← Chapters

နတ်ဆိုးဘုရင်များကို တိုက်ခိုက်ခြင်း

Vol. 1 Ch. 497

နတ်ဆိုးဘုရင်များကို တိုက်ခိုက်ခြင်း

Vol. 1 Ch. 497

အမြင့်ဆုံးအဆင့် နတ်ဆိုးဘုရင် အကောင်တစ်ရာ..။ ယင်းက ပုံရိပ်ယောင် ဖန်တီးနိုင်သည့် အရည်အချင်းတစ်ရပ် မဟုတ်ပေ။ ယာ့ဇီသားရဲနှင့် အဆင့်တူသည့် အစစ်အမှန် နတ်ဆိုးဘုရင်များ ဖြစ်ကြပေသည်။

ယာ့ဇီသားရဲ၏ အလုံးစုံ ခွန်အားအဆင့်က ဗာဂျရာနယ်ပယ်တစ်ဦးနှင့် ယှဉ်နိုင်ပေ၏။ နတ်ဆိုးသားရဲများသည် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က မာကျောပြီး သူတို့၏ ခုခံမှုက အဆင့်ခြောက် ဗာဂျရာနယ်ပယ်သိုင်းပညာရှင်နှင့် ယှဉ်နိုင်ပေသည်။ သူတို့၏ တိုက်ခိုက်ရေး ခွန်အားကလည်း အနည်းငယ် အားနည်းကာ ရှားထင်းဝေ့နှင့် ရှားတိတို့ အဆင့်တွင် ရှိပေသည်။

ဆိုလိုသည်က ရှားထင်းဝေ့တစ်ရာ သို့မဟုတ် ရှားတိတစ်ရာဖြင့် တိုက်ခိုက်နေရတာပဲ ဖြစ်သည်။ ထို့အပြင် ထိုနတ်ဆိုးဘုရင်များ၏ ထူးခြားမှု အရည်အချင်း အသီးသီး ရှိကြပေ၏။ အချို့က အင်မတန်မြန်ဆန်ကာ အချို့က ခုခံမှု မာကျောပြီး အချို့ကမူ ကြောက်မက်ဖွယ် ကောင်းလောက်သည့် တိုက်ခိုက်ရေးစွမ်းအား ပိုင်ဆိုင်ထားကြသည်။ နတ်ဆိုးဘုရင်တိုင်းက ပြိုင်စံရှား နတ်ဆိုးသိုင်းများ ရှိကြပြီး သူတို့ထဲတွင် အချို့က အကြွင်းမဲ့ သတ်ဖြတ်နိုင်ပေ၏။

အမြင့်ဆုံးအဆင့် နတ်ဆိုးဘုရင်က အနည်းဆုံး နတ်ဆိုးဧကရာဇ်ဖြစ်ရန် ခြေလှမ်းတစ်လှမ်းသာ လိုတော့သည်။

သူတို့သည် နတ်ဆိုးဧကရာဇ်ဖြစ်သွားသည်နှင့် မတူညီသည့် သွင်ပြင်များကို ပြောင်းလဲနိုင်သည့် အရည်အချင်း ရှိလာပြီး သူတို့၏ ခွန်အားက ဆယ်ဆ အဆမတန် တိုးလာနိုင်ပေ၏။ သူတို့သည် ကောင်းကင်ဧကရာဇ်အဆင့် ကျွမ်းကျင်သူကိုတောင် ရင်ဆိုင်နိုင်ရန် ခွန်အားရှိလာပြီး အမြင့်ဆုံးအဆင့် ဗာဂျရာနယ်ပယ် သိုင်းပညာရှင်များကို သိမ်းကြုံး တိုက်ခိုက်နိုင်မှာပဲ ဖြစ်သည်။

