← Chapters

ပြန်လည်ဝင်စားခြင်း စည်းမျဉ်းဥပဒေ။

Vol. 66 Ch. 789

ပြန်လည်ဝင်စားခြင်း စည်းမျဉ်းဥပဒေ။

Vol. 66 Ch. 789

အင်မော်တယ်ဘူးသီးတောင်။ ဤတောင်တန်းကြီးသည် အဖြူရောင်မြူခိုးများ အစဉ်အမြဲဖုံးလွှမ်းနေပြီး အသွင်သည်ဧရာမ ဘူးသီးကြီးနှင့် ဆင်တူနေသောကြောင့် အမည်ပေးထားခြင်းဖြစ်သည်။

မြေအောက်ကမ္ဘာသင်္ချိုင်းတွင် အင်မော်တယ်ဘူးသီးတောင်ကို တားမြစ်မြေ အဖြစ် မသတ်မှတ်ချေ။

သို့သော် သမိုင်းတစ်လျှောက်တွင် ဒဏ္ဍာရီလာ ပြန်လည်ဝင်စားရာ စင်မြင့်သည် ထိုတောင်တန်းပေါ်တွင် တည်ရှိကြောင်းကိုမူ သိရှိသူ အလွန်နည်းပါး၏။

ညသည် မင်ကဲ့သို့ မှောင်မိုက်နေသည်။ အင်မော်တယ်ဘူးသီး တောင်ထိပ်တွင် ချွန်ထက် လွန်းသည့် ကျောက်တုံးများနှင့် ငွေဖြူရောင် မြူခိုးများရစ်သိုင်းနေသည်။

ကောင်းကင်အထက် လပြည့်ဝန်းသည် မှိုင်းညို့လျက် မိုးတိမ်အနည်းငယ်ဖုံးလွှမ်းနေ၏။ တောင်နှင့်မြစ်များစွာတို့သည် ထူးဆန်းစွာဖြင့် တိတ်ဆိတ်နေချေပြီ။

“ ဟမ့် ... ဒီမှာရှိနေတဲ့ လေထုက ဘာလို့ ဒီလောက်တောင် မငြိမ်မသက် ဖြစ်နေတာလဲ။ ”

ငရဲဘုရင်က တောင်ထိပ်တွင်ရပ်နေပြီး အလွန်လှပသောကြွေထည် ပန်းပုရုပ်တုကဲ့သို့ တည်ကြည်သည့် အမူအရာ ပေါ်လာသည်။

“ ရှေးခေတ်ဒဏ္ဍာရီတွေအရဆိုရင် ဒီနေရာကိုတစ္ဆေနဲ့ နတ်ဘုရားတွေတောင်မှ မချဉ်းကပ်ရဲကြဘူး ... မဟုတ်ရင် သေချာပေါက် ပျက်စီးဆုံးရှုံးရလိမ့်မယ်။ ”

စုရီမှ ပေါ့ပေါ့တန်တန် ပြောကြားလိုက်သည်။ ထို့နောက် ပတ်ဝန်းကျင် အနှံ့ ပြန်လည်စစ်ဆေးကာ၊

“ ငါဒီကို ပထမဆုံးရောက်လာတုန်းက ဒဏ်ရာရပြီး ကိုးနှစ်နီးပါး ပိတ်မိနေခဲ့ဖူးတယ် ငါ့ဝိညာဉ်တောင် ပျက်စီးလုနီးပါးပဲ။ ”

-ဟု ပြန်ပြောင်းပြောပြလိုက်၏။

ထိုစကားကြောင့် ငရဲဘုရင်ခမျာ အံ့အားသင့်သွား၏။ ယခင်ဘဝတုန်းစုရီသည် ကောင်းကင်နှင့် မြေကြီးကို အုပ်စိုးနိုင်ခဲ့သော ဧကရာဇ်များ၏ ဘုရင်ဖြစ်သည်။

ထိုသို့သော လူတစ်ယောက်သည်ပင် သေလုမျောပါးဖြစ်ခဲ့ရခြင်းမှာ ဤနေရာသည် မည်မျှကြောက်စရာကောင်းသည်ကို ပြသရာရောက်ချေပြီ။

“ ဒီမှာ ဘယ်လိုကပ်ဘေးမျိုး ဝှက်ထားလို့လဲ... ။ ”

ထို့ကြောင့် သူမ သိချင်သွား၏။

“ ဒါက ပြန်လည်မွေးဖွားခြင်း ပလက်ဖောင်းကနေ ဆင်းသက်လာတဲ့ ပြန်ဝင်စားခြင်းစွမ်းအားပါပဲ ...

