← Chapters

အခြေခံတည်ဆောက်ခြင်းအဆင့်နှင့် တိုက်ပွဲ (အပိုင်း ၁)

Vol. 6 Ch. 54

အခြေခံတည်ဆောက်ခြင်းအဆင့်နှင့် တိုက်ပွဲ (အပိုင်း ၁)

Vol. 6 Ch. 54

တစ်စုံတစ်ခုမှာ သူမ၏ ရင်ဘတ်ကို ထိမှန်သွားပြီး ပေါက်ကွဲသွားချေ၏။ မုန့်ချင်းရွှယ် သည် အောက်သို့ ငုံ့ကြည့်လိုက်ရာ သူမ၏ ရင်ဘတ်တွင် သွေးသံရဲရဲဖြင့် စုတ်ပြတ်နေသော အပေါက်ကြီးတစ်ခုကို မြင်လိုက်ရလေသည်။ လျှပ်စီးတန်းလေးများမှာလည်း သူမ၏ အသားစများပေါ်တွင် တွယ်ကပ်နေဆဲ ဖြစ်ချေ၏။

၎င်းမှာ 'ကောင်းကင်မိုးကြိုးဆေးလုံး' ပင် ဖြစ်ချေသည်။ မုန့်ချင်းရွှယ်သည် ဒေါသအလွန်ထွက်သွားသဖြင့် သူမ၏ ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည်ဖြင့် ပြင်းထန်စွာ လှုပ်ခတ်နေလေသည်။ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးများမှာ ဒေါသကြောင့် ဆူပွက်လာသည်ဟု ထင်မှတ်ရသော်လည်း... မဟုတ်ချေ။ သွေးများမှာ တစ်စုံတစ်ရာ ထူးဆန်းနေပေသည်။

သွေးများမှာ ပုံမှန်ထက် ပိုမိုလှုပ်ရှားလာပြီး ဒဏ်ရာမှတစ်ဆင့် တိတ်တဆိတ် စီးထွက်နေကြကုန်၏။ မုန့်ချင်းရွှယ်သည် သူမ၏ ခန္ဓာကိုယ်အတွင်း ဖြစ်ပေါ်နေသော အပြောင်းအလဲများကို အာရုံခံမိပြီးနောက် စိတ်ကို ချက်ချင်း ပြန်လည်တည်ငြိမ်အောင် ထိန်းချုပ်လိုက်လေသည်။ ကစဉ့်ကလျား ဖြစ်နေသော သွေးများကို ဖိနှိပ်လိုက်ပြီးနောက် မလှမ်းမကမ်းတွင် ရှိနေသော မုန့်ဝမ်ကို ဒေါသတကြီး စိုက်ကြည့်လိုက်လေပေ၏။

“မုန့်... ဝမ်၊ တကယ့်ကို ကောက်ကျစ်တဲ့ ကောင်မပဲ....”

“နှလုံးသားကြည့်မှန်ကို လှည့်စားပြီး ရုပ်သေး ခန္ဓာကိုယ်နဲ့ ပုံရိပ်ယောင်နယ်မြေထဲ ဝင်နိုင်ခဲ့တာ အံ့ဩစရာ မဟုတ်တော့ဘူး။ နင်က နှလုံးသားကြည့်မှန်ရဲ့ 'ပုံရိပ်ယောင် ဝိညာဉ်အမြုတေ'ကို ခိုးယူထားတာကိုး...................”

ပုံရိပ်ယောင် ဝိညာဉ်အမြုတေမှာ နှလုံးသားကြည့်မှန်၏ အလွန်အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်ချေ၏။ ဤအရာမှာ ပုံရိပ်ယောင်လမ်းစဉ်၏ နက်နဲမှုကို နားလည်စေရုံမျှမက ပုံရိပ်ယောင်နယ်မြေကိုလည်း ပိုမိုခိုင်မာစေနိုင်သော အစွမ်းရှိပေသည်။

မုန့်ဝမ်သည် မုန့်ချင်းရွှယ်၏ အစွမ်းကုန် အသုံးပြုလိုက်သော 'ဝိညာဉ် ဓားလက်ညှိုး' ကို လုံးဝ ရှောင်ကွင်းနိုင်ခြင်း မရှိခဲ့သည်မှာ မှန်သော်လည်း သူမ၏ ခြေထောက်မှာမူ ထိုဓားစွမ်းအင် တစ်ခုတည်းဖြင့် ပြတ်တောက်သွားစရာ အကြောင်းမရှိချေ။ အကြောင်းမှာ 'သွေးသန့်စင်ခြင်း ကျင့်စဉ်'ဖြင့် အားဖြည့်ထားသော သူမ၏ ခန္ဓာကိုယ်မှာ အခြေခံတည်ဆောက်ခြင်းအဆင့် နှင့် အလွန်နီးစပ်နေပြီ ဖြစ်သောကြောင့် ဖြစ်လေသည်။

