← Chapters

နက်နဲတာအိုနယ်ပယ်သို့ ပြန်လည် မွေးဖွားခြင်း ... ။

Vol. 66 Ch. 791

နက်နဲတာအိုနယ်ပယ်သို့ ပြန်လည် မွေးဖွားခြင်း ... ။

Vol. 66 Ch. 791

ငရဲဘုရင်၏ အံ့အားသင့်ပြီး ကြောက်ရွံ့ ထိတ်လန့်နေသော အကြည့်များအောက်တွင် ကောင်းကင်၌ ဒုက္ခမိုးတိမ်များ စတင် စုပုံလာတော့သည်။

၎င်းက ရေဝဲအသွင်လည်ပတ်လျက် ရေဝဲကြီး၏ အနက်ရှိုင်းဆုံးနေရာ၌ တားမြစ် စွမ်းအားများနှင့် ဖျက်ဆီးခြင်းကပ်ဘေး စွမ်းအင်များ ပြည့်နှက်လာချေပြီ။

“ ဝှစ် ... ။ ”

အဆုံး၌ ဒုက္ခရောင်ဝါသည် ပြန်လည်မွေးဖွားခြင်း ပလက်ဖောင်းအပေါ် ဆင်းသက်လာခဲ့၏။

ကောင်းကင်၏ အမြင့်မြတ်ဆုံးသော ထိုအဖျက်စွမ်းအားတန်ခိုးတော်သည် လေထုကို တင်းကြပ်လျက် အသက်ရှူမဝဖြစ်စေ၏။

ဤဒုက္ခသည်သာ သူမထံဦးတည်သော် ထွက်ပြေးရန်ပင် အချိန်မရှိကြောင်း လုံးဝလုံးဝ သေချာနေချေပြီ။

( ဒါ … ။ )

သို့သော် အဆိုပါ ဒုက္ခရောင်ဝါသည် ပြန်လည်မွေးဖွားခြင်း ပလက်ဖောင်းပေါ်တွင် မိုးရေအလား ပြန့်ကျဲသွားတော့၏။

ငရဲဘုရင်တစ်ယောက် တစ်ဖက်လူသည် သူ့တာအိုကို ဤနေတွင်သက်သေပြရန် ကြိုးစား နေသည့်အပေါ် အဆုံး၌နားလည်သွားသည်။

ပြန်လည်ဝင်စားခြင်း ပလက်ဖောင်းသည် ကောင်းကင်ကပ်ဘေးကို စုပ်ယူထားပေးနိုင်၏။ သို့သော် ပြဿနာသည် စုရီဖြစ်သည်။ စုရီကို ကျောက်တိုင်ထိပ်၌ မမြင်ရချေ။

သွေးသားအပိုင်းအစနှင့် မြူများပင် ပျောက်ကွယ်နေသည်။ ဓားတစ်လက် ပုံရိပ်သာ လေထဲလွင့်ဝဲလျက် ပြန်လည်ဝင်စားခြင်း တာအိုဥပဒေကို စုပ်ယူနေ၏။

( ဒီကောင် အဲဒီဓားထဲမှာ ပုန်းနေတာလား။ )

“ ဂျိန်း ... ဂျိန်း ... ။ ”

ငရဲဘုရင်မှ မျက်မှောင်ကြုတ်သွားသည်။ ထိုစဉ်ကောင်းကင်ကပ်ဘေးသည် ဆင့်၍ဆင့်၍ ကျဆင်းလာတော့၏။ ဒုက္ခမိုးတိမ်များအတွင်း လျှပ်စီးများ လက်လာချေပြီ။

ကောင်းကင်နှင့်မြေကြီး နှစ်ခြမ်းကွဲသွား၏။ ကောင်းကင်သည် ဒေါသဖြင့် ဝုန်းဒိုင်းကျဲနေကာ မြေပြင်သည် ပျက်စီးခြင်းများပြည့်နှက်လာ၏။

သို့သော် ကောင်းကင်ကပ်ဘေးသည် မည်မျှအစွမ်းထက်ပါစေ ပြန်လည်မွေးဖွားခြင်း ပလက်ဖောင်းကို ဝင်တိုက်သောအခါ တစ်ခုခုက တားဆီးလိုက်သလို ရပ်တန့်သွားခဲ့သည်။