.... မင်းရဲ့ကျင့်ကြံမှုအဆင့် ဘယ်လောက်တောင်ရှိနေပါစေ အဲဒီစွမ်းအားနဲ့ နှိမ်နင်းခံရရင် တာအို၊ သက်တမ်းနဲ့ ဝိညာဉ် ... အားလုံး ပျောက်ကွယ်သွားရလိမ့်မယ် ...

... ဆိုလိုတာက မင်းသာ ဝင်စားခြင်းထဲကိုဝင်လိုက်တာနဲ့ ဒီလောကထဲကို ဘယ်တော့မှ ပြန်ရောက်မလာနိုင်တော့ဘူး ...

... ဒါပေမယ့် နှမျောစရာ ကောင်းတာက ဒီဝင်စားခြင်းစည်းမျဉ်းစွမ်းအားက ပျက်ပြယ် သွားပါပြီ ... မွေးဖွားခြင်းအစိတ်အပိုင်းတစ်ခု အဖြစ်သာ ကျန်ရစ်ခဲ့တယ် ...

... ဒါကြောင့် တစ်စုံတစ်ယောက်က ဝင်စားခြင်းထဲကိုဝင်ပြီး ပြန်လည်ဝင်စားချင် ကြပေမယ့် ဝင်စားခြင်းဆိုတဲ့ ရည်ရွယ်ချက်ဆီ မရောက်နိုင်တော့ပါဘူး ... မွေးဖွားရုံပဲ တတ်နိုင်ကြတော့တယ်။ ”

စုရီစကားကြောင့် ငရဲဘုရင်၏ ကြယ်ရောင်မျက်လုံးများ အရောင်ပြောင်းလဲ သွားကာ ပြုံးလျက်ဖြင့်၊

“ တာအိုမိတ်ဆွေ ... ပြန်လည် မွေးဖွားခြင်းဥပဒေသတွေကို အသုံးပြုပြီး ငါ့ကို နှိမ်နင်းဖို့ ဒီကိုခေါ်လာတာလို့ မပြောနဲ့။ ”

-ဟု ပြောကြားလိုက်၏။ သို့သော် သူမအပြုံးသည် အနည်းငယ် အတင်းအကျပ် ဖော်‌ဆောင်ထားကြောင်း မြင်သာသည်။

“ မင်းဒါကို အတွေးလွန်နေတာ မင်းရဲ့ ကိုယ်ပွားကိုဖြုတ်ချဖို့ ဒီလောက်အထိ ကြံစည် နေစရာမလိုပါဘူး။ ”

ဤသည်မှာ မထီမဲ့မြင်ပြုရာရောက်ချေ၏။ သို့သော် သူမအတွက်စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းခိုးချလိုက်သည်။

ထို့နောက်တွင် စုရီသည် ထူးဆန်းသော ခြစ်ရာများ ပြန့်ကျဲနေသည့် ကျောက်တုံးများထံ လျှောက်လှမ်းသွားခဲ့၏။ မြူများဖုံးလွှမ်းနေသော တောင်ထိပ်ပေါ်တွင် ကျောက်တုံးတိုင်းသည် ထူးခြားသည့်ပုံသဏ္ဍာန်များရှိသည်။

တစ်စုံတစ်ယောက်သည် ကောင်းကင်မှငုံ့ကြည့်သော် ကျောက်တုံးများကို ရေဝဲပုံစံဖြင့် မြင်နိုင်၏။ ရေဝဲအလယ်တွင် ချိုင့်ဝှမ်းတစ်ခု ရှိသည်။

စုရီ၏လှုပ်ရှားမှုများသည် ငရဲဘုရင်ကို စူးစမ်းလိုစိတ်များ နှိုးဆွပေးသော်လည်း စုရီက၊

“ မင်း ... ဒီနေရာကနေပဲ ... ရပ်ကြည့်နေသင့်ပြီ မဟုတ်ရင် ငါမင်းကို ကယ်တင်နိုင်မှာ မဟုတ်ဘူး။ ”

