ငရဲဘုံကိုးပါးဓား အသွင်ပြောင်းခြင်း။
Vol. 66 Ch. 792
ကောင်းကင်ရှိ ဒုက္ခမိုးတိမ်များသည် အရိပ်အယောင်မကျန်အောင် ပျောက်ကွယ်သွား ခဲ့လေသည်။ တောက်ပသော ငွေရောင်လသည် မြင့်မားစွာချိတ်ဆွဲထားပြီး မိုင်ပေါင်းများစွာ ရှည်လျားသော တောင်များနှင့် မြစ်များမှာ တိတ်ဆိတ်ငြိမ်သက်ကုန်၏။
အရာအားလုံး ယခင်ငြိမ်သက်မှုသို့ ပြန်လည်ရောက်ရှိသွားကာ ကိုးပေအမြင့်ရှိသော ပြန်လည်ဝင်စားခြင်းကျောက်တိုင်တဝိုက်ရှိ အလင်းရောင်နှင့် တာအိုများသည် ရေလှိုင်းများ ကဲ့သို့ ခန္ဓာကိုယ်အတွင်း တဖြည်းဖြည်း ပေါင်းစပ်ပျောက်ကွယ်နေ၏။
စုရီအသွင်အပြင်သည် မပြောင်းလဲ သော်လည်း စိတ်နေစိတ်ထား မြင့်မြတ်လာပြီး နတ်ဘုရားတစ်ပါးကဲ့သို့ ကြီးစိုးသွားသည်။
ကမ္ဘာမြေသို့ ဆင်းသက်လာသော ကောင်းကင်မှ သတ္တဝါတစ်ဦးကဲ့သို့ ထင်မှားစေ တော့၏။ စုရီမှ လက်ကိုလှန်ပြီး ဝိုင်အိုးတစ်လုံး ထုတ်ယူကာ ခေါင်းမော့သောက်လိုက်သည်။
ဝိုင်သည် အူမအတွင်းဝင်ရောက်သွားပြီး ခုနစ်ဆယ်ရာခိုင်နှုန်းသည် ယင်စွမ်းအင်အဖြစ် ဆူပွက်လျက် ကျန်သုံးဆယ်သည် ဓားစွမ်းအင် အဖြစ် ပေါင်းစပ်လာ၏။
“ စိတ်ဝင်စားစရာပဲ။ ”
ထိုရလာဒ်အပေါ် မျက်ခုံးပင့်လျက် မျက်လုံးများသည် ရိုင်းစိုင်းပြီး အထိန်းအကွပ်မဲ့ လာတော့သည်။
သူသည် ဧကရာဇ်တစ်ပါးအဖြစ် တာအိုသက်သေပြရန် အချိန်အတော်ကြာမြင့်စွာ ကတည်းက ပြင်ဆင်ထားခဲ့သည်။ အဆုံး၌ အတိတ်ဘဝ၏ နယ်ပယ်သို့ ပြန်ရောက်လာပြီဖြစ်၏။
သို့သော် ဤတစ်ကြိမ်သည် ခရီး၏အစသာဖြစ်သည်။ ထို့ထက်မြင့်မားသော နယ်ပယ်သို့ တက်ရောက်ရမည်ဖြစ်၏။
နက်နဲတာအိုနယ်ပယ်ကို နယ်ပယ်သုံးခု ခွဲခြားထားသည်။ ရွှမ်ကျောက်၊ ရွှမ်ယုနှင့်၊ ရွှမ်ဟဲ ဖြစ်၏။ ယခင်ဘဝတွင် ရွှမ်ဟဲအထွတ်အထိပ်၌ ပိတ်မိကာ ပြန်လည်စတင်ခဲ့ခြင်းပေပင်။
နက်နဲတာအိုနယ်ပယ်ဟူသည် ဒါန်တမ်အတွင်း အဓိပတိနန်းတော်ကို နေမင်း တစ်စင်းလို တောက်ပစေခြင်းဖြစ်သည်။
ဝိညာဉ်သည် သဘာဝတရားကြီး၏ ဖြစ်စဉ်အားလုံးကို နားလည်နိုင်သော နတ်အာရုံ ပိုင်ဆိုင်ကာ ဇာတိဓမ္မပုံရိပ်အဖြစ် ပြောင်းသွား၏။
ရုပ်ခန္ဓာတွင် ကြီးမားသော ပြောင်းလဲမှုများစွာ ကြုံတွေ့ရမည်ဖြစ်ပြီး မရေမတွက်နိုင်သည့် ရာစုနှစ်များတစ်လျှောက် နေလိုလလို ထွန်းလင်းတောက်ပနေပေမည်။
