သောက်တော်ရေခွက် တိုက်ပွဲ
Vol. 15 Ch. 201
“အန်လင်း၊ လျှိုချင်ဟွမ်၊ အာသာ တို့ သုတ်သင်ခံလိုက်ရပြီ ဖြစ်ပါတယ်။ ရမှတ် ၃ မှတ်”
ဗာနက်ဆာ၏ ကြေညာသံ ထွက်ပေါ်လာသည်။ သနားစဖွယ် အာသာလေးသည် ဆေးဖော်စပ်နိုင် ခဲ့သော်လည်း အဆိပ်မဖြေနိုင်ခဲ့ချေ။ ထို့ကြောင့် အန်လင်း၊ လျှိုချင်ဟွမ်တို့နှင့်အတူ ထုတ်ပယ်ခြင်း ခံလိုက်ရလေသည်။
ရင်ပြင်ရှိ ကျောင်းသားများသည် ကောင်းကင်ဘုံ ပိုင်နက်မှ ထုတ်ပယ်ခံလိုက်ရသူ နှစ်ဦးကြောင့် အတော်လေး မချိတင်ကဲ ဖြစ်မိကြသည်။
ဆေးလုံးနှင့် ဆေးရည်များအကြောင်း သင်ကြားပြသပေးသည့် ဆရာမှာလည်း ရှက်လွန်းသဖြင့် မျက်နှာ ကွယ်ထားမိသည်။
အန်လင်းနှင့် လျှိုချင်ဟွမ်တို့ ပြန်ရောက်လာသည့် အခါတွင် ဆိုးဝါးသည့် အခြေအနေမှာ ချက်ချင်းဆိုသလို ပြန်လည် သက်သာလာလေသည်။
“ဖွီး ... အမလေး သေတော့မလို့။ ကျွန်တော်တော့ အဆိပ်မိပြီး သေပြီပဲလို့ ခံစားနေရတယ်”
အန်လင်းမှာ ကြောက်ရွံ့သည့်ဟန်ဖြင့် ပြောလာသည်။
“ဟုတ်ပါ့ဟယ်။ အဆိပ်မိတာ တကယ်ကြီး ဆိုးဝါးလွန်းတယ်။ စိတ်အားငယ်မှုနဲ့ စိတ်ပျက်မှုက ငါ့ကို တကယ်ကြီး မျှော်လင့်ချက် မဲ့သွားစေတာ။ အခုကစပြီးတော့ ဆေးလုံးနဲ့ ဆေးရည် ဘာသာရပ်မှာ ကြိုးစားပြီပဲ”
လျှိုချင်ဟွမ်သည် သူမ၏ လက်သီးများကို တင်းတင်းဆုပ်ကာဖြင့် ဆုံးဖြတ်ချက် ပြတ်သားစွာ ပြောလေသည်။
သူတို့နှစ်ဦးစလုံး ထုတ်ပယ်ခံလိုက်ရ သော်လည်း စီနီယာ ဝမ် တစ်ယောက်လုံး ကျန်နေသေးသည့်အတွက် ရှုံးပြီဟု မဆိုနိုင်ချေ။
အန်လင်းသည် ဖန်သားပြင်အား ကြည့်လိုက်သည့် အခါတွင် နယ်မြေ ၅ အတွင်းသို့ ဝင်ရောက်ပြီးဖြစ်သည့် ကျန်ရှိနေသေးသည့် ပြိုင်ပွဲဝင်များအား တွေ့လိုက်ရသည်။
နယ်မြေ ၅ သည် အင်မော်တယ်တစ်ဦး၏ အပျက်အစီး ပုံဖြစ်သည်။ ထိုနယ်မြေအတွင်း၌ လည့်လည်သွားလာ နေကြသော ကြောက်မက်ဖွယ်ရာ ကြမ်းကြုတ် ရက်စက်သည့် သားရဲများစွာနှင့် များပြားလှစွာသော ထောင်ချောက်များ ရှိလေသည်။
ဝမ်ရွှမ်ကျန့်၏ အားကောင်းလှသော တိုက်ခိုက်စွမ်းရည်အား လျင်မြန်စွာ တုံ့ပြန်နိုင်စွမ်းနှင့် ပေါင်းစပ်လိုက်သည့် အခါတွင် ဤသည်မှာ ပြဿနာတစ်ရပ် မဟုတ်တော့ပေ။
