မှောင်ခိုဈေး
Vol. 6 Ch. 56
“တကယ်ပါ... တကယ်ပြောတာပါ.......”
မုန့်ချင်းရွှယ်သည် အသက်ရှင်သန်ခွင့် မျှော်လင့်ချက်ကလေးတစ်ခုကို မြင်လိုက်ရချေ၏။ သူမသည် ဝိညာဉ်အာရုံ၏ နာကျင်မှုကို အံတုရင်း မုန့်ဝမ် ကို ဆက်လက်အသနားခံတော့သည်။
“ငါ ကောင်းကင်ဘုံကို တိုင်တည်ပြီး ကျိန်ဆိုဝံ့ပါတယ်။ အကယ်၍ ငါ ဒီကတိကို ဖောက်ဖျက်ခဲ့ရင် ဒီလောကကြီးက ငါ့ကို မိုးကြိုးပစ်ပါစေလို့ ကျိန်ဆိုပါတယ်”
“ငါ စဉ်းစားကြည့်ပါဦးမယ်”
စဉ်းစားကြည့်မည်ဟု ပြောလိုက်သော်လည်း မုန့်ဝမ်သည် မုန့်ချင်းရွှယ်၏ သွေးအဆီအနှစ်များကို သန့်စင်သည့် လုပ်ငန်းစဉ်ကိုသာ ပိုမိုမြန်ဆန်အောင် ပြုလုပ်လိုက်လေပေ၏။ မုန့်ဝမ်သည် သူမကို သတ်ပစ်ရန် အမှန်တကယ်ပင် အနည်းငယ် နှမြောတသ ဖြစ်မိပေ၏။
မုန့်ချင်းရွှယ်သည် အခြေခံတည်ဆောက်ခြင်းအဆင့်ပထမအဆင့်မှာသာ ရှိသေးသော်လည်း သူမသည် စစ်မှန်သော အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ချေ၏။ သူမ၏ သွေးများကို သန့်စင်ခြင်းမှာ မည်သည့် သွေးစွမ်းအင်ဆေးလုံး သို့မဟုတ် မိစ္ဆာသားရဲအလောင်းထက်မဆို ပိုမိုထိရောက်လှပေသည်။
မုန့်ဝမ်၏ ပိန်ချောင်နေသော ခန္ဓာကိုယ်မှာ မျက်ဝါးထင်ထင်ပင် ပြန်လည်ပြည့်ဖြိုးလာသည်ကို မြင်တွေ့ရလေပေသတည်း။
“မုန့်ဝမ်... နင် ဆုံးဖြတ်ပြီးပြီလား.........”
မုန့်ဝမ်က မုန့်ချင်းရွှယ်၏ သွေးများကို စုပ်ယူ၍ ပြန်လည်နာလန်ထူနေစဉ် အလွန်အမင်း အားနည်းနေပြီဖြစ်သော မုန့်ချင်းရွှယ်မှာ ပို၍ပင် မောဟိုက်လာချေ၏။ သေမင်း၏ အငွေ့အသက်ကို လက်တွေ့ကျကျ ခံစားနေရသဖြင့် သူမ၏ စိတ်ထဲတွင် ထိတ်လန့်မှုများ လွှမ်းမိုးလာလေတော့သည်။
သူမသည် မိသားစု၏ ပါရမီရှင်တစ်ဦးဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်နှင့် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိခဲ့ကာ ရှည်လျားသော သက်တမ်းနှင့် တောက်ပသော အနာဂတ် ရှိနေသူ ဖြစ်ချေ၏။ သူမ အမှန်တကယ်ပင် မသေချင်သေးပေ။
“ငါ ဆုံးဖြတ်ပြီးပြီ”