ကောင်းကင်အထက်တွင် ပျံသန်းခြင်း၊ မိုင်ထောင်ပေါင်းများစွာသော အကွာအဝေးကို နေ့ချင်းပြီးဖြတ်ကျော်နိုင်ခြင်း စသည်တို့ကို ဆောင်ရွက်နိုင်မည်။
ဤသည်မှာ တာအိုသည်ကောင်းကင်ဖြစ်ပြီး ဧကရာဇ်သည်နတ်ဘုရားဖြစ်၏ဟူသော ဆိုရိုးစကား၏ အဓိပ္ပါယ်ပေပင်။
“ အခုကစပြီး ကျင့်ကြံမှုလမ်းမှာ တခြားသူအပေါ် မှီခိုနေစရာမလိုတော့ပါဘူး။ ”
စုရီတစ်ယောက် နှလုံးသားအတွင်း စိတ်လှုပ်ရှားမှုများပေါ်လာသည်။ ဤတစ်ကြိမ် သူ့ကို မကြုံစဖူး ပြောင်းလဲမှုတစ်ခု ယူဆောင်လာပေး၏။
ဒါန်တမ်အတွင်း တည်ဆောက်ထားသော မဟာအဓိပတိနန်းတော်သည် ကျင့်ကြံမှု သမိုင်းတလျှောက် ပြိုင်ဘက်ကင်းသည်။
ဝိညာဉ်ထဲရှိ ဇာတိဓမ္မပုံရိပ်သည် ကျယ်ပြန့်ပြီး အကန့်အသတ်မဲ့ကာ ကောင်းကင် နှင့် မြေကြီးကြား ပြည့်နှက်နေ၏။
ရုပ်ခွန်အားအရ အရိုးနှင့် ကြွက်သားသည် ရွှေလိုနူးညံ့နေပြီး သွေးနှင့်ချီသည် ပင်လယ်ပြင် ကဲ့သို့များပြားချေပြီ။
အတွင်းအင်္ဂါများနှင့် အပ်စိုက်မှတ် များစွာသည် ကောင်ကင်နှင့်မြေကြီး၏ အမြစ် သဖွယ် သန်မာအားကောင်း၏။
အံ့သြဖွယ်အကောင်းဆုံးသည် ခန္ဓာကိုယ်နှင့်ဝိညာဉ်ကြားတွင် မူလစွမ်းအင်များ ပြီးပြည့်စုံစွာ သဟဇာတဖြစ်နေခြင်းပေပင်။
နက်နဲတာအိုနယ်ပယ်သို့ မဝင်ရောက်မီ ဘဝသုံးပါးဝင်စားခြင်း ကျောက်ဆယ်လုံးကို သန့်စင်ခဲ့သည်။
ထို့ကြောင့် နက်နဲတာအိုသို့ ထိုးဖောက် ဝင်ရောက်ပြီးနောက် မဟာအဓိပတိနန်းတော် အတွင်း ပြိုင်ဘက်ကင်း မူလစွမ်းအင်များကို ရရှိလာသည်။
“ ဟမ့် ... ။ ”
ရုတ်တရက် ငရဲဘုံကိုးပါးဓားသည် အသိစိတ်ပင်လယ်ထဲသို့ ပြန်မလာသေးဘဲ ပြောင်းလဲမှုတစ်ခု ပြသလာနေသည်ကို သတိပြုမိခဲ့၏။
ယင်းသည် နတ်သံကြိုးတစ်ချောင်း ပြေကျကာ မီးခိုးရောင်အလင်းနှင့် ပုံအရိပ်များ ထင်ရှားလာခြင်းဖြစ်၏။
၎င်းသည် စုရွှမ်ကြွယ်ဘဝ မွေးဖွားချိန်မှစတင်ကာ ဧကရာဇ်အထွတ်အထိပ် အဆင့်သို့ ရောက်ရှိလာသည့် မှတ်တမ်းပေပင်။
အဆုံးတွင် ထိုဖြစ်စဉ်များအားလုံးသည် သူ့ခန္ဓာကိုယ်အတွင်းပျော်ဝင် ပေါင်းစပ်သွား၏။ တစ်ဆက်တည်းမှာပင် ငရဲဘုံကိုးပါးဓားသည် အသိစိတ်ပင်လယ်အတွင်း ပြန်လည် ရောက်ရှိလာသည်။
“ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ နတ်သံကြိုးတစ်ချောင်းက ငါ့ရဲ့အတိတ်ဘဝကို ကိုယ်စားပြုနိုင်တာလား။”
စုရီတစ်ယောက် အတိတ်ဘဝ မှတ်ဉာဏ်များကို ရှင်းလင်းစွာ သတိရလာ၏။ တစ်ဖက်တွင် ဤနတ်သံကြိုးတစ်ချောင်းသည် ဘဝတစ်ခုဖြစ်သော် စုရွှမ်ကြွယ်ဘဝသည် နဝမမြောက်ဝင်စားခြင်း ဖြစ်နိုင်သည်။
ငရဲဘုံကိုးပါးဓားသည် ပြန်လည် ဝင်စားခြင်းဥပဒေများကို စုပ်ယူကာ အသွင်း ပြောင်းလဲလျက် ထိုတံဆိပ်ပွင့်လာပုံရ၏။
အချိန်အတော်ကြာပြီးနောက် ခေါင်းကို ခါယမ်းကာ နောက်ထပ် မစဉ်းစားတော့ချေ။ လက်ရှိအချိန်တွင် ဤအကြောင်းအရာများနှင့် ပတ်သတ်သမျှ အတည်မပြုနိုင်သေးဘဲ ထင်ကြေးများသာဖြစ်သည်။
၎င်းအကြောင်း တွေးတောနေခြင်းသည် အဓိပ္ပာယ်မဲ့၏။ သို့သော် လက်ရှိအုတ်မြစ်သည် ယခင်ဘဝထက် နက်ရှိုင်းနေသည်မှာ ဖြစ်စဉ်မှ သက်သေပေပင်။
ဆိုလိုသည်မှာ စုရီဘဝသည် စုရွှမ်ကြွယ်ဘဝထက် ကျော်လွန်သောအမြင့်သို့ ရောက်ရှိမည်ကို ပြသနေသည်။
များမကြာခင်ကောင်းကင်ရှိ ဒုက္ခမိုးတိမ်များ ပျောက်ကွယ်သွားကာ သေစေနိုင်သော ခြိမ်းခြောက်မှုများဖြင့် ပြည့်နှက်နေသည့် ဖိနှိပ်ခြင်း အရှိန်အဝါသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားတော့၏။
“ ဂုဏ်ယူပါတယ် တာအိုမိတ်ဆွေ တာအိုကိုသက်သေပြပြီး ဧကရာဇ်တစ်ပါး ဖြစ်လာတဲ့ အတွက် ... ။ ”
“ ဝှစ် ... ။ ”
ငရဲဘုရင်က တည်ငြိမ်အောင် ကြိုးစားယူလျက် ချိုမြိန်စွာပြောကြားလိုက်၏။ စုရီမှ ကျောပေးနေရာမှ လှည့်ကြည့်ပြီး ဝင်စားခြင်းစင်မြင့်ပေါ်မှ ခုန်ချလာသည်။
သူ့နောက်ရှိ လျှို့ဝှက်ဆန်းကြယ်သော ဝင်စားခြင်းပလက်ဖောင်းသည် အင်မော်တယ် ဘူးသီးတောင်အတွင်း တဖြည်းဖြည်း ဝင်ရောက် ပျောက်ကွယ်သွား၏။
“ တာအိုမိတ်ဆွေ ... မင်းအဝတ်တွေ။ ”
ငရဲဘုရင်မှ အဝတ်ဗလာဖြင့် စုရီကို ကြည့်ကာ မျက်လုံးပြူးသွားလေသည်။ စုရီက သန့်ရှင်းတောက်ပသော ကျောက်စိမ်းရောင် ဝတ်လုံအသစ် ထုတ်ယူပြီး၊
“ ဘာတွေဖြစ်နေတာလဲ ... မင်းနဲ့ငါက အနှေးနဲ့အမြန်ဆိုသလို နှစ်မွှာကျင့်ကြံကြမယ် မဟုတ်လား။ ”
-ဟု နောက်ပြောင်လိုက်၏။
ငရဲဘုရင်တစ်ယောက် မျက်နှာနီရဲလျက် ထိုအကြောင်းကို အဝတ်ဗလာဖြင့် ပြောဝံ့သည့် အရှက်မဲ့သည့် စုရီထံမကြည့်ဝံ့တော့ချေ။