သို့သော်လည်း ထိုနယ်မြေတွင် ရှယ်လီ၊ ချင်ရှင်းနှင့် ချင်ကျစ်တို့ ထုတ်ပယ် ခံလိုက်ရသည်။
ဟွမ်ရှန့်နှင့် တုန်ယန်တို့သည် မျှော်မှန်းထားသလိုပင် ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့ကြပြီး အန္တရာယ်နှင့် ပတ်သက်၍ သဘာဝအလျှောက် တုံ့ပြန်နိုင်စွမ်းကြောင့် ဘေးအန္တရာယ် မကျရောက်မီမှာပင် ကာကွယ်နိုင်ခဲ့ကြသည်။
နယ်မြေ ၆ သို့ ရောက်သည့်အခါတွင် ဟွမ်ရှန့်၊ တုန်ယန်၊ ဝမ်ရွှမ်ကျန့်နှင့် ဩဂတ်စ်တို့သာလျှင် ကျန်ရှိတော့သည်။
ကျယ်ပြန့်သည့် ကျတ်တီးမြေတွင် မိစ္ဆာများ ကျင်လည်ကျက်စား နေကြသည်။
ရုတ်တရက်ဆိုသလိုပင် ထိုနေရာသို့ အပြင်လူ ၄ ဦး ရောက်ရှိလာသည်။
ချက်ချင်းဆိုသလိုပင် မိစ္ဆာသားရဲများသည် အားကောင်းသည့် အော်ရာများ ထုတ်ဖော်လျက်ရှိသည့် သက်ရှိလူသား လေးဦးအား လှည့်ကြည့်လာကြကာ အစွယ်များမှ သွားရည်တများများ ကျနေကြလေသည်။
တစ်ချိန်တည်း နီးပါးမှာပင် မိစ္ဆာသားရဲအုပ်သည် ထိုလူလေးဦးထံ ပြေးဝင်လာကြသည်။
ဟွမ်ရှန့်၊ တုန်ယန်၊ ဝမ်ရွှမ်ကျန့်နှင့် ဩဂတ်စ်တို့သည် တတ်နိုင်သမျှ အစွမ်းကုန် ပြေးကြလေသည်။
ဤသည်မှာ ရှင်သန်နိုင်စွမ်းကို စစ်ဆေးခြင်းဖြစ်သည်။
ဤနယ်မြေ၏ မည်သည့် နေရာတွင်မဆို မိစ္ဆာသားရဲများ ရှိလေသည်။ ယင်းတို့ထဲမှ အချို့သည် သန်မာအားကောင်း ကြသည်။ အစွမ်းထက်ခြင်း မရှိကြလျှင်ပင် သူတို့ အမဲလိုက်နေကြသည့် ပြိုင်ပွဲဝင် ကိုယ်စားလှယ်များထက် ပိုမိုသန်မာကြသည်။ သူတို့အားလုံးတွင် တူညီသည့်ပန်းတိုင် တစ်ခုတည်း ဖြစ်ကြပြီး ယင်းမှာ ပြင်ပမှ ရောက်ရှိလာကြ သူများအား ဖမ်းဆီးသတ်ဖြတ်ရန် ဖြစ်သည်။
ကျန်ရှိနေကြသည့် ပြိုင်ပွဲဝင်များသည် ကမ္ဘာကြီး တစ်ခုလုံးနှင့် ရင်ဆိုင်တိုက်ခိုက် နေရသလို ခံစားနေရသည်။
***
တုန်ယန်သည် မိစ္ဆာနဂါးတစ်ကောင်၏ ဝါးမျိုခြင်း ခံလိုက်ရသည်။ ဩဂတ်စ်သည် အမှောင်မိစ္ဆာအုပ်၏ အောက်တွင် ဖိနှိပ်ခြင်းခံလိုက်ရသည်။ ဝမ်ရွှမ်ကျန့်မှာမူ မိုးကြိုးမိစ္ဆာ သိန်းငှက်အုပ်၏ လျှပ်စီးများဖြင့် ပစ်ခတ်ခံလိုက်ရသဖြင့် ပေါက်ကွဲကာ သေဆုံးသွားရလေသည်။