အဆုံး၌ ကောင်းက်ငကပ်ဘေး စွမ်းအားသည်မရှိခဲ့သလို ပျောက်ကွယ်ကုန်၏။ များမကြာခင် ဒုက္ခသည် ပို၍ ကြောက်မက်ဖွယ် ကောင်းလာခဲ့သည်။

မိုးတိမ်ရေဝဲသည် တဟုန်ထိုး လည်ပတ်လျက် ဒုက္ခဆင်းရဲ၏အလင်းတန်းများ ဖြာကျလာကာ အံ့မခန်းတန်ခိုးများနှင့် ပြည့်နှက်လာတော့၏။

အလင်းရောင်သည် ကမ္ဘာတစ်ခုလုံးကို လင်းလက်စေပြီး နေ့လည်ခင်းလို တောက်ပလာ စေသည်။ အထူးသဖြင့် ပြန်လည်မွေးဖွားခြင်း ပလက်ဖောင်းပေါ် ကျဆင်းသော အလင်းသည် ပို၍ထူထဲလာချေပြီ။

ငရဲဘုရင်ခမျာ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး နှလုံးသားတုန်ခါသွား၏။ သူမ၏ ပိန်ပိန်ပါးပါးနှင့် ကျက်သရေရှိသော ခန္ဓာကိုယ်သည် တောင့်တင်းလာသည်။

ဆိုလိုသည်မှာ ကောင်းကင်ဘုံသည် ပြန်လည်မွေးဖွားခြင်းပလက်ဖောင်းကို ချက်ချင်း ဖျက်ဆီးရန်ဆန္ဒရှိနေ၏။ တစ်စုံတစ်ယောက်မှ တားမြစ်ချက်ကို ချိုးဖောက်နေသလိုပေပင်။

ယင်းသည် ကောင်းကင်ဆန္ဒနယ်မြေရှိ ပထမမြောက် လွတ်မြောက်သူ ရွှမ်ယုအဆင့်သို့ ချိုးဖြတ်စဉ်ထက် ပို၍ကြမ်းတမ်းနေသည်။

သူမဘဝအတွေ့အကြုံအရ ရှားပါးပြီး ကြီးကျယ်ခမ်းနားသောဒုက္ခများကို များစွာပင် ကြုံတွေ့ခဲ့ရ၏။ ဤသည်မှာ ထိုမြင်ဖူးသမျှ ဒုက္ခများထက် သာလွန်ချေပြီ။

များမကြာခင် ဒုက္ခပထမအဆင့် ပြီးဆုံးသွား၏။ ထို့နောက် ငွေမီးတောက်များ ဒုက္ခမိုးတိမ်အတွင်း ပြည့်နှက်လာသည်။

“ ဂျိန်း ... ။ ”

ယင်းသည် ငွေရောင်နှင်းပွင့်များကဲ့သို့ စီးကျလာပြီး အဖျက်စွမ်းအားနှင့် သတ်ဖြတ်ခြင်း အရှိန်အဝါများပါရှိချေ၏။ ဒုတိယဒုက္ခများသည် ပထမဒုက္ခများထက် ပြင်းထန်နေသည်မှာ သဘာဝပေပင်။

ဆယ်မိနစ်ကုန်လွန်းပြီးနောက် ဒုတိယဒုက္ခကုန်ဆုံးလျက် မြင်ကွင်းတစ်ခုလုံး ပျက်စီးခြင်းနိမိတ်များ ရစ်သိုင်းလာသည်။ ဤတစ်ကြိမ် ကောင်းကင်သည် မီးခိုးရောင် တောက်ပနေ၏။

လျှပ်စီးများသည် ကြာပန်းပေါင်း ထောင်ဂဏန်းအထိ ပေါ်လွင်လာစေကာ အလွန် လှပပြီး ကြောက်စရာကောင်း၏။ မိုးကြိုးများ ပစ်ချလိုက်သောအခါ ကောင်းကင်နှင့် မြေကြီးကြား ရွှေရောင်များ အတိုင်းအဆမရှိ တောက်ပလာသည်။