မုန့်ဝမ်သည် ကျင့်စဉ်လည်ပတ်မှုကို နောက်ဆုံးတွင် ရပ်တန့်လိုက်လေသည်။ ယခုတစ်ကြိမ် ပြန်လည်နာလန်ထူမှုကြောင့် သူမ ဆုံးဖြတ်ခဲ့သော သွေးပမာဏ၏ ဆယ်ပုံသုံးပုံခန့်မှာ ပြန်လည်ပြည့်ဝလာခဲ့ပြီဖြစ်ချေ၏။
“နင့်ကို ဒီအတိုင်း သတ်ပစ်ရတာ အနည်းငယ် နှမြောဖို့ကောင်းပေမဲ့ ငါ နင့်ကို မယုံဘူး။ ဒါကြောင့် နင့်ကို သေမင်းဆီပဲ ပို့လိုက်ရတော့မယ်”
ထိုသို့ပြောပြီးနောက် မုန့်ချင်းရွှယ်၏ ကြောက်လန့်တုန်လှုပ်နေသော အကြည့်များအောက်မှာပင် မုန့်ဝမ်သည် သူမ၏ နောက်ဆုံးကျန်ရှိနေသော ဝိညာဉ်အာရုံကို ဖျက်ဆီးပစ်လိုက်လေပေတော့သတည်း။ အသက်ရှင်နေသော အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများမှာ ထိန်းချုပ်ရန် အလွန်ခက်ခဲလှပေ၏။ သေပြီးသားလူများကသာ ပို၍ စိတ်ချရပေသည်။
မုန့်ချင်းရွှယ် သေဆုံးပြီးနောက် သူမ၏ သိုလှောင်လက်စွပ်မှာ မုန့်ဝမ်၏ လက်ထဲသို့ ရောက်ရှိလာချေ၏။ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းခါစ ဖြစ်သဖြင့် မုန့်ချင်းရွှယ်မှာ အခြားသူများနှင့် နှိုင်းယှဉ်လျှင် ဆင်းရဲသည်ဟု ဆိုနိုင်သော်လည်း သူမတွင် ဝိညာဉ်ကျောက်တုံး နှစ်သောင်းကျော်နှင့် အမျိုးမျိုးသော ဆေးလုံးများ၊ ကုန်ကြမ်းပစ္စည်းများ ရှိနေသေးပေသည်။
မုန့်ဝမ်သည် ဆေးလုံးများကို ယူ၍ တစ်ခုချင်းစီ စစ်ဆေးကြည့်ရာတွင် ဝိညာဉ်အာရုံကို တည်ငြိမ်စေသော အစွမ်းရှိသည့် ဆေးလုံးတစ်ပုလင်းကိုပင် တွေ့ရှိလိုက်ရလေသည်။ သို့သော် ခုနက အခြေအနေတွင် မုန့်ချင်းရွှယ်မှာ ထိုဆေးလုံးကို သုံးစွဲရန် အခွင့်အရေး မရခဲ့သလို သူမ၏ ဝိညာဉ်အာရုံမှာလည်း ဆေးတစ်ပုလင်းတည်းနှင့် ကုသ၍မရနိုင်လောက်အောင် ပြင်းထန်စွာ ထိခိုက်သွားခဲ့ခြင်း ဖြစ်ချေ၏။
မုန့်ဝမ်သည် တိုက်ပွဲ၏ လက်ကျန်ခြေရာများကို အမြန်ပင် ဖျောက်ဖျက်လိုက်ပြီးနောက် အခြားအရပ်မျက်နှာတစ်ခုသို့ ဆက်လက်ထွက်ပြေးလေတော့သည်။
ယနေ့တိုက်ပွဲတွင် သူမသည် ကောင်းကင်မိုးကြိုးဆေးလုံး တစ်လုံး၊ ရွှေမီးလုံး အနည်းငယ်၊ သွေးစွမ်းအင်ဆေးလုံး တစ်ပုလင်းနှင့် အခြေခံစွမ်းအင်အဆင့် အထွတ်အထိပ်ရှိ မိစ္ဆာသားရဲ အလောင်းအချို့ကို အသုံးပြုခဲ့ရသည့်အပြင် သူမ၏ သွေး၉၀ ရာခိုင်နှုန်းကိုလည်း ပူဇော်ခဲ့ရချေ၏။ အားလုံးကို ခြုံငုံကြည့်လျှင် သူမအနေဖြင့် အဆုံးအရှုံးများခဲ့သည်ဟုပင် ဆိုနိုင်ပေသည်။
