ဆိုရိုးစကား အတိုင်း အရာရှိ အသစ်သည် အချက် ( ၃ ) ချက်ဖြင့် စတင်သည်
Vol. 17 Ch. 192
ရွာလူကြီးချွေ့က ခရိုင်တရားသူကြီးမင်း မကြာခင် ထွက်သွားတော့မည်ဟု ထင်သည့် အတွက် သူ့မျိုးနွယ်စုတွေကို ဆက်ပြီး ဒူးထောက်ခိုင်းခဲ့သည်။ သို့သော်လည်း ခရိုင်တရားသူကြီးမင်းက မှောင်သည့် အချိန်ထိ ပေါ်မလာသေးပေ။
ဒီအတိုင်းသာ ဆက်ပြီး ဒူးထောက်နေမယ် ဆိုရင် သူ့အရိုးအိုကြီးတွေက မခံနိုင်တော့တဲ့ အတွက် သူ့မျိုးနွယ်စုတွေကို အင်တင်တင်ဖြင့် အိမ်ပြန်ခွင့်ပြုလိုက်သည်။
ဤအခိုက်အတန့်တွင် ခရိုင်တရားသူကြီးမင်းက မောင်းထုပြီး လူအများကို စုစည်းရန် အမိန့်ပေးခဲ့သဖြင့် ရွာလူကြီးချွေ့က စိတ်ပူစပြုလာခဲ့သည်။
ခရိုင်တရားသူကြီးမင်းသည် သူတို့၏ မရိုသေမှုများအတွက် လူရှေ့သူရှေ့တွင် အပြစ်ပေး အရေးယူဖို့ ကြံရွယ်ထားတာ ဖြစ်နိုင်ပါသလား။
ရွာလူကြီးချွေ့သည် သူ့သား ( ၂ ) ယောက်၏ ဖေးမမှုဖြင့် မျိုးနွယ်စု ရှေ့တွင် ရပ်နေခဲ့သည်။ ခရိုင်တရားသူကြီးမင်းက ဒီကိစ္စကြောင့် စုဝေးတာ မဖြစ်ဖို့ သူ့စိတ်ထဲမှာ ဆုတောင်းနေခဲ့သည်။
ရွာလူကြီးချွေ့သည် ခရိုင်တရားသူကြီးမင်း ရှီလင်ကျေးရွာသို့ လာရောက်မည့် အကြောင်းကို လူလွတ်၍ အကြောင်း မကြားပေးသဖြင့် သူ့တူဖြစ်သူအား စိတ်ထဲမှာ တိတ်တဆိတ် ကြိမ်းမောင်းနေခဲ့မိသည်။
မုန့်ဟွေ့နင်သည် ရွာလူကြီးချွေ့ကို တစ်ချက်မျှပင် မကြည့်ဘဲ လူစုလူဝေးကို တိုက်ရိုက် ကြည့်လိုက်သည်။ လူအများစု ရောက်လာတာကို မြင်တော့ နောက်းဆုံးမှ စကားစလာခဲ့သည်။
“ဒီအရာရှိ ယွင်ချန်မြို့ကို ရောက်ရောက်ချင်းမှာဘဲ မုန်းစရာကောင်းတဲ့ ကိစ္စတစ်ခုကို ကိုင်တွယ် ဖြေရှင်းခဲ့ရတယ်။
ကျုပ်တို့ ယွင်ချန်မြို့ရဲ့ လက်ထောက်ခရိုင် တရားသူကြီးမင်းချွေ့က သူ့ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ဆန္ဒများအတွက် လူအများကို ညှင်းဆဲရုံသာမက တိရစ္ဆာန်များထက်ပင် ပိုဆိုးတဲ့ အရာများကို လုပ်ဆောင်ခဲ့တယ်။
ဒီနေ့မှာတော့ ဒီအရာရှိက လက်ထောက်ခရိုင် တရားသူကြီးမင်းချွေ့ကို ရာထူးကနေ ထုပ်ပယ်လိုက်ပြီး သူ့ကို စုံစမ်းစစ်ဆေးနေတယ်။”
သူက ထိုသို့ပြောနေစဥ်တွင် သူ့အကြည့်တွေက နောက်ဆုံးတွင် ရွာလူကြီးချွေ့ထံသို့ ကျရောက်သွားခဲ့သည်။
