ကျုပ်ကို မော့လောင်ကျိုးလို့ပဲ ခေါ်ပါ
Vol. 17 Ch. 193
မုန့်ဟွေ့နင်၏ ကန်ကျောက်ခြင်းကို ခံလိုက်ရပြီးနောက် ချွေ့မိသားစုဝင်များသည် ကျောက်မိသားစုနှင့် ကျိုးမိသားစုများကို စိုက်ကြည့်နေကြသည်။
သူတို့ရဲ့ အကြည့်တွေအရ ငါတို့ကို စောင့်နေလိုက်လို့ ဆိုလိုပုံရတယ်။
ချွေ့မိသားစု၏ အသွင်အပြင်ကို မြင်လိုက်ရသော မျိုးနွယ်စု နှစ်စုမှ ရွာသားများသည် သူတို့၏ အလေ့အကျင့်အရ တုန်လှုပ်သွားကာ ချွေ့မိသားစု၏ သူတို့၏ မိသားစုများအေပါ် အနိုင်ကျင့်သည့် ကြောက်စရာကောင်းတဲ့ ပုံရိပ်များဟာ သူတို့ စိတ်ထဲတွင် ထင်ဟပ်လာခဲ့သည်။
ပတ်ဝန်းကျင်ရှိ မီးတောက်ပေါင်းများစွာမှ အလင်းရောင်၏ အကူအညီနှင့် မုန့်ဟွေ့နင်သည် ချွေ့မိသားစု၏ လုပ်ရပ်များကို မြင်လိုက်ရသည်။
မုန့်ဟွေ့နင်က သူ့နောက်ရှိ အရာရှိများကို အမိန့်ပေးလိုက်သည်။
“ချွေ့မိသားစုမှ အမျိုးသား တစ်ဦးချင်းစီကို ကြိမ်ဒဏ် ဆယ်ချက် ပေးစေ။ သူတို့က ဒီအမိန့်ကို မနာခံပါက ပြစ်ဒဏ်ကို နှစ်ဆတိုးလိုက်။ ”
ထိုအရာရှိများထဲတွင် ကျောက်မိသားစုနှင့် ကျိုးမိသားစုကို ဖိအားပေးရန် ချွေ့ဝမ်၏ အမိန့်ကို လိုက်နာသူ အများအပြားရှိသည်။
ဤအခိုက်အတန့်တွင် သူတို့အားလုံးသည် အလွန်အမင်း စိတ်လှုပ်ရှားနေပြီး ချွေ့မိသားစုနှင့် မပတ်သက်ကြောင်းကို ခရိုင်တရားသူကြီးမင်း အသစ်အား သူတို့၏ ရပ်တည်ချက်ကို ပြသရန် အခွင့်အရေးကို ရှာဖွေရန် အမြဲတွေးနေခဲ့သည်။
တန်ပြန်အစီအမံများကို အရာရှိများက စဉ်းစားနေချိန်တွင် ခရိုင်တရားသူကြီးမင်းမှ ချွေ့မိသားစုအား ကြိမ်ဒဏ်ပေးရန် အမိန့်ထုတ်ပြန်ခဲ့သည်။
အခုတော့ သူတို့ကိုယ်သူတို့ သစ္စာရှိကြောင်းပြသဖို့ အခွင့်အရေးဟာ နောက်ဆုံးတော့ ရောက်လာခဲ့ပြီ။
ချွေ့ဝမ်၏ ကြံရာပါများဖြစ်သော အရာရှိများသည် ဦးစွာ ရှေ့ထွက်လာခဲ့ကြပြီး ကြိမ်တုတ်များကို ကိုင်ကာ ချွေ့မိသားစုများကို ရိုက်နှက်လိုက်ကြသည်။
ဤအရာရှိများသည် ချွေ့မိသားစုဝင်များအတွက် သူစိမ်းမဟုတ်ပေ။ သူတို့ကို တွေ့တော့ ချွေ့မိသားစုဝင်တွေရဲ့ ကြိမ်ဒဏ်တွေက ပိုလို့ ပေါ့ပါးသွားလိမ့်မယ်လို့ ထင်ခဲ့ကြတယ်။