သူတို့ လူသားခန္ဓာကိုယ် ရရှိခြင်းမှ ဟန့်တားထားသည့် ခြေလှမ်းတစ်လှမ်းမျှသာ ဖြစ်သည်။ လူသားတစ်ဦး၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်အသွင်၌ လူသားများ၏ ဟာကွက်များနှင့် သဘာဝအစီအရင် ရှိပေသည်။ ထိုသို့ ရှိနေသော်ငြား အမြင့်ဆုံးအဆင့် နတ်ဆိုးဘုရင်က အင်မတန် ကြောက်မက်ဖွယ် ကောင်းပြီး ယာ့ဇီသားရဲ၏ ခွန်အားဖြင့် သက်သေပြခဲ့ပြီး ဖြစ်သည်။

“ဒီအမြင့်ဆုံးအဆင့် နတ်ဆိုးဘုရင်တွေ အားလုံး ဘယ်ကနေ ရောက်လာတာလဲ”

ကျန်းရီက ထိတ်လန့်သွားပြီး သူ့စိတ်ထဲတွင် သံသယများ ပြည့််နေ၏။ ကောင်းကင်ကြယ်တာရာနယ်မြေထဲရှိ နတ်ဆိုးဘုရင် အရေအတွက်က လက်တစ်ဖက်ဖြင့် ရေတွက်၍ ရနိုင်သည်။ ယာ့ဇီသားရဲသည် အမြင့်ဆုံး နတ်ဆိုးဘုရင်တစ်ပါးသာ ဖြစ်ပေ၏။ ကျန်းရီက သိုင်းခန်းမသည် နတ်ဆိုးဘုရင် အကောင်တစ်ရာကို ထုတ်ဖော်နိုင်ခဲ့လျှင် ထူးဆန်းသည်ဟု တွေးမိမှာ မဟုတ်၊ အမြင့်ဆုံးအဆင့် နတ်ဆိုးဘုရင် အကောင်တစ်ရာကို လွှတ်ခဲ့တာပဲ ဖြစ်သည်။

ကောင်းကင်ကြယ်တာရာနယ်မြေ၌ ထိုမျှ များပြားသည့် အမြင့်ဆုံးအဆင့် နတ်ဆိုးဘုရင်များ မရှိတာ သေချာပေ၏။ သူတို့ကို နက်ရှိုင်းသော ပင်လယ်ဒေသထဲကနေ ဖမ်းလာသည်လော။ ပြဿနာကို မြန်မြန်ဆန်ဆန် စစ်ဆေးပြီးနောက် ရေဓာတ်ပင်လယ်နတ်ဆိုးများ များများစားစား မရှိတာကို တွေ့လိုက်ရသည်။

သူတို့ကို ကျန်တဲ့ကုန်းပြင်မြင့်တွေကနေ ဖမ်းလာတာများလား။

နောက်ထပ် ပြဿနာတစ်ရပ် ရှိသေးသည်။ အမြင့်ဆုံးအဆင့် နတ်ဆိုးဘုရင်များသည် လူသားသိုင်းပညာရှင်များကဲ့သို့ ဂုဏ်ယူဝင့်ကြွားတတ်သူ ဖြစ်ပြီး လိုလိုလားလား အညံ့ခံကြမှာ မဟုတ်ပေ။

ယာ့ဇီသားရဲကို ဥပမာယူနိုင်ပေ၏။ စုန်းနတ်ဘုရားက သူ့ကို ဖိနှိပ်ထားသည့်တိုင် သူ့ဘဝကို စကြဝဠာနန်းတော်မှ ကျန်းရီ၏ ထိန်းချုပ်မှုကို ခံနေရသော်ငြား သူသည် အစ၌ ကျန်းရီကို အညံ့ခံလိုသည့်စိတ် မရှိခဲ့ပေ။ နတ်ဆိုးဘုရင်များစွာက ဂုဏ်ယူဝင့်ကြွားတတ်ပြီး သူတို့ကိုယ်သူတို့ လူသားများဆီ ကျွန်အနေဖြင့် အညံ့ခံမည်ထက် သေလိုက်မှာပဲ ဖြစ်သည်။