ရွာလူကြီးချွေ့သည် သူ့တူဖြစ်သူအား ရာထူးမှ ထုတ်ပယ်ကြောင်း ကြားသည့်လိုက်ရသဖြင့် အလွန်ထိတ်လန့်သွားကာ နေရာ၌ပင် မူးမေ့လုနီးပါးဖြစ်သွားခဲ့သည်။
အခြား မျိုးနွယ်စုဝင်များကိုပင် မပြောနဲ့ဦး၊ ချွေ့ဝမ်ကို ကူညီဖို့ သူကိုယ်တိုင်တောင် မကောင်းမှုများစွာကို အများကြီး ပြုလုပ်ခဲ့သည်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ခရိုင်တရားသူကြီးမင်းရဲ့ စကားကို ကြားရတာက မထူးဆန်းပါဘူး။
ဆိုရိုးစကား အတိုင်း အရာရှိ အသစ်သည် အချက် ( ၃ ) ချက်ဖြင့် စတင်သည်။ တရားသူကြီးမင်း၏ ပထမဆုံး လုပ်ရပ်သည် သူ၏ ချွေ့မိသားစုကို ရည်ရွယ်ထားသည်မှာ မြင်ဖို့ မခတ်ပါဘူး။
ပြီးသွားပြီ၊ ပြီးသွားပြီ၊ အားလုံး ပြီးသွားပြီ။
ရွာလူကြီးချွေ့သည် သူ့စိတ်ထဲမှာ ထိတ်လန့်နေချိန်တွင် မုန့်ဟွေ့နင်က ထပ်ပြောပြန်သည်။
“အစောင့်တွေ ဒီကိုလာစမ်း။ ရွာလူကြီးချွေ့ကို ဖမ်းပြီး ရုံးတင်စစ်ဆေးဖို့ ခေတ္တခဏ အချုပ်ထဲမှာ ချုပ်ထားလိုက်ချေ။ ”
အရာရှိများသည် ရွာလူကြီးချွေ့ကို လူအများရှေ့တွင် ရက်စက်စွာ ကြိုးတုပ်ချည်နှောင်ခဲ့သည်။
ဒါကိုမြင်တော့ ချွေ့မျိုးနွယ်စုဝင်တွေက ဒူးထောက်ပြီး သူတို့ မတရားခံရကြောင်း ကျယ်လောင်စွာ အော်ဟစ် တောင်းပန်လိုက် ကျသည်။
မုန့်ဟွေ့နင်သည် သူ့နောက်မှ အရာရှိတွေကို အချက်ပြလိုက်သည်။ အရာရှိတွေက ချက်ချင်း ဆိုသလို အရှေ့သို့ တက်လာပြီး အကျယ်ကြီး အော်ဟစ်နေတဲ့ ချွေ့မျိုးနွယ်စုဝင် တစ်ချို့ကို ကန်ထုတ်လိုက်သည်။
“မင်းတို့တွေ ခရိုင်တရားသူကြီးရှေ့မှာ ဒီလောက်အကျယ်ကြီး ဆူညံနေတာက သေချင်နေလို့လား။ ”
အကြိမ်အနည်းငယ် အရိုက်ခံရပြီးနောက် ချွေ့မိသားစုဝင်များသည် ချက်ချင်း တိတ်ဆိတ်သွားခဲ့သည်။ လူတိုင်းသည် သူတို့၏ မူလနေရာများတွင် ဒူးထောက်ပြီး အသက်ရှုရန်ပင် မဝံမရဲ ဖြစ်နေကျကာ သည်အဖြစ်အပျက်က သူတို့အပေါ် အမှုပတ်လာမည်ကိုပင် စိုးရိမ်နေကြသည်။
ဒီမြင်ကွင်းကို မြင်တော့ ကျောက်မိသားစုနှင့် ကျိုးမိသားစုများက အရမ်းပျော်သွား အရမ်းဝမ်းသာသွားခဲ့ကြသည်။