-ဟု လှည့်ကာ ပြောကြားလိုက်၏။

ငရဲဘုရင်တစ်ယောက် ခန္ဓာကိုယ် တောင့်တင်းသွားပြီး ခြေလှမ်းများကို ရပ်လိုက် တော့သည်။

ထိုကြောက်မက်ဖွယ်ကောင်းသော ပြန်လည်မွေးဖွားခြင်းဆိုင်ရာ ဥပဒေအကြောင်း စုရီ၏သတိပေးချက်ကို ပြန်သတိရသွားကာ ပေါ့ဆစွာ မလုပ်ဆောင်ရဲတော့ချေ။

စုရီမှ ကောင်းကင်ကို မော့ကြည့်ပြီး ကျောက်စက်ဝိုင်းအလယ်ဗဟိုရှိ ချိုင့်ဝှမ်းအနီးမှ ကျောက်တုံးကြီးတစ်တုံးပေါ်တွင် ခြေချိတ်ထိုင်ချလိုက်သည်။

“ ဝှစ် ... ။ ”

သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ မိုးပြာရောင်အစေ့သည် အလင်းတန်းတစ်ခုလို လေထဲပျံဝဲလာ၏။ ထို့နောက် ငရဲဘုရင်ထံ ပျံဝဲစေလိုက်သည်။

“ ကျေးဇူးပြုပြီး ဒါကိုဂရုစိုက်ပေးပါ။ ”

စုရီက ပေါ့ပေါ့တန်တန် ပြောလိုက်သည်။ ငရဲဘုရင်မျက်ဝန်း၌ အနှောင့်အယှက်ဖြစ်ဟန် အရိပ်အမြွက်ပေါ်လာ၏။

( ဒီလူက … ငါ့ကိုအမိန့်ပေးနေတာလား။ )

“ ဒါက ကမ္ဘာအရင်းအမြစ်ပဲ ... မင်းဒုက္ခခံယူနေတုန်း ငါယူပြီးထွက်သွားမှာကို မကြောက်ဘူးလား။ ”

စုရီက ပြန်မဖြေဘဲ လက်များကို ဆက်တိုက်ဝှေ့ယမ်းလိုက်သည်။ သွေးနီရောင် ကောင်းကင်ဓား၊ အင်မော်တယ်တူ၊ ရှင်ခြင်းနှင့် သေဆုံးခြင်းဗုဒ္ဓတံဆိပ်၊ လွန်းပျံ၊ နဂါးကိုးကောင် နတ်မီးခွက်၊ ငွေမီးတောက်သံချပ်ကဲ့သို့သော ရတနာများ ဆက်တိုက်ပေါ်လာသည်။

“ စမ်းကြည့်လို့ရပါတယ်။ ”

စုရီမှတုန့်ပြန်ပြီး ရတနာများအားလုံးကို ငရဲဘုရင်ထံ ပျံသန်းစေလိုက်၏။ ငရဲဘုရင်ခမျာ အံ့အားသင့်သွားသည်။

ဤလူသည် မည်သည့်အချိန်မှစကာ အစေခံတစ်ယောက်လို သူမအပေါ် အမိန့်ပေး ဝံ့သနည်း။

အထူးသဖြင့် သူမကို စမ့်ကြည့်ဟု တည်ငြိမ်စွာပြောကြားနေပုံသည် ဒေါသများ ပြည့်နှက်လာစေ၏။ သို့သော် အံကြိတ်လျက် အဆုံး၌ စိတ်လှုပ်ရှားမှုများကို ဖိနှိပ်ထားကာ ရတနာများ သိမ်းဆည်းပေးလိုက်သည်။

“ ဒီမှာကျန်သေးတယ် ... ။ ”

စုရီက သုံးလက်မအရွယ် အစိမ်းရောင်ဓားဘူးသီးကို ပစ်ပေးလာပြန်၏။

“ ဒီရတနာကိုတော့ မစမ်းကြည့်ဖို့ ငါတိုက်တွန်းတယ် မဟုတ်ရင် မင်းအများကြီး ဒုက္ခရောက်လိမ့်မယ်။ ”