အဆုံးတွင် လျှပ်စီးကဲ့သို့ လျင်မြန်စွာ ရွေ့လျားသွားလာနေသည့် ဟွမ်ရှန့် တစ်ဦးတည်းသာလျှင် ၁၀ မိနစ် ပြည့်သည့်တိုင်အောင် ရှင်သန်နိုင်ခဲ့သည့်အတွက် နယ်မြေ ၆ အား ဖြတ်ကျော်နိုင်ခဲ့သည်။
လျှိုချင်ဟွမ်နှင့် အန်လင်းတို့သည် ဝမ်ရွှမ်ကျန့် ထုတ်ပယ်ခံရခြင်းကြောင့် စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်း ချလိုက်ကြသည်။ ဤပွဲစဉ်တွင် သူတို့သည် စုစုပေါင်း ၁၁ မှတ်သာလျှင် ရရှိခဲ့ကြသည်။
ဟွမ်ရှန့်သည် နယ်မြေ ၇ သို့ ပို့ဆောင်ခြင်းခံလိုက်ရပြီး ထိုနယ်မြေတွင် ကောင်းကင်၌ ကြီးမားသည့် တွင်းပေါက်တစ်ခု ရှိလေသည်။ မည်သို့မျှပင် တုံ့ပြန်ခွင့်မရလိုက်ဘဲ သူ၏ခန္ဓာကိုယ်မှာ လေပြင်းများကြောင့် အပိုင်းပိုင်း ပြတ်ထွက်သွားလေသည်။
ကြောက်ဖို့ကောင်းရ လောက်အောင် ခက်ခဲသည့် ဘေးအန္တရာယ်နယ်မြေ စမ်းသပ်ချက်များ အဆုံးသတ်သွားပြီ ဖြစ်သည်။
ရှင်သန်နိုင်စွမ်း ပွဲစဉ်တွင် ဗုဒ္ဓလောကသည် ၁၀မှတ်၊ ဧဒင်ဥယျာဉ်နှင့် ဖန်တီးခြင်း ခန်းမတို့သည် ၁၂ မှတ်၊ ကောင်းကင်ဘုံပိုင်နက်သည် ၁၁ မှတ် အသီးသီး ရရှိကြလေသည်။
နောက်ဆုံးပွဲစဉ်ဖြစ်သည့် တိုက်ခိုက်သိမ်းပိုက်* ပွဲစဉ် မစတင်မီတွင် အန်လင်းသည် အင်အားကြီး လေးရပ်၏ စုစုပေါင်း ရမှတ်များအား တွက်ချက်ကြည့် လိုက်သည်။ (ပြီးခဲ့တဲ့ စာစဉ် ၁၄ မှာတုန်းက * ပြထားတဲ့ဟာကို Seize လို့ပဲ ရေးထားခဲ့ပါတယ်။ အခုကစပြီး တိုက်ခိုက်သိမ်းပိုက်လို့ ရေးတော့မယ်နော်_)
ဗုဒ္ဓလောကသည် ၇၀.၁ မှတ်၊ ဧဒင်ဥယျာဉ်သည် ၇၃.၂ မှတ်၊ ဖန်တီးခြင်းခန်းမသည် ၇၀.၂ မှတ် နှင့် ကောင်းကင်ဘုံ ပိုင်နက်သည် ၇၂.၇ မှတ် တို့ဖြစ်ကြသည်။
အမှတ်ကွာခြားချက်မှာ ကြီးမားခြင်းမရှိချေ။ အန်လင်းအနေဖြင့် လွန်စွာအံ့ဩမိသည်မှာ ဖန်တီးခြင်းခန်းမသည် နောက်ဆုံးနေရာ၌ ရှိမနေခြင်းကြောင့် ဖြစ်သည်။