ရလဒ်ကတော့ ဆန့်ကျင်ဘက်ပါပဲ။ ဒီအရာရှိတွေက ချွေ့မိသားစုနှင့် ပါဝင်ပတ်သက်မိမှာကို အလွန်စိုးရိမ်နေကြသဖြင့် ဘယ်လိုလုပ်ပြီး လွယ်လွယ်နဲ့ လုပ်ဆောင်နိုင်ပါ့မလဲ။
အကယ်၍ ကြိမ်ဒဏ်ဆယ်ချက်ကသာ တစ်စုံတစ်ဦးကို သတ်နိုင်မည်ဆိုလျှင် သူတို့က လွယ်လွယ်ကူကူနဲ့ လုပ်ဆောင်ကြလိမ့်မည်။
ချွေ့မိသားစုသည် ကြိမ်တုတ်၏ အလေးချိန်ကို ခံစားမိသည်နှင့် တစ်ပြိုင်နက် ကျိန်ဆဲမိလိုက်ကြသည်။
“ဖန့်လောင်ဝူ နင် လူယုတ်မာ၊ ငါတို့ အတူတူ သောက်ခဲ့ကြဖူးတဲ့ မျက်နှာကိုမှ မထောက် ငါ့အပေါ် ရက်စက်တယ်။”
“ဖန့်လောင်ဝူ၊ ခွေးကောင် မင်း ဒီလိုမျိုး မိုက်မဲတာတွေ ဆက်ပြောနေမယ်ဆို ငါမင်းကို သတ်ပစ်လိုက်မယ်။”
အလားတူ ဖြစ်ရပ်များသည် ထိုလူများသာမက ချွေ့မိသားစုမှ အခြားသော အမျိုးသား နှစ်ဦးထံ၌လည်း ဖြစ်ပွားခဲ့သည်။
ရလဒ်မှာ သူတို့၏ ခန္ဓာကိုယ်သို့ ရိုက်နှက်နေသော ကြိမ်ဒဏ်များသည် အရိုးကျိုးလုမတတ် ဖြစ်ခဲ့ရသည်။
ပြင်းထန်သော ကြိမ်ဒဏ်ဆယ်ချက်သည် မကြာမီမှာပင် ပြီးဆုံးသွားခဲ့သည်။ ရိုက်နှက်ခြင်းခံရသော ချွေ့မိသားစုဝင်များသည် နောက်ဆုံးတွင် သင်ခန်းစာရသွားခဲ့ပြီး အပိုစကားများ မဆိုရဲကြတော့ပေ။
သူတို့သည် စကားတစ်ခွန်းမှ မပြောဝံ့တောဘဲ မုန့်ဟွေ့နင်ထံမှ သနားဂရုဏာကို အံတင်းတင်းကြိတ်ပြီး တောင်းပန်ခဲ့ကြသည်။
မုန့်ဟွေ့နင်က သူတို့ကို လုံးဝ လျစ်လျူရှုခဲ့ပြီး ချွေ့မိသားစုဝင်များအား အနီးကပ် စောင့်ကြည့်ရန် အရာရှိများအား အမိန့်ပေးခဲ့သည်။ ချွေ့ဝမ်၏ အမှုမပိတ်မီ အချိန်အထိ ချွေ့မိသားစုဝင်မှ တစ်ဦးတစ်ယောက်မျှ ချီလင်ကျေးရွာမှ ထွက်ခွာခွင့် မပြုပေ။
ထို့နောက် မုန့်ဟွေ့နင်သည် ကျောက်မိသားစုနှင့် ကျိုးမိသားစုဝင်များမှ အကြီးအကဲများကို ခေါ်လိုက်သည်။
“ချွေ့မိသားစုရဲ့ ပြစ်မှုတွေကို တစ်ညလုံး ကိုင်တွယ် ဖြေရှင်းမယ်ဆိုရင်တောင် မပြီးမှာကို စိုးရိမ်မိတယ်။ ခင်ဗျားတို့ မိသားစုမှာ စာရေးတတ်၊ ဖတ်တတ်တဲ့သူရှိလား။”