ထို့ကြောင့် သိုင်းခန်းမသည် အမြင့်ဆုံးအဆင့် နတ်ဆိုးဘုရင် အကောင်တစ်ရာကို မည်ကဲ့သို့ ယဉ်ပါးအောင် ပြုလုပ်ခဲ့သနည်း။

ကျန်းရီ၏ စိတ်ထဲတွင် အတွေးမျိုးစုံ သံသယများစွာ ဖြစ်ပွားနေ၏။ သူသည် အတွေးများကို ဘေးဖယ်ရှားလိုက်ပြီး ယခုအချိန်က ထိုကိစ္စရပ်များကို တွေးရမည့် အချိန် မဟုတ်ချေ။

ဘီး..

သူ့လက်က ဖြတ်ခနဲ လှုပ်ရှားသွားပြီးနောက် သူ့လက်ထဲတွင် နန်းတော်တစ်ခု ပေါ်လာတော့သည်။ ယင်းက ပြန့်ကားသွားပြီးနောက် သူသည် ဧကရီနန်းတော်ထဲသို့ ဝင်သွားလိုက်၏။ အထဲသို့ ဝင်သွားသည်နှင့် ဧကရီနန်းတော်၏ တားမြစ်ချက်ကို ချက်ချင်း အသက်သွင်းပြီး ယာ့ဇီသားရဲနှင့် ငွေပန်းပွင့်အဘွားအိုတို့ကို အထဲသို့ ဆွဲသွင်းလိုက်တော့သည်။

ဝှစ်..

ဧကရီနန်းတော်က လျင်မြန်စွာ သက်ဆင်းလာပြီး လုစစ်သူကြီး၊ ကျန့်ရီမင်၊ ချန်ကွေ့၊ ကျန်းရမ်ထူနှင့် ကျန်သူများကို လျင်မြန်စွာ ဆွဲသွင်းလိုက်၏။ ထူးဆန်းသည့် အရာက တုကူချိုးသည် နတ်ဆိုးဘုရင်များကို မတိုက်ခိုက်ခိုင်းခဲ့ပေ။ သူက ပြုံးနေပြီး မဟာရှတိုင်းပြည်မှ စစ်သူကြီးများအားလုံးကို နန်းတော်ထဲ ကျန်းရီဆွဲသွင်းတာကို ကြည့်နေပေ၏။

“နတ်မိမယ်.. သိုင်းခန်းမခေါင်းဆောင်က..”

ကောင်းကင်ကြယ်တာရာမြို့၏ ခန်းမခွဲအကြီးအကဲယွီက ကျီထင်ယွီကို သံသယများဖြင့် ကြည့်လိုက်သည်။ တုကူချိုးက လှုပ်ရှားရန် ဆုံးဖြတ်ချက် ချပြီး ဖြစ်ရာ အဘယ်ကြောင့် အမှန်တကယ် မတိုက်ခိုက်သေးသနည်း။ သူသာ နတ်ဆိုးဘုရင် အကောင်တစ်ရာကို တစ်ချိန်တည်း၌ တိုက်ခိုက်ခိုင်းခဲ့လျှင် ကျန်းရီက ဧကရီနန်းတော်ထဲ ဝင်ရန် အချိန်တောင် မရလောက်ဘူး မဟုတ်လား။

“ခစ် ခစ်.. သိုင်းခန်းမသခင်က ပါရမီရှင်တွေကို အမှန်တကယ် နှစ်သက်တယ်လေ”

ကျီထင်ယွီက သက်ပြင်းချပြီး ရှင်းပြလိုက်သည်။

“သိုင်းခန်းမသခင်က ကျန်းရီကို စိတ်ပျက်အားငယ်အောင် တွန်းထုတ်ချင်နေတာ သူက ကျန်းရီကို နောက်ဆုံးတိုက်ပွဲအတွက် ပြင်ဆင်ဖို့ အချိန်ပေးနေတာပဲ ကျန်းရီရဲ့ရင်ထဲက ခုခံမှုကို လျှော့ချပြီး သူ့ကို စိတ်ပျက်အားငယ်အောင် လုပ်ပြီးရင် နောက်ဆုံးမှာ သူ့ကို ခေါ်နိုင်လိမ့်မယ်”

“ဪ..”