ငရဲဘုရင်မှ ပို၍မကျေမနပ်ဖြစ်လာသည်။ သို့သော် ဘူးသီးလေးကို ကိုင်လိုက်သောအခါ၌ သူမနှလုံးသား တုန်လှုပ်သွား၏။

မည်မျှ အံ့သြဖွယ်ကောင်းသော သဘာဝရတနာပေနည်း။ ၎င်းသည် နတ်ဘုရား ကျောက်မျက်ဖြင့် ထွင်းထုထားသကဲ့သို့ ထင်ရချေသည်။

ကြည်လင်ပြီး ဖောက်ထွင်းမြင်ရကာ ထူးခြားသောရောင်ဝါကို မခံစားရသော်လည်း ကိုင်လိုက်သည်နှင့် အထဲမှ ကြောက်မက်ဖွယ် ထက်ရှမှုကို ခံစားရစေသည်။

( ဒါက ဒီလူအရင်ဘဝက သုံးခဲ့တဲ့ ဓားတစ်လက်လား တကယ့်ကို အထင်ကြီးစရာ ကောင်းတယ် … ။ )

တစ်ယောက်တည်း သက်ပြင်းချလိုက်၏။ ကျောက်စိမ်းဓားဘူးသီး၌ ဝိညာဉ်မရှိသော်လည်း ဗီဇအသိကိုခံစားမိသည်။

အစောပိုင်းက ဤရတနာကိုအသုံးပြု၍ ဟော်ယောင်းမှ ပြန်လည်တိုက်ခိုက်နိုင်စွမ်းများ မရှိတော့စေရန် လုပ်ဆောင်ခဲ့သည်။

ထိုစဉ်ကမြည်သံသည် အကန့်အသတ်မဲ့ နူးညံ့လွန်းနေကာ ကြောက်ရွံ့မှုနှင့် ဖိနှိပ်မှုများ နှလုံးသားထဲဝင်ရောက်စေ၏။

ထို့နောက်ရတနာအမျိုးမျိုး၊ ကျောက်စိမ်းပြားအမျိုးမျိုးနှင့် ရတနာများစွာ ထပ်မံပျံ့လွင့်လာသည်။

“ တာအိုမိတ်ဆွေ ... မင်း ဒုက္ခကိုဖြတ်ကျော်တဲ့အခါသုံးဖို့ ရတနာတွေနဲ့ ဆေးဝါးတွေ ယူထားပြီးပြီလား။ ”

မြောက်များစွာသော ရတနာများကို ကြည့်ကာ သူမ မမေးဘဲ မနေနိုင်တော့ချေ။ စုရီမှ ခေါင်းခါပြ၏။

“ ငါ့အတွက် မလိုအပ်ဘူး။ ”

ငရဲဘုရင်မှ မျက်ခုံးပင့်သွားသည်။ တစ်စုံတစ်ယောက်သည် တာအိုသက်သေပြရန် ကြိုးစားသောအခါ ကာကွယ်ရေးရတနာများနှင့် ဆေးဝါးများ ပြင်ဆင်ရန် မလိုအပ်သည်လော။

တာအိုဂိုဏ်းများတွင် ဒုက္ခခံယူနေစဉ် ဂိုဏ်း၏ဘီလူးအိုကြီးများကို အိုကာကွယ်သူ အဖြစ်ပင် ထားရှိကြသည်။

ထိုသို့ ယေဘူယျအသိအမြင်များကို ဆန့်ကျင်လျက် စုရီမှပြုမူနေ၏။ ယုံနိုင်စရာ မရှိ တော့ချေ။ မောက်မာခြင်းသည် အတုမဲ့၏။

တစ်ဖက်တွင် စုရီသည် ကျောက်တုံးကြီးတစ်တုံးပေါ်၌ တင်ပျဉ်ခွေ ချိတ်ထိုင်လျက် လေထဲလက်လွှဲလိုက်၏။

“ ဝမ် ... ။ ”

လက်ချောင်းထိပ်များမှ သွေးများမှင်ကဲ့သို့စီးကျလာကာ မြူများအတွင်း ပုံကြမ်းတစ်ခုအသွင် ပြသလာ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် လျှို့ဝှက်ဆန်းကြယ်သော သွေးပုံကြမ်းတစ်ခု ဖြစ်ပေါ်လာသည်။ ထိုမြင်ကွင်းသည် ငရဲဘုရင် အပေါ် ချက်ချင်းဆွဲဆောင်သွား၏။