စာဖတ်တတ်တဲ့သူ အကြောင်းကို ရောက်သွားတော့ အားလုံးရဲ့ အကြည့်တွေက ကျောက်ကျစ်ချွမ်းဆီကို ရောက်သွားကြတယ်။
ချွေ့မိသားစု၏ အနိုင်ကျင့်မှုဒဏ်ကို နှစ်ပေါင်းများစွာ ခံစားလိုက်ရပြီးနောက် ချွေ့ဝမ်ထက် ရာထူးကြီးတဲ့ တစ်စုံတစ်ယောက်သာ ထွက်ပေါ်မလာပါက ဒီထက်ပိုဆိုးလာလိမ့်မည်ဟု တွေးခဲ့ကြသည်။
ဤကဲ့သို့ အတွေးရှိပြီး ကျောက်မိသားစုသည် ကျောင်းတက်ရန် ဉာဏ်ကောင်းသော ကလေးတစ်ယောက်ကို လျှို့ဝှက်စွာ ပျိုးထောင်ခဲ့ကြပြီး ပညာသင်ကြေး အဖိုးအခကို အားလုံးက ပါဝင်လှူဒါန်းပေမည် ဖြစ်သည်။
ကျောက်ကျစ်ချွမ်း၏ ဉာဏ်ရည်ကို လူတိုင်းက တစ်ညီတစ်ညွတ်တည်း အသိအမှတ်ပြုခဲ့သည်။
ထို့ကြောင့် ကျောက်ကျစ်ချွမ်းသည် ကျောက်မိသားစုနှင့် ကျိုးမိသားစုကြား တစ်ဦးတည်းသော ပညာရှင်ဖြစ်သည်။
မုန့်ဟွေ့နင်က ထိုသို့ ပြောပြီးသည်နှင့်ကျောက်ကျစ်ချွမ်းသည် လူအုပ်ကြီးကို ဖြတ်ကာ သူ့ရှေ့သို့ လျှောက်လာခဲ့သည်။
“အရှင် ဒီနိမ့်ကျတဲ့ ပညာရှင် ကျောက်ကျစ်ချွမ်းက အရည်အချင်း မပြည့်မီပေမယ့် ဒီစာကို ရေးသားဖို့ ဆန္ဒရှိပါတယ်။”
ကျောက်ကျစ်ချွမ်းက သူ့ကိုယ်သူ ပညာရှင်အဖြစ် သုံးနှုန်းလိုက်တာကို မြင်တော့ မုန့်ဟွေ့နင်က မျက်ခုံးပင့်သွားသည်။”မင်းမှာ တရားဝင် နာမည် ရှိလား။”
ကျောက်ကျစ်ချွမ်းက နှိမ့်ချရာလည်း မရောက်၊ မော်ကြွားရာလည်း မရောက်သည့် အဖြေနှင့် ပြန်ဖြေဆို ပေးခဲ့သည်။ ”မနှစ်က ကျွန်တော် ခရိုင်စာမေးပွဲကို အောင်မြင်ခဲ့ပြီး ရှို့ချိုက်တစ်ဦး ဖြစ်လာခဲ့တယ်။”
မုန့်ဟွေ့နင်သည် ဒီလို ဆင်းရဲတဲ့ မိသားစုက ပညာတတ်တစ်ဦး မွေးထုတ်ပေးနိုင်ခဲ့မယ်လို့ မထင်ထားခဲ့ပေ။
ထို့အပြင် တစ်ဖက်လူ၏ အသက်သည် အလွန်ဆုံးမှ ( ၁၆ ) ၊ ( ၁၇ ) လောက်သာ ရှိသေးသည်။
မနှစ်က ပညာတော်သင် စာမေးပွဲ အောင်မြင်ခဲ့တာက သူ ဘယ်လောက်တော်တယ်ဆိုတာ သက်သေပြဖို့ လုံလောက်ပေသည်။
ဒါကို တွေးပြီး မုန့်ဟွေ့နင်က အသနားခံစာ ရေးဖို့ အလျင်စလို မပြောခဲ့ဘူး။
“မင်းတို့ မျိုးနွယ်စုခေါင်းဆောင် ပြောခဲ့တဲ့ စကားအရ ကျိုးမိသားစုနဲ့ ကျောက်မိသားစုဝင်တွေက အလွန်ဆင်းရဲ ပင်ပန်းစွာ နေထိုင်ခဲ့ကြရတယ်။ ပညာရှင်တစ်ယောက်ကို ထောက်ပံ့ဖို့ သူတို့အတွက် မလွယ်လောက်ဘူး။”