သို့သော် ဤသည်မှာ သူမ၏ ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကို ကိုယ်ပိုင်ခွန်အားဖြင့် အနိုင်ယူခဲ့ခြင်း ဖြစ်ချေ၏။ လုပ်ငန်းစဉ်မှာ အလွန်ပင် အန္တရာယ်များလှသော်လည်း နောက်ဆုံးတွင် သူမသာလျှင် အသက်ရှင်ကျန်ရစ်သူ ဖြစ်ပေသည်။
မုန့်ဝမ်သည် ထွက်ပြေးနေစဉ် တစ်လျှောက်လုံး၌ တိုက်ပွဲတစ်ခုလုံးကို ပြန်လည်သုံးသပ်ပြီး သူမ၏ အတွေ့အကြုံများကို အနှစ်ချုပ်နေလေပေ၏။ မုန့်ချင်းရွှယ်က သူမကို လျှော့တွက်ခဲ့ခြင်းအပြင် ရှုံးနိမ့်ရခြင်း၏ အဓိကအကြောင်းရင်းမှာ သတိဝီရိယ ကင်းမဲ့ခြင်းကြောင့် ဖြစ်ချေ၏။
အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် သူမထက် အဆင့်ကြီးတစ်ခုလုံး နိမ့်ကျနေသော အခြေခံစွမ်းအင်အဆင့် ကျင့်ကြံသူကို ရင်ဆိုင်ရာတွင် သူမ၌ လုံးဝဥဿုံ အားသာချက် ရှိနေပေသည်။ အကယ်၍ သူမသာ ပို၍ သတိထားပြီး ကောင်းကင်ယံ၌သာ နေ၍ အောက်သို့ ဆင်းမလာခဲ့ပါက မုန့်ဝမ်၏ ပုံရိပ်ယောင်အတွင်းမှ အားနည်းချက်ကို ရှာဖွေတွေ့ရှိပြီး သူမ၏ ကိုယ်ခန္ဓာအမှန်ကို ဖော်ထုတ်နိုင်ရန်မှာ ကြာမည်မဟုတ်ချေ။
ကံဆိုးစွာဖြင့် မုန့်ချင်းရွှယ်မှာ မုန့်ဝမ်က သူမကို ခြိမ်းခြောက်နိုင်လိမ့်မည်ဟု လုံးဝမယုံကြည်ခဲ့ပေ။ ထို့ပြင် မုန့်ဝမ်တွင် မိုင်တစ်ရာ နယ်မြေကူးပြောင်းအဆောင် အပြင် အခြားသော ထွက်ပြေးသည့် နည်းလမ်းများ ရှိနေမည်ကို စိုးရိမ်သဖြင့် သူမကို အမြန်ဆုံး သတ်ပစ်ကာ မိသားစုထံ ပြန်လည်သတင်းပို့ချင်နေခြင်းလည်း ဖြစ်ပေသည်။
အကယ်၍သာ ပို၍ သတိဝီရိယရှိပြီး အတွေ့အကြုံများသော အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူနှင့်သာ တိုးခဲ့ပါက မုန့်ဝမ်မှာ သေချာပေါက် အကစားခံရပြီး အသက်ပျောက်သွားပေလိမ့်မည်။ ထိုသို့တွေးမိသောအခါ မုန့်ဝမ်သည် သူမ၏ ကံကောင်းမှုကို ပိုမိုခံစားလိုက်ရချေ၏။
