← Chapters

တည်းခိုခန်း

Vol. 6 Ch. 57

တည်းခိုခန်း

Vol. 6 Ch. 57

မုန့်ဝမ် သည် အရောင်းဆိုင်တစ်ခုအနားမှ ဖြတ်သွားစဉ် ဈေးသည်နှင့် ဈေးဆစ်နေသူတစ်ဦး၏ စကားသံကို ကြားလိုက်ရလေသည်။

“အဆင့်နိမ့်ဒဏ်ရာကု ဆေးလုံးတစ်လုံးကို ဝိညာဉ်ကျောက်တုံး သုံးဆယ့်လေးတုံးတောင် ရောင်းတာလား........ အဲဒါက များလွန်းတာ မဟုတ်ဘူးလား..........”

ဈေးသည်ဖြစ်သူက မျက်လုံးလှန်ကြည့်လိုက်ရင်း “ဆင်းရဲသားလေး! မဝယ်နိုင်ရင် ဖယ်စမ်းပါ။ ငါ့အချိန်တွေကို လာမဖြုန်းနဲ့..........” ဟု ငေါက်ငမ်းလိုက်ချေ၏။

အဆူခံလိုက်ရသော ကျင့်ကြံသူမှာ မျက်နှာတစ်ခုလုံး နီမြန်းသွားသော်လည်း ထိုဆေးလုံးကို အမှန်တကယ် လိုအပ်နေပုံရပေသည်။ သူသည် ခေတ္တမျှ ဝေခွဲမရဖြစ်နေပြီးမှ ဝိညာဉ်ကျောက်တုံးများကို ထုတ်ယူကာ ဆေးလုံးကို ဝယ်ယူလိုက်လေတော့သတည်း။

ဝိညာဉ်ကျောက်တုံးများကို သိမ်းဆည်းပြီးမှသာ ဈေးသည်၏ မျက်နှာမှာ အနည်းငယ် ပြေလျော့သွားချေ၏။ သူမအနေဖြင့် ဤမျှ ဈေးကြီးကြီး ရောင်းချင်ပါသလော......... ဤဈေးအတွင်းရှိ ဆိုင်ခန်းခနှင့် ကော်မရှင်ခများမှာ အလွန်ကြီးမားနေသောကြောင့်သာ ဖြစ်လေပေ၏။ အကယ်၍ ဈေးတင်မရောင်းပါက သူမအနေဖြင့် အရှုံးပေါ်ပေလိမ့်မည်။

မုန့်ဝမ်သည် ဆိုင်ပေါ်ရှိ ပစ္စည်းများကို လှမ်းကြည့်လိုက်ရာ ပြသထားသော ဆေးလုံးများမှာ အလွန်ပင် သာမန်ဆန်ပြီး အားလုံးမှာ အဆင့်နိမ့်များသာ ဖြစ်ကြချေ၏။ အခြေခံစွမ်းအင်အဆင့် အစောပိုင်းနှင့် အောင်မြင်မှုမရသေးသော အခြေခံစွမ်းအင်အဆင့် အလယ်အလတ်ရှိ ကျင့်ကြံသူများသာလျှင် ၎င်းတို့ကို ဝယ်ယူကြပေလိမ့်မည်။

သူမသည် အကြည့်ကို အမြန်လွှဲလိုက်သော်လည်း ဈေးသည်မှာ သူမကို သတိပြုမိသွားပြီး ပြုံးရွှင်သော မျက်နှာဖြင့် အနားသို့ ချဉ်းကပ်လာချေ၏။

“နတ်သမီးလေး... ကျွန်မဆီမှာ အလွန်ကောင်းမွန်တဲ့ 'သွေးစွမ်းအင်ဆေးလုံး'တွေ ရှိပါတယ်။ တစ်လုံးကို ဝိညာဉ်ကျောက်တုံး လေးရာပဲ ပေးပါ... နည်းနည်းလောက် ကြည့်မလား...........”