ရုတ်တရက် တောင်တစ်ခုလုံး ပြင်းစွာ တုန်ခါသွားကာ ခေါင်းလောင်းကြီးတစ်လုံးကို တီးခတ်သကဲ့သို့ မြည်သံများပေးသည်။

တိမ်ညိုများအတွင်း မှုန်ဝါးနေသော လပြည့်ဝန်းသည် ရုတ်တရက် အိပ်မက်ကဲ့သို့ ကြည်လင်သော လရောင်ခြည်များဖြင့် ပေးပို့လာခဲ့၏။

ထိုအလင်းရောင်သည် သက်တံ့ရောင်စဉ်များအလား စုရီရေးထားသော သွေးပုံကြမ်းအပေါ် ကျရောက်လာသည်။ သွေး ပုံကြမ်းသည် ချက်ချင်းသန့်ရှင်းသွား၏။

ဤသည်မှာ မရဏကမ္ဘာ ဥပဒေ အရင်းအမြစ်စွမ်းအားကို ငှားယူအသုံးပြုရန် ကြံရွယ်နေခြင်းပေပင်။ အဘယ့်ကြောင့်ဆိုသော ကောင်းကင်ရှိ ဤလမင်းသည် မရဏကမ္ဘာ၏ မူလတာအို တစိတ်တပိုင်းပေပင်။

ယင်းသည် ကောင်းကင်တန်ခိုးကို ငှားရမ်းခြင်းနှင့်မခြားချေ။ ထိုသွေးပုံကြမ်းသည် အလင်းများ တောက်ပလျက် ချိုင့်ဝှမ်းအပြည့် ဖြည်းဖြည်းချင်း ပြန့်ကားသွားသည်။

ဤမြင်ကွင်းသည် အပေါ်စီးမှကြည့်သော် စုရီထိုင်နေရာသည် ပိတ်နေသောမျက်ဝန်းကြီး တစ်လုံးနှင့်တူလာ၏။

သွေးပုံကြမ်းသည် မရဏကမ္ဘာ ဥပဒေအရင်းအမြစ်နှင့် ရောနှောလာသည်နှင့် အမျှ ထိုမျက်ဝန်းသည် ပွင့်လာတော့၏။ ခဏအကြာတွင်။

“ ဝမ် ... ။ ”

အင်တော်တယ် ဘူးသီးတောင်ကြီး ယိမ်းနွဲ့သွားကာ တောင်အတွင်းမှ ယှဉ်နိုင်စရာ မရှိသော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအင် အတက်အကျတစ်ခု ပျံ့နှံ့လာသည်။

ထိုလှိုင်းသည် ပေတစ်သောင်း ပတ်လည်အတွင်း ပျံ့ကားဖုံးအုပ်သွားတော့၏။ တစ်ချိန်တည်းမှာပင် လေဟာနယ်အက်ကွဲပြီး နိယာမတစ်ခု ကျဆင်းလာသည်။

အဝေးမှကြည့်နေသော ငရဲဘုရင်က မထိန်းနိုင်လောက်အောင် တုန်ခါသွားသည်။ ဤအချိန်တွင်သူမသည် ပုရွက်ဆိတ်တစ်ကောင် ကဲ့သို့ အရေးမပါတော့ချေ။ ဖိနှိပ်ချုပ်ချယ်မှု စွမ်းအားများ ပြိုကျလာချေပြီ။

ပေါ့ပေါ့ဆဆ ဝင်ရောက်သော် အကန့်အသတ်မဲ့ ထိုဥပဒေစွမ်းအားမှ သူမကို အလွယ်တကူ အမှုန့်ချေပစ်ပေမည်။ ယင်းသည် စုရီပြောသော ပြန်လည်မွေးဖွားခြင်းဥပဒေများ ဖြစ်နိုင်သည်။

သူမသည် ရှေးခေတ်တုန်းက မရဏကမ္ဘာအနှံ့ ကျင်လည်ကျက်စားခဲ့သည်။ ထို့ကြောင့် မရဏကမ္ဘာရှိ လူအများအပြားသည် ကြောက်ရွံ့လေးစားလာကြ၏။