မိမိထက် အဆင့်ကြီးတစ်ခုလုံး သန်မာသော ကျင့်ကြံသူများကို အလွန်အမင်း လိုအပ်ခြင်းမရှိပါက ရန်မစမိရန် သူမ၏ စိတ်ထဲတွင် လျှို့ဝှက်စွာ ဆုံးဖြတ်လိုက်လေသည်။ အကယ်၍ အရေးကြီးသော အချိန်တွင် သူမ၏ သွေး ကိုးပုံအထိ ပူဇော်ပြီး 'ဝိညာဉ်ခွဲအပ်' ဖြင့် မုန့်ချင်းရွှယ်၏ ဝိညာဉ်အာရုံကို ပြင်းထန်စွာ မထိခိုက်စေနိုင်ခဲ့ပါက ယခုအချိန်တွင် သူမသာလျှင် အသက်ပျောက်နေပေလိမ့်မည်။
အဆုံးတွင်တော့ ရန်သူ ထုတ်လွှတ်လိုက်သော ရွှေရောင် ဓားအဆောင်၏ အစွမ်းကို သူမ အမှန်တကယ်ပင် မယှဉ်နိုင်ခဲ့ချေ။ သွေးကို အရင်းပြုသော သွေးလွတ်မြောက်ခြင်းကျင့်စဉ် ကို သုံးလျှင်ပင် ထိုဓားစွမ်းအင်ကို ခေတ္တမျှသာ မျက်ခြေဖြတ်နိုင်မည်ဖြစ်ပြီး ပြဿနာကို အခြေခံကျကျ ဖြေရှင်းနိုင်မည် မဟုတ်ချေ။
ကံကောင်းစွာဖြင့် မုန့်ချင်းရွှယ် သေဆုံးပြီးနောက် ထိုအလွန်အစွမ်းထက်သော ဓားအဆောင်မှာ သူမ၏ လက်ထဲသို့ ရောက်ရှိလာခဲ့ပြီး သူမ၏ ဝှက်ဖဲအသစ် ဖြစ်လာခဲ့ချေပြီ။ ထိုသို့တွေးမိသောအခါ မုန့်ဝမ်မှာ များစွာ စိတ်သက်သာရာ ရသွားလေပေ၏။ ဆုံးရှုံးသွားသော သွေးများကို ဖြည်းဖြည်းချင်း ပြန်လည်ဖြည့်တင်းနိုင်သော်လည်း ဓားအဆောင်ကဲ့သို့သော ရတနာမျိုးမှာ ရှားပါးလှပေသည်။ အနာဂတ်တွင် အခြားသော အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူနှင့် ထပ်မံရင်ဆိုင်ရပါက ဤဓားအဆောင်မှာ တိုက်ပွဲ၏ အခြေအနေကို ပြောင်းလဲပေးနိုင်ပေလိမ့်မည်။
မုန့်ဝမ်သည် ခရီးဆက်လာခဲ့ရာ နေမဝင်မီမှာပင် ဖုံးကွယ်ထားသော ဈေးတစ်ခုကို ရှာတွေ့လိုက်လေသည်။ ၎င်းကို မှောင်ခိုဈေး ဟု ခေါ်ဆိုကြပြီး မိစ္ဆာကျင့်ကြံသူများ တည်ထောင်ထားသော ဈေးတစ်ခု ဖြစ်ချေ၏။
မိစ္ဆာကျင့်ကြံသူများမှာ သာမန်ဈေးများသို့ ဝင်ရောက်ရန် မလွယ်ကူချေ။ မျက်နှာပြလိုက်သည်နှင့် အမဲလိုက်ခြင်း ခံရတတ်ပေသည်။ ထို့ကြောင့် ရွှမ်ယင်ဂိုဏ်းနှင့် မျောလွင့်နန်းတော်အပြင် အခြားသော မိစ္ဆာကျင့်ကြံသူ အဖွဲ့အစည်းများက ကျင့်ကြံခြင်းလောကတွင် မိစ္ဆာကျင့်ကြံသူများ နားခိုရန်နှင့် အရောင်းအဝယ်ပြုလုပ်ရန် မှောင်ခိုဈေးအချို့ကို တည်ထောင်ထားကြခြင်း ဖြစ်လေသည်။