ခန်းမအကြီးအကဲယွီက နှာခေါင်းရှုံ့လိုက်ပြီးနောက် အထင်တသေး ရေရွတ်လိုက်ကာ ပြောလိုက်သည်။

“အဲဒီကျန်းရီက ကံကောင်းတဲ့ ကောင်စုတ်ပဲ၊ သူက လက်နက်တချို့နဲ့ အထူးအရည်အချင်းတချို့ ရရုံပဲလေ၊ သူ့ကိုယ်သူ ဒီလောကထဲမှာ အသန်မာဆုံးလို့ တကယ်ထင်နေတာလား၊ ဟား ဟား ငါတို့ သိုင်းခန်းမက သူနဲ့ ဆော့ကစားချင်ရင် အင်းဆက်ပိုးမွှားတစ်ကောင်ကို ဆော့ကစားရတာနဲ့ တူနေမှာပဲ”

“ရှင် မှားသွားပြီ”

ကျီထင်ယွီက ခေါင်းခါပြီးနောက် ပြောလိုက်သည်။

“ကံဆိုတာ ခွန်အားရဲ့ အစိတ်အပိုင်းတစ်ခုပဲ၊ ဒါပေမဲ့ ကျန်းရီက ဒီအဆင့်ကို သူ့ကံကိုပဲ အားကိုးပြီး ရောက်လာနိုင်လား.. ကျန်းရီက မောက်မာထောင်လွှားတဲ့သူ မဟုတ်ဘူး သူက သိုင်းခန်းမကို နားမလည်ရုံပဲ၊ ကောင်းပြီ အခု တိုက်ပွဲအတွက် အချိန်ရောက်ပြီ သိုင်းခန်းမထဲ အရင်ဝင်ကြရအောင်”

တုကူချိုးက ကောင်းကင်ထဲတွင် အမိန့်များကို ပေးပြီးဖြစ်ကာ ကျီထင်ယွီက ဆက်လက် မလေ့လာရဲတော့ပေ။ သူတို့၏ခွန်အားသည် နတ်ဆိုးဘုရင်များ၏ တိုက်ခိုက်မှုမှ ဂယက်ရိုက်မှုကြောင့် အလွယ်တကူ ကြေမွသွားနိုင်သည်။ သူမသည် ဉာဏ်ပညာထူးချွန်သူ ဖြစ်သော်ငြား သူမ၏ခွန်အားက စိတ်ဝိညာဉ်မျောလွင့် ခရီးသွား အဆင့်ငါး သိုင်းပညာရှင်မျှသာ ရှိသည်။ ထိုသို့တိုင် ယင်းက ကောင်းကင်ဘုံကျောက်တုံးများ အသုံးပြုပြီးမှသာ ထိုအဆင့်ကို ရောက်လာခဲ့တာ ဖြစ်၏။

ကျီထင်ယွီ၊ ခန်းမအကြီးအကဲယွီနှင့် ကျန်သူများက သိုင်းပညာခန်းမထဲသို့ ဝင်လိုက်ကြသည်။ ပြီးနောက် အဆောက်အဦးက ရွှေရောင်များ လင်းထိန်လာပြီး အရံအတားတစ်ခု အသက်သွင်းလိုက်တာ သိသာပေ၏။ ကျီထင်ယွီ၌ ကောင်းကင်ကြယ်တာရာမြို့တစ်မြို့လုံးကို လေ့လာနိုင်သည့် သလင်းလုံးတစ်လုံး ရှိသည်။ ယင်းက သူမ အပြင်ဘက်တွင် ရှိနေသည်နှင့် မခြားပေ။

“တိုက်ခိုက်ကြ..”

