လိုက်လံဖမ်းဆီးခြင်း
Vol. 6 Ch. 53
“မလောနဲ့ဦး”
မုန့်ယွမ်ရှီး က ခေါင်းကို အသာအယာခါယမ်းလိုက်ကာ မုန့်ချင်းရွှယ်ကို ကြည့်လျက် အထူးတလည် မှာကြားလိုက်သည်။
“ချင်းရွှယ်... ဒီ 'သွေးမျိုးစက်ခြေရာခံကျင့်စဉ်'က သွေးသားတော်စပ်မှုအပေါ် မူတည်ပြီး လူရှာတာ။ ဒါကြောင့် သွေးချင်းနီးစပ်မှု အနက်အရှိုင်းက ဒီကျင့်စဉ်ရဲ့ နောက်ဆုံးရလဒ်အပေါ် သက်ရောက်မှုရှိတယ်။ နင်က အဲဒီသမီးမိုက်ရဲ့ ဒေါ်လေးအရင်းဖြစ်သလို နင်တို့ကြားက သွေးသားတော်စပ်မှုက အနီးစပ်ဆုံးပဲ။ ငါတို့ သုံးယောက်ထဲမှာ နင်က သူမကို ရှာတွေ့ဖို့ အခွင့်အရေး အများဆုံးပဲ”
မုန့်ယွမ်ရှီး၏ အကြည့်ကို တုံ့ပြန်ရင်း မုန့်ချင်းရွှယ်က လေးနက်စွာ ခေါင်းငြိမ့်ပြလိုက်သည်။
“စိတ်ချပါ ဘိုးဘိုးကြီး... အဲဒီသမီးမိုက်ရဲ့ တည်နေရာကို သိတာနဲ့ ကျွန်မ သူမကို ချက်ချင်းသတ်ပြီး သူမရဲ့ ဝိညာဉ်ကို ထုတ်ယူပြီး မိသားစုဆီ ပြန်ယူလာခဲ့ပါ့မယ်”
မုန့်ယွမ်ရှီးက ကျေနပ်စွာ ခေါင်းငြိမ့်ပြကာ သူတို့နှစ်ဦးကို သတိပေးလိုက်သည်။
“မုန့်ချင်းစုန်းက အဲဒီသမီးမိုက်ကို ယုံကြည်မိလို့ ဒုက္ခရောက်ခဲ့ရတာ။ မိသားစုထဲက နှလုံးသားကြည့်မှန် နဲ့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူအားလုံးကို လှည့်စားနိုင်ခဲ့တယ်ဆိုကတည်းက သူမမှာ အစွမ်းတစ်ခုခု ရှိနေတာပဲ။ သူမကို လျှော့မတွက်ကြနဲ့၊ အထူးသဖြင့် ချင်းရွှယ်... နင်က အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်တာ တစ်နှစ်ကျော်ပဲ ရှိသေးတာဆိုတော့ ပိုပြီး သတိထားရမယ်”
“စိတ်ချပါ ဘိုးဘိုးကြီး၊ ကျွန်မ နားလည်ပါတယ်”
သူတို့ သုံးဦးစလုံးသည် အရပ်မျက်နှာ တစ်ခုစီကို ရွေးချယ်ကာ 'သွေးမျိုးစက်ခြေရာခံကျင့်စဉ်' ကို အဆက်မပြတ် အသုံးပြုပြီး မုန့်ဝမ်၏ တည်နေရာကို ရှာဖွေကြတော့သည်။
မိနစ် သုံးဆယ်ပင် မပြည့်မီမှာပင် မုန့်ဝမ်နှင့် သွေးသားအနီးစပ်ဆုံးဖြစ်သော မုန့်ချင်းရွှယ်သည် သွေးချင်းခြေရာခံကျင့်စဉ်ကို အသုံးပြု၍ မုန့်ဝမ်၏ တည်နေရာကို အာရုံခံမိသွားသဖြင့် သူမ၏ စိတ်ထဲတွင် စိတ်လှုပ်ရှားမှု အနည်းငယ် ဖြစ်ပေါ်လာသည်။ မုန့်ဝမ်မှာ အလွန်အမင်း အစွမ်းထက်နိုင်မည်ဖြစ်ပါစေ... ခွန်အားကွာခြားချက်က ယှဉ်လို့မရနိုင်ပေ။ အခြေခံစွမ်းအင်အဆင့် ကျင့်ကြံသူတစ်ဦးက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူကို တိုက်ရိုက်ရင်ဆိုင်ချင်နေတာက စိတ်ကူးယဉ်အိပ်မက်သက်သက်သာ ဖြစ်သည်။