ငရဲနန်းတော်သည် သူမကို သူတို့၏ ကမ္ဘာမကျေရန်သူအဖြစ် မြင်လာကာ ဖိနှိမ်သည် အထိပေပင်။ သူမ၏ အသိပညာနှင့် ဉာဏ်ပညာ အတွေ့အကြုံသည် သာမန်ထက် သာလွန်၏။ သို့တိုင် စစ်မှန်သော ကြောက်ရွံ့မှုနှင့် မသက်မသာဖြစ်မှုကို ခံစားလာရသည်။

“ ဝမ် ... ။ ”

ရုတ်တရက် လေဟာနယ် အက်ကွဲကြောင်းကြီးအတွင်း အနက်ရောင် ပလက်ဖောင်းတစ်ခု တရွေ့ရွေ့ပေါ်လာ၏။

၎င်းအနက်ရောင်ပလက်ဖောင်း အပြည့်အဝပေါ်လာသောအခါ ငရဲဘုရင်ခမျာ အသက်ရှူးရပ်သွားတော့သည်။

ဤသည်မှာ ပေကိုးဆယ်အမြင့်ရှိပြီး ဆလင်ဒါပုံသဏ္ဍာန် ကျောက်တိုင်ကြီးဖြစ်သည်။ မျက်နှာပြင်တွင် နားလည်ရခက်သော တာအို အမှတ်အသားများ ထွင်းထုထား၏။

ကျောက်တိုင်တဝိုက် မီးခိုးရောင် ဥပဒေစွမ်းအားလှိုင်းများ အဆက်မပြတ်ပင် လည်ပတ်နေသည်။ ငေးကြည့်နေမိသော ငရဲဘုရင်ခမျာ အဆုံးမဲ့မှောင်မိုက်သော သမိုင်းမြစ်ကြီးထဲ နစ်မြုပ်သွား၏။

ထိုလှိုင်းလုံးကြီးများထဲတွင် ခေတ်အဆက်ဆက် ပြောင်းလဲနေသည့် အချိန် စီးဆင်းမှုများ ပါရှိနေသည်။ ကုန်ဆုံးသွားသော သမိုင်းကြောင်းများတွင် သက်ရှိများစွာသည် အဆုံးမဲ့စက်ဝန်းအလား ဖြစ်တည်နေ၏။

မွေးဖွားခြင်း၊ရှင်သန်ခြင်း၊ အိုမင်းခြင်း၊ နာကျင်ခြင်း ဖျားနာခြင်း၊သေဆုံးခြင်း၊ ပြန်၍ မွေးဖွားခြင်း စသည်သဖြင့်ပေပင်။

၎င်းမြင်ကွင်းများသည် မရှင်းလင်း သော်လည်း ခေတ်များ၊ သမိုင်းများ၊ အချိန်များ အဆက်မပြတ် ဝါးမျိုနေကြောင်း မြင်သာနေ၏။ များမကြာခင် ထိုမြင်ကွင်းများသည် သူမအနားနီးကပ်လာသည်။

သို့သော် သူအသိစိတ်ပင်လယ်တွင် မြည်သံတစ်ခုဖြစ်ပေါ်သဖြင့် တုန်ယင်သွားကာ ဝိညာဉ်သည်နိုးထလာ၏။

မျက်နှာတစ်ပြင်လုံး ဖြူဖျော့လျက် ချွေးအေးများ ရွှဲနစ်လာကာ ကြောက်ရွံ့မှုများနှင့် အံ့အားသင့်မှုများ ရောပြွန်းလာပြီး၊

“ ဒါ … အဲဒါ … ။ ”

-ဟု စကားထစ်ငေါ့နေခဲ့သည်။

ထိုစဉ် ကျောက်တုံးပေါ်၌ တင်ပျဉ်ခွေချိတ်ထိုင်နေသော စုရီမှခေါင်းညိတ် ပြလိုက်ပြီး၊

“ ဟုတ်တယ် ... ဒါတွေအားလုံးက ပြန်လည်လူဝင်စားခြင်း စည်းမျဉ်းဥပဒေတစ်ခုပဲ မင်းနစ်မြုပ်သွားရင် ဒီကမ္ဘာကြီးကနေ လုံးဝ ပျောက်ကွယ်သွားလိမ့်မယ်။ ”

-ဟု ပြောကြားလိုက်တော့၏။

***

All Chapters