ခေါင်းမာသည့်ရန်သူ
Vol. 6 Ch. 59
အခန်းအတွင်းမှ ‘ဒုန်းချုန်း’ ဟု ဆူညံသံများ ထွက်ပေါ်လာပြီးနောက် လေးလံသော အရာတစ်ခု မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည့် အသံနှင့်အတူ အရာအားလုံး ပြန်လည်တိတ်ဆိတ်သွားလေတော့သည်။
အပြင်ဘက်တွင် ချောင်းမြောင်းနားထောင်နေသော တည်းခိုခန်းဆိုင်ရှင်သည် မျက်မှောင်ကြုတ်ထားရာမှ ပြေလျော့သွားချေ၏။ ဤမျှ မြန်မြန်ဆန်ဆန်ပင် ပြီးဆုံးသွားသလော။ ၎င်းမှာ သူမ မျှော်လင့်ထားသည်ထက်ပင် ပို၍ မြန်ဆန်နေပေသည်။
ရှေ့က ကျွမ်းကျင်သူနှစ်ဦးကို သတိမထားမိခင်မှာပင် အသံတိတ် ကိုင်တွယ်နိုင်ခဲ့သော ထို မိစ္ဆာကျင့်ကြံသူ မလေးမှာ အနည်းဆုံးတော့ အချီသုံးဆယ်၊ ငါးဆယ်ခန့် ခုခံနိုင်လိမ့်မည်ဟု သူမ ထင်မှတ်ထားခဲ့ခြင်း ဖြစ်ချေ၏။ သို့သော် ယခုမူ ဤမျှသာလော
ဆိုင်ရှင်သည် နှာခေါင်းရှုံ့လိုက်ပြီး ပုန်းအောင်းရာမှ ထွက်လာကာ အခန်းတံခါးဆီသို့ ဦးတည်လျှောက်လှမ်းသွားလေသည်။ ခြေလှမ်းနှစ်လှမ်းမျှသာ လှမ်းရသေးစဉ်မှာပင် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သူမ ရုတ်တရက် သတိပြုမိလိုက်၏။
အကယ်၍ ထိုမိစ္ဆာကျင့်ကြံသူမလေး သေဆုံးသွားပြီဆိုလျှင် အတွင်းမှလူများ ဘာကြောင့် ပြန်ထွက်မလာကြသေးသနည်း။ တစ်စုံတစ်ခုကို စဉ်းစားမိသွားသော ဆိုင်ရှင်၏ ရင်ခုန်သံများ မြန်လာပြီး ဗီဇအရ နောက်သို့ ပြန်ဆုတ်ကာ ပုန်းအောင်းရန် ပြင်လိုက်လေတော့သည်။
သို့သော် ထိုစဉ်မှာပင် အခန်းတံခါးမှာ ဝုန်းကနဲ ပွင့်သွားချေ၏။ မုန့်ဝမ် သည် အခန်းထဲမှ ထွက်လာပြီး ဆိုင်ရှင်ရှိရာဘက်သို့ ပြုံး၍ ကြည့်လိုက်လေသည်။ သွေးအလွန်အမင်း ဆုံးရှုံးထားသဖြင့် ပိန်ချောင်နေသော သူမ၏ မျက်နှာမှာ ကြည့်ရသည်မှာပင် ထူးဆန်းပြီး ထိတ်လန့်ဖွယ် ကောင်းလှရာ သူမ၏ အပြုံးကြောင့် ပို၍ပင် ကျောချမ်းဖွယ် ကောင်းနေပေတော့သည်။
ဆိုင်ရှင်သည် တစ်ကိုယ်လုံး တုန်တက်သွားပြီးမှ အတင်းအကြပ် ပြုံးလိုက်ကာ သူမ၏ လုပ်ရပ်အတွက် ဆင်ခြေရှာရန် ပြင်လိုက်သော်လည်း တစ်ဖက်မှ မိစ္ဆာကျင့်ကြံသူမလေးက ဦးအောင် စကားဆိုလာချေ၏။
“ဆိုင်ရှင်... အခုလည်း ကျွန်မ အဆင်ပြေလားလို့ လာမေးတာလား.......”