ခန္ဓာကိုယ် ကြံ့ခိုင်မှုပိုင်း၌ဆိုလျှင် ကျင့်စဉ်ကိုသာ အားပြုသော မုန့်ချင်းရွှယ်ထက်ပင် မုန့်ဝမ်က ပိုမိုသာလွန်နေပေသေး၏။ ထိုဓားစွမ်းအင်မှာ သူမ၏ ခြေထောက်တွင် လက်မဝက်ခန့် နက်သော ဒဏ်ရာကိုသာ ပေးနိုင်ခဲ့ခြင်း ဖြစ်ချေသည်။

မုန့်ချင်းရွှယ်၏ အမြင်တွင်မူ မုန့်ဝမ်သည် သူမကို ရင်ဆိုင်နိုင်စွမ်းမရှိသော အခြေခံစွမ်းအင်အဆင့် ပုရွက်ဆိတ်လေးတစ်ကောင်သာ ဖြစ်ချေ၏။ ထို့ကြောင့် မုန့်ဝမ်သည် ဒဏ်ရာရဟန်ဆောင်ကာ မုန့်ချင်းရွှယ်၏ ထိုသို့သော အတွေးကို အခွင့်ကောင်းယူလျက် ပုံရိပ်ယောင် ဝိညာဉ်အမြုတေ၏ အကူအညီဖြင့် ပုံရိပ်ယောင်တစ်ခုကို ဖန်တီးကာ သူမ၏ ရန်သူကို လှည့်စားလိုက်ခြင်း ဖြစ်ပေသည်။

ကံဆိုးစွာဖြင့် အခြေခံစွမ်းအင်အဆင့်နှင့် အခြေခံတည်ဆောက်ခြင်းအဆင့်ကြားရှိ ခွန်အားကွာခြားချက်မှာ အလွန်ကြီးမားလှပေသည်။ မုန့်ဝမ်သည် သူမ၏ ဝှက်ဖဲဖြစ်သော ပုံရိပ်ယောင် ဝိညာဉ်အမြုတေကို အသုံးပြုခဲ့သော်လည်း သူမ ဖန်တီးလိုက်သော ပုံရိပ်ယောင်မှာ မုန့်ချင်းရွှယ်ကို အသက်ရှူအကြိမ် အနည်းငယ်မျှသာ လှည့်စားထားနိုင်ခဲ့လေပေ၏။

သို့သော် ထိုအချိန်မှာပင် လုံလောက်လှပြီ ဖြစ်ချေသည်။

မုန့်ချင်းရွှယ်သည် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ မူမမှန်မှုများကို ဖိနှိပ်နေစဉ် မုန့်ဝမ်သည် မြေပြင်ကို ခြေဖြင့် ကန်ကျောက်ကာ လျင်မြန်သော ကျားသစ်တစ်ကောင်ကဲ့သို့ မုန့်ချင်းရွှယ်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားလေသည်။ သူမ၏ လှုပ်ရှားမှုများမှာ သွက်လက်ပြီး အားပါလှသဖြင့် မုန့်ချင်းရွှယ်နှင့် အနီးကပ် တိုက်ခိုက်ရန် ရည်ရွယ်နေခြင်းမှာ ထင်ရှားလှပေသည်။

မုန့်ချင်းရွှယ်သည် မျက်မှောင်ကြုတ်လိုက်မိ၏။ မိစ္ဆာကျင့်ကြံသူ၏ နည်းလမ်းများမှာ ထူးဆန်းလှပေသည်။ မုန့်ဝမ်သည် တစ်နေရာရာမှ 'ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်' တစ်ခုခုကို သင်ယူထားပုံရသဖြင့် သူမအတွက် အန္တရာယ်ရှိနိုင်သည်ဟု ခံစားလိုက်ရလေသည်။ သို့သော် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သဖြင့် သူမသည် အားနည်းဟန် မပြချေ။

မုန့်ချင်းရွှယ်သည် လက်ချောင်းများကို အမြန်ပင် ကျစ်လျစ်စွာ စုစည်းလိုက်ရာ သူမ၏ လက်ချောင်းများမှ ပြင်းထန်သော ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာပြီး မုန့်ဝမ်ဆီသို့ လေဓားလှိုင်းများအဖြစ် ဦးတည်သွားလေပေ၏။

“လေဓားကျင့်စဉ်.......”