“ ဂျိန်း ... ။ ”

သို့သော် မည်မျှပင် ပြင်းထန်ပါစေ၊ ပြန်လည်မွေးဖွားခြင်းပလက်ဖောင်းက ၎င်းကို စုပ်ယူထားဆဲဖြစ်၏။

ယင်းသည် ကောင်းက်ငကို ပို၍ ဒေါသထွက်ကာ ပြင်းထန်လာစေတော့သည်။ ကောင်းအောက်အောက်ရှိ မည်သို့သော ဖြစ်တည်မှုမျိုးမဆို ဖျက်ဆီးနိုင်၏။

သို့သော် ယခုအချိန်တွင် ပြန်လည် ဝင်စားခြင်းပလက်ဖောင်းသည် သူ့ဆန္ဒအပေါ် အံ့တုနေချေပြီ။ ၎င်းတာအိုသည် ထာဝရ တည်ရှိနေမည့်ပုံပြ၏။ ဤသို့ဖြင့် နဝမမြောက် ဒုက္ခထံ ရောက်ရှိလာသည်။

ကောင်းကင်ရှိ ဒုက္ခမိုးတိမ်များသည် ပေသုံးဆယ်သာ ကျယ်ဝန်းသည်အထိ ကျုံ့ဝင် လာတော့၏။ ထိုမြင်ကွင်းသည် မိုးကြိုးများကို သိပ်သည်းထားသလို လေးလံစေသည်။

ဖရိုဖရဲရောင်ဝါများက ချက်ချင်း ပေါက်ကွဲလျက် မြေအောက်ကမ္ဘာသင်္ချိုင်း နယ်မြေကို ပြန့်ကားသွား၏။

ကမ္ဘာပျက်ကပ်ဘေး ဆင်းသက်လာသလိုပေပင်။ နတ်ဘုရား များ၏ အပြစ်ဒဏ်ဖြစ်၏။ ရောင်ဝါတစ်ခုတည်းဖြင့် ကမ္ဘာကြီးတစ်ခုလုံး အမှုန့်ဖြစ်စေမည်။

“ ဘယ်လို ဧကရာဇ်မျိုးက ဒီလိုဒုက္ခမျိုးကို ခေါ်ဆော်ငနိုင်ရတာလဲ။ ”

ရှန်ကွမ်းကျဲမှ မျက်လုံးပြူးလာချေပြီ။ အခြားသူများမှာ အံ့အားသင့်သွားပြီး အသက်ရှူ မဝဖြစ်သွားလေသည်။

“ ရွှမ်ယုအဆင့် မဆိုနဲ့ ရွှမ်ဟဲအဆင့် ကပ်ဘေးတောင် ဒီလောက်အထိ ကြောက်စရာ ကောင်းနိုင်မှာ မဟုတ်ဘူး။”

အရိုင်းမြေကိုးပါးမှ လာသူများ အနေဖြင့် ဤကပ်ဘေး၏ ကြောက်ရွံ့မှုနှင့် မသက်မသာ ဖြစ်မှုကို ခံစားနိုင်သည်။

ထိုစဉ် ဟော်ယောင်းက ရုတ်တရက် ထရပ်လိုက်ပြီး တံခါးဝသို့လျှောက်လှမ်းကာ ကောင်းကင်ထံမော့ကြည့်၏။

“ တစ်ချိန်တုန်းက ငါဟာ ဆရာနဲ့အတူ လိုက်ပါခွင့်ရပြီး ... ကံကောင်းထောက်မစွာနဲ့ အစွန်းကိုးပါးမြို့တော်သခင်ရဲ့ ရွှမ်ဟဲအဆင့် တာအိုဒုက္ခကို သက်သေခံခွင့်ရခဲ့ပါတယ် ...