ကျောက်ဟွာ ပြောခဲ့သည့် စကားသာ အမှန်ဖြစ်ပါက ချွေ့မိသားစု၏ ဖိနှိပ်ခြင်းကို ခံနေရသောကြောင့် ကျောက်နှင့်ကျိုး မိသားစုနှစ်ခု၏ ဘဝသည် ကြီးမားသော ပြဿနာဖြစ်လာပေမည်။
မုန့်ဟွေ့နင် ကိုယ်တိုင်က ပညာရှင်တစ်ယောက် ဖြစ်သဖြင့် ပညာရှင်တစ်ယောက်ကို မွေးထုတ်ပေးနိုင်ဖို့ အများကြီး ကုန်ကျမယ်ဆိုတာ ရှင်းလင်းစွာ သိပေသည်။
ကျောက်ကျစ်ချွမ်းသည် ဤပြဿနာကို ရှင်းလင်းစွာ မရှင်းပြနိုင်ပါက မျိုးနွယ်စုခေါင်းဆောင်ကျောက် ပြောခဲ့သည်မှာ လုံးဝ မမှန်ကန်ကြောင်း ဆိုလိုသည်။
ကျောက်ကျစ်ချွမ်းသည် ခရိုင်တရားသူကြီး၏ သံသယကို မြင်ပြီး ဦးညွှတ်ပြီးနောက် ကျောက်မိသားစုက သူ့အား ပညာသင်ကြားမှုကို မည်သို့ ပံ့ပိုးပေးခဲ့ကြောင်း တရားသူကြီးမင်းအား ပြောပြပေးခဲ့သည်။
ဒါကိုကြားတော့ မုန့်ဟွေ့နင်က ကျောက်မိသားစုရဲ့ စည်းလုံးမှုနဲ့ ဉာဏ်ပညာအတွက် မချီးကျူးဘဲ မနေနိုင်ခဲ့ဘူး။
“အဲ့ဒါဆိုရင် မင်း ချွေ့မိသားစုကို တိုင်ကြားစာရေးပြီး ခရိုင်အစိုးရကို ပို့ဖို့ တစ်ရက်အချိန်ပေးမယ်။”
ကျောက်ကျစ်ချွမ်းက ခရိုင်တရားသူကြီးမင်းကို ထပ်မံ အရိုအသေပေးလိုက်သည်။”စိတ်ချပါအရှင်။ သန်ဘက်ခါ မနက်ကျရင် ခရိုင်အစိုးရရုံးဆီ အသနားခံစာ တင်လိုက်ပါ့မယ်။ ‘’
မုန့်ဟွေ့နင်သည် မှောင်မဲနေသော ကောင်းကင်ကို မျှော်ကြည့်ပြီးနောက် ကျောက်နှင့်ကျိုး မိသားစုနှစ်ခု၏ မျိုးနွယ်စုခေါင်းဆောင်နှစ်ဦးကို မေးလိုက်သည်။
“ဒီနေ့ ကျုပ်ရွာလူကြီးချွေ့ကို ရာထူးက ဖြုတ်ချလိုက်ပြီ။ မင်းတို့ နှစ်ယောက်မှာ ရွာလူကြီးနေရာအတွက် သင့်တော်မယ့် ကိုယ်စားလှယ်လောင်းတွေ ရှိလား။”
ရှီလင်ကျေးရွာရဲ့ရွာလူကြီးရာထူး အကြောင်းကို ပြောရရင် ကျောက်နှင့်ကျိုး မိသားစု၏ ခေါင်းဆောင်နှစ်ဦးသည် ချွေ့မိသားစု ရှိနေသ၍ ဒီရာထူးကို သူတို့ လက်ထဲရောက်မှာ မဟုတ်ဘူးလို့ ထင်မြင်ခဲ့ကြသည်။
ဒါပေမယ့် အခုတော့ မတူတော့ဘူး။ ခရိုင်တရားသူကြီးမင်းက ချွေ့ဝမ်ကို သူတာဝန်ယူတဲ့ ပထမဆုံးနေ့မှာပဲ ရာထူးက ချခဲ့သည်။ ချွေ့မိသားစုသည် အနာဂတ်တွင် ချွေ့ဝမ်၏ ပံ့ပိုးကူညီမှု မရှိဘဲ ဆက်လက်ရှင်သန်ဖို့ အင်အားမရှိဘူးလို့ ယူဆရသည်။