ခရိုင်တရားသူကြီးမင်းက ချွေ့မိသားစုကို အပြစ်ပေးဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း သူတို့ပြောနိုင်ပေသည်။ ယခု အချိန်မှစ၍ သူတို့သည် ချွေ့မိသားစု၏ ဖိနှိပ်မှု့ အောက်တွင် နေထိုင်ရတော့မည် မဟုတ်တော့ပေ။
ဒါကို နားလည်တဲ့ ပထမဆုံးသူကတော့ ကျောက်ကျစ်ချွမ်း ဖြစ်ပြီး သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“ကျုပ်တို့ရဲ့ ခရိုင်တရားသူကြီးမင်းက ပညာရှိပီသပါပေတယ်။ ကျေးဇူးပြုပြီး ရှီလင်ကျေးရွာမှာ လူအများအတွက် ဆုံးဖြတ်ချက် ချပေးတော်မူပါ။ ”
အဲ့ဒီနောက်မှာတော့ ကျောက်မိသားစုထဲက အဖွဲ့ဝင် တော်တော်များများက ချွေ့မိသားစု၏ ပြစ်မှု့များကို ထုတ်ဖော်ပြောဆိုလာခဲ့သည်။
ဒါကိုမြင်တော့ ကျိုးမိသားစုရဲ့ ရဲရင့်တဲ့ မိသားစုဝင်တွေကလည်း သူတို့ အတွက် ဆုံးဖြတ်ချက်ချပေးဖို့ ခရိုင်တရားသူကြီးမင်းကို တောင်းဆိုခဲ့ကြသည်။
ဒီနေ့က နောက်ကျနေပြီ၊ မုန့်ဟွေ့နင်က ရွာလူကြီးချွေ့ကို မျောက်တွေကို ခြောက်လန့်ဖို့ ဥပမာတစ်ခု အနေဖြင့်အသုံးပြုဖို့ ရည်ရွယ်ထားခဲ့တာ ဖြစ်ပေသည်။ သူ၏ အဓိက ရည်ရွယ်ချက်မှာ မုန့်မိသားစုဝင်များသည် သူတို့ အနိုင်ကျင့်လို့ ရမည့်လူများ မဟုတ်ကြောင်း ချွေ့မိသားစုအား ပြောပြရန် ဖြစ်ပေသည်။
မထင်မှတ်ဘဲ ရွာလူကြီးချွေ့ကို ဖမ်းဆီးဖို့ သူ့လူတွေကို အမိန့်ပေးပြီးတာနဲ့ သူ့ကို တရားမျှတမှု ရှာဖွေပေးဖို့ တောင်းဆိုမှုတွေ အများအပြား ရရှိလာခဲ့သည်။
ဒေသခံ တာဝန်ရှိသူ အနေဖြင့် ရွာသူရွာသားများ အတွက် သူက ဆုံးဖြတ်ချက်များ ချမှတ်ပေးရမည် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ချွေ့ဝမ်မှ လွဲ၍ ချွေ့မိသားစုဝင်များ၏ အခြားသော ဥပဒေကို ဆန့်ကျင်သည့် လုပ်ရပ်များကို မုန့်ဟွေ့နင်က သိချင်လာမိသည်။
“မုန့်အန်း၊ ဒီအရာရှိက ချွေ့မျိုးနွယ်စုတွေရဲ့ အမှုကို စုံစမ်းစစ်ဆေးမယ်။ ရွာသူရွာသားတွေကို သူတို့မှာ နစ်နာမှုတွေ ရှိခဲ့ရင် ချက်ချင်း တရားဆွဲဆိုနိုင်တယ်လို့ ပြောလိုက်ပါ။”
မုန့်အန်းက အမိန့်ကို နာခံပြီး မုန့်ဟွေ့နင်ရဲ့ ရည်ရွယ်ချက်ကို ကျောက်မိသားစုနှင့် ကျိုးမိသားစုဝင်တွေစီ ကျယ်ကျယ်လောင်လောင် အော်ပြီးပြောခဲ့လိုက်သည်။
ဒီသတင်းကိုကြားတော့ ကျောက်မိသားစုနဲ့ ကျိုးမိသားစုဝင်တွေက အစပိုင်းမှာ အနည်းငယ် စိတ်ရှုပ်ထွေးသွားကြသည်။