ဆိုင်ရှင်သည် အခက်တွေ့သွားသော်လည်း အံကြိတ်ကာ ခေါင်းငြိမ့်ပြလိုက်ရလေသည်။ သူမ စဉ်းစားနေသည်မှာ... သူမအနေဖြင့် သူမအဒေါ်၏ အရှိန်အဝါကို ထုတ်သုံးထားပြီး ဖြစ်ရာ တစ်ဖက်လူအနေဖြင့် အဒေါ်ကို ရန်စမည့် ဘေးဒုက္ခကို ခံယူပြီး သူမကို အတင်းအဓမ္မ သတ်ဖြတ်ဝံ့မည် မဟုတ်ဟုယုံကြည်လေ၏။
မုန့်ဝမ်၏ အကြည့်များက ဆိုင်ရှင်၏အပေါ်သို့ ဝေ့ဝဲသွားပြီး သူမ ဘာတွေးနေသည်ကို အကြမ်းဖျင်း သိလိုက်သဖြင့် ပို၍ပင် ပြုံးလိုက်လေသည်။
“မစိုးရိမ်ပါနဲ့ ဆိုင်ရှင်ရယ်... ကျွန်မ ဒီမှာ နေရတာ အရမ်းအဆင်ပြေပါတယ်။ တစ်စုံတစ်ရာ ထူးထူးခြားခြား မရှိဘူးဆိုရင် ဒီမှာပဲ အကြာကြီး နေသွားဖို့ စိတ်ကူးထားပါတယ်”
ဆိုင်ရှင်၏ ခန္ဓာကိုယ်မှာ တုန်ရီသွားပြီး မျက်နှာထက်မှ အပြုံးကို မနည်း ထိန်းထားရချေ၏။ “သဘောကျတယ်ဆိုရင် ကောင်းတာပေါ့။ ကျွန်မ အောက်ထပ် ဆင်းလိုက်ပါဦးမယ်... တစ်ခုခု လိုအပ်ရင် အချိန်မရွေး ပြောပါနော်”
စကားဆုံးသည်နှင့် သူမသည် တစ်စုံတစ်ဦး လိုက်ဖမ်းနေသည့်အလား အောက်ထပ်သို့ အမြန်ပြေးဆင်းသွားလေတော့သည်။ မုန့်ဝမ်ကမူ ထိုအမူအရာကို ကြည့်ကာ စိတ်ကြည်လင်စွာဖြင့် ကျန်ရစ်ခဲ့လေပေ၏။
ဤဈေးအတွင်းတွင် အခြေခံတည်ဆောက်ခြင်းအဆင့်တစ်ဦးက အုပ်ချုပ်နေသဖြင့် စိတ်အလိုကျ သတ်ဖြတ်ခြင်းကို တားမြစ်ထားချေ၏။ အကယ်၍ တစ်စုံတစ်ဦးကို သတ်ချင်ပါက ကင်းလှည့်အဖွဲ့ ကို အရင် လာဘ်ထိုးရမည့်အပြင် သေဆုံးသူ အရေအတွက်လည်း မများစေရန် ဂရုစိုက်ရပေလိမ့်မည်။
သို့သော် ဤလူယုတ်မာတို့၏ တည်းခိုခန်းမှာမူ မတူချေ။ မုန့်ဝမ်အနေဖြင့် အခန်းထဲတွင် အေးဆေးထိုင်နေရုံမျှဖြင့် လူများက သူမ၏ ကျင့်ကြံခြင်းအတွက် ကုန်ကြမ်းများအဖြစ် အိမ်တိုင်ရာရောက် လာရောက် ဆက်သနေကြခြင်း ဖြစ်ပေသည်။ ဝိညာဉ်ကျောက်တုံးများ အပိုကုန်စရာ မလိုသလို ဆူညံပွက်လောရိုက်ခြင်းလည်း မရှိချေ။ ထိုသို့သော အခွင့်အရေးမျိုးမှာ ကောင်းကင်ဘုံက ပေးသနားသည့်အလားပင်။
မုန့်ချင်းရွှယ် ကို သတ်ပြီးနောက်တွင် မုန့်ဝမ်သည် သူမ၏ ဆုံးရှုံးသွားသော သွေးနှင့် စွမ်းအင်များကို မည်သို့ ပြန်ဖြည့်ရမည်ကို စိုးရိမ်နေခဲ့ခြင်း ဖြစ်ချေ၏။ မုန့်ချင်းရွှယ်၏ အလောင်းကို သုံး၍ တိုက်ရိုက်ကျင့်ကြံရန်မှာ မဖြစ်နိုင်သည်မဟုတ်သော်လည်း အနည်းငယ် နှမြောစရာ ကောင်းလှပေသည်။ ၎င်းမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ၏ အလောင်း ဖြစ်သဖြင့် သွေးအဆီအနှစ်အများစု ဆုံးရှုံးသွားလျှင်ပင် တန်ဖိုးမှာ အတိုင်းအဆမရှိလှပေ။ သူမ၏ ခန္ဓာကိုယ်ကို ပိုမိုကြံ့ခိုင်စေရန်အတွက် သွေးသန့်စင်မှုတွင် အသုံးပြုနိုင်သေးပေသည်။