နောက်ဆုံးပွဲစဉ်မှာ တာအိုဖလှယ်ခြင်း ညီလာခံတွင် အနိုင်ရရှိမည့်သူအား အဆုံးအဖြတ်ပေးမည့် ပွဲစဉ်လည်းဖြစ်သည်။
ဒု-ကျောင်းအုပ် ယူဟွာသည် စင်ပေါ်သို့တက်ကာ တိုက်ခိုက်သိမ်းပိုက် ပွဲစဉ်၏ စည်းမျဉ်းများအား ကြေညာသည်။
“နောက်ဆုံးပွဲစဉ်ကို သောက်တော်ရေခွက် တိုက်ပွဲလို့ ခေါ်ကြတယ်။ သောက်တော်ရေခွက် ကိုးခုကို ကျုံးလုံတောင်တန်းမှာ တကွဲတပြားစီ ထားထားတယ်။ အဲဒီထဲမှာ သံနဲ့လုပ်ထားတာ ၅ ခွက်၊ ငွေနဲ့လုပ်ထားတာ ၃ ခွက်နဲ့ ရွှေနဲ့လုပ်ထားတာက ၁ ခွက် ရှိတယ်”
“ပြိုင်ပွဲဝင်တွေက ကျုံးလုံတောင်တန်းကို ဝင်ရောက်ပြီး သောက်တော်ရေခွက်တွေ အတွက် တိုက်ခိုက်ရမယ်”
“သံသောက်တော်ရေခွက် တစ်ခွက်ကို ၁ မှတ်၊ ငွေသောက်တော်ရေခွက် တစ်ခွက်ကို ၂ မှတ်၊ ရွှေသောက်တော်ရေခွက် တစ်ခွက်ကို ၅ မှတ် ရရှိပါမယ်။ ဒီပွဲစဉ်မှာတော့ ပြိုင်ပွဲဝင်တွေအကြား တိုက်ခိုက်မှုကို ခွင့်ပြုထားတယ်။ ဒါပေမဲ့လည်း ရှုံးနိမ့်ခြင်း သက်သေခံ ကတ်ပြား အသက်ဝင်လာတဲ့ ပြိုင်ပွဲဝင်တွေကတော့ ထုတ်ပယ်ခြင်း ခံရပါမယ်”
ဒု-ကျောင်းအုပ် ယူဟွာသည် စကားပြောနေရင်းနှင့် လက်ဝှေ့ယမ်း လိုက်သည့်အခါ ပြိုင်ပွဲဝင်များ၏ ခန္ဓာကိုယ်တွင် ရှုံးနိမ့်ခြင်း သက်သေခံကတ်ပြားများ ပေါ်လာလေသည်။
အန်လင်းသည် ထိုရင်းနှီးနေသည့် ရှုံးနိမ့်ခြင်သက်သေခံ ကတ်ပြားအား မြင်လိုက်ရသည့် အခါတွင် သက်ပြင်းချမိလိုက်သည်။
ဤပွဲစဉ်တွင် လူမဆန်သည့် တိုက်ခိုက်မှုများအား ရှောင်လွှဲမရနိုင်ဘဲ ကြုံတွေ့ရပေတော့မည်။
စင်ပေါ်တွင် အဖြူရောင် တည်နေရာရွှေ့ပြောင်း ပို့ဆောင်ရေးဝင်္ကပါ ပေါ်လာပြီး ပြိုင်ပွဲဝင်အားလုံး ဝင်ရောက်လိုက်ကြသည်။
ရင်ပြင်ရှိ သောင်းနှင့်ချီသည့် ကျောင်းသား များစွာတို့သည် သက်ဆိုင်ရာ အသင်းအဖွဲ့များအား အစွမ်းကုန်အားပေးလျက် ရှိကြသည်။
ဤသည်မှာ နောက်ဆုံးပွဲစဉ်ဖြစ်ပြီး အနိုင်ရရှိမည့် အဖွဲ့အား အဆုံးအဖြတ်ပေးမည့် ပွဲစဉ်လည်းဖြစ်သည်။ လူတိုင်းသည် လွန်စွာတက်ကြွလျက်ရှိပြီး အလွန်အကျူး အားပေးမှုများသည် ကောင်းကင်သို့တိုင်အောင် ညံလျက်ရှိသည်။