သူတို့ အခုလေးတွင် ကျယ်ကျယ်လောင်လောင် ဝေဖန်ရဲတဲ့ အကြောင်းပြချက်က ချွေ့မိသားစုကို အလွန် မုန်းတီးတာကြောင့်တာပင်။
မမျှော်လင့်ဘဲ ခရိုင်တရားသူကြီးမင်းက သူတို့ အတွက် တရားမျှတမှုကို မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးလိမ့်မယ်ဟု သူတို့ မမျှော်လင့်ထားခဲ့မိဘူး။
သတင်းကောင်းသည် ချက်ချင်းဆိုသလို ရောက်ရှိလာခဲ့သဖြင့် နှစ်ဖက်မိသားစု ( ၂ ) စု မှ ရွာသူရွာသားများသည် အနည်းငယ် စိတ်ရှုပ်ထွေးသွားကြသည်။
ကျောက်ကျစ်ချွမ်းက အမြန်ဆုံး တုံပြန်လိုက်သည်။ သူသည် သူ့အဖေကို လူအုပ်ထဲမှ ဆွဲထုတ်ပြီး မုန့်ဟွေ့နင်၏ ရှေ့မှာ ဒူးထောက်လိုက်သည်။
“ကျုပ်တို့ ကျောက်မိသားစု အတွက် ဆုံးဖြတ်ချက် ချပေးဖို့ ခရိုင်တရားသူကြီးမင်းကို တောင်းဆိုပါတယ်။”
ကျောက်ကျစ်ချွမ်း၏ ဖခင်သည် ယခု ကျောက်မိသားစု၏ ဘိုးဘေးဖြစ်သည်။ ကျောက်မိသားစု၏ မျိုးနွယ်စုခေါင်းဆောင် ဖြစ်သည်။ သူတို့ အတွက် ခရိုင်တရားသူကြီးမင်းက ဆုံးဖြတ်ချက်ချပေးမည်ဟု ကြားသိရသောအခါ မူလက ခရိုင်တရားသူကြီးမင်းသည် အမှန်တကယ် ရိုးသားဖြောင့်မတ်သူ ဟုတ်မဟုတ် စောင့်ကြည့်ရန် စီစဥ်ထားပေသည်။
မထင်မှတ်ဘဲ သူ မသိလိုက်ခင်မှာပင် သူ့ရဲ့ မိုက်မဲလှတဲ့ သားဖြစ်သူက သူ့ကို ဆွဲခေါ်သွားလိမ့်မည်ဟု ဘယ်သူက မျှော်လင့်ထားမိမှာလဲ။
အခုတော့ ခရိုင်တရားသူကြီး ရှေ့မှာ ဒူးထောက်နေပြီဆိုတော့ ဘာမှ စိုးရိမ်စရာ မရှိတော့ဘူး။
ကျောက်မျိုးနွယ်ဝင်စု ခေါင်းဆောင်သည် မုန့်ဟွေ့နင်အား အသနားခံခဲ့သည်။
“ခရိုင်တရားသူကြီးမင်း၊ ဒီရွာသားရဲ့ အမည်နာမက ကျောက်ဟွာ ဖြစ်ပြီး ကျောက်မိသားစုရဲ့ မျိုးနွယ်စုခေါင်းဆောင်ပါ။ ကျုပ်တို့ ဘိုးဘေးတွေက ရှီလင်ကျွေးရွာမှာ မျိုးဆက်ပေါင်းများစွာ နေထိုင်လာခဲ့တယ်။
အစကတော့ ကျုပ်တို့ မျိုးနွယ်စု ( ၃ ) စုက ပြေပြေလည်လည် ရှိတယ်။ ဒါပေမယ့် ချွေ့ဝမ်က လက်ထောက်ခရိုင် တရားသူကြီးမင်း ဖြစ်လာပြီးကတည်းက ကျုပ်တို့ ကျောက်မိသားစုနဲ့ ကျိုးမိသားစုတို့ အတွက် အိမ်မက်ဆိုးတွေ စတင်လာခဲ့တယ်။
