ထူးဆန်းသော ဒုက္ခမိုးတိမ်များ ဆင်းသက်လာခြင်း။
Vol. 66 Ch. 790
ပြန်လည်ဝင်စားခြင်း လျှို့ဝှက်ချက်သည် ငရဲဘုရင်ကို စိတ်လှုပ်ရှားမှု၊ကြောက်ရွံ့မှုများဖြင့် တုန်ခါစေ၏။ စုရီသည်သာ အချိန်မီ ဝင်ရောက် စွက်ဖက်ခြင်းမပြုခဲ့သော် သူ့ကိုယ်ပွားသည် ပျက်စီးသွားမည်မှာ သေချာသည်။
“ ဒီဝင်စားခြင်းပလက်ဖောင်းရဲ့ ... တာအိုအမှတ်အသားတွေကို ပေါ့ပေါ့တန်တန် မစစ်ဆေးတာ အကောင်းဆုံးပဲ အဲဒီစွမ်းအားက ဧကရာဇ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူရဲ့ နှလုံးသားကိုတောင် ဖမ်းယူသတ်ပစ်ဖို့ လုံလောက်တယ်။ ”
စုရီမှ စကားပြောနေစဉ် ကျောက်တုံးကြီးပေါ်မှ ထရပ်လိုက်လေသည်။ သွေးစွန်းနေသောဝတ်ရုံစသည် ယိမ်းနွဲ့သွားပြီး လေထဲခြေလှမ်းလိုက်ကာ ပေ(၉၀)အမြင့်ကို လှစ်ခနဲခုန်တက်လိုက်၏။
ဤသည်မှာ ဒဏ္ဍာရီလာ ပြန်လည်မွေးဖွားခြင်း ပလက်ဖောင်းပေပင်။ မရဏကမ္ဘာဥပဒေကိုအသုံးပြုကာ ဤကမ္ဘာထဲ ဝင်လာအောင် ဆင့်ခေါ်ထားခြင်းဖြစ်၏။
တစ်ဖက်တွင် ငရဲဘုရင်သည် ပြန်ဝင်စားခြင်းဥပဒေသည် စုရီထံသက်ရောက်မှု မရှိသည်ကို အံ့အားသင့်စွာကြည့်နေမိသည်။
ဟော်ယောင်းနှင့် တိုက်ပွဲအပြီးတွင် စုရီမှ ဒဏ်ရာရနေပြီး သူ၏ ကျင့်ကြံမှုအုတ်မြစ်လည်း ကုန်ဆုံးလုနီးပါးဖြစ်နေသည်။ အလွန် အားနည်းလွန်းနေ၏။
သို့သော် တရားထိုင်ကာ ကုသခြင်းမရှိဘဲ တာအိုကိုသက်သေပြရန် ပြန်လည်မွေးဖွားခြင်း ပလက်ဖောင်းထံ တိုက်ရိုက်သွားခဲ့သည်။
မယုံနိုင်စရာပေပင်။ စုရီတွင် လျှို့ဝှက်ချက်များ များပြားပုံရ၏။ အဆုံးတွင် မေးခွန်းများမမေးဘဲ တိတ်ဆိတ်စွာ ကြည့်နေလိုက်သည်။
ယိမ်းထိုးနေသော အင်မော်တယ် ဘူသီးတောင်သည် ငြိမ်သက်မှုသို့ ပြန်လည် ရောက်ရှိသွားပြီး မီးခိုးရောင်စွမ်းအားများ ကျောက်တိုင်ထိပ်၌ စုပုံလာ၏။
ပြန်လည် မွေးဖွားခြင်းဆိုင်ရာ ဥပဒေသများ၏ နားလည်ရခက်သော အလင်း နှင့် အရိပ်များသည် ပတ်ဝန်းကျင်ရှုခင်းကို ချက်ချင်းဖုံးလွှမ်းထားသည်။
တိတ်ဆိတ်ငြိမ်သက်မှုတစ်ခုသည် ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသည့်အပြင် နှလုံးသားနှင့် စိတ်ကို ဖိနှိပ်ထားသည့် စွမ်းအားတစ်ခုလည်း ရှိနေခဲ့၏။