ထိုသို့တွေးမိသောအခါ မုန့်ချင်းရွှယ်သည် သူမ၏ ဘိုးဘိုးကြီး၏ မှာကြားချက်များမှာ အနည်းငယ် ပိုနေသည်ဟုပင် ခံစားလိုက်ရသည်။ သူသည် မုန့်ဝမ်ကို အထင်ကြီးလွန်းပြီး သူမကို လျှော့တွက်နေခြင်း ဖြစ်သည်။ သူမသည်လည်း ငယ်ငယ်ရွယ်ရွယ်နှင့် အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ရှိခဲ့သည့် ရွှေတိမ်တိုက်ဂိုဏ်း၏ ပါရမီရှင်တစ်ဦးဖြစ်လေသည်။
မုန့်ဝမ်၏ ခွန်အားနှင့်ဆိုလျှင် သူမ၏ သာမန်ကျင့်စဉ်တစ်ခုကပင် မုန့်ဝမ်ကို သတ်ပစ်နိုင်ပေလိမ့်မည်။ သူမ လိုက်မီသွားသည့်အခါ မုန့်ဝမ်၏ ဝိညာဉ်အာရုံကို ချက်ချင်း ပျက်စီးမသွားအောင် သူမ၏ ခွန်အားကို ဂရုတစိုက် ထိန်းချုပ်ရပေဦးမည်။ ထိုသို့တွေးရင်း မုန့်ချင်းရွှယ်သည် သူမ၏ အရှိန်ကို မြှင့်တင်လိုက်သည်။
သူမ၏ တူမဖြစ်သူ၏ ပါးစပ်မှ လျှို့ဝှက်ချက်များကို ထုတ်ယူရန် သူမ စိတ်မရှည်တော့ပေ။ ဥပမာအားဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူအုပ်စုကို လှည့်စားနိုင်ခဲ့သည့် ရုပ်သေးအတတ်၊ သူမ၏ အံ့ဩစရာကောင်းသော ပုံရိပ်ယောင်အတတ် ၊ မုန့်ကျွင်းရှင်း ၏ ကျင့်ကြံသည်ဂူ ထဲသို့ ဘယ်သူမှမသိအောင် ဝင်ရောက်ပြီး သတ်ဖြတ်နိုင်ခဲ့သည့် နည်းလမ်း... ထိုအရာများအပြင် မိုင်တစ်ရာ နယ်မြေကူးပြောင်း အဆောင်များအား သူမ မည်သည့်နေရာမှရရှိခဲ့သည် စသည့် အရာများပင်ဖြစ်၏။
မုန့်ချင်းရွှယ်က သွေးမျိုးစက်ခြေရာခံကျင့်စဉ်ကို သုံး၍ မုန့်ဝမ်၏ ခြေရာကို အာရုံခံမိနေသကဲ့သို့ ခရီးနှင်နေသော မုန့်ဝမ်မှာ ရုတ်တရက် ခေါင်းလှည့်ကာ သူမ၏ နောက်ဘက်ရှိ အရပ်မျက်နှာတစ်ခုကို လှမ်းကြည့်လိုက်သည်။ ခုနကပင် သူမ၏ သွေးသားအတွင်းပိုင်းမှ ခေါ်ယူနေသော စွမ်းအားတစ်ခုကို သူမ အာရုံခံမိလိုက်ခြင်း ဖြစ်သည်။
သွေးလမ်းစဉ် မိစ္ဆာအတတ်များနှင့် မစိမ်းသော မုန့်ဝမ်သည် မုန့်မိသားစုဝင်များ တစ်စုံတစ်ရာသော သွေးမျိုးစက်ရှာဖွေသည့်နည်းလမ်းကို သုံး၍ သူမ၏ တည်နေရာကို ရှာတွေ့သွားပြီဖြစ်ကြောင်း ချက်ချင်း သိလိုက်သဖြင့် မျက်ခုံးပင့်လိုက်မိသည်။ သူမနောက်ကို လိုက်နေသော မုန့်မိသားစုဝင်များကို လုံးဝအဆက်ဖြတ်ဖို့က လွယ်ကူမည်မဟုတ်ကြောင်း သူမ သိလိုက်ပြီဖြစ်၏။