မုန့်ဝမ်သည် ဈေး၏ အဝင်ဝသို့ လျှောက်သွားပြီး 'သွေးစုပ်ကျင့်စဉ်'ကို အသက်သွင်းကာ သွေးလမ်းစဉ်ကျင့်စဉ်၏ အရှိန်အဝါ အနည်းငယ်ကို ထုတ်လွှတ်လိုက်ရင်း သူမ၏ အခြေခံစွမ်းအင်အဆင့် ကိုးစွမ်းအားကို ပြသလိုက်လေပေ၏။
ဤ လရိပ်မှောင်ခိုဈေးမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ တည်ထောင်ထားသော ဈေးငယ်လေးတစ်ခုသာ ဖြစ်ချေသည်။ ဤနေရာတွင် အခြေခံစွမ်းအင်အဆင့် ကိုး ရှိသော ကျင့်ကြံသူများမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများပြီးလျှင် အသန်မာဆုံးစာရင်းဝင် ဖြစ်ပေသည်။
တံခါးစောင့်နေသော မိစ္ဆာကျင့်ကြံသူ နှစ်ဦးမှာ အခြေခံစွမ်းအင်အဆင့် ခုနစ် တွင်သာ ရှိကြသဖြင့် အခြေခံစွမ်းအင်အဆင့် ကိုး ရှိသော ဆရာတစ်ဦး ရောက်လာသည်ကို မြင်သောအခါ သူတို့သည် မျက်နှာချိုသွေးလျက် လမ်းဖယ်ပေးလိုက်ကြချေ၏။
“မိတ်ဆွေ... ကျွန်တော်တို့ လရိပ်ဈေးကနေ ကြိုဆိုပါတယ်။ ဈေးထဲကို ပထမဆုံးအကြိမ် ဝင်ရောက်သူတိုင်း ဝင်ကြေးအဖြစ် ဝိညာဉ်ကျောက်တုံး သုံးရာ ပေးဆောင်ရပါမယ်”
“သုံးရာ....... အဲဒါက များလွန်းတာ မဟုတ်ဘူးလား..... ဒါက တိုက်ရိုက်ဓားပြတိုက်နေတာပဲ မဟုတ်လား.........”
မုန့်ဝမ်သည် မျက်မှောင်ကြုတ်လိုက်ပြီး မကျေမနပ်ဖြစ်နေသော လေသံဖြင့် ပြောလိုက်လေသည်။ သူမသည် သာမန်ဈေးများသို့ သွားဖူးသော်လည်း ထိုနေရာများတွင် ဝင်ကြေးမှာ ဝိညာဉ်ကျောက်တုံး သုံးတုံးသာ ရှိချေ၏။ ဤမှောင်ခိုဈေးမှာ အဆတစ်ရာပို၍ ဈေးကြီးနေပေသည်။
မိစ္ဆာကျင့်ကြံသူ နှစ်ဦးသည် စိတ်ထဲမှ ကျိန်ဆဲနေကြသော်လည်း မျက်နှာတွင်မူ အပြုံးမပျက်စေဘဲ ပြောလိုက်လေ၏။
“ဈေးကို တည်ထောင်ရတာ မလွယ်ပါဘူး။ ရရှိတဲ့ ဝင်ကြေးအများစုကိုလည်း အထက်က လူကြီးတွေက ယူသွားကြတာပါ။ ကျွန်တော်တို့ ညီအစ်ကိုတွေကတော့ ပင်ပင်ပန်းပန်း လုပ်အားခလေး ရတာပါပဲ... ဒါကို ဘာမှလုပ်လို့မရပါဘူး”
“ဒီလိုလုပ်ပါ... မိတ်ဆွေရဲ့ ခွန်အားကလည်း မသေးတာဆိုတော့ ကျွန်တော်တို့ ဝိညာဉ်ကျောက်တုံး နှစ်ဆယ် လျှော့ပေးပါ့မယ်။ နှစ်ရာ့ရှစ်ဆယ်ပဲ ပေးပါတော့”