... ဒါပေမယ့် အိုမင်းတဲ့ အဲဒီအရိုးအိုကြီးရဲ့ ဒုက္ခအရှိန်အဝါက ငါ့အပေါ်ကို အနှောင့်အယှက် ဖြစ်စေတာမျိုး မရှိခဲ့ဘူး ... ။ ”

ဟော်ယောင်းက မျက်နှာပြောင်းလျက် မရေမရာအသွင်အပြင်ဖြင့် မှတ်ချက်ပေးလိုက် တော့သည်။၊ ယီလောင်မှ အမှောင်ရိပ်ထဲမှ နေပြီးရယ်၏။

“ ဟားဟားဟား ... ကြောက်လို့လား ထွက်ပြေးချင်လား မစဉ်းစားနဲ့ မင်းပြန်ရလာတဲ့ ခွန်အားလောက်နဲ့ ... ငါ့ကိုမယှဉ်နိုင်သေးဘူး။ ”

ဟော်ယောင်းက တိတ်ဆိတ်သွားပြီး ယီလောင်ထံလှည့်ကြည့်၏။ ထို့နောက် ပြုံးကာ၊

“ ငါတကယ်ထွက်သွားချင်တယ်ဆိုရင် မင်းငါ့ကိုတားဆီးနိုင်မယ်လို့ ထင်နေတာလား။ ”

-ဟု ပြန်မေးလိုက်သည်။

“ ဆရာက ... မင်းရဲ့ခိုးယူထားတဲ့ ရတနာတွေအားလုံးကို ပြန်ယူလိုက်ပြီးပြီ ဒါဆို ငါ့အသက်ပေးရရင်တောင် မင်းကိုတားဖို့ ကြိုးစားမိမှာပါ စမ်းကြည့်ချင်လား။ ”

ယီလောင်အသံသည် တည်ငြိမ်နေပြီး ခံစားချက်တစ်စုံတစ်ရာ ရောထွေးနေတာမျိုး မရှိတော့ချေ။

“ ဂျူနီယာညီလေး ... မင်း အရမ်းစိတ်ပူနေမိပြီ ငါသာထွက်ပြေးချင်ရင် ဘာလို့ဒီမှာစောင့်နေရမှာလဲ။ ”

ဟောင်ယောင်းမှ သက်ပြင်းချလျက် ပြန်လှည့်ဝင်လာကာ မျက်လုံးများမှိတ်လိုက်ပြီး ဒဏ်ရာများကိုကုသရန် အာရုံစိုက်တော့၏။ သူ မည်သည့်အရာကို ကြောက်နေရမည်နည်း။

ရွှမ်ယုအလယ်အလတ်အဆင့်သည် ခွန်အားအပြည့်အဝ ပြန်မရလျှင်ပင် ကနဦး ရွှမ်ကျောက်ကိုရှုံးနိမ့်မည်ဟု မယုံကြည်ချေ။ သည့်ပြင် သူ့၌ သက်ရှိရုပ်ကြွင်း ထိုအဖိုးကြီး လေးယောက် ရှိနေသေးသည်။

“ ဝုန်း ... ။ ”

ထိုအချိန်တွင် ပေသုံးဆယ်ခန့် တံဆိပ်သင်္ကေတတစ်ခု ကောင်ကင်ပေါ်မှနေပြီး ပြန်လည်မွေးဖွားခြင်း ပလက်ဖောင်းထံ ကျဆင်းလာ၏။

ဤတစ်ကြိမ်၌ ပြန်လည်မွေးဖွားခြင်း ပလက်ဖောင်းသည် တုန်ခါလျက် ထိုစွမ်းအားကို စုပ်ယူရန် မကြိုးစားတော့ချေ။ တဖြည်းဖြည်း နောက်ပြန် တွန်းထုတ်နေသည်။

သို့သော် ကျောက်တိုင်းရှိရစ်ပတ်နေသော ပြန်လည်မွေးဖွားခြင်းဆိုင်ရာ ဥပဒေသများသည် တွန်းလှန်ရန် ပျက်ကွက်သွား၏။

“ ကလန် ... ။ ”

ယင်းကြောင့် ဖျက်ဆီးခြင်း စွမ်းအားက ကျောက်တိုင်အပေါ် ဖုံးလွှမ်းလာစဉ် ဓားမြည်သံ တစ်သံထွက်ပေါ်လာသည်။