မုန့်ဝမ်သည် ထိုဈေးသည်ကို တစ်ချက်ကြည့်လိုက်မိ၏။ သူမသည် သွေးနှင့် စွမ်းအင် အလွန်အမင်း ချို့တဲ့နေသဖြင့် သူမ၏ ပုံပန်းသဏ္ဌာန်မှာ ယောက်ျားလား မိန်းမလား ခွဲခြားရန်ပင် ခက်ခဲလှပေသည်။ ဈေးထဲသို့ ဝင်လာစဉ်က တံခါးစောင့် မိစ္ဆာကျင့်ကြံသူ နှစ်ဦးပင်လျှင် သူမကို အမျိုးသမီးဟု မသိဘဲ “မိတ်ဆွေ အစ်ကိုကြီး” ဟုသာ ခေါ်ဆိုခဲ့ကြချေ၏။ ဤဈေးသည်မှာ ကျင့်စဉ်အဆင့် နိမ့်ပါးသော်လည်း မျက်စိလျှင်လှပေသည်။

“မလိုဘူး..........”

မုန့်ဝမ်သည် အေးစက်စက် ပြောလိုက်ပြီး ခပ်တန်းတန်းပင် နေလိုက်လေ၏။ ဈေးသည်မှာ ငြင်းပယ်ခံရသော်လည်း စိတ်မဆိုးဘဲ မျက်နှာချိုသွေးကာ ပြုံးနေပေသေး၏။ သူမ၏ အမူအရာမှာ ခုနက အခြေခံစွမ်းအင်အဆင့် အစောပိုင်း ကျင့်ကြံသူကို ဆက်ဆံပုံနှင့် လုံးဝ ကွာခြားလှပေသည်။

“မဝယ်လည်း ကိစ္စမရှိပါဘူး။ တစ်ခုခု လိုအပ်ရင် ပြန်လာခဲ့ပါဦးနော်”

မုန့်ဝမ်သည် လမ်းဘေးရှိ အရောင်းဆိုင်များကို ဂရုမစိုက်သလိုဖြင့် ဖြတ်ကျော်လာခဲ့သော်လည်း အမှန်တကယ်မှာမူ ပတ်ဝန်းကျင်ကို အကဲခတ်နေခြင်း ဖြစ်ချေ၏။ ဤမှောင်ခိုဈေးတွင် ခွန်အားမှာ အရာအားလုံးပင် ဖြစ်ပေသည်။ အဆင့်မြင့် ကျင့်ကြံသူများကို နေရာတိုင်းတွင် လေးစားကြပြီး ဘာမှမဝယ်လျှင်ပင် မည်သူမျှ ရန်မစရဲကြချေ။ အဆင့်နိမ့် ကျင့်ကြံသူများမှာမူ ဂုဏ်သိက္ခာ တစ်စက်မျှမရှိဘဲ ခိုင်းဖတ်များကဲ့သို့ ဆက်ဆံခံနေရလေပေ၏။ ကျင့်ကြံခြင်းလောက၏ ရက်စက်ကြမ်းကြုတ်မှုမှာ ဤမိစ္ဆာကျင့်ကြံသူများ၏ ဈေးအတွင်း အထင်အရှား ပေါ်လွင်နေ၏။

“ကျွန်တော် မခိုးပါဘူး..........ဒါက အထင်လွဲတာပါ... စီနီယာအစ်ကိုကြီး၊ ကျွန်တော် တကယ်ပဲ အဲဒီပစ္စည်းကို မခိုးခဲ့ပါဘူး..........”

ထိုစဉ် ရှေ့ဘက်မှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာချေ၏။ မုန့်ဝမ် လှမ်းကြည့်လိုက်ရာ အခြေခံစွမ်းအင်အဆင့် လေး တွင်ရှိသော ပိန်ပါးပါး ကျင့်ကြံသူတစ်ဦးမှာ မြေပြင်တွင် ဒူးထောက်ကာ အသနားခံရင်း သူ အပြစ်မရှိကြောင်း ငြင်းဆိုနေသည်ကို မြင်လိုက်ရလေသည်။

“ဟွန်း... ဆိုင်မှာ ငါတို့ နှစ်ယောက်တည်း ရှိတာလေ။ နင်မဟုတ်ရင် ဘယ်သူရှိဦးမှာလဲ............”

ဈေးသည်မှာ အခြေခံစွမ်းအင်အဆင့် ခြောက် တွင်ရှိသော ထိပ်ပြောင်ပြောင်နှင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး သူသည် မြေပြင်ပေါ်ရှိ ကျင့်ကြံသူကို ရွံရှာဖွယ်ရာ ကြည့်လိုက်လေ၏။ “ငါက စေတနာနဲ့ နင့်ကို ခေါ်ထားပြီး နေစရာပေးခဲ့တာကို နင်က ငါ့ကို ပြန်ပြီး ဒုက္ခပေးတယ်ပေါ့။ ငါ တကယ် စိတ်ပျက်မိတယ်............”