ငရဲဘုရင်သည် အင်မော်တယ် ဘူသီးတောင်အနီးတစ်ဝိုက် အဘယ်ကြောင့် အသက်ဓာတ် မခံစားရသည်ကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။
ပြန်လည်မွေးဖွားခြင်း စွမ်းအားသည် ဧရိယာတစ်ခုလုံးကိုဖုံးလွှမ်းပြီးနောက် ၎င်း၏ အကွာအဝေးအတွင်းရှိ သက်ရှိအားလုံးကို အသက်ဓာတ်များ ချွတ်ယွင်းသွားစေ၏။
အံဩစရာကောင်းသည်မှာ စုရီမှ သူမရပ်နေခဲ့ရန်ထားရစ်သော အရပ်၌ မည်သည့် စွမ်းအားမျှ ရှိမနေချေ။ စုရီသည်သာ သူမကို သတ်ချင်သော် သတိပေးစရာပင် မလိုချေ။
ကျောက်တိုင်ထိပ်ပေါ်တွင် မီးခိုးရောင်မြူများရစ်ဝဲလျက် စုရီအပေါ် ရေချိုး ပေးနေသလိုပေပင်။ ထိုစဉ်က စုရီမှ သူမထံ လှည့်ကြည့်ကာ၊
“ အခုချိန်ကစလို့ ... မင်းဘာပဲမြင်မြင် ဘာတွေပဲကြုံကြုံ အသံမထွက်နဲ့ ... မလှုပ်နဲ့ ... နားလည်လား။ ”
-ဟု ပြောကြားလိုက်၏။
စုရီ၏ တည်ငြိမ်သောအသံတွင် ဂုဏ်သိက္ခာရှိသော ဘုန်းအာနုဘော်တစ်ခု ပါဝင်နေပြီး ငရဲဘုရင်၏ဝိညာဉ်ကို တိုက်ရိုက် အမိန့်ပေးချေပြီ။
ထို့ကြောင့် မော့ကြည့်လိုက်ရာ ပြန်လည်မွေးဖွားခြင်းပလက်ဖောင်း၌ ထူးဆန်း နက်နဲသောအသွင်ဖြင့် နားမလည်နိုင်အောင် ခံစားချက်မျိုးပေးနေသည်။ အသက်ကို ပြင်းပြင်းရှူပြီး ခေါင်းညိတ်ပြလိုက်၏။
စုရီက ထိုင်ချလိုက်ပြီး တံဆိပ်များ ပြုလုပ်ကာ သူ့ဝမ်းဗိုက်ရှေ့တွင် ပူးကပ်လျက် မျက်လုံးများမှိတ်တော့သည်။ နက်ရှိုင်းစွာဖြင့် တရားထိုင်နေသော ရဟန်းတစ်ပါးကဲ့သို့ မြင့်မြတ်ပြီး သန့်ရှင်းသောလေထုကို ထုတ်လွှတ်နေ၏။
ပြန်လည်မွေးဖွားခြင်း ပလက်ဖောင်း တစ်လျှောက် ထွင်းထုထားသောရှုပ်ထွေးသည့် အမှတ်အသားများသည် ပြန်လည် မွေးဖွားခြင်း ဥပဒေသများလည်း ဖြစ်သည်။
ပြိုင်ဘင်ကင်းတာအို သုံးခုဖြစ်သော ကမ္ဘာဦးကျမ်း၊ အဓိပတိနန်းတော်၊ စကြဝဠာ တွင်းနက်တာအိုစသည်တို့ကို ပေါင်းစပ်လျက် ကျောက်တိုင်နှင့် ပေါင်းစပ်ရန်ကြိုးစား၏။
အလားတူပင် ပြန်လည်ဝင်စားခြင်း သံသရာစက်ဝန်းကိုဖန်တီးသော နိယာမများ အားလုံး ကန့်သတ်ချက်မှု လွတ်လာသည်။
သိပ်သည်းပြီး ရှုပ်ထွေးလွန်းသော အမှတ်အသားများသည် ငါးအုပ်ကြီးတစ်အုပ် နိုးထလာသလို အဆုံးမရှိ လှည့်ပတ်သွားလာ တော့၏။
