နေတုန်း ... ငါ့မှာအစီအစဉ်နှစ်ရပ်ရှိတယ် တစ်ခုကမင်းကိုကူညီဖို့ ... ဒီနည်းနဲ့ မင်းဆီက ကျေးဇူးတရားကိုငါရမယ် ...

... နောက်တစ်ခုက ဆရာနဲ့ တပည့်နှစ်ယောက်လုံး ဒဏ်ရာရနေတာကို အခွင့်ကောင်းယူဖို့ပဲ ကံမကောင်းစွာနဲ့ပဲ မင်းက ငါ့ကို နှစ်ခုလုံးအခွင့်အရေးမပေးခဲ့ဘူး။ ”

ငရဲဘုရင် အမူအရာသည် ကူကယ်ရာမဲ့စွာဖြင့် ဖြစ်နေသည်။ ဤစုရီသည် အရမ်းအစွမ်းထက်လွန်း၏။ ဟောင်ယောင်းနှင့် တိုက်ပွဲသည် သူမကိုအံ့အားသင့်စေခဲ့ပြီး အချိန်အတော်ကြာ မှင်သက်စေသည်။

တိုက်ပွဲအစတွင် စုရီသည် ရှုပ်ပွလျက် အားနည်းနေပုံရသော်လည်း တိုက်ပွဲစည်းချက် အပေါ် ထိန်းချုပ်ထား၏။

ပွဲစဉ်တလျှောက်လုံး အစွမ်းထက်ဆုံး ဝှက်ဖဲများမသုံးခဲ့ဘဲ ကျင့်ကြံမှုသက်သက်ဖြင့် ချေဖျက်သွားသည်။ ယင်းသည် အံ့ဖွယ်အမှု တစ်ခုပေပင်။

ဟောင်ယောင်းတစ်ယောက် လုံလောက်အောင် သန်မာခြင်းမရှိသည်လောဟု မေးစရာရှိလာ၏။

အမှန်တွင်ဟော်ယောင်းသည် များစွာကြောက်စရာကောင်းချေပြီ။ ခွန်အားနှင့် ပိုင်ဆိုင်ထားသော ရတနာများကြောင့် ရွှမ်ယု ဧကရာဇ်များကြား ပြိုင်ဘက်ကင်း၏။

အရေးအကြီးဆုံးမှာ တစ်ချိန်လုံး မာနထောင်လွှားနေပုံ ပေါက်သော်လည်း လုံးဝ ပေါ့ဆမှုမထားခဲ့ချေ။

သို့တိုင် စုရီ၏ ပထမလွတ်မြောက်သူ ဆန္ဒဝိညာဉ်ကိုအသုံးပြုကာ ဒဏ်ရာရရှိစေခဲ့ပြီး ကျောက်စိမ်းဓားဘူးသီးနှင့် အနိုင်ယူသွားသည်။ ထို့ကြောင့် သူမကို လောင်းကစားလုပ်ရန် မဝံ့တော့ခြင်းဖြစ်ပေပင်။

အဘယ့်ကြောင့်ဆိုသော် ဤအရာအားလုံးသည် စုရီမှဟန်ဆောင်ခြင်း ပင်လော သို့မဟုတ် အမှန်တကယ် အားနည်းခြင်းသည်လော မမြင်နိုင်တော့ခြင်း ဖြစ်သည်။

စုရီက စကားတစ်ခွန်းမျှမပြောဘဲ တိတ်ဆိတ်စွာ ဆက်လျှောက်သွားနေသည်ကို မြင်သောအခါ ငရဲဘုရင်မှ သက်ပြင်းချကာ၊

“ မင်းရဲ့ အဲဒီတပည့်တစ်ယောက်လည်း မင်းအပေါ် ဒုက္ခပေးနိုင်တယ်လို့ ထင်နေလား။ ”

-ဟု မေးလိုက်သည်။

“ အဲဒီတုန်းက ဘာတွေဖြစ်ပျက်ခဲ့လဲ ဆိုတာကို နားမလည်နိုင်ခင်မှာ ဘယ်သူ့ကိုမှ ယုံကြည်ဖို့ ရွေးချယ်မှာမဟုတ်ဘူး။ ”

ဤတစ်ကြိမ်၌ စုရီက တုန့်ပြန်သည်။

“ ဟော်ယောင်ရဲ့ လုပ်ရပ်တွေက မင်းရဲ့နှလုံးသားကို တကယ်ပဲ ကွဲကြေစေတယ် ဆိုတာ ရှင်းနေပါတယ်။ ”

ငရဲဘုရင်မှ မှတ်ချက်ပေးသည်။ စုရီက ခေါင်းမော့လျက်၊

“ ဒါလူ့သဘာဝပါပဲ ပြောင်းလဲဖို့ အရမ်းလွယ်ပြီး ကျင့်ကြံမှုအဆင့် ဘယ်လောက် မြင့်မားနေပါစေ ဒီသဘာဝကိုဘယ်တော့မှ ဖယ်ရှားပစ်လို့ မရဘူး ...