မုန့်ချင်းရွှယ်က သာသာလေး အော်ဟစ်လိုက်ချေသည်။ ထက်ရှသော လေဓားများမှာ လေထုကို ဖြတ်သန်းသွားစဉ် စူးရှသော အသံများကို မြည်ဟီးစေလေပေ၏။ မုန့်ဝမ်မှာမူ ထိုလေဓားများ၏ လမ်းကြောင်းကို ကြိုတင်သိရှိနေသည့်အလား အသာအယာဖြင့်ပင် လေထဲ၌ လိုက်လျောညီထွေစွာ ရှောင်တိမ်းသွားခဲ့လေသည်။

သူမ၏ လှုပ်ရှားမှုများမှာ သဘာဝကျပြီး ပြေပြစ်လှပေ၏။ လေဓားများကို ရှောင်တိမ်းရင်း သူမသည် ညာလက်ကို ဝေ့ယမ်းလိုက်ရာ သွေးရောင်လက်ဝါးရိပ်တစ်ခု လေထဲတွင် ပေါ်လာပြီး မုန့်ချင်းရွှယ်ဆီသို့ တည့်တည့် ဦးတည်သွားလေပေသည်။

“သွေးရိပ်လက်ဝါး .......”

မုန့်ဝမ်၏ လေသံမှာ အေးစက်လှပေ၏။ ထိုလက်ဝါးတွင် သွေးလမ်းစဉ်၏ စွမ်းအားများ ပါဝင်နေသဖြင့် အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။ မုန့်ချင်းရွှယ်၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားချေ၏။ သူမသည် ထိုလက်ဝါးအတွင်းရှိ ပြင်းထန်သော စွမ်းအားကို အာရုံခံမိလိုက်လေသည်။

ဤစွမ်းအားအဆင့်မှာ အခြေခံတည်ဆောက်ခြင်းအဆင့်ကို မမီသေးသော်လည်း သူမအတွက်တော့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေပေ၏။ သူမသည် မဆိုင်းမတွဘဲ လေအကာအကွယ်တစ်ခုကို ဖန်တီးလိုက်လေသည်။ သူမ၏ ထိန်းချုပ်မှုအောက်တွင် ထိုလေဒိုင်းမှာ သွေးရိပ်လက်ဝါးကို အခိုင်အမာ ပိတ်ဆို့ထားလိုက်လေပေ၏။

“ဒုန်း.....”

သွေးရိပ်လက်ဝါးနှင့် လေဒိုင်းတို့ ထိမှန်သွားချေ၏။ အားပါလှသည်ဟု ထင်ရသော သွေးရိပ်လက်ဝါးမှာ မှန်တစ်ချပ်ကဲ့သို့ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားလေသည်။ ၎င်းမှာ နောက်ထပ် ပုံရိပ်ယောင်တစ်ခု ဖြစ်နေပြန်ချေ၏!

မုန့်ချင်းရွှယ်၏ မျက်လုံးများတွင် ဒေါသရိပ်များ ဖြတ်ပြေးသွားလေသည်။ သူမသည် မုန့်ဝမ်၏ လှည့်စားခြင်းကို နောက်တစ်ကြိမ် ခံလိုက်ရပြန်ချေပြီ။ သူမ သတိထားနေခဲ့သည့်ကြားမှ မုန့်ဝမ် ဖန်တီးလိုက်သော 'သွေးရိပ်လက်ဝါး' မှာ အစစ်အမှန်နှင့် အလွန်တူနေသောကြောင့် ဖြစ်လေသည်။

ထိုသို့ ခေတ္တမျှ ကြန့်ကြာသွားချိန်တွင် မုန့်ဝမ်မှာ သူမနှင့် အလွန်နီးကပ်နေပြီ ဖြစ်သဖြင့် သူမ၏ ရှေ့မှောက်သို့ ရောက်ရှိလာတော့မည် ဖြစ်ချေ၏။ မုန့်ချင်းရွှယ်၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားလေသည်။ သူမသည် မုန့်ဝမ်နှင့် အချိန်ဆွဲမနေတော့ဘဲ ကောင်းကင်ယံသို့ ပျံတက်လိုက်လေပေ၏။