သူတို့သည် ထူးဆန်းပြီး နားလည်ရ ခက်ခဲသောမြင်ကွင်းအမျိုးမျိုး အဆုံးမရှိနှစ်များ ကုန်ဆုံးခြင်း စသည်တို့ကို ပြသနေသည်။
ခေတ်အဆက်ဆက် ပြိုကျနေမှုများ၊ မရေမတွက်နိုင်သော သက်ရှိများ မွေးဖွားခြင်း၊ အိုမင်းခြင်းနှင့် သေဆုံးခြင်းများ ပါဝင်၏။
ထိုမြင်ကွင်းကို တစ်ကြိမ်မြင်ဖူးသဖြင့် ငရဲဘုရင်တစ်ယောက် နတ်အာရုံရုတ်သိမ်းပြီး ထိတ်လန့်သွား၏။ သည့်နောက် ပကတိမျက်စိ များဖြင့်သာ စောင့်ကြည့်နိုင်သည်။
ပြန်လည်မွေးဖွားခြင်းဆိုင်ရာ မီးခိုးရောင်ဥပဒေ အငွေ့အသက်များစွာသည် တရားထိုင်နေသော စုရီခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် ဝင်ရောက်နေ၏။
( ဟမ့် ... သေမှာ တကယ် မကြောက်ဘူးလား။ )
ငရဲဘုရင်မှ ထိတ်လန့်သွားလေသည်။ တစ်ဖက်လူသည် ပြန်လည်မွေးဖွားခြင်းဥပဒေ အပေါ် ယှဉ်နိုင်လောက်အောင် ကြောက်စရာ ကောင်းနေချေပြီ။
ဤသည်မှာ သူတို့ကဲ့သို့ဧကရာဇ်များပင် ရုပ်ခန္ဓာ၊ ကျင့်ကြံမှု၊ ဝိညာဉ်နှင့် အသက်ဓါတ်ကို ချက်ချင်း လွင့်ပါးပျက်ပြယ်စေသည့် စွမ်းအား ဖြစ်လေသည်။
ဆိုလိုသည်မှာ ဤဝင်စားခြင်း သံသရာဟူသည် အရာအားလုံးကို တိုက်စား ချေပြီ။ အတွင်းသို့ဝင်ရောက်လိုသော် မည်သည့် အရာမျှ ယူဆောင်နိုင်ခြင်းမရှိချေ။ ဗလာဖြစ်၏။ လက်ဗလာနှင့်ပျက်စီးကာ လက်ဗလာဖြင့် မွေးဖွားခြင်းမည်ချေမည်။
စုရီက သူ့တာအိုကို လမ်းညွှန်လျက် ဝင်စားခြင်းလမ်းပေါ် တက်ရောက်ရန် ကြိုးစား နေတော့သည်။ ထိုအရာသည် ငရဲဘုရင်ကို မျက်ခုံးပင့်စေ၏။ စုရီရည်ရွယ်ချက်အပေါ် နားမလည်နိုင်တော့ချေ။
များမကြာခင် သွေးထွက်သံယို မြင်ကွင်းတစ်ခုပေါ်လာ၏။ စုရီကျင့်ကြံမှုသည် စွမ်းအင်များအဖြစ် ပြောင်းလဲပြီး အရေခွံခွာချ နေသလို မြင်ကွင်းမျိုးပေါ်နေသည်။
ထို့နောက် ကြွက်သားနှင့် အရိုးများ ရောနှောလျက် သွေးသားအဖြစ် ဝင်စားခြင်း ပလက်ဖောင်းအပေါ် ကျဆင်းလာ၏။
“ ခရစ် ... ။ ”
ခန္ဓာကိုယ်တစ်ခုလုံး အပိုင်းပိုင်းကွဲပြီး မရေမတွက်နိုင်သော သွေးသားအပိုင်းအစများ အဖြစ်သို့ ပြောင်းလဲသွားလေသည်။
“ ဘောင်း ... ။ ”