... လူတစ်ယောက်က ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုတွေရှိပြီး အပြောင်းအလဲတွေများစွာ ဖြတ်ကျော်ရတယ် ...

... မင်းတို့ ကောင်းကင်ကိုးပါး နန်းတော်မှာလည်း မင်းအပါအဝင် အရင်က သစ္စာဖောက်တွေ ရှိခဲ့ဖူးတယ် မဟုတ်လား။ ”

-ဟု ပေါ့ပေါ့ပါးပါးပင် တုန့်ပြန်လာသည်။

ဤသည်မှာ အမှန်ပေပင်။ ကောင်းကင် ကိုးပါးနန်းတော်သို့ ဝင်လိုကြသည့် မည်သူမဆို တာအိုကျိန်စာကိုရွတ်ဆိုရ၏။

သို့တိုင် ယခင်က ပထမအဆင့် လွတ်မြောက်သူသည် သစ္စာဖောက်ကာ လက်ရှိ သူမသည်လည်း ဂိုဏ်းကိုဆန့်ကျင်နေ၏။

ငရဲဘုရင်တစ်ယောက် စိတ်လှုပ်ရှားလာကာ မျက်နှာပြောင်းလဲသွား၏။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် သက်ပြင်းချလျက်၊

“ သစ္စာဖောက်မှုတိုင်းမှာ အကြောင်းပြချက်တွေရှိတယ်၊ ကိုယ်တိုင်ကြုံရ သူတွေသာ ဒီခါးသီးမှုနဲ့ အမုန်းတရားကို နားလည်နိုင်ပါလိမ့်မယ်။ ”

-ဟု တုန့်ပြန်လိုက်သည်။ စုရီက စကားမဆိုတော့ချေ။ ငရဲဘုရင်က စုရီထံ ပြန်ကြည့်ကာ၊

“ ဒါပေမယ့် မင်းရဲ့တပည့်တွေနဲ့ ငါကတော့မတူဘူး ငါဂိုဏ်းကိုဝင်တဲ့အချိန်မှာ မင်းလိုဆရာတစ်ယောက်သာ ရှိနေခဲ့ရင် ... ငါ သစ္စာဖောက်မိမှာ မဟုတ်ဘူး။ ”

-ဟု ပြောကြားလိုက်၏။

“ ဒီအကြောင်းတွေ မပြောကြရအောင် ငါ့တာအိုကိုသက်သေပြဖို့ အင်မော်တယ်ဘူးသီး တောင်တန်းဆီသွားမှာ ... မင်းဒုက္ခတွေကို မကြောက်ရင် ငါနဲ့အတူလိုက်ခဲ့လို့ရတယ်။”

“ ဟမ့် ... အဲဒီတောင်က အန္တရာယ်များလား။ ”

“ အဲဒီတောင်ပေါ်မှာ ပြန်ဝင်စားခြင်းနဲ့ ဆက်စပ်တဲ့ လျှို့ဝှက်ချက်တွေ ရေးထိုးထားတဲ့ ပြန်ဝင်စားခြင်း ပလက်ဖောင်းတစ်ခုရှိတယ်။ ”

ထိုအဖြေကြောင့် ငရဲဘုရင်၏ မျက်ဝန်းများတောက်ပလာပြီး ရင်တဒိတ်ဒိတ် ခုန်လာတော့၏။

သူမ၏ဂုဏ်ယူဝင့်ကြွားဖွယ်ရာ ရင်ဘတ်သည် ချက်ချင်း မို့မောက်ဖောင်းကား လာလေသည်။ တစ်ဖက်လူသည် ဤမျှ ထိတ်လန့်စရာကောင်းသည့် လျှို့ဝှက်ချက်ကို အလွယ်တကူ ထုတ်ဖော်နေချေ၏။

ထိုစဉ် စုရီက သူမကို ပြန်လှည့်ကြည့်ကာ၊

“ ဒါပေမယ့် မင်းလိုလူမျိုးတွေ အတင်းအကြပ်ဝင်သွားရင်တော့ သေချာပေါက် သေသွားလိမ့်မယ်။ ”