၎င်းကို သာမန် စားသုံးကုန်တစ်ခုကဲ့သို့ အလွယ်တကူ သုံးပစ်ရန်မှာ အလွန်ပင် ဖြုန်းတီးရာ ရောက်ပေလိမ့်မည်။ သို့သော် သူမအနေဖြင့် ရွှမ်ယင်ဂိုဏ်းသို့ ခေတ္တ ပြန်၍မရသလို ဈေးထဲတွင်လည်း လူများကို စိတ်ကြိုက် သတ်၍မရချေ။ သွေးစွမ်းအင်ဆေးလုံးများမှာလည်း သူမအတွက် ထိရောက်မှု နည်းပါးလှပေသည်။
ဝိညာဉ်ကျောက်တုံး အမြောက်အမြား အသုံးပြု၍ ဖမ်းဆီးခံများကို ဝယ်ယူခြင်း မပြုပါက တိုတောင်းသော အချိန်အတွင်း သွေးနှင့် စွမ်းအင် ပြန်လည်ပြည့်ဝရန် လွယ်ကူမည်မဟုတ်ချေ။ သို့သော် ယခုမူ ဤလူယုတ်မာတို့၏ တည်းခိုခန်းထဲသို့ ရောက်ရှိလာသဖြင့် မုန့်ဝမ်အနေဖြင့် ဆိုင်ရှင်က သူမထံသို့ အရင်းအမြစ်များ ပေးပို့လာသည်ကို စောင့်ဆိုင်းနေရုံသာ ရှိပေတော့သည်။
ထိုသို့တွေးမိသောအခါ မုန့်ဝမ်၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာချေ၏။ သူမသည် ခန္ဓာကိုယ်အတွင်းရှိ သွေးများ ပြန်လည် ပြည့်ဝလာသည်ကို အာရုံခံရင်း စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေလေတော့သည်။ မုန့်ဝမ်က စိတ်အေးလက်အေး ရှိနေသော်လည်း ဆိုင်ရှင် ယွီချောင်အော် မှာမူ ပူအိုက်သော ဒယ်အိုးပေါ်မှ ပုရွက်ဆိတ်ကဲ့သို့ ဂနာမငြိမ် ဖြစ်နေချေပြီ။
သူမသည် ကောင်တာရှေ့တွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေပြီး မျက်နှာမှာလည်း အရောင်အမျိုးမျိုး ပြောင်းလဲနေပေ၏။ ပထမအကြိမ်တွင် သူမသည် တစ်ဖက်လူ၏ ခွန်အားကို လျှော့တွက်ခဲ့သဖြင့် ရှုံးနိမ့်ခဲ့ရလေသည်။ ဒုတိယအကြိမ်တွင်မူ အမှားအယွင်းမရှိစေရန် အခြေခံစွမ်းအင်အဆင့် ကိုး ရှိသော ကျွမ်းကျင်သူ ငါးဦးကို ရှာဖွေကာ အခန်းထဲတွင် ကြိုတင် ချောင်းမြောင်းစေခဲ့ပေသည်။ သို့သော် ထိုငါးဦးစလုံး အခန်းထဲ ဝင်သွားပြီးနောက် မည်သူမျှ ပြန်ထွက်မလာခဲ့ကြချေ။
“တောက်.. ဒီမိန်းမက ဘယ်လို နောက်ခံမျိုး ရှိနေတာလဲ....... ဘာကြောင့် ဒီလောက် သန်မာနေရတာလဲ..”