စုရီဝိညာဉ်သည် သွေးစွန်းနေသော အသားများမှထွက်လာပြီး ဆပ်ပြာပူဖောင်းကဲ့သို့ ချက်ချင်းပေါက်ကွဲလျက်အဆုံး၌ အလင်းမိုးများ အဖြစ် ပြန့်ကျဲသွားလေသည်။
မျက်စိတစ်မှိတ်အတွင်း စက်ယန္တရားတစ်ခုကို တစ်စစီဖြုတ်လိုက်သည့် အလား စုရီ မရှိတော့ချေ။ လုံးဝပျောက်ကွယ် သွားလေသည်။
ငရဲဘုရင်ခမျာ တုန်လှုပ်လျက် နှလုံးသားအတွင်း စကားလုံးမဲ့ အံ့အားသင့်မှုသာ စီးဆင်းနေတော့၏။
( နေဦး တစ်ခုခုမှားနေပြီ။ )
ခဏအကြာတွင် စုရီ၏ဖြစ်တည်မှု ပျောက်ကွယ်သွားပြီဖြစ်သော်လည်း ပြန်လည် ဝင်စားခြင်း ပလက်ဖောင်းသည် ဝင်စားခြင်း ဆိုင်ရာဥပဒေကို ထုတ်ဖော်နေဆဲဖြစ်၏။
နတ်အာရုံကို အသုံးမပြုရဲသောကြောင့် ငရဲဘုရင်မှ ပြန်လည်မွေးဖွားခြင်း ပလက်ဖောင်း အပေါ် ငေးကြည့်ရုံသာတတ်နိုင်ချေပြီ။
ထို့ကြောင့် မြူခိုးများကြားတွင် လွင့်မျောနေသော ထူးခြားသည့်ဓားတစ်လက်၏ မှိန်ဖျော့ဖျော့ပုံသဏ္ဍာန်ကို မြင်လိုက်ရ၏။ ဓား၌ ဘက်ပေါင်းစုံကို ရစ်ပတ်ထားသော လျှို့ဝှက် ဆန်းကြယ်သည့် နတ်သံကြိုးများရှိသည်။ ထိုထက်ပို၍ မမြင်နိုင်တော့ချေ။
( ဓားတစ်လက်က ပြန်လည်မွေးဖွားခြင်း ဥပဒေတွေကို စုပ်ယူနေတာလား ... ဒါပေမယ့် ဒါကတာအိုကို သက်သေပြပြီး ဧကရာဇ်တစ်ပါး ဖြစ်လာတာနဲ့ ဘာဆိုင်လို့လဲ။ )
ဤမေးခွန်းက သူမအပေါ် ရှုပ်ထွေးသွား၏။ အင်မော်တယ်ဘူးသီးတောင်သို့ ခြေချတည်းက စုရီလုပ်ခဲ့သမျှအရာအားလုံးသည် သူမကို ထိတ်လန့်မှင်သပ်စေသည်။
သူမ၏ ကျယ်ပြန့်သော ဗဟုသုတနှင့် အတွေ့အကြုံများသည် ဤမြင်ကွင်းများအပေါ် နားမလည်နိုင်ဖြစ်နေဆဲပေပင်။ မသိနားမလည် ကလေးတစ်ယောက်နှင့်ပင် တူလာ၏။
နွေရာသီအင်းဆက်များသည် ဆောင်းရာသီအကြောင်း မသိကြဟုဆိုရိုးစကား အမှန်ပင်ဖြစ်သည်။ ရုတ်တရက် နှလုံးသားသည် တုန်ခါလျက် မသိစိတ်ဖြင့် မော့ကြည့်မိ၏။
ကောင်းကင်၌ ဒုက္ခမိုးတိမ်များ ချက်ချင်းစုဖွဲ့လာနေချေပြီ။ ဒုက္ခမိုးတိမ်များမှာ ပေတစ်သောင်းအတွင်း ပြည့်နှက်လာကာ ကမ္ဘာကြီးကို ဆိတ်သုဉ်းလာစေ၏။
ဝင်စားခြင်း ကျောက်တိုင်ပေါ်တွင် အရာအားလုံး တိတ်ဆိတ်ငြိမ်သက်လျက် ဓား တစ်လက်ပုံရိပ်သည်သာ စွမ်းအင်များကို စုပ်ယူပြီး လွင့်မျောနေဆဲဖြစ်သည်။