ပိန်ပါးပါး ကျင့်ကြံသူမှာ ဆက်လက်အသနားခံရန် ပြင်နေစဉ်မှာပင် ဝတ်စုံအမည်းရောင်များ ဝတ်ဆင်ထားသော ကင်းလှည့်အဖွဲ့ တစ်ဖွဲ့မှာ အပြေးအလွှား ရောက်ရှိလာချေ၏။ ဒူးထောက်နေသော ကျင့်ကြံသူမှာ မျှော်လင့်ချက်အလင်းရောင်တစ်ခု မြင်လိုက်ရသည့်အလား မျက်နှာဝင်းပသွားလေသည်။

“လူကြီးမင်းတို့ခင်ဗျာ... ကျွန်တော် တကယ်မခိုးပါဘူး။ ကျွန်တော့်အတွက် တရားမျှတအောင် လုပ်ပေးကြပါဦး”

အဖွဲ့ခေါင်းဆောင်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ဘာဖြစ်ပျက်နေသည်ကို အကြမ်းဖျင်း ခန့်မှန်းလိုက်ချေ၏။ သူသည် တရားမျှတမှုအတွက် အော်ဟစ်နေသူကို လျစ်လျူရှုကာ ထိပ်ပြောင်ကျင့်ကြံသူကို လှမ်းကြည့်လိုက်လေသည်။

“နင် တိုင်ချက်ဖွင့်တာလား.........”

ထိပ်ပြောင်ကျင့်ကြံသူက ခေါင်းငြိမ့်ပြပြီး ဒူးထောက်နေသူကို လက်ညှိုးထိုးကာ ကျယ်လောင်စွာ ပြောလိုက်လေ၏။ “ဒီကောင်ပဲ အဲဒီပစ္စည်းကို ခိုးသွားတာပါ”

ကင်းလှည့်ခေါင်းဆောင်မှာ အဖြစ်မှန်ကို စိတ်မဝင်စားဘဲ ထိပ်ပြောင်ကျင့်ကြံသူကို အေးစက်စွာ ကြည့်ရင်း သတိပေးလိုက်လေသည်။

“ငါတို့ရဲ့ လုပ်ထုံးလုပ်နည်းကို နင် သိပါတယ်နော်”

“သိပါတယ်... သိပါတယ်”

ထိပ်ပြောင်ကျင့်ကြံသူက ပြုံးရွှင်စွာဖြင့် ကြိုတင်ပြင်ဆင်ထားသော ဝိညာဉ်ကျောက်တုံးအိတ်ကို ထုတ်ယူကာ ရိုသေစွာ ကမ်းပေးလိုက်လေ၏။ “ဒါက လက်ဖက်ရည်ဖိုးလေးပါ..............”

ကင်းလှည့်ခေါင်းဆောင်က အိတ်ကိုယူ၍ အလေးချိန်ကို စမ်းကြည့်ပြီးနောက် ကျေနပ်စွာဖြင့် သိမ်းဆည်းလိုက်လေပေသည်။ ထိုသည်ကို မြင်သောအခါ ဒူးထောက်နေသော ကျင့်ကြံသူမှာ မျက်နှာဖြူလျော်သွားပြီး “လူကြီးမင်းတို့... ဘာတွေလုပ်နေကြတာလဲ ကျွန်တော် မတရား စွပ်စွဲခံနေရတာပါ..........” ဟု အော်ဟစ်လိုက်လေ၏။

“မတရားဘူး ဟုတ်လား....... အဲဒါကို ဘယ်သူက သက်သေပြနိုင်မှာလဲ......”