-ဟု သတိပေး ပြောကြားလိုက်သည်။

ငရဲဘုရင်၏ စိတ်ထက်သန်မှုများမှာ အေးစက်သောရေဖြင့် ပက်ဖြန်းခံလိုက်ရသလို ချက်ချင်းပျက်ပြယ်သွားချေပြီ။

“ ဒါဆို ငါအဝေးကနေ ကြည့်မယ်။ ”

***

ညအမှောင်အောက်တွင် လူသူကင်းမဲ့တဲ့ တောကန္တာရတစ်နေရာအတွင်း ဟော်ယောင်း တစ်ယောက် မြေကြီးပေါ် ပစ်ချခံလိုက်ရကာ မြေမှုံများဖုံးလွှမ်းသွား၏။

“ ဂျူနီယာညီလေး၊ မင်းဘာလုပ်တာလဲ။ ”

ဟော်ယောင်း မျက်မှောင်ကြုတ်ကာ မော့ကြည့်သည်။ ယီလော မျက်နှာအမူအရာက အေးခဲနေပြီး ဟော်ယောင်းထံငုံ့ကြည့်လျက်၊

“ ဘာကိုဆိုလိုတာလဲ ဟုတ်လား ... မင်းနဲ့အစ်ကိုကြီး ဆရာ့ကိုသစ္စာဖောက်ခဲ့တယ် ဆိုတာ ငါအခုမှသိရတာ ဒီနှစ်တွေတွေမှာ မင်းတို့တွေအားလုံး ငါ့ကိုအမှောင်ထဲမှာထားပြီး မင်းအသုံးချခဲ့တယ် ...

... အဲဒီတုန်းက ရွှမ်ကြွယ်မဟာမိတ်အဖွဲ့ တည်ထောင်ရတဲ့ရည်ရွယ်ချက်က ဂျူနီယာညီမ အပေါ် သုတ်သင်ပြီး ဆရာချန်ထားခဲ့တဲ့ ရတနာတွေအားလုံးနဲ့ ...

... ကောင်းကင်ဂူကို ပြန်လည်ရယူဖို့လို့ ပြောခဲ့တယ်မဟုတ်လား တကယ်တော့ မင်းတို့ အားလုံး သစ္စာဖောက်တွေပဲ။ ”

ထိုအချိန်တွင် ယီလောင်သည် အံကြိတ်လျက် သတ်ဖြတ်ချင်စိတ်များ ပြင်းထန် လာတော့သည်။

“ ငါနာကျည်းခြင်းပင်လယ်ကို ရောက်ပြီးတဲ့နောက် မင်းငါ့ကိုထာဝရညမြို့မှာ စောင့်ကြပ်ခိုင်းပြီး သင်္ချိုင်းကို မလာနိုင်အောင် တားဆီးခဲ့တာ အံ့သြစရာမရှိတော့ပါဘူး ...

... မင်းရဲ့သစ္စာဖောက်တဲ့ ဒီလို ရွံရှာဖွယ်လုပ်ရပ်တွေကို ငါတွေ့သွားမှာကို စိုးရိမ်နေတာမဟုတ်လား။ ”

ဟောင်ယောင်းက အသက်ပြင်းပြင်းရှုလျက်၊

“ ဂျူနီယာညီလေး၊ အခု ငါပြောတာကို မင်းမယုံတော့ဘူးဆိုတာ ငါသိပါတယ် ဒါပေမယ့် အစ်ကိုကြီးကိုတော့ မင်းယုံကြည်သင့်တယ် မဟုတ်လား ... ငါတို့ပြန်သွားပြီး အစ်ကိုကြီးနဲ့ တွေ့တဲ့အခါ မင်းနားလည်ပါလိမ့်မယ်။ ”

“ အစ်ကိုကြီး ... ။ ”

ယီလောင်၏ မျက်နှာအမူအရာသည် မရေမရာဖြစ်လာ၏။ သူသည် အဆင့်ခြောက် တပည့်သာ ဖြစ်သည်။

ထို့ကြောင့် ဂိုဏ်းသို့ဝင်ရောက်ပြီးနောက် ဆရာသည် သူ့ကိုအစ်ကိုကြီးထံသို့ အပ်နှံကာ ခရီးရှည်ကြီးထွက်ခွာသွား၏။

ဆိုလိုသည်မှာ တပည့်အားလုံးထဲတွင် သူသည် အစ်ကိုကြီးပင်းမိုနှင့် အကောင်းဆုံး ဆက်ဆံရေးရှိသည်။

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီး ယီလောင်က ဟောင်ယောင်းကို အေးစက်စွာ ပြန်ကြည့်လိုက်၏။