မုန့်ဝမ်သည် မကျေနပ်သေးသော်လည်း ဝိညာဉ်ကျောက်တုံး မပေးပါက လရိပ်ဈေးထဲသို့ ဝင်ရောက်နိုင်မည် မဟုတ်ချေ။ သူမသည် မကျေမနပ် ညည်းတွားရင်း သူမ၏ သိုလှောင်အိတ်ထဲမှ ဝိညာဉ်ကျောက်တုံး နှစ်ရာ့ရှစ်ဆယ်ကို ရေတွက်ထုတ်ပေးလိုက်ပြီးနောက် နောက်ဆုံးတွင် ဈေးထဲသို့ ဝင်ခွင့်ရသွားလေပေတော့သတည်း။
“တောက်.....အခြေခံစွမ်းအင်အဆင့် ကိုး အဆင့်ရှိပြီးတော့ ဝင်ကြေး ဝိညာဉ်ကျောက်တုံး သုံးရာတောင် မပေးချင်ဘူး။ နောက်ထပ် မွဲတေနေတဲ့ ကောင်မလေးတစ်ယောက်ပဲ”
မုန့်ဝမ် ထွက်သွားပြီးနောက် တံခါးစောင့် မိစ္ဆာကျင့်ကြံသူက တံတွေးထွေးလျက် ပြောလိုက်လေ၏။ “သူ့မှာ သွေးကလည်း ဆယ်ပုံသုံးပုံပဲ ကျန်တော့တာကို ငါ့ရှေ့မှာ ဆရာကြီးလုပ်ချင်နေသေးတယ်!”
အခြားတစ်ဦးမှာမူ ပို၍ တည်ငြိမ်လှပေ၏။ “ဘာပဲဖြစ်ဖြစ် သူ့ရဲ့ ကျင့်စဉ်အဆင့်က ငါတို့ထက် နှစ်ဆင့်တောင် မြင့်နေတာပဲ။ တကယ်လို့ တိုက်ပွဲဖြစ်ခဲ့ရင် ငါတို့ပဲ အထိနာလိမ့်မယ်။ ဝိညာဉ်ကျောက်တုံး နှစ်ဆယ်လောက်က ကိစ္စမရှိပါဘူး”
သူတို့သည် မြို့တံခါးကို စောင့်ကြပ်နေကြပြီး နေ့စဉ်နေ့တိုင်း အခြေခံစွမ်းအင်အဆင့် အစောပိုင်းနှင့် အလယ်အလတ်ရှိသော ကျင့်ကြံသူ သိုးသူငယ်လေးများစွာ ရောက်လာကြရာ အခြေခံစွမ်းအင်အဆင့် အနှောင်းပိုင်းရှိ ကျင့်ကြံသူတစ်ဦးကို ရန်စရန် မလိုအပ်ချေ။
“ငါ သိပါတယ်... ခုနက လူကို ကြည့်ရတာ မျက်စိစပါးမွှေးစူးလို့ စကားအနည်းငယ် ဆဲလိုက်မိတာပါ”
ထွက်ခွာသွားပြီဖြစ်သော မုန့်ဝမ်မှာမူ သူတို့နှစ်ဦး၏ စကားများကို မကြားခဲ့ရချေ။ ဈေးထဲသို့ ရောက်ရှိပြီးနောက် သူမသည် စိတ်ဝင်တစားဖြင့် လမ်းတစ်လျှောက် လျှောက်လာရင်း လမ်းဘေးဝဲယာရှိ အရောင်းဆိုင်လေးများနှင့် ဆိုင်အချို့ကို လေ့လာနေလေတော့သည်။
လရိပ်ဈေးမှာ သေးငယ်သော်လည်း လိုအပ်သည်များ အစုံအလင်ရှိချေ၏။ အခြေခံစွမ်းအင်အဆင့်တွင် လိုအပ်သော အရာအများစုကို ဤနေရာတွင် ရှာတွေ့နိုင်ပေသည်။ သို့သော် ဈေးနှုန်းများမှာမူ အပြင်လောကထက် ဆယ်ပုံသုံးပုံခန့် ပို၍ မြင့်မားနေလေပေသည်။