သူမသည် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူဖြစ်သဖြင့် ကောင်းကင်ယံမှာ သူမ၏ နယ်မြေပင် ဖြစ်ချေသည်။ အထက်သို့ ရောက်သွားသည်နှင့် သူမသည် အားသာချက်အားလုံးကို ရရှိမည်ဖြစ်ပြီး မုန့်ဝမ်မှာမူ သူမ၏ တိုက်ခိုက်မှုများကို အောက်မှနေ၍ ပိုးကောင်တစ်ကောင်ကဲ့သို့ ရှောင်တိမ်းနေရုံသာ ရှိတော့ပေလိမ့်မည်။

သို့သော် မုန့်ချင်းရွှယ် မြေပြင်မှ အရှိန်ယူကာ ပျံတက်တော့မည့်အချိန်မှာပင် မုန့်ဝမ်၏ လက်ထဲ၌ လေးနှင့် မြားမှာ မည်သည့်အချိန်က ပေါ်လာသည်မသိ ရှိနေလေပြီ။ သူမသည် 'ရွှေမီးလုံး' ကို မြှားထိပ်ဖူးတွင်တပ်၍ အရှိန်အဟုန်ဖြင့် ပစ်လွှတ်လိုက်ရာ မုန့်ချင်းရွှယ်၏ အထက်ပိုင်းဆီသို့ ဦးတည်သွားလေပေ၏။

“ဒုန်း... ဒုန်း... ဒုန်း... ဒုန်း”

ပေါက်ကွဲမှု လေးကြိမ် ဖြစ်ပွားပြီးနောက် မုန့်ချင်းရွှယ်၏ ပုံရိပ်မှာ မြေပြင်သို့ ပြန်လည်ကျဆင်းသွားခဲ့ရလေသည်။ သူမ၏ ဆံပင်များမှာ ဖရိုဖရဲ ဖြစ်နေပြီး သူမ၏ မျက်လုံးများမှာလည်း မုန့်ဝမ်ကို ဝါးစားမတတ် ဒေါသများ ထွက်နေချေ၏။

ဂုဏ်သိက္ခာရှိသော အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သည့် သူမကို အခြေခံစွမ်းအင်အဆင့် ကျင့်ကြံသူလေးက ဤမျှအထိ တွန်းပို့နိုင်လိမ့်မည်ဟု သူမ တစ်ခါမျှ မတွေးခဲ့ဖူးချေ။

“မုန့်ဝမ်... နင်ကတော့ သေဖို့ပဲ ထိုက်တန်တယ်။ နင့်ကို အစအန မကျန်အောင် ငါ ဖျက်ဆီးပစ်မယ်”

မုန့်ချင်းရွှယ်၏ လေသံမှာ ပြတ်သားလှပေ၏။ မူလက သူမသည် မုန့်ဝမ်ကို အရှင်ဖမ်းရန် ရည်ရွယ်ခဲ့သော်လည်း ယခုမူ သူမကို သတ်ပစ်ရန်သာ ဆုံးဖြတ်လိုက်လေတော့သည်။

“လေပြင်းကျင့်စဉ် - တိမ်တိုက်လွင့် လေဝဲ ...”

မုန့်ချင်းရွှယ်၏ စကားအဆုံးတွင် သူမ၏ ပတ်ဝန်းကျင်၌ ပြင်းထန်သော လေဝဲကြီးတစ်ခု ဖြစ်ပေါ်လာပြီး အရှိန်အဟုန်ဖြင့် လည်ပတ်နေလေပေ၏။ ထို့နောက် ထိုလေဝဲအတွင်းမှ မရေမတွက်နိုင်သော လေဓားများနှင့် လေကျည်ဆန်များမှာ မုန့်ဝမ်ဆီသို့ အဆက်မပြတ် ပစ်လွှတ်လိုက်လေတော့သည်။

ထိုကဲ့သို့ ထူထပ်လှသော တိုက်ခိုက်မှုများကို မုန့်ဝမ်သည် တိုက်ရိုက်ခုခံရန် မဝံ့ရဲချေ။ သူမသည် မြေပြင်ပေါ်တွင် လျင်မြန်စွာ လိမ့်ကာ လေဓားများ၏ လိုက်လံတိုက်ခိုက်မှုကို ရှောင်တိမ်းနေရလေပေသည်။ သို့သော် အချို့သော တိုက်ခိုက်မှုများမှာ သူမ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့ချေ၏။