ဒါကို တွေးကြည့်လိုက်တော့ မျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်သည် အနည်းငယ် စိတ်မငြိမ်မသက် ဖြစ်ခဲ့ရသည်။
လစဉ် အစိုးရထံမှ လစာငွေ တစ်လျန်း သို့မဟုတ် နှစ်လျန်း ရနေသည်ကို မပြောနှင့်အုံး။ အဆိုပါ ရာထူးကပင် မျိုးနွယ်စုဝင်များအတွက် များစွာ အကျိုးရှိပေလိမ့်မည် ဖြစ်သည်။
မျိုးနွယ်စုခေါင်းဆောင်နှစ်ဦးသည် ရွာလူကြီးရာထူးအတွက် တိုက်ပွဲဝင်ခြင်းကြောင့် အချင်းချင်း ဆက်ဆံရေးကို မထိခိုက်စေလိုသောကြောင့် သူတို့ကိုယ်သူတို့ အကြံပေးခြင်းမှ ရှောင်ခဲ့သည်။
သူတို့ နှစ်ယောက်ထံမှ စကားသံထွက်မလာသည်ကို မုန့်ဟွေ့နင်က မြင်တော့ သူတို့ စိတ်ကူးထဲ ဘာတွေ တွေးနေတယ်ဆိုတာ မှန်းဆကြည့်လိုက်သည်။
ကံအားလျော်စွာပင် သူတို့ နှစ်ဦးစလုံးက ရွာလူကြီးနေရာကို သူတို့ကိုယ်သူတို့ ထောက်ခံဖို့ အစပျိုးခြင်း မရှိကြပေ။
ဒါက သူတို့ ခံစားချက်တွေကို အတိုင်းအတာ တစ်ခုအထိ ထည့်သွင်းစဉ်စားနေကြောင်း ပြသနေပါသည်။
ရှီလင်ကျေးရွာ၏ အနာဂတ် ရွာလူကြီးသည် ဤနှစ်ဦးမှ တစ်ဦးဖြစ်ရမည်မှာ သေချာပါသည်။
မုန့်ဟွေ့နင်သည် လူနှစ်ယောက်ကို ကြည့်ရာ သူတို့ မျက်လုံးများသည် အလွန်ကြည်လင်နေသည်ကို တွေ့လိုက်ရသည်။
“ဒီလိုဆိုရင် မျိုးနွယ်စုခေါင်းဆောင်ကျောက်ကို နောင်မှာ ရှီလင်ကျေးရွာရဲ့ ရွာသူကြီးအဖြစ်ခန့်အပ်လိုက်မယ်။ ”
အကြောင်းပြချက်က ရိုးရှင်းပါတယ်။ မျိုးနွယ်စုခေါင်းဆောင်ကျောက်သည် ငယ်ရွယ်ပြီး တစ်ခုခုကို မှတ်တမ်းတင်ရန် အဆင်ပြေသည်။ သူ့မိသားစုတွင် ပညာရှိ တစ်ဦးလည်း ရှိနေပေသည်။
မျိုးနွယ်စုခေါင်းဆောင်ကျိုးသည် ခဏတာမျှ အေးခဲသွားပြီးနောက် မျိုးနွယ်စုခေါင်းဆောင်ကျောက်ထံ ဦးညွှတ် အရိုအသေ ပေးလိုက်သည်။”ဂုဏ်ယူပါတယ် ရွာလူကြီးကျောက်”
မျိုးနွယ်စုခေါင်းဆောင်ကျောက်သည် ကြက်သေသေ နေခဲ့သည်။ သူအသိပြန်ဝင်လာချိန် မျိုးနွယ်စုကျိုးထံမှ ဂုဏ်ပြုစကားကို လက်ခံရရှိပြီး ဖြစ်သည်။