စုရီတစ်ယောက် စိတ်ခံစားချက် ကောင်းမွန်နေသဖြင့်ပြုံးပြီး လျှောက်လှမ်းသွား လေသည်။ ငရဲဘုရင်မှ ပြန်မော့ကြည့်လိုက်ရာ စုရီ၏ မျက်ဝန်းများသည် စကြာဝဠာကြီးအလား ကျယ်ပြောလွန်းနေသည်ကို မြင်လိုက်ရသည်။
( အခုချိန်မှာ ဒီကောင်က ငါ့ကိုယ်ပွားကို အနိုင်ကျင့်ချင်ရင် အရမ်းလွယ်ကူနေတော့မှာ ကြောက်မိတယ်။ )
အဆုံး၌ ခန္ဓာကိုယ်တောင့်တင်းလာပြီး၊
“ ဒီမှာ မင်းရတနာတွေ။ ”
-ဟု စုရီ၏ ရတနာများကို ပြန်ပေးလိုက်၏။
စုရီတစ်ယောက် အနားရောက်လာပြီး သူမနှာသီးဖျားကို ညှစ်လိုက်ကာ၊
“ မင်းက အရမ်းဥာဏ်ကောင်းပြီး လိမ္မာပါးနပ်တယ်။ ”
-ဟု မှတ်ချက်ပေးတော့သည်။
ငရဲဘုရင်တစ်ယောက် အံ့အားသင့်သွားပြီး ဒေါသတောက်လောင်သွား၏။ တစ်ဖက်လူသည် ပို၍ပို၍အတင့်ရဲလာချေပြီ။ သူမကဲ့သို့ ငရဲဘုရင် အပေါ် မသိနားမလည်သော မိန်းကလေး တစ်ယောက်ကဲ့သို့ ပြုမူနေ၏။
မျက်နှာတစ်ပြင်လုံး ရဲတွတ်သွားကာ ရှက်ရွံ့မှုနှင့် ဆွဲဆောင်မှုရှိသော မျက်ဝန်းများက တလက်လက်ဖြစ်လာသည်။
ထိုစဉ်က စုရီက သူမကို လျစ်လျူရှုကာ သူ့ရတနာများကို ပြန်သိမ်းဆည်းနေလျက်ဖြင့်၊
“ ဒါဆို လုံလောက်ပြီ ... ဒီနေရာမှာ ပြန်လည်ဝင်စားခြင်းဥပဒေရှိတယ် သတ္တိရှိရင် မင်းသွားပြီး စမ်းကြည့်နိုင်တယ်။ ”
-ဟု ပြောကြားလာ၏။ ပြီးနောက် လှည့်ထွက်သွားလေသည်။ သူ့ပုံရိပ်အဝေးသို့ ပျံသန်းနေသည်ကိုကြည့်ကာ ငရဲဘုရင်မှ မျက်ခုံးပင့်လိုက်၏။
“ တာအိုမိတ်ဆွေ ... မင်းတပည့်ကို ကိုင်တွယ်တော့မှာလား။ ”
“ မှန်တယ် ... ။ ”
“ ဒါဆို ငါမင်းနဲ့အတူ လိုက်မယ်။ ”
များမကြာခင် သူမပုံရိပ်သည်လည်း အင်မော်တယ်ဘူးသီးတောင်မှ ပျောက်ကွယ် သွားလေသည်။ မည်သည်သည် စုရွှမ်ကြွယ် ကဲ့သို့ သတ္တိရှိမည်နည်း။
ပြန်ဝင်စားခြင်းဥပဒေများကို မြင်နေသည့်တိုင် သူမတွင်ပြင်ဆင်မှုမရှိဘဲ ကြိုးစားဝံ့ခြင်း မရှိချေ။ သည့်ပြင် ဧကရာဇ် ဖြစ်လာပြီးနောက် တစ်ဖက်လူ မည်မျှ အစွမ်းထက်သည်ကို သိချင်သေး၏။
“ မင်းလိုက်မီရင် ကြည့်နိုင်တယ်။ ”
စကားဆုံးသည်နှင့် စုရီပုံရိပ်သည် လေဟာနယ်စီးကြောင်း လွန်းပျံကိုကိုင်လျက် ချက်ချင်းပျောက်ကွယ်သွားတော့၏။