ချွေ့မိသားစုက ကျုပ်တို့ မျိုးနွယ်စု ( ၂ )စုက မိန်းမလှလေးတွေကို သူတို့နဲ့ အိမ်ထောင်ပြုဖို့ အတွက် ချွေ့ဝမ်ရဲ့ အာဏာကို အလွဲသုံးစားပြုပြီး အတင်းအကျပ် စေခိုင်းခဲ့တယ်။ အသက်အရွယ်တူညီပြီး လိုက်ဖက်ညီရင်တော့ ကျုပ်တို့က ဒါကို လက်ခံနိုင်မှာပါ။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူတို့တွေကထဲက အများစုက သူတို့ရဲ့ မိသားစုက ဆင်းရဲလွန်းလို့ သူတို့ရဲ့ ဘဝ တစ်လျှောက်လုံး ဇနီးမယား မရှာဖွေနိုင်တဲ့ အမျိုးသားတွေနဲ့ပဲ အတင်းအကြပ် လက်ထပ်ဖို့ စေခိုင်းခဲ့တာဘဲ ဖြစ်တယ်။
ချွေ့မိသားစုရဲ့ သမီးတွေက အရုပ်ဆိုးတာ ဒါမှမဟုတ် မသန်မစွမ်း ဖြစ်နေရင်တောင် ကျုပ်တို့ မျိုးနွယ်စု ( ၂ ) စုမှ လူကောင်းတွေနဲ့ လက်ထပ်ဖို့ အတင်းအကြပ် စေခိုင်းခဲ့တယ်။
ဤအမျိုးသမီးတွေက အိမ်ထောင်ကျပြီးရင် အေးချမ်းတည်ငြိမ်တဲ့ ဘဝကို ဖြတ်သန်းမယ် ဆိုရင်တော့ ကောင်းပါတယ်။ ဒါပေမယ့် သူတို့ တစ်ယောက်ချင်းစီက အရမ်း ပြဿနာ ရှာလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ။ သူတို့က မိဘအိမ်ကို လက်ဆောင် ပစ္စည်းတွေကို ပြောင်ပြောင်တင်းတင်း ပို့ရုံသာမကဘူး။ ယောက္ခမတွေကိုလည်း ပြန်လည် ပြောဆိုခွင့် မပြုဘူး။
အဲ့ဒီလို လက်ထပ်တာကို ကျုပ်တို့ မျိုးနွယ်စု ( ၂ ) စုက ကန့်ကွက်ရင် ချွေ့ဝမ်က ကျုပ်တို့ကို ဖိအားပေးဖို့ အရာရှိတွေကို စေလွှတ်တယ်။
ဒါ့အပြင် ချွေ့မိသားစုက ကျုပ်တို့ရဲ့ မြေသြဇာကောင်းတဲ့ လယ်မြေတွေကို စွန့်ပစ်မြေတွေနဲ့ အတင်းအဓ္ဓမ လဲလှယ်ခဲ့တယ်။ အဲ့ဒီဟာကို ငြင်းမယ်ဆိုရင် အရာရှိတွေ လွှတ်ပြီး ကျုပ်တို့ကို ဖိနှိပ်ခဲ့တယ်။
ဆောင်းဦးရိတ်သိမ်းချိန် ရောက်တဲ့ အခါမှာ ချွေ့မိသားစုဝင်တွေရဲ့ ကောက်နှံခွန် အားလုံးကိုလည်း ကျုပ်တို့ မျိုးနွယ်စု ( ၂ ) စုကဘဲ ပေးဆောင်ရမယ်လို့ ချွေ့ဝမ်က အမိန့်ပေးခဲ့တယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်များ အတွင်းမှာ ကျုပ်တို့ ကျောက်မိသားစုနဲ့ ကျိုးမိသားစုတွေက အလွန်ဆင်းရဲစွာ နေထိုင်ခဲ့ကြရတယ်။ သီးနှံ မဖြစ်ထွန်းတဲ့ နှစ်တွေမှာ ဆိုရင် လူတော်တော်များများက အစာငတ်ပြတ်ပြီး သေဆုံးကုန်ကြတယ်။