သူသည် ယဉ်ကျေးသော စကားအချို့ပြောပြီး နှုတ်ခွန်းဆက်စကား ပြောကာ အမြန် ပြန်သွားခဲ့သည်။
အဆုံးမှာတော့ ခရိုင်တရားသူကြီးမင်းလည်း ရှိနေခဲ့ပြီး ဒါက သူ့အိမ်မဟုတ်ဘူး။ နှစ်ယောက်သား စကားအနည်းငယ် ပြောပြီးနောက် ဘေးသို့ ရှောင်ထွက်သွားခဲ့ကြသည်။
မုန့်ဟွေ့နင်ရဲ့ အကြည့်တွေက သူတို့နှစ်ယောက်အပေါ် ရောက်သွားခဲ့ပြန်သည်။”ခင်ဗျားတို့ မိသားစုမှာ လစ်လပ်နေတဲ့အိမ်တွေ ရှိလားလို့ ကျုပ်သိချင်တယ်။”
ဒါကို ကြားတော့ မျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်ရဲ့ အကြည့်တွေက နှုတ်ဆိတ်နေတဲ့ မော့ကျိုးယွီနဲ့ ဟဲ့ကျစ်ယန်တို့ထံ ရောက်သွားခဲ့သည်။
ခရိုင်တရားသူကြီးမင်းက ဒီမေးခွန်းကို မေးရတာက လူသစ်တွေ အတွက်ပဲ ဖြစ်ရမယ်လို့ သူတို့ စိတ်ထဲ သိနေခဲ့သည်။
ဒီနေ့ တစ်စုံတစ်ယောက် ဒီကိစ္စနဲ့ ပတ်သက်ပြီး သူတို့ကို မေးမြန်းခဲ့ပြီး ဖြစ်သည်။ အဲ့ဒီတုန်းက သူတို့ဟာ ချွေ့မိသားစုက တားမြစ်ထားသဖြင့် သဘောမတူဝံ့ခဲ့ကြဘူး။
အခုတော့ ခရိုင်တရားသူကြီးက ကိုယ်တိုင်ကိုယ်ကျ ပြောလာပြီး ချွေ့မိသားစုကို အပြစ်ပေးပြီးတဲ့ နောက်မှာတော့ လူသစ်တွေကို ခြံငှားပေးဖို့ ငြင်းဆန်တော့မှာ မဟုတ်ဘူး။
ရွာလူကြီးကျောက်က အရင်ဆုံး စပြောလာခဲ့သည်။”ကျွန်တော်တို့ ကျောက်မိသားစုမှာ လစ်လပ်နေတဲ့ အိမ်နှစ်လုံးရှိတယ်။ အိမ်က အရမ်းကျယ်ပြီး မိသားစုကြီးတစ်ခု နေထိုင်ဖို့ ပြဿနာမရှိဘူး။”
မျိုးနွယ်စုခေါင်းဆောင်ကျိုးကလည်း”ကျွန်တော်တို့ မိသားစုမှာတော့ ခြံဝန်းကျယ်တစ်ခု ရှိတယ်။ အဓိကခန်းအပါအဝင် ဘေးခန်းတွေပါ ပေါင်းရင် ဆယ်ခန်းလောက်ရှိတယ်။ အကုန်လုံး ငှားလို့ရတယ်။”
ဟဲ့ကျစ်ယန်က သူတို့ တကယ်ကံကောင်းတယ်လို့ ခံစားရသည်။
မော့မိသားစု၊ ရှစ်မိသားစုနှင့် ဟဲ့မိသားစုများသည် အိမ်သုံးလုံး လိုအပ်နေသည်။ အတော်ပဲ ဒီမှာလည်း အိမ်သုံးလုံး ရှိနေခဲ့သည်။
ဒါကို သူမ တွေးနေစဉ်တွင် မုန့်ဟွေ့နင်က သူတို့ထံ လှည့်ကြည့်နေသည်။