မုန့်ဝမ်၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာ ငါးခု ခြောက်ခုခန့် ချက်ချင်းပေါ်လာပြီး သွေးများလည်း များစွာထွက်နေသဖြင့် သနားစရာကောင်းသော အခြေအနေသို့ ရောက်ရှိနေလေပေသည်။ သို့သော် သူမသည် ဒဏ်ရာများကို ဂရုမစိုက်ဘဲ လေဓားများကိုသာ အစွမ်းကုန် ရှောင်တိမ်းနေလေပေ၏။

“ဟင်း... ပုရွက်ဆိတ်ဆိုတာ ပုရွက်ဆိတ်ပါပဲ။ ခန္ဓာကိုယ်သန့်စင်တဲ့ ကျင့်စဉ်ကို သုံးပြီး အခြေခံတည်ဆောက်ခြင်းအဆင့်ရဲ့ အစပ်အနားကို ရောက်နေရင်တောင် နင်က သာမန်ထက် နည်းနည်းပိုသန်မာတဲ့ ပုရွက်ဆိတ်တစ်ကောင်ထက် မပိုပါဘူး”

မုန့်ချင်းရွှယ်သည် မုန့်ဝမ်ကို တည်ငြိမ်အေးစက်သော မျက်လုံးများဖြင့် ကြည့်လိုက်လေပေ၏။

“ပိုသန်မာတဲ့ ပုရွက်ဆိတ်တစ်ကောင်လား........... ဖြစ်နိုင်ပါတယ်”

မုန့်ဝမ်သည် ရုတ်တရက် ခေါင်းလှည့်ကာ သူမကို ပြုံးပြလိုက်လေသည်။ ထို့နောက် သူမ၏ ပုံရိပ်မှာ လှိုင်းတစ်ခုကဲ့သို့ ဝေဝါးသွားပြီး မူလနေရာမှ ပျောက်ကွယ်သွားလေပေ၏။

“ဝိညာဉ်ရိပ် ရွှေ့ပြောင်းခြင်း လား...........”

မုန့်ချင်းရွှယ်၏ နှုတ်ခမ်းတွင် လှောင်ပြုံးတစ်ခု ပေါ်လာချေ၏။ “ဒါက မုန့်မိသားစုရဲ့ ကျင့်စဉ်ဆိုတာကို မမေ့ပါနဲ့။ နင့်မှာ ရှိသမျှ ဝိညာဉ်စွမ်းအင်တွေ ကုန်သွားရင်တောင် ဒီလေပြင်းကျင့်စဉ်ရဲ့ ပိတ်ဆို့မှုကို နင် ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး”

“ဟုတ်လို့လား............”

မုန့်ဝမ်၏ အသံမှာ မုန့်ချင်းရွှယ်၏ နောက်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာချေ၏။ သူမ၏ ညာလက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး သွေးရောင်ဝိညာဉ်စွမ်းအင်များ ရစ်ပတ်လျက် မုန့်ချင်းရွှယ်၏ ဦးခေါင်းနောက်စေ့သို့ ပြင်းထန်စွာ ထိုးနှက်လိုက်လေပေသတည်း။

မုန့်ချင်းရွှယ်၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားလေသည်။ မုန့်ဝမ်သည် လေပြင်းကျင့်စဉ်၏ ပိတ်ဆို့မှုကို ကျော်ဖြတ်ပြီး သူမ၏ နောက်ဘက်သို့ ဘယ်လိုနည်းဖြင့် အသံတိတ် ရောက်ရှိလာခဲ့သည်ကို မသိပေ။ သို့သော် အန္တရာယ်မှာ လက်တစ်ကမ်းတွင် ရှိနေသဖြင့် သူမ စဉ်းစားရန် အချိန်မရတော့ချေ။

ယခုအချိန်တွင် လေဒိုင်း သို့မဟုတ် အခြားသော အကာအကွယ်ကျင့်စဉ်များကို အသက်သွင်းရန်မှာ နောက်ကျသွားခဲ့ပြီ ဖြစ်ချေ၏။ မုန့်ချင်းရွှယ်သည် သူမ၏ ဦးခေါင်းကို ဝိညာဉ်စွမ်းအင်ဖြင့် အမြန်ဆုံး အုပ်မိုးလိုက်ပြီး ရှောင်တိမ်းရန် ကြိုးစားလိုက်လေပေသည်။

“ဒုန်း.......”

ထိုဝိညာဉ်စွမ်းအင် အကာအကွယ်ကြားမှပင် မုန့်ဝမ်၏ လက်သီးမှာ မုန့်ချင်းရွှယ်၏ ဦးခေါင်းနောက်စေ့သို့ တည့်တည့်မတ်မတ် ကျရောက်သွားလေပေတော့သတည်း

All Chapters