မုန့်ဝမ်သည် အဝေးသို့ ဆက်လက်ထွက်ပြေးနေစဉ် သူမနောက်မှ ပုံရိပ်နှင့် သူမကြားရှိ အကွာအဝေးမှာ လျင်မြန်စွာပင် ကျဉ်းမြောင်းလာနေသည်ကို ခံစားမိလိုက်လေသည်။ မကြာမီမှာပင် သူမ လိုက်မီခြင်း ခံရတော့မည်ဖြစ်၏။
အမွှေးတိုင် တစ်ဝက်စာခန့် ကြာပြီးနောက် အဖြူရောင်ဝတ်စုံနှင့် ဓားပျံစီးနင်းလာသော မုန့်ချင်းရွှယ်၏ ပုံရိပ်မှာ ကောင်းကင်ယံ၌ ပေါ်လာသည်။ သူမသည် ရှေ့တွင် ထွက်ပြေးနေသော ပုံရိပ်ကို အေးစက်စွာ လှမ်းကြည့်လိုက်ပြီး နှုတ်ခမ်းများ တွန့်ရုံမျှ ပြုံးလိုက်သည်။
“မုန့်ဝမ်... နင် ဘယ်လောက်အထိ ထပ်ပြေးနေဦးမှာလဲ......... အညံ့ခံလိုက်စမ်းပါ။ နင်က ငါ့ရဲ့ တူမတော်စပ်နေလို့ နင် နာကျင်မှုနည်းအောင် ငါ လုပ်ပေးနိုင်ပါတယ်”
မုန့်ဝမ်က သူမကို ဂရုမစိုက်ဘဲ ခေါင်းငုံ့ကာ ဆက်လက်ထွက်ပြေးနေသည်။
“အသေခံချင်နေတာပဲ”
မုန့်ချင်းရွှယ်က နှာခေါင်းရှုံ့လိုက်ပြီး လက်ဝေ့ယမ်းကာ လေပြင်းတစ်ချက်ကို ထုတ်လွှတ်လိုက်ရာ ထိုလေပြင်းမှာ မုန့်ဝမ်ဆီသို့ အရှိန်အဟုန်ဖြင့် ကျဆင်းသွားတော့သည်။ မုန့်ချင်းရွှယ်၏ အထင်အရ မုန့်ဝမ်သာ ဤလေပြင်း အထိခံလိုက်ရပါက အနည်းဆုံးတော့ အပြင်းအထန် ဒဏ်ရာရပြီး သတိလစ်သွားပေလိမ့်မည်။
သို့သော် တကယ်တမ်းတွင်မူ မုန့်ဝမ်သည် လေတိုက်သဖြင့် အဝတ်အစားနှင့် ဆံပင်များ ဖရိုဖရဲ ဖြစ်သွားရုံမှလွဲ၍ ဒဏ်ရာအနည်းငယ်မျှပင် မရရှိခဲ့ပေ။
မုန့်ချင်းရွှယ်၏ မျက်ဝန်းထဲတွင် အံ့ဩရိပ်များ ဖြတ်ပြေးသွားသည်။ မုန့်ဝမ်က ဘယ်တုန်းက ဒီလောက်အထိ သန်မာသွားတာလဲ။ ဂိုဏ်းငါးခု ညီလာခံ တွင်ရှိစဉ်က မုန့်ဝမ်၏ တိုက်ပွဲများကို သူမ ကြည့်ခဲ့ဖူးလေသည်။ မုန့်ဝမ်သည် သာမန် အထူးတပည့်တစ်ဦးကိုပင် အနိုင်ရရန် မသေချာသည့် အခြေအနေမျိုးသာ ရှိခဲ့သည်။ မုန့်ဝမ်၏ အရင်စွမ်းဆောင်ရည်နှင့်ဆိုလျှင် သူမ ထုတ်လွှတ်လိုက်သော လေပြင်းကို လုံးဝ ခုခံနိုင်စရာ အကြောင်းမရှိပေ။
မုန့်ဝမ်က သူမရဲ့ ခွန်အားကို အမြဲတမ်း ဖုံးကွယ်ထားခြင်းဖြစ်ပေမည်။