“ အမှန်တရားကို ခဏလောက် ဘေးဖယ်ထားလိုက်ရအောင် ... ဒါပေမယ့် ဒီညမင်းလုပ်ခဲ့တဲ့ အရာတွေအတွက် မင်း သေထိုက်တယ် ဟောင်ယောင်း။ ”

ဟောင်ယောင်းမှ သက်ပြင်းချလိုက်သည်။ ယီ‌လောင်သည် ခေါင်းမာသော တပည့်တစ်ဦး ဖြစ်ကြောင်း သူတို့အားလုံးသိ၏။

“ ဟမ့် ... မင်းနားမလည်ပါဘူး ဘာလို့လဲဆိုတော့ မင်းက နှစ်ပေါင်း (၆၀၀၀၀) ကျော်အောင် ဖိနှိပ်ခံရတာမှ မရှိတာ ... ဒါဆို ငါကြုံတွေ့ခဲ့ရတဲ့ ခါးသီးမှုနဲ့ မကျေနပ်မှုတွေ အားလုံးကိုလည်း မင်းဘယ်သိမလဲ။ ”

“ ဟုတ်လား ... ဒီအကြောင်းပြချက်က သစ္စာဖောက်ပြီး ဆရာ့ကိုသတ်ဖြတ်ဖို့ကြိုးစားတဲ့ မင်းလုပ်ရပ်ကိုချေဖျက်ဖို့ မလုံလောက်ဘူး။ ”

ထိုစကားကြောင့် ဟောင်ယောင်း၏ မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ဖြတ်ပြေးသွားကာ ယီလောထံ ပြန်မော့ကြည့်၏။

“ ဂျူနီယာညီလေး၊ မင်းငါ့ကို အရမ်းမုန်းတီးနေရင် ဘာလို့ အခုချက်ချင်း ငါ့ကို မသတ်ရတာလဲ။ ”

“ မင်းနဲ့ မင်းရဲ့လက်အောက်ငယ်သား သစ္စာဖောက်တွေကိုဂရုစိုက်ဖို့ မှာထားတယ် မင်းကို ဒီလိုသေခွင့်မပေးနိုင်ဘူး။ ”

“ ဟားဟားဟား ... ဆရာက သူ့လက်နဲ့ ငါ့ကိုသတ်မယ်လို့လည်း ပြောတယ် ဒါပေမယ့် စကြာဝဠာနှလုံးသားလိုမျိုး ရတနာတစ်ခုခုကို မသုံးဘဲ ... ဝိညာဉ်တာအိုနယ်ပယ်နဲ့ တကယ်ပဲ ငါ့ကိုသတ်နိုင်မယ်လို့ မင်းထင်နေတာလား။ ”

ထို့နောက် ဟောင်ယောင်းက မြေပြင်မှ ထရပ်ကာ အဝတ်အစားများကို ဖုန်သုတ်လျက်၊

“ ဂျူနီယာညီလေး၊ အစ်ကိုကြီးနဲ့တွေ့ရင် အမှန်တရားကို မင်းနားလည်လာလိမ့်မယ်လို့ ငါပြောပြီးပါပြီ ...

... ဒါ့ပြင် မင်းပြောသလိုပဲ ငါ့ကို မုန်းတီးရင်တောင် မင်းစိတ်ကိုငြိမ်ငြိမ်ထားပြီး ဒေါသက မင်းရဲ့ဆုံးဖြတ်ချက်ကို မဖုံးလွှမ်း စေနဲ့လို့ ငါအကြံပေးချင်တယ်။ ”

-ဟု မှာကြားလိုက်၏။ ထို့နောက် ဟောင်ယောင်းက ရှေ့သို့လှမ်းထွက်သွားသည်။ ယီလောင်ခမျာ မျက်နှာအမူအရာ မရေမရာနှင့် ရပ်ကျန်ရစ်၏။

အချိန်အတော်ကြာပြီးနောက် လက်သီးကိုတင်းတင်းဆုပ်ကာ သတ်ဖြတ်ခြင်း ရည်ရွယ်ချက်များကို ချိုးနှိမ်လိုက်ရသည်။

“ မင်းက သစ္စာဖောက်ခဲ့တာတောင် နောင်တမရဘဲ ... ဒီလောက်မာနကြီးပြနေတာ ငါသာဆရာဆိုရင် မင်းလိုတပည့်မျိုးတွေကို လုံးဝခွင့်မလွှတ်ဘူး။ ”

တစ်ကိုယ်တည်း ညည်းတွားလျက် ခြေတစ်လှမ်းလှမ်းလိုက်ပြီး ဟောင်ယောင်း နောက်ပါးသို့ ချက်ချင်းလိုက်ပါသွားတော့၏။

***

All Chapters