ဒီရွာသား ပြောတဲ့ စကားတွေ မှန်သမျှက အကုန်လုံးက အမှန်တရားတွေပါဘဲ။ ကျုပ်အတွက် ခရိုင်တရားသူကြီးမင်းက သနားညှာတာသောအားဖြင့် တရားမျှတမှုကို ရှာဖွေပေးပါ။ ”
ဤစကားကို ပြောပြီးနောက် ကျောက်ဟွာသည် မုန့်ဟွေ့နင်အား ( ၃ ) ကြိမ်တိုင်တိုင် ဒူးထောက် ကန်တော့ခဲ့သည်။
ကျောက်ဟွာ မတ်တပ်မရပ်မီ ကျိုးမိသားစု၏ မျိုးနွယ်စုခေါင်းဆောင်သည်ပင် မုန့်ဟွေ့နင်၏ ရှေ့တွင် ဒူးထောက်လိုက်သည်။
“ကျုပ်က ကျိုးမျိုးနွယ်စုက မျိုးနွယ်စုခေါင်းဆောင်ပါ။ ကျိုးမျိုးနွယ်စုဝင် အားလုံးက ကျောက်မျိုးနွယ်စုခေါင်းဆောင် ပြောသမျှ မှန်ကန်ကြောင်း သက်သေပြနိုင်ပါတယ်။ ကျေးဇူးပြုပြီး ကျုပ်တို့ အတွက် ဆုံးဖြတ်ချက် ချပေးပါ။ ”
အလားတူပင် ထိုသူက မုန့်ဟွေ့နင်အား ( ၃ ) ကြိမ်တိုင်တိုင် ဒူးထောက်အရိုအသေပေးခဲ့သည်။
တစ်ချိန်တည်းမှာပင် ကျောက်မိသားစုနဲ့ ကျိုးမိသားစုများမှ မျိုးနွယ်စုဝင်များက တစ်ယောက်ပြီး တစ်ယောက် ဒူးထောက်ပြီး တောင်းဆိုလာခဲ့သည်။”ကျေးဇူးပြုပြီး ခရိုင်တရားသူကြီးမင်း၊ ကျုပ်တို့ အတွက် ဆုံးဖြတ်ချက် ချပေးတော်မူပါ။ ”
မျိုးနွယ်စုခေါင်းဆောင် ( ၂ ) ဦး၏ ပြောစကားများကို နားထောင်ပြီး ထိုနေရာတွင် ဒူးထောက်နေသော ရွာသားများကို ကြည့်ရှုပြီးနောက် မုန့်ဟွေ့နင်သည် အလွန် ဒေါသထွက်သွားခဲ့သည်။
ဤသည်မှာ ပထမဆုံးအကြိမ် အဖြစ် သူက ရက်စက်စွာ ပြုမူမိခြင်းပင် ဖြစ်သည်။
မုန့်ဟွေ့နင်သည် ချွေ့မိသားစုစီသို့ လျှောက်သွားကာ ရှေ့တွင် ဒူထောက်နေသော ယောကျ်ားများကို အလွန် ပြင်းပြင်းထန်ထန် ကန်ကျောက်ပစ်ခဲ့သည်။
မုန့်ဟွေ့နင်သည် ငယ်စဥ်ကတည်းက ကိုယ်ခံပညာကို လေ့ကျင့်ခဲ့ပြီး သူ၏ ကန်သွင်းလိုက်သော ကန်ချက်တိုင်းတွင် ခွန်အား အပြည့် ရှိပေသည်။
အဆိုပါ ကန်ချက်ကြောင့် လူပေါင်းများစွာ ဆက်တိုက် ငိုကြွေးသွားကုန်ကြသည်။
မကြာသေးမီ နှစ်များအတွင်း ချွေ့မိသားစုသည် ချွေ့ဝမ်၏ အင်အားကို အားကိုးပြီး ရှီလင်ကျေးရွာ အတွင်း အုပ်စိုးခဲ့ကြသည်ဟု ဆိုနိုင်သည်။ သူတို့သည် ဤကဲ့သို့ နှိပ်စက် ညှင်းပမ်းမှုမျိုးကို ဘယ်တုန်းကမှ ကြုံဘူးခဲ့ကြလို့လဲ။
သူတို့က ခရိုင်တရားသူကြီးမင်းကို ဘာမှ မလုပ်ဝံ့ပေမယ့် ကျောက်မိသားစုနဲ့ ကျိုးမိသားစုတွေကိုတော့ လွှတ်ပေးဖို့ ဆန္ဒမရှိကြသေးပေ။