မုန့်ချင်းရွှယ်၏ မျက်ခုံးများ လှုပ်ခတ်သွားသည်။ ရွှမ်ယင်ဂိုဏ်းသား ခုနစ်ဦး ဝိညာဉ်နယ်မြေထဲ ဝင်သွားသော်လည်း မုန့်ဝမ်တစ်ယောက်တည်းသာ ပြန်ထွက်လာနိုင်သည်ကို တွေးမိသောအခါ သူမ၏ ခန့်မှန်းချက်မှာ မှန်ကန်နိုင်ကြောင်း ခံစားလိုက်ရသည်။ ဤမုန့်ဝမ်မှာ တကယ့်ကို ကောက်ကျစ်စဉ်းလဲသူပင်။ သူမ၏ တည်ငြိမ်လှသော တတိယအစ်ကို မုန့်ချင်းစုန်းပင် သူမလက်ထဲမှာ ဘာလို့ ရှုံးနိမ့်ခဲ့ရသလဲဆိုတာ အံ့ဩစရာ မဟုတ်တော့ပေ။
မုန့်ချင်းရွှယ်၏ မျက်ခုံးများ တွန့်ချိုးသွားပြီး သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များမှာ သူမ၏ အလိုအတိုင်း လက်ယာဘက် လက်ထံသို့ လျင်မြန်စွာ စုစည်းသွားသည်။ ထို့နောက် သူမ၏ လက်ညှိုးအား ဓားကဲ့သို့ ညွှန်လိုက်ရာ မုန့်ဝမ်၏ ပခုံးဆီသို့ မျက်မှောက်မမြင်ရသော ဓားစွမ်းအင်တစ်ခု ပျံသန်းသွားတော့သည်။
မုန့်ချင်းရွှယ်သည် သူမ၏ ခွန်အား ၃၀ ရာခိုင်နှုန်းကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။ အကယ်၍ ဤဓားစွမ်းအင်သာ တည့်တည့်ထိမှန်ပါက မုန့်ဝမ်၏ ညာဘက်ပခုံး၊ ညာဘက်လက်နှင့် ခန္ဓာကိုယ်၏ အစိတ်အပိုင်း အချို့ပါ ပြတ်တောက်သွားပေလိမ့်မည်။
နောက်ဘက်မှ ထက်ရှသော လေတိုးသံကို အာရုံခံမိသောအခါ မုန့်ဝမ်၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ရွေ့လျားသွားပြီး ထိုဓားစွမ်းအင်ကို သီသီလေး ရှောင်တိမ်းလိုက်လေသည်။ ဓားစွမ်းအင်မှာ မြေပြင်ပေါ်သို့ ကျရောက်သွားပြီး လက်မဝက်ခန့် ကျယ်ကာ ၁၀ ပေခန့် ရှည်လျားသော မြောင်းတစ်ခုကို ချက်ချင်း ဖြစ်ပေါ်စေခဲ့ရာ ၎င်း၏ အစွမ်းမှာ မသေးလှကြောင်း သိသာ၏။
ဓားစွမ်းအင် လွဲချော်သွားသည်ကို မြင်သောအခါ မုန့်ချင်းရွှယ်၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ကျယ်သွားရသည်။ ဤမျှ နီးကပ်သော အကွာအဝေးတွင် ကျင့်ကြံသူ ချီပင်လျှင် ရှောင်တိမ်းနိုင်ရန် မသေချာသော်လည်း မုန့်ဝမ်က ရှောင်နိုင်ခဲ့သဖြင့် တိုက်ဆိုင်မှုမဖြစ်နိုင်ချေ။
မုန့်ချင်းရွှယ်သည် မယုံကြည်နိုင်သဖြင့် မျက်နှာကို တည်လိုက်ပြီး ဝိညာဉ်ဓားလက်ညှိုးအား ထပ်မံ အသက်သွင်းလိုက်သည်။ ထက်ရှသော ဓားစွမ်းအင်များ တစ်ခုပြီးတစ်ခု မုန့်ဝမ်ဆီသို့ အဆက်မပြတ် ကျရောက်လာတော့သည်။
“ဒုန်း... ဒုန်း...”