ကင်းလှည့်ခေါင်းဆောင်က နှာခေါင်းရှုံ့လိုက်ပြီး ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ အခြေခံစွမ်းအင်အဆင့် ကိုး ရှိသော စွမ်းအားဖိအားများမှာ ကျင့်ကြံသူလေးအပေါ်သို့ အရှိန်အဟုန်ဖြင့် ကျရောက်သွားလေတော့သတည်း။ အခြေခံစွမ်းအင်အဆင့် လေး နှင့် ကိုး ကြားရှိ ကွာခြားချက်မှာ ကြီးမားလွန်းသဖြင့် ထိုသူမှာ အနည်းငယ်မျှပင် ခုခံနိုင်စွမ်း မရှိချေ။

သူ၏ ခန္ဓာကိုယ်မှာ ထိုဖိအားအောက်တွင် တုန်ခါနေပြီး အချိန်မရွေး လဲကျသွားမည့်အလား ဖြစ်နေပေ၏။ “ကျွန်တော်... ကျွန်တော့်မှာ သက်သေမရှိပါဘူး... ဒါပေမဲ့...”

သူ၏ အသံမှာ တဖြည်းဖြည်း တိုးညင်းသွားပြီး မျက်ဝန်းတွင် မျှော်လင့်ချက် ကင်းမဲ့သွားလေတော့သည်။ ကင်းလှည့်ခေါင်းဆောင်က သူ့ကို ရွံရှာစွာ ကြည့်ကာ “သက်သေမရှိရင် အပြစ်ရှိတာပဲ။ ဒီနေရာမှာ ငါတို့ပြောတာကပဲ စည်းကမ်းပဲ” ဟု အေးစက်စွာ ပြောလိုက်လေ၏။

ထို့နောက် သူသည် ပိန်ပါးပါး ကျင့်ကြံသူကို လှည့်မကြည့်တော့ဘဲ အခြားကင်းလှည့်သားများကို အမိန့်ပေးလိုက်လေသည်။ “ဒီလူကို ဖမ်းသွားပြီး စည်းကမ်းအတိုင်း အပြစ်ပေးလိုက်ကြစမ်း”

အခြားကင်းလှည့်သားများက ချက်ချင်းပင် ရှေ့တိုးလာပြီး ပိန်ပါးပါး ကျင့်ကြံသူကို ပွေ့ချီလိုက်ကြ၏။ ထိုသူမှာ အားနည်းစွာ ရုန်းကန်နေသော်လည်း ကင်းလှည့်သားများ၏ လက်တွင်းမှ မလွတ်မြောက်နိုင်ဘဲ အဝေးသို့ ဆွဲခေါ်သွားခြင်း ခံလိုက်ရလေတော့သတည်း။ ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာမူ ဤအရာကို အေးအေးဆေးဆေးပင် ကြည့်နေကြချေ၏။

ဤနေရာတွင် ထိုကဲ့သို့သော အရာများမှာ နေ့စဉ်နှင့်အမျှ ဖြစ်ပျက်နေသဖြင့် သူတို့မှာ ကျင့်သားရနေကြပြီ ဖြစ်ပေသည်။ တစ်စုံတစ်ဦးကို အပြစ်တင်ရမည်ဆိုလျှင် ထိုကျင့်ကြံသူမှာ အားနည်းလွန်းပြီး ကံဆိုးလွန်းခြင်းကြောင့်သာ ဖြစ်ချေ၏။

ကင်းလှည့်ခေါင်းဆောင်မှာ မထွက်ခွာမီ သူမရှိရာဘက်သို့ တစ်ချက်လှမ်းကြည့်သွားသည်ကို မုန့်ဝမ် သတိပြုမိလိုက်သော်လည်း ၎င်းမှာ တမင်တကာလား၊ မတော်တဆလား ဆိုသည်ကိုမူ သူမ မသိချေ။ ခေတ္တမျှ ဆူညံသွားပြီးနောက် လမ်းမထက်တွင် အရင်ကဲ့သို့ပင် ပြန်လည်စည်ကားလာလေပေသည်။

ဤနေရာတွင် လူများသည် အကြောင်းအမျိုးမျိုးကြောင့် နေ့စဉ် သေဆုံးနေကြရာ ခုနက ဖြစ်ပျက်သွားသည့်အရာမှာ ဈေးအတွင်းရှိ သာမန်ကိစ္စလေးတစ်ခုမျှသာ ဖြစ်ချေ၏။ မုန့်ဝမ်သည် ဈေးအတွင်း လှည့်လည်ကြည့်ရှုပြီးနောက် လူသူကင်းဝေးသော ထောင့်တစ်နေရာတွင် တည်းခိုခန်း အချို့ကို ရှာတွေ့လိုက်လေသည်။