ကျန်းရီ၏ ဧကရီနန်းတော်က ကြီးမားသော်ငြား လူရာချီသာ ဆန့်ပေ၏။ စစ်သူကြီးများ၊ ချန်နှင့်ကျန့်ဂိုဏ်းသားများ အားလုံးကို ဆွဲသွင်းပြီးနောက် လူတိုင်းကို ဆွဲသွင်း၍ မရမှန်း သဘောပေါက်သွား၏။ ကျန်းရီလှုပ်ရှားတာ ရပ်သွားမှန်း မြင်ပြီးနောက် တုကူချိုးက ပြုံးပြီး စတင်တိုက်ခိုက်ရန် အချက်ပြလိုက်တော့သည်။

“ဝေါင်း.. ဝေါင်း.. ဝူး ဝူး ခူး ခူး..”

အမြင့်ဆုံးအဆင့် နတ်ဆိုးဘုရင် အကောင်တစ်ရာက တစ်ပြိုင်နက်တည်း ဟိန်းလိုက်ပြီးနောက် မြို့၏ အနောက်အရပ်ဆီသို့ ဖြည်းဖြည်းချင်း ပျံသန်းသွားကာ တစ်ကွဲတစ်ပြားစီ ကွဲထွက်သွားတော့၏။ နတ်ဆိုးဘုရင် တစ်ဝက်နီးပါးက မျောလွင့်နေသာ ဧကရီနန်းတော်ကို တိုက်ခိုက်ရန်အတွက် နတ်ဆိုးသိုင်းများ ထုတ်ပြီး တစ်ဝက်ကမူ တပ်သားများကို တိ်ုက်ခိုက်ကြတော့၏။

“အား..”

“ကျွန်တော်တို့ကို ကယ်ပါ ကိုယ်စားအုပ်ချုပ်သူ..”

“အဲဒီလူတွေကို သေအောင် တိုက်ခိုက်..”

“သူတို့ကို သေတဲ့အထိ တိ်ုက်ခိုက်ကြ..”

မြို့၏ အနောက်ပိုင်းရှိ တပ်ဖွဲ့သည် ကြောက်လန့်နေကြပြီ ဖြစ်သည်။ အမြင့်ဆုံးအဆင့် နတ်ဆိုးဘုရင် အကောင်ငါးဆယ် သူတို့ဆီ ပြေးဝင်လာသည့်အချိန်၌ အကြမ်းတမ်းဆုံး သားရဲရောင်ဝါများက သူတို့ကို အသက်ရှုကျပ်စေ၏။ ကလေးတစ်ယောက်သည် ခြင်္သေ့တစ်ကောင်ကို တွေ့နေရသကဲ့သို့ သူတို့ စွမ်းအားမဲ့သလို ခံစားရပြီး သူတို့ စိတ်ဝိညာဉ်များတောင် တုန်လှုပ်နေပေသည်။ သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်က ကျန်းရီပေါ်တွင် ရှိနေသော်ငြား ကျန်းရီက ဧကရီနန်းတော်ထဲ ဝင်ရောက်သွားခဲ့ပြီ ဖြစ်ကာ နတ်ဆိုးဘုရင်များနှင့် ရင်ဆိုင်ရန် ပေါ်မလာခဲ့ပေ။

ဂျွတ်.. ဂျွတ်..

ဖုန်း ဖုန်း..

ဘုန်း ဘုန်း ဘုန်း..