“ညီလေးမော့၊ ခယ်မလေးမော့၊ မျိုးနွယ်စုခေါင်းဆောင်နှစ်ယောက်က မင်းတို့ကို ပံ့ပိုးနိုင်တယ်ဆိုတော့ ဘာလို့ အခု သွားမကြည့်တာလဲ။ ခြံဝန်းက အဆင်ပြေတယ်ဆိုရင် အပြင်မှာ အိပ်ပြီး မင်းတို့ ခန္ဓာကိုယ်တွေ မခဲရအောင် ဒီညပဲ ချက်ချင်းပြောင်းရွှေ့ကြချေ။'’
မော့ကျိုးယွီနှင့် ဟဲ့ကျစ်ယန်လည်း ထိုကဲ့သို့သော အစီအစဉ်များ ရှိသည်။
“အဲ့ဒါ အရမ်းကောင်းတယ်။ ”မော့ကျိုးယွီက ထိုသို့ ပြောပြီးသည်နှင့် သူသည် မျိုးနွယ်စုခေါင်းဆောင်နှစ်ဦးထံ လျှောက်သွားလိုက်သည်။
“မျိုးနွယ်စုခေါင်းဆောင်တို့ ဒီခြံဝန်းတွေကို ခုချက်ချင်း သွားကြည့်လို့ ရမလား။”
ခေါင်းဆောင်နှစ်ဦးက သဘောတူလိုက်ပြီး”ဒါက ကိစ္စမရှိဘူး။ မင်းတို့ အလိုရှိသလို ကြည့်လို့ရတယ်။”
မုန့်ဟွေ့နင် ဒီကို ရောက်လာရတဲ့ အရေးကြီးကိစ္စက ပြေလည်သွားပြီမို့ ရွာလူကြီး ချွေ့ဝမ်ကို ရှီလင်ကျေးရွာကနေ ခေါ်သွားဖို့ လူတစ်ယောက်ကို အမိန့်ပေးလိုက်သည်။
မော့ကျိုးယွီနှင့် ဟဲ့ကျစ်ယန်တို့က သူနှင့် အရာရှိများကို ရွာဝင်ပေါက်သို့ လိုက်ပို့ခဲ့ပြီး မျိုးနွယ်စုခေါင်းဆောင်တို့နှင့် တွေ့ရန် ပြန်သွားခဲ့သည်။
သူတို့ မူလနေရာသို့ ပြန်ရောက်လာသောအခါ အရာရှိများက အိမ်သို့ပြန်လွှတ်လိုက်သော ချွေ့မိသားစုမှ လွဲ၍ ကျန်မိသားစုမှာ ထိုနေရာတွင် စောင့်စားနေကြသည်။
မျိုးနွယ်စုခေါင်းဆောင်နှစ်ဦးသည် သူတို့ နှစ်ဦးကို အလွန်ယဉ်ကျေးစွာ ဆက်ဆံခဲ့ကြသည်။
ခေါင်းဆောင်ကျောက်က ရှေ့သို့ လှမ်းလာပြီး”ဒီသခင်လေးရဲ့ နာမည်က ဘယ်လိုခေါ်ပါသလဲ။”ဟု မေးလာခဲ့သည်။
မော့ကျိုးယွီက”အဘိုးကျောက်၊ ကျုပ်မျိုးရိုးနာမည်က မော့ဖြစ်ပြီး မိသားစုမှာ ကိုးယောက်မြောက်သားပါ။ ကျုပ်ကို မော့လောင်ကျိုးလို့ ခေါ်လို့ရပါတယ်။”
ထို့နောက် သူက ဟဲ့ကျစ်ယန်နဲ့ မိတ်ဆက်ပေးသည်။ နောက်ဆုံးတွင် သူတို့သည် အိမ်နီးချင်းများ ဖြစ်လာနိုင်သောကြောင့် အချင်းချင်း သိရှိထားဖို့ လိုအပ်ပါသည်။
မျိုးနွယ်စုခေါင်းဆောင်တို့သည် အမှန်တကယ် စိတ်ထားရိုးရှင်းကြသည်။ သူတို့က မော့ကျိုးယွီကို ‘မော့လောင်ကျိုး’ ဟဲ့ကျစ်ယန်ကို ‘မော့လောင်ကျိုးရဲ့ ဇနီး’ လို့ ရိုးရိုးရှင်းရှင်း ခေါ်ဆိုလိုက်ကြသည်။