***
နန်းတော်တစ်ခုအတွင်းတွင် ကူကျန်းမင်သည် ပျောက်ကွယ်သွားပြီဖြစ်သော ဒုက္ခမိုးတိမ်များထံ ငေးမောကြည့်ကာ စိတ်မသက်မသာ ဖြစ်နေသည်။
ဤမတိုင်မီ ဟော်ယောင်းသည် ဒဏ်ရာပြင်းထန်စွာဖြင့် ပြန်လာခဲ့ကြောင်းကို အဖိုးကြီးလေးယောက်နှင့် သူသည်သာ သိရှိထား၏။
ထိုအချင်းအရာက သူ့ကို လက်မခံနိုင်ချေ။ ဦးလေးဆရာဟော်ယောင်းကဲ့သို့ အစွမ်းထက်သူ တစ်ဦးသည် စုရီကို မဖမ်းနိုင်သည်မှာ သံသယ ဖြစ်စရာကောင်း၏။
တစ်ဆက်တည်းမှာပင် မြေအောက်ကမ္ဘာသင်္ချိုင်းမှ ဆုတ်ခွာကြရန် အမိန့်ကို လက်ခံရရှိသောအခါ ယင်းသည် အမှန်ဖြစ်ကြောင်း လက်ခံလိုက်ရသည်။
“ စီနီယာအစ်ကို၊ ငါတို့ ဘာလို့ ချက်ချင်းကြီးထွက်သွားရမှာလဲ။ ”
နင်ရွှမ်မှ မမေးဘဲ မနေနိုင်တော့ချေ။ ဤမတိုင်မီ သူတို့အားလုံးကို စုရုံးစောင့်ဆိုင်းရန် အမိန့်ရရှိပြီး ယခုမူ ထွက်ခွာရန်အဖြစ် ထပ်ဆင့် အမိန့်ရရှိလာသည်။
ရှန်ကွမ်းကျဲ၊ ချန်ထျန်းကွန်နှင့် အခြားသူများသည်လည်း ကူကျန်းမင်ထံ လှည့်ကြည့်လိုက်ကြ၏။
“ အဲဒါတွေက ဦးလေးဆရာဟော်ယောင်းရဲ့ အမိန့်တွေပါ ငါတို့က ပြောတဲ့အတိုင်းလုပ်ရမယ် မဟုတ်လား။ ”
ကူကျန်းမင်မှ သက်ပြင်းချကာ ပြန်ဖြေ၏။ ထိုအဖြေသည် မလုံလောက်မှန်း သူ သိသည်။ အထူးသဖြင့် နင်ရွှမ်းက မကျေမနပ်ဖြင့်၊
“ စီနီယာအစ်ကို ... အဲဒီစုရီ ပေါ်လာပြီးတည်းက မင်းရဲ့ပုံစံက လျှို့ဝှက်တဲ့ အသွင်ပြောင်းနေတယ် ငါတို့ကို တစ်ခုခု ပြောစရာမရှိဘူးလား။ ”
-ဟု တိုက်ရိုက်မေး၏။
ကျန်သူများသည်လည်း ခေါင်းညိတ်လိုက်သည်။ ဤသို့အလျင်အမြန် ဆုတ်ခွာရန် မည်သည့်အရာများ ဖြစ်ပျက်နေသနည်း။
“ ဒါကို ငါတို့ဆုတ်ခွာပြီး အိမ်ပြန်ရောက်သွားတဲ့အခါ သိပါလိမ့်မယ်။ ”
ကူကျန်းမင် ဖိအာများကြောင့် အသက်ရှူကြပ်လာ၏။ လူတိုင်းက အဖြေကို မကျေနပ်ပဲ ထပ်မေးရန်ပြင်သည်။ ထိုစဉ် ပုံရိပ်တစ်ရိပ် နန်းတော်ရှေ့ဆင်းသက်လာ၏။
၎င်းသည် ကျောက်စိမ်းရောင် ဝတ်ရုံဖြင့် လက်နှစ်ဖက်ကို နောက်ပို့ထားသော စုရီဖြစ်၏။ စုရီက နန်းတော်အတွင်း လှမ်းဝင်လာကာ၊
“ မင်းတို့ကို အသက်သုံးရှိုက်စာ အချိန်ပေးမယ် ငါ့မေးခွန်းတွေကို ဘယ်သူမှ မဖြေရင် မင်းတို့အားလုံးသေရလိမ့်မယ်။ ”
ဟု ပြောကြားလိုက်တော့သည်။