( ဒါ ... ဘယ်လိုဒုက္ခမျိုးလဲ။ )
၎င်းသည် အသံမပြု၊ ရောင်ဝါမထွက်ဘဲ ကောင်းကင်အောက်ရှိ အရာအားလုံးကိုဝါးမျိုရန် ရည်ရွယ်ထားသော ရေဝဲဝဲတစ်ခုနှင့်တူ၏။
ထူးဆန်းသောလေထုသည် တစ်စတစ်စ သိပ်သည်းလာပြီး အချိန်ကြာလာသည်နှင့်အမျှ နားလည်ရန်ခက်ခဲလာသည်။ ယင်းသည် အဓိပ္ပာယ်မရှိချေ။
နက်နဲနယ်ပယ်သို့ ဝင်ရောက်သူသည် ဤကပ်ဘေးကို မည်သို့ခေါ်ဆောင်နိုင်သနည်း။ တာအိုကိုသက်သေပြရန် အလွန်ထူးခြားသော နည်းလမ်းများ အသုံးပြုနေသည်လော။
ထိုအတွေးသည် ငရဲဘုရင်၏ ကြယ်ရောင်မျက်လုံးများကို ထူးဆန်းသည့် အလင်းလှိုင်းများဖြင့် ထကြွသွားစေ၏။
“ ဂျိန်း ... ။ ”
ရုတ်တရက်၊ မိုးခြိမ်းသံက သေမင်းတမန်တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက် လေသည်။ ငရဲဘုရင်ဝိညာဉ်သည် တုန်ခါသွားပြီး မွန်းကြပ်လာ၏။
“ ဂျိန်း ... ။ ”
များမကြာခင် ဒုက္ခမိုးတိမ်များအတွင်းမှ မိုးခြိမ်းသံများထွက်ပေါ်လာကာ ကောင်းကင်နှင့် မြေကြီးတစ်ခွင် ပဲ့တင်ထပ်ကုန်သည်။
ကောင်းကင်၏ ပြိုင်ဘက်ကင်း ဘုန်းအာနုဘော်နှင့် ပြည့်နှက်နေသကဲ့သို့ ကြားရသူတိုင်း၏ဝိညာဉ်ကို တိုက်ရိုက်ဆန်စွာ ကြောက်ရွံ့မှုဖြစ်ပေါ်စေ၏။
ဤမျှထူးဆန်းပြီး ကြောက်မက်ဖွယ် ဒုက္ခအကြောင်း တစ်ခါမျှမကြားဖူးချေ။ သူမ အတွက် မယုံနိုင်လောက်အောင်ပေပင်။
နက်ရှိုင်းသော ငြိမ်းချမ်းမှုသည် ထိုဒုက္ခမိုးတိမ်များထက် ပိုမိုအားကောင်းလာပြီး ကမ္ဘာကြီးအတွင်း ဝင်စားခြင်းသံသရာကို ဆက်၍လုပ်ဆောင်နေသည်။
ထိုအတောအတွင်း မြေအောက်ကမ္ဘာ သင်္ချိုင်းမြေ တစ်ခုလုံးတွင် မိုးကြိုးပစ်သံများမှာ ပဲ့တင်ထပ်သွားချေပြီ။ အသံထွက်ပေါ်ရာသည် ထူးဆန်းနေသဖြင့် လူတိုင်းခေါင်းမော့ကြည့်၏။
“ ဘယ်သူက မြေအောက်ကမ္ဘာသင်္ချိုင်း အတွင်းမှာ ဒီလိုရဲဝင့်စွာ ဒုက္ခခံယူနေတာလဲ။ ”
တစ်စုံတစ်ယောက်က မယုံကြည်နိုင်စွာ အော်ပြောလိုက်သည်။
“ မှန်တယ် ... ကြားရုံနဲ့တင် ထိတ်လန့်တုန်လှုပ်ပြီး မသက်မသာဖြစ်စေတယ် ဒီဒုက္ခက သာမန်မဟုတ်ဘူး။ ”
မျိုးဆက်ဟောင်း ကျွမ်းကျင်သူတစ်ဦးက တိုးတိုးလေးမှတ်ချက်ပေး၏။