ဆိုင်ရှင်သည် စိုးရိမ်နေရုံမျှမက ထိတ်လန့်မှုကိုပါ အနည်းငယ် ခံစားနေရချေပြီ။
နှစ်ကြိမ်တိုင်တိုင် ကြိုးစားမှုများ ကျရှုံးသွားခဲ့ရာ ထိုမိစ္ဆာကျင့်ကြံသူမလေးမှာ လူအ ဆိုလျှင်ပင် သူမကို သံသယဝင်နေလောက်ပြီ ဖြစ်ချေ၏။ ထိုသူက ဒေါသတကြီးဖြင့် သူမကို ရန်ပြုလာမည်လော........
သူမ မလုပ်ရဲချေ.......
ဆိုင်ရှင်သည် မိမိကိုယ်ကို အတင်းတည်ငြိမ်အောင် ထိန်းလိုက်လေသည်။ အကယ်၍ သူမကို ရန်ပြုချင်ပါက ခုနက အပေါ်ထပ်တွင် တိုက်ရိုက် လုပ်ဆောင်နိုင်ခဲ့ပေလိမ့်မည်။ သူမ မလုပ်ရဲခြင်းမှာ သူမအဒေါ်၏ အရှိန်အဝါကို ကြောက်ရွံ့နေခြင်းကြောင့်သာ ဖြစ်ရမည်။
ထိုသို့တွေးမိမှ ဆိုင်ရှင်သည် အနည်းငယ် စိတ်အေးသွားရလေသည်။ အဒေါ် ရှိနေသရွေ့ ထိုမိစ္ဆာကျင့်ကြံသူမလေးသည် သူမကို ပစ်မှတ်ထားနေသည်ကို သိလျှင်ပင် ဈေးအတွင်း၌ ရှိနေသရွေ့ သူမကို ပြောင်ပြောင်တင်းတင်း ရန်စဝံ့မည် မဟုတ်ချေ။ သို့သော် တစ်ဖက်လူက ဘာကြောင့် ဤတည်းခိုခန်းထဲတွင် ဆက်လက် နေထိုင်နေသနည်း။ သူမကို စိန်ခေါ်ချင်နေခြင်းလော........
ဆိုင်ရှင်၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားချေ၏။ အပြင်က တစ်ကိုယ်တော် ကျင့်ကြံသူများကို အားကိုး၍မရသဖြင့် သူမအနေဖြင့် ကင်းလှည့်အဖွဲ့မှ ထိပ်သီးစစ်သည်များကို ခေါ်ယူကာ အမြစ်ပြတ် ရှင်းလင်းရပေတော့မည်။
ထိုသို့ ဆုံးဖြတ်ပြီးနောက် ဆိုင်ရှင်သည် မဆိုင်းမတွဘဲ ငွေရောင် ဆက်သွယ်ရေးအဆောင်ကို ထုတ်ယူကာ သတင်းပို့လိုက်လေတော့