မုန့်ဝမ်သည် ဘယ်ညာ ရှောင်တိမ်းနေပြီး ဓားစွမ်းအင်များ သူမ၏ ခန္ဓာကိုယ်ပေါ် ကျရောက်တော့မည့် အချိန်တိုင်းတွင် သီသီလေး လွတ်သွားသည်။ သူမ၏ အဝတ်အစားများမှာ စုတ်ပြဲနေပြီး ဆံပင်များမှာလည်း ဖရိုဖရဲ ဖြစ်နေကာ တစ်ကြိမ်ပင် လဲကျသွားခဲ့သဖြင့် အလွန်ပင် သနားစရာကောင်းသော အခြေအနေသို့ ရောက်ရှိနေသည်။ သို့သော် ဓားစွမ်းအင် တစ်ခုမျှ သူမ၏ ခန္ဓာကိုယ်ပေါ်သို့ တည့်တည့်မကျရောက်ခဲ့ပေ။
မုန့်ချင်းရွှယ်သည် အခုမှပင် အခြေအနေကို သဘောပေါက်သွားသည်။ မုန့်ဝမ်သည် သူမ၏ ၃၀ ရာခိုင်နှုန်း ခွန်အားပါသော ဓားလက်ညှိုးကို လုံးဝ ဂရုမစိုက်ခဲ့ခြင်း ဖြစ်သည်။ သူမ၏ သနားစရာကောင်းသော ပုံစံမှာ တမင်တကာ ဟန်ဆောင်နေခြင်းသာ ဖြစ်ပြီး မုန့်ချင်းရွှယ်၏ ဝိညာဉ်စွမ်းအင်များကို ကုန်ခမ်းအောင် လုပ်နေခြင်း ဖြစ်၏။
မုန့်ချင်းရွှယ်မှာ အလွန်အမင်း ဒေါသထွက်သွားသည်။ အခြေခံစွမ်းအင်အဆင့် ပုရွက်ဆိတ်လေးဖြစ်သလို သူမ၏ ဂျူနီယာလည်း ဖြစ်သော မုန့်ဝမ်သည် သူမကို ကစားနေပြီး ထောင်ချောက်ဆင်နေလေသည်။သူမ၏ ဝိညာဉ်စွမ်းအင်မှာ များစွာမကုန်ခမ်းသေးသော်လည်း အသုံးချခံလိုက်ရသည်ဟူသော ခံစားချက်မှာ အလွန်ပင် ဆိုးရွားလှသည်ဖြစ်၏။
သူမသည် နောက်ထပ် ထိန်ချန်မနေတော့ပဲ ဝိညာဉ်ဓားလက်ညှိုးကို အစွမ်းကုန် အသုံးပြုကာ မုန့်ဝမ်၏ ခန္ဓာကိုယ်အောက်ပိုင်းဆီသို့ အလျားလိုက် ဝေ့ယမ်းတိုက်ခိုက်လိုက်သည်။ သူမက ပြေးရတာ ဝါသနာပါသဖြင့် ခြေထောက်များအား ဖြတ်ပစ်လိုက်ရင် ဘယ်လိုဆက်ပြေးမလဲ ကြည့်ချင်သေးလေသည်။
နောက်ဘက်မှ အရင်ကထက် များစွာသာလွန်သော လေတိုးသံကို အာရုံခံမိသောအခါ မုန့်ဝမ်၏ မျက်နှာအမူအရာမှာ နောက်ဆုံးတွင် ပြောင်းလဲသွားသည်။ အချိန်အတော်ကြာ ကစားခံလိုက်ရပြီးနောက် မုန့်ချင်းရွှယ်မှာ သဘောပေါက်သွားပြီး သူမ၏ ခွန်အားအပြည့်ကို စတင်အသုံးပြုလာပြီ ဖြစ်၏။
မုန့်ဝမ်သည် သူမ၏ အမြန်ဆုံး တုံ့ပြန်မှုဖြင့် 'ဝိညာဉ်ရိပ် ရွှေ့ပြောင်းခြင်း'ကို အသုံးပြုကာ မူလနေရာမှ ပျောက်ကွယ်သွားသော်လည်း သူမသည် ခြေလှမ်းဝက်ခန့် နောက်ကျသွားခဲ့လေသည်။ သူမ မလွတ်မြောက်မီမှာပင် ဓားစွမ်းအင်က သူမကို ထိမှန်သွားခဲ့သဖြင့် သူမ၏ ပုံရိပ်မှာ ပြန်လည်ပေါ်ထွက်လာရသည်။
မုန့်ဝမ်၏ ခြေထောက်အား ဓားစွမ်းအင် ထိမှန်သွားသဖြင့် အော်ဟစ်ကာ သွေးအိုင်ထဲသို့ လဲကျသွားတော့သည်။ မုန့်ဝမ်၏ သနားစရာကောင်းသော အခြေအနေကို ဝဝလင်လင် ကြည့်ပြီးနောက်မှ မုန့်ချင်းရွှယ်သည် သူမ၏ ဓားကို အေးအေးလူလူ စီးနင်းကာ ရှေ့သို့ တိုးလာသည်။ သူမသည် ဝိညာဉ်အာရုံများကို သိမ်းဆည်းနိုင်သော အထူးဘူးကို ထုတ်ယူကာ မုန့်ဝမ်၏ ဝိညာဉ်ကို ထုတ်ယူရန် ပြင်လိုက်သည်။
သို့သော် ထိုအချိန်မှာပင် မုန့်ချင်းရွှယ်သည် ရှင်းပြမရနိုင်သော ထိတ်လန့်တုန်လှုပ်မှုကို ရုတ်တရက် ခံစားလိုက်ရကာ သူမသည် အလန့်တကြား ဖြစ်သွားပြီး ထောင်ချောက်တစ်ခုမှန်း သိလိုက်ရသဖြင့် မုန့်ဝမ်နှင့် ဝေးရာသို့ ခွာရန် ကြိုးစားသော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။