“ ငါရွှမ်ယုအဆင့်ကို ချိုးဖြတ်တုန်းကတောင် ဒီလောက် မပြင်းထန်ဘူး။ ”
မည်သည့် ဧကရာဇ်များပင်ဖြစ်စေ ကြောက်ရွံ့ထိတ်လန့်ကုန်ပြီး စိတ်မသက်မသာ ဖြစ်လာကြတော့သည်။ ထိုအရာကို ပင်းမို၏ တပည့်များသည်လည်း ခံစားမိ၏။
“ ဟမ့် ... ဒီလိုနယ်မြေမှာ တာအိုကို သက်သေပြနေတာလား ဘယ်လောက်တောင် ပေါ့ဆလိုက်လဲ။ ”
ရှန်ကွမ်းကျဲက အေးစက်စွာ မှတ်ချက်ပေးလိုက်သည်။
“ အဲဒီရှေးဟောင်းဘီလူးအိုကြီး တစ်ယောက်ယောက်က သူ့ကျင့်ကြံမှုကိုဖိနှိမ်ဖို့ မတတ်နိုင်တော့တာဖြစ်မယ် မဟုတ်ရင် ဘယ်သူက ဒီမှာဒုက္ခခံယူဝံ့မလဲ။ ”
နင်ရွှမ်မှ တုန့်ပြန်၏။ ထို့နောက် အခြားသူများသည်လည်း ဝင်ရောက်ဆွေးနွေး လာကြသော်လည်း ထိုအရပ်သို့ သွားရောက်ရန် မည်သူမျှ ရည်ရွယ်ချက် မရှိခဲ့ကြချေ။
သူတို့မလုပ်ချင်၍မဟုတ်ချေ။ အန္တရာယ်သည် မြေအောက်ကမ္ဘာသင်္ချိုင်းကြီး၏ ထောင့်တိုင်းတွင်ရှိနေသည်။ ပေါ့ပေါ့ဆဆ လုပ်ဆောင်ခြင်းဖြင့် ကပ်ဘေးကို ယူဆောင်လာနိုင်ချေများ၏။
ကူကျန်းမင် တစ်ယောက်တည်းသာ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး မရေမရာ ဖြစ်လျက် တိတ်ဆိတ်နေချေပြီ။ ဤသည်မှာ စုရီ တစ်ယောက်တာအိုကို သက်သေပြနေနိုင်ချေ များ၏။
ခန်းမကြီးတစ်ခုအတွင်း။ တရားထိုင်နေခဲ့သော ဟော်ယောင်းက မျက်လုံး ဖွင့်လိုက်ပြီး အံ့အားသင့်မှု အရိပ်အယောင်ဖြင့် အပြင်သို့လှမ်းကြည့်သည်။
ဤအဆင့် မိုးကြိုးပစ်သံများသည် အရမ်းထူးဆန်း၏။ သူ့တာအိုနှလုံးသားသည်ပင် တုန်ခါသွားချေပြီ။ ခဏမျှ တည်ငြိမ်အောင် ပြင်ယူပြီးနောက် ဟော်ယောင်းက၊
“ ဂျူနီယာညီလေး ... အဲဒီဒုက္ခကို ငါတို့ဆရာခံယူနေတာလို့ မင်းထင်လား။ ”
-ဟု မေးမြန်းလိုက်၏။
“ အခုအချိန်ကစပြီး မင်းရဲ့ကိစ္စတွေကို ပြီးပြတ်အောင်လုပ်ဆောင်ဖို့ စဉ်းစားသင့်ပြီလို့ မထင်ဘူးလား။ ”
“ ဟားဟားဟား ... ။ ”
ဟော်ယောင်းမှ ရယ်လိုက်ကာ သူ့အကြည့်များသည် ရက်စက်ကြမ်းကြုတ်စွာ တောက်ပလာတော့၏။
“ ဂျူနီယာညီလေး၊ ငါမင်းကို ပြောထားပြီးပါပြီ ဆရာက သူ့ရဲ့တာအိုကို သက်သေပြပြီး ဧကရာဇ်ဖြစ်လာရင်တောင် ရတနာတွေ အကူအညီမပါဘဲ လက်ဗလာနဲ့ ငါ့ကိုယှဉ်နိုင်စရာ အကြောင်းမရှိပါဘူး။ ”
***