အဖြူရောင်အလင်း လက်လာပြီးနောက် ပြိုင်ပွဲဝင် ကိုယ်စားလှယ် ၁၂ ဦးသည် ကျုံးလုံတောင်တန်းများသို့ ပို့ဆောင်ခြင်း ခံလိုက်ရလေသည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်ပြာရင်ပြင်ရှိ ကြီးမားလှသည့် ဖန်သားပြင်ထက်တွင် ပြိုင်ပွဲဝင် ၁၂ ဦး၏ ပုံရိပ်များကို ပြသနေလေသည်။
မူးဝေနေရာမှ ပြန်လည်သက်သာလာပြီး နောက်တွင် အန်လင်းသည် မျက်လုံးများ ဖွင့်လိုက်သည်။ ထို့နောက်တွင် ကျယ်ပြောလှသည့် တောင်တန်းများသည် သူ့အား ဆီးကြိုနှုတ်ဆက် နေသည်ကို မြင်တွေ့လိုက်ရသည်။ ချက်ချင်းဆိုသလို ပတ်ပတ်လည်အား ကြည့်လိုက်သည့်အခါတွင် လျှိုချင်ဟွမ်နှင့် ဝမ်ရွှမ်ကျန့်တို့သည် သူ၏ဘေးတွင် ရှိနေကြဆဲဖြစ်ပြီး အခြားသော အင်အားကြီး သုံးရပ်မှ ကိုယ်စားလှယ်များကိုမူ မတွေ့ရချေ။
စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်း ချလိုက်မိသည်။ အနည်းဆုံးတော့ များမကြာမီတွင် တိုက်ပွဲဖြစ်ပွားမည့် အခြေအနေမှ ရှောင်လွှဲနိုင်သေးသည် မဟုတ်ပါလား။
“တခြားအဖွဲ့တွေနဲ့ တိုက်ခိုက်နိုင်ဖို့ ငါတို့အတူတူ ရှိနေသင့်တယ်လို့ ထင်တယ်”
ဝမ်ရွှမ်ကျန့်မှ အဆိုပြုလေသည်။
အန်လင်းသည်လည်း ခေါင်းညိတ်ထောက်ခံ လိုက်သည်။ တိုက်ခိုက်ဖို့ရန် ခွင့်ပြုထားသည့်အတွက် သောက်တော် ရေခွက်များအား ရှာဖွေခြင်းမပြုမီ အခြားသူများအား တိုက်ခိုက်ဖယ်ထုတ် နိုင်သည်ဟူသော အဓိပ္ပာယ်ပင် ဖြစ်သည်။ ဤသို့သော အချိန်တွင် လူခွဲသွားမည်ဆိုပါက ပြဿနာအား လက်ယပ်ဖိတ်ခေါ်ခြင်းနှင့် ခြားမည်မဟုတ်ပေ။
“ဟေ့လူတွေ ကြည့်ပါဦး။ ဟိုမှာ အဖြူရောင်ဘုံကျောင်း တစ်ခု ရှိနေတယ်။ အဲဒီမှာ သောက်တော်ရေခွက် ရှိနေနိုင်လား”
လျှိုချင်ဟွမ်သည် အရှေ့အရပ်ရှိ တောင်တစ်လုံးအား ညွှန်ပြကာဖြင့် ပြောလေသည်။
အန်လင်းနှင့် ဝမ်ရွှမ်ကျန့်တို့သည်လည်း လျှိုချင်ဟွမ် ညွှန်ပြသည့်နေရာသို့ ကြည့်လိုက်သည့်အခါ နှစ်ကီလိုမီတာမှ သုံးကီလိုမီတာမျှ ရှိမည့် နေရာတွင် အဖြူရောင်ဘုံကျောင်း တစ်ခု အမှန်တကယ် ရှိနေပြီး နေရောင်အောက်တွင် အဖြူရောင်အလင်းများ ထွက်ပေါ်နေလေသည်။