ထိုတည်းခိုခန်းများမှာ လူသူကင်းမဲ့နေပြီး တံခါးများသာ ဖွင့်မထားပါက ဆိုင်ဖွင့်ထားသည်ကိုပင် သိနိုင်မည်မဟုတ်ချေ။ မုန့်ဝမ်သည် တည်းခိုခန်းတစ်ခုကို ကျပန်းရွေးချယ်ကာ ဝင်လိုက်လေ၏။ ဆိုင်ရှင်မှာ မူလက အေးစက်စက် အမူအရာ ရှိနေသော်လည်း မုန့်ဝမ်၏ ကျင့်စဉ်အဆင့်မှာ အခြေခံစွမ်းအင်အဆင့် ကိုး အထိ မြင့်မားနေသည်ကို သိလိုက်ရသောအခါ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားချေ၏။

“ကြိုဆိုပါတယ် လူကြီးမင်း။ စားဖို့လား၊ တည်းဖို့လားခင်ဗျာ..........”

“အခန်းတစ်ခန်း လိုချင်တယ်”

“ကျွန်တော်တို့ဆီမှာ အေးဆေးပြီး သက်တောင့်သက်သာရှိတဲ့ အခန်းကောင်းတွေ ရှိပါတယ်။ လူကြီးမင်း ကျေနပ်စေရပါမယ်။ ဘယ်နှစ်ညလောက် တည်းမှာလဲခင်ဗျာ................”

မုန့်ဝမ် ခေတ္တစဉ်းစားလိုက်ပြီး “လောလောဆယ် တစ်ညပဲ” ဟု ပြောလိုက်လေ၏။

“ကောင်းပါပြီ... တစ်ညကို ဝိညာဉ်ကျောက်တုံး ဆယ်တုံးပဲ ကျသင့်ပါမယ်”

ဈေးကြီးလှသော ဝင်ကြေးနှင့် နှိုင်းယှဉ်လျှင် တည်းခိုခန်းခမှာ တော်တန်ရုံသာ ရှိချေ၏။ မုန့်ဝမ်သည် ဝိညာဉ်ကျောက်တုံးများ ပေးဆောင်လိုက်ပြီး ဆိုင်ရှင်၏ နောက်မှလိုက်ကာ လစ်လပ်နေသော အခန်းများစွာကို ဖြတ်ကျော်လာခဲ့လေသည်။

“ရှင့်ရဲ့ တည်းခိုခန်းက အရောင်းအဝယ် သိပ်မကောင်းပုံပဲနော်”

“မိတ်ဆွေက လရိပ်ဈေးကို အခုမှ ရောက်ဖူးတာ ထင်တယ်..............”

ဆိုင်ရှင်က ပြုံးလျက် ရှင်းပြလေ၏။ “တည်းခိုခန်းတွေက ဈေးကြီးတော့ ဈေးကို အပန်းဖြေဖို့ လာတဲ့ ကျင့်ကြံသူတွေလောက်ပဲ တည်းကြတာပါ။ တခြား ကျင့်ကြံသူတွေကတော့ ဝိညာဉ်ကျောက်တုံး ချွေတာဖို့အတွက် အိမ်ဝင်းလေးတွေကိုပဲ ငှားကြတာများတယ်”

မုန့်ဝမ်သည် စကားဆက်မပြောတော့ဘဲ ဆိုင်ရှင်၏နောက်မှ လိုက်လာကာ အခန်းတစ်ခန်း၏ ရှေ့တွင် ရပ်လိုက်လေသည်။ ဆိုင်ရှင်က တံခါးကိုဖွင့်ပေးပြီး ဖုန်ခါကျင့်စဉ်နှင့် သန့်ရှင်းရေးကျင့်စဉ်များကို သုံး၍ အခန်းကို သန့်ရှင်းပေးလိုက်ချေ၏။

“လူကြီးမင်း... ဒီအခန်းကို သဘောကျရဲ့လား............ တည်းခိုခန်းမှာ အခန်းအလွတ်တွေ အများကြီး ရှိတာဆိုတော့ သဘောမကျရင် လဲလို့ရပါတယ်ခင်ဗျာ”

မုန့်ဝမ်သည် အခန်းကို တစ်ချက်ကြည့်လိုက်ပြီး ဇီဇာမကြောင်ဘဲ “ဒီအခန်းပဲ ရတယ်” ဟု ပြောလိုက်လေသည်။

All Chapters