ဤလူငယ်များသည် သူ့ကိုသတ်ရန် အစောပိုင်းက ကြိုးစားထားသဖြင့် စုရီအမြင်၌ သနားကြင်နာရန်ဆန္ဒမရှိချေ။ ချန်ထျန်းကွန်မှ စုရီထံ စစ်ဆေးပြီး၊
“ စီနီယာအစ်ကို ... သူ ... သူ ဧကရာဇ်ဖြစ်သွားပြီ မင်းဘာလို့ သိုင်းဦးလေး ဟောင်ယောင်းကို မဆက်သွယ်တာလဲ။ ”
-ဟု မေးမြန်းတော့၏။
ကူကျန်းမင်တစ်ယောက် စိတ်ထဲမှ ကျိန်ဆဲလျက် မျက်နှာဖြူဖျော့သွားပြီး သွေးများ အေးခဲသွားလေသည်။ မည်သူသည် တစ်ဖက်လူ ဧကရာဇ် ဖြစ်လာသည်ကို မသိမည်နည်း။
မျှော်လင့်ထားသည့်အတိုင်း စုရီမှ သူ့ကို လှည့်ကြည့်လာ၏။ အဆုံး၌ တည်ငြိမ်အောင် ကြိုးစားပြင်ယူကာ၊
“ ဦးလေးဆရာက လမ်းစဉ်ခြောက်ပါး ဂူထဲမှာ ရှိနေပါတယ်။ ”
-ဟု ဖြေကြားလိုက်ရသည်။
ဤမတိုင်မီ ဦးလေးဆရာသည် လမ်းစဉ်ခြောက်ပါးဂူအတွင်း ဝင်ရောက်ကာ သူ ပြန်လာချိန်၌ ထွက်ခွာရန်အသင့်ပြင်ထားဖို့ အမိန့်ပေးထားသည်။
သို့သော် စုရီသည် စောလျင်စွာ ရောက်ရှိလာတော့၏။ သူ့နှလုံးသားသည် စိတ်ပျက်အားငယ်မှုကြောင့် ပြိုလဲကျသွားချေပြီ။
“ ငါဘယ်သူလဲဆိုတာ သိလား။ ”
စုရီက လူတိုင်းကို မေးသည်။ နင်ရွှမ်းနှင့်အခြားသူများအားလုံး ဇဝေဇဝါဖြင့် အချင်းချင်းပြန်ကြည့်ကာ ခေါင်းခါလိုက်၏။ ကူကျန်းမင်သည်သာ ခေါင်းငုံ့သွားသည်။
“ မင်း ငါနဲ့လိုက်ခဲ့ ... ။ ”
ထို့ကြောင့် စုရီမှလူတိုင်းကို လျစ်လျူရှုပြီး ကူကျန်းမင်လည်ပင်းထံ ကောက်ဆွဲယူလျက် ထွက်ခွာသွားတော့သည်။
လူတိုင်း တိတ်ဆိတ်ကုန်၏။ အစောပိုင်း သူတို့ဝိုင်းရံတိုက်ခိုက်နေခဲ့သော လူငယ်သည် သူတို့အားလုံးကို ချန်ထားနိုင်လိမ့်မည်ဟု မမျှော်လင့်ထားချေ။
ရောင်ဝါနှင့် ဖိအားသည် ကြောက်စရာကောင်းပြီး စိတ်ပျက်အားငယ်မှု ပြည့်နှက်လာစေသည်။
“ ဒီစုရီက ဘယ်သူလဲ ... သူက ဘာလို့ဒီလောက်တောင် ကြောက်စရာကောင်း နေရတာလဲ ပြီးတော့ ... အခုဘာတွေ ဖြစ်နေတာလဲ။ ”
ရှန်ကွမ်းကျဲ၏ မျက်နှာသည် သေလောက်အောင် ဖြူဖျော့သွားတော့၏။ သူသည် ပင်းမိုတပည့်တစ်ယောက်ဖြစ်ပြီး ဧကရာဇ်တစ်ပါးလည်း ဖြစ်၏။
အရိုင်းမြေကိုးပါး၌ နာမည်တစ်ခုပင် တည်ဆောက်ထားချေပြီ။ သို့သော် ယခုတွင် သူ ခံစားနေရသည်မှာ စကားလုံးများဖြင့် ဖော်ပြ၍ မရလောက်အောင် ကြီးမားသော ကြောက်ရွံ့မှုသာ ဖြစ်နေချေသည်။
***