“ ဝုန်း ... ။ ”

တစ်ဆက်တည်းမှာပင် နတ်သံကြိုး ကိုးချောင်းဖြင့် ရစ်ပတ်ထားသောဓားပုံရိပ်သည် အသက်ဝင်လာပြီး ထိုးခွဲပစ်လိုက်၏။

ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လျက် ကောင်းကင်နှင့် မြေကြီးကြားတုန်ခါသွားသည်။ ကျဆင်းလာသော တံဆိပ်သင်္ကေတသည် ရုတ်ချည်းအက်ကွဲသွားတော့၏။

ထိုအချိန်တွင် ပြန်လည်မွေးဖွားခြင်း ပလက်ဖောင်းရှိ ချောမွေ့နေသောမျက်နှာပြင်၌ မူလစွမ်းအင်များသည် အရင်းအမြစ်စွမ်းအား အစုအဝေးအဖြစ် ဖွဲ့စည်းလာချေပြီ။

“ ဝူး ... ။ ”

၎င်းမူလအရင်းအမြစ်စွမ်းအင်သည် အသားစိုင်များအလား ပုံသဏ္ဍန်မျိုးစုံစွာဖြင့် တွန့်လိန်ကြီးထွားလာနေကာ ပြန့်ကျဲနေသော ဒုက္ခတံဆိပ်မှစွမ်းအားကို စုပ်ယူတော့၏။

ခဏအကြာတွင် ထိုအရင်းအမြစ်စွမ်းအင် အစိုင်အခဲသည် သက်ရှိကဲ့သို့ ခုန်ပေါက်လျက် အရွယ်အစား ကြီးထွားလာသည်။

အဆုံးတွင် ထိုမူလအရင်းအမြစ် စွမ်းအင်အစိုင်အခဲအတွင်းမှ လူတစ်ယောက် အသွင် ကုန်းထလာတော့၏။ အနက်ရောင် ဆံပင်များလွင့်ဝဲပြီး အဝတ်ဗလာပေပင်။

အသားအရေသည် ကျောက်စိမ်းမှ မွေးဖွားလာသောကလေးငယ်ကဲ့သို့ ကြည်လင် တောက်ပကာ နူးညံ့နေသည်။ သူ့ဝန်းကျင်၌ ရွှေရောင်အလင်းတန်းများ ဖြတ်ပြေးနေပြီး ထူးခြားသောဖြစ်စဉ်များ ပေါ်လာ၏။

မရေမတွက်နိုင်သော ခေတ်များ ကုန်လွန်နေခြင်း၊ အချိန်၊ အာကာသ၊ စွမ်းအင် အတက်အကျနှင့် ဖွံ့ဖြိုးတိုးတက်ခြင်း၊ ရှင်ခြင်း၊ သေခြင်း၊ အဆုံးမရှိစီးဆင်းနေသော အချိန်မြစ် အတွင်း သမိုင်းများပျော်ဝင်နေခြင်း။

ထိုမြင်ကွင်းသည် အရာအားလုံး၏ ဖန်ဆင်းရှင်တစ်ပါးကို မွေးဖွားပေးနေခဲ့သော တစ်စုံတစ်ရာအဖြစ် ခံစားလာမိစေသည်။

ပတ်ဝန်းကျင်သည် ဖရိုဖရဲစွမ်းအင်များ ပြည့်နှက်အလင်းပျောက်နေကာ ဓားတစ်လက် ဦးခေါင်းတွင်ပျံဝဲလျက် ဆန်းပြားသော သက်ရှိ တစ်စုံတစ်ရာ ဖြစ်တည်လာခြင်းနှင့်တူ၏။

ကောင်းကင်နှင့် မြေကြီးကြား၊ ပြင်ပ စကြာဝဠာကြီး၌ပင် ပြိုင်ဘက်ကင်း ဖြစ်တည်မှု တစ်ခုပေပင်။ နတ်ဘုရားများကို ခေါင်းငုံ့စေ နိုင်သော အထိန်းအကွပ်မဲ့သူဖြစ်ချေ၏။

***

All Chapters