“အဲလိုနေရာမျိုးမှာ ဘုံကျောင်းရှိနေတယ် ဆိုတော့ သေချာပေါက် ထောင်ချောက်လို့ ခံစားမိနေတယ်”
ဝမ်ရွှမ်ကျန့်သည် ထိုဘုံကျောင်းအား မျက်မှောင်ကြုတ်ကာဖြင့် ကြည့်လိုက်သည်။
“ကောင်းပြီ။ ဦးတည်ရာမဲ့ လျှောက်သွားနေမဲ့အစား နေရာတစ်ခုခုကို သတ်မှတ်လိုက်တာက ပိုကောင်းပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီနေရာကို သွားကြည့်ကြတာပေါ့”
အန်လင်း ပြောလေသည်။ ထောင်ချောက် ဖြစ်နေလျှင်ပင် သူတို့၏ အင်အားနှင့်ဆိုလျှင် လွတ်မြောက်နိုင်သေးသည် မဟုတ်ပါလား။
လျှိုချင်ဟွမ်သည် လက်တွေလေပေါ်မြှောက်လိုက်ပြီးနောက် …
“သဘောတူပါတယ်”
ဤသို့ဖြင့် နှစ်မဲ တစ်မဲဖြင့် အသာရကာ သူတို့ သုံးဦးသည် အဖြူရောင်ဘုံကျောင်း ရှိရာသို့ လျှောက်လှမ်းသွား ကြလေသည်။
သွားနေစဉ်တွင် မြေပြင်သည် ရုတ်တရက်ဆိုသလို ပြင်းထန်စွာ တုန်ခါလာသည်။
“သတိထား”
ဝမ်ရွှမ်ကျန့်သည် သူ၏လှံရှည်အား ဆွဲထုတ်လိုက်ပြီးနောက် ပတ်ပတ်လည်အား သေချာစွာ စစ်ဆေးကြည့် လိုက်သည်။
အန်လင်းသည်လည်း သူတို့အရှေ့တွင် ရှိနေသည့် မွန်းကျပ်ဖွယ်ရာ တည်ရှိမှုအား အာရုံခံမိသည့်အတွက် သူ၏ခန္ဓာကိုယ် တစ်ခုလုံးမှာ မျှော်လင့်မှုတို့ ပြည့်နေလေသည်။
“ဝေါင်း”
ချွန်ထက်သည့် ဆူးချွန်များ ဖုံးအုပ်ထားသော ကြီးမားလှသည့် ရွှေရောင်ကျားကြီးသည် တောအုပ်ထဲမှ ခုန်ထွက်လာပြီးနောက် ဝမ်ရွှမ်ကျန့်ထံသို့ လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် ထက်မြိနေသည့် ဓားတစ်လက်သဖွယ် ရောက်ရှိလာလေသည်။
သုံးဦးစလုံးမှာလည်း ကြီးမားလှသည့် ကျားကြီးအား မြင်လိုက်ရသဖြင့် အလွန်တုန်လှုပ်လျက် ရှိကြသည်။
ကြမ်းကြုတ်လှသည့် ကျားကြီးအား မတုံ့ပြန်နိုင်ခင်မှာပင် ကျား၏ ဦးခေါင်းထက်တွင် သရဖူတစ်ခုအား မြင်လိုက်ရသည်။ အဆိုပါ သရဖူအား ပုံဖော်ထားသည်မှာ သံသောက်တော် ရေခွက်နှင့် တူလှသည်။
ကြီးမားလှသော ရွှေကျားကြီးသည် သူတို့ထံ သောက်တော်ရေခွက် ပို့ဆက်လာခြင်းပင်။
***