နတ်ဆိုးဘုရင်များစွာက နတ်ဆိုးသိုင်းများ ထုတ်လာလျှင် ထုတ်လာ သို့တည်းမဟုတ် သူတို့မျက်လုံးထဲမှ အလင်းတန်းများ ထုတ်ဖော်ခြင်း သို့မဟုတ် မီးလျှံများ ထုတ်ခြင်း သို့မဟုတ် ရေခဲအပ်များဖြင့် တိုက်ခိုက်ခြင်း သို့မဟုတ် သူတို့၏ အမွေးအတောင်များကို ချွန်ထက်သော မြားများသဖွယ် အသုံးပြု၍ တိုက်ခိုက်ခြင်းတို့ လုပ်နေကြသည်။

နတ်ဆိုးဘုရင်တစ်ပါး၏ နတ်ဆိုးသိုင်းက အင်မတန် အစွမ်းထက်ရာ အမြင့်ဆုံးအဆင့် နတ်ဆိုးဘုရင်ဆိုလျှင် ပိုဆိုးချေသေး၏။ နတ်ဆိုးဘုရင်အကောင်ငါးဆယ်ထံမှ နတ်ဆိုးသိုင်းများ ပေါ်ထွက်လာသည့် အချိန်တွင် တပ်သားများသည် ချက်ချင်း သုတ်သင်ရှင်းလင်းခံလိုက်ရသည်။ စစ်သားများစွာမှာ ပြာမဖြစ်သွားခင် အော်ရန် အခွင့်အရေးတောင် မရခဲ့ချေ။

ဖုန်း ဖုန်း ဖုန်း..

နတ်ဆိုးသိုင်း အကွက်ငါးဆယ်သည် ဧကရီနန်းတော်သို့ ရောက်လာသည့် အချိန်၌ နန်းတော်က ချက်ချင်းပင် ရောင်ခြည်များ ဖြာထွက်လာတော့၏။ ဧကရီနန်းတော်သည် မူလက လင်းဂိုဏ်း၏ ဘိုးဘေးတိုက်ခိုက်ခံရပြီးနောက် စွမ်းအင်တစ်ဝက်အောက် လျော့နည်းနေခဲ့ပြီ ဖြစ်သည်။ ယခုကာလအတွင်း စွမ်းအင်အချို့ ပြန်ပြည့်လာခဲ့သော်ငြား တစ်ဝက်သာ ရှိသေးသည်။ ယခုအချိန်၌ နတ်ဆိုးများ၏ ဆက်တိုက်တိုက်ခိုက်ခံရပြီးနောက် ကျန်ရှိသည့် စွမ်းအင် ငါးဆယ်ကလည်း လျော့နည်းလာတော့သည်။

တစ်နည်းဆိုရလျှင် ထိုနတ်ဆိုးဘုရင်များ နောက်ထပ် လေးကြိမ် တိုက်ခိုက်သည်နှင့် ဧကရီနန်းတော်၏ စွမ်းအင်များ ကုန်ဆုံးသွားမှာပဲ ဖြစ်သည်။ သေစမ်းကွာ.. ကျန်းရီသည် သလင်းလုံးကနေ အပြင်ဘက်ရှိ အခြေအနေကို ကြည့်နေကာ ကျန်သည့် နတ်ဆိုးဘုရင်အကောင်ငါးဆယ် သတ်ဖြတ်နေတာကို မြင်နိုင်ပေ၏။ အနည်းဆုံး လေးသောင်းငါးသောင်းခန့် သတ်ဖြတ်ခံခဲ့ရသည်က ကျန်းရီကို မချိတင်ကဲ ဝေဒနာ ခံစားရစေသည်။

အချို့သော စစ်သားများသည် မဟာရှတိုင်းပြည်၏ ပြည်သူပြည်သားများဖြစ်ကာ အချို့ကမူ ရှန်မိတိုင်းပြည်မှ ခေါ်လာသည့်သူများ ဖြစ်ပြီး အချို့ကကျန်းပိုင်လီ၏ ကျူးကျွင်းတပ်ဖွဲ့ဆီမှ ဖြစ်ကာ အချို့က ကျွင်းရှန်တိုင်းပြည်၌ အညံ့ခံလာကြသည့် တပ်ဖွဲ့များ ဖြစ်သည်။

သူတို့ မည်သည့်နေရာမှ လာစေကာမူ ကျန်းရီ၏ ရင်ထဲတွင် ထိုစစ်သားများက သူ့လက်အောက်ငယ်သားများနှင့် သူ့ပြည်သူပြည်သားများ ဖြစ်သည်။ သူတို့ တစ်ဖွဲ့လုံး အသတ်ခံရတာကို မျက်မြင်တွေ့ပြီးနောက် သူ မည်မျှ ဒေါသထွက်နေကြောင်း မှန်းဆနိုင်ပေ၏။ သူ့ရင်ထဲ၌ သွေးများ တစ်စက်စက် ကျနေပြီး လောင်ကျွမ်းနေပြီ ဖြစ်သည်။

ဝှစ်..

သူက တွေဝေမနေဘဲ ဧကရီနန်းတော် အပြင်ဘက်သို့ ထွက်သွားလိုက်သည်။ နန်းတော်က ထိန်းထားနိုင်တော့မည် မဟုတ်ရာ အထဲတွင် နေလျှင် မည်သည်က အကျိုးထူးမည်နည်း။ အပြင်ဘက် ထွက်ပြီး ဂုဏ်သရေရှိ တိုက်ပွဲကို ဆင်နွဲသည်က မကောင်းသည်လော။ သူ မသေခဲ့လျှင် ဧကရီနန်းတော်ထဲရှိ လူများက အသက်ရှင်နိုင်သေး၏။

ဘီး..

ကျန်းရီက လေထဲ၌ ပေါ်လာပြီးနောက် ဧကရီနန်းတော်ကို ချက်ချင်းပင် မီးဝိညာဉ်ပုလဲထဲ၌ သိုလှောင်လိုက်၏။ တစ်ချိန်တည်းတွင် အဖြူရောင်မီးလျှံများက မီးဝိညာဉ်ပုလဲထဲမှ ပေါ်ထွက်လာကာ သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံလိုက်တော့သည်။ ပြီးနောက် မူလနေရာမှ ပျောက်ကွယ်သွားပြီးနောက် နတ်ဆိုးဘုရင်အဖွဲ့၌ ချက်ချင်း ပေါ်လာတော့သည်။

ကျွတ်.. ကျွတ်..

တမလွန်လောက တစ္ဆေမီးလျှံများက မင်းမူစိုးမိုးနိုင်စွမ်း ရှိလွန်းသည်။ သူ လေထဲတွင် ပေါ်ပေါက်လာသည်နှင့် တစ္ဆေမီးလျှံများက ကြောက်မက်ဖွယ်ရာ အပူချိန်ကို အရပ်မျက်နှာအနှံ့ ဖြန့်ကျက်လိုက်တော့၏

အမြင့််ဆုံးအဆင့် နတ်ဆိုးဘုရင်များက အလွန်ကြောက်မက်ဖွယ် ကောင်းသည်။ သို့သော် သူတို့၌ သေစေနိုင်သည့် အားနည်းချက် တစ်ခု ရှိသည်။ သူတို့၌ ကောင်းကင်စိတ်အာရုံများ မရှိရာ ကျန်းရီ ပေါ်လာမည့်နေရာကို မခန့်မှန်း နိုင်ကြပေ။ ကျန်းရီ ပေါ်လာပြီးမှ သူတို့ တုံ့ပြန်ခဲ့လျှင် နောက်ကျသွားလွန်းပြီ ဖြစ်၏။

“သေပေတော့..”

ကျန်းရီသည် လျှပ်ပြက်သည့် အရှိန်ဖြင့် လက်ဝါးရိုက်ချက်များ ထုတ်ဖော်လိုက်ပြီး တစ္ဆေမီးလျှံများကို မီးပင်လယ်အဖြစ် အသွင်ပြောင်းလဲကာ နတ်ဆိုးဘုရင် သုံးကောင်ကို ဝါးမျိုသွားတော့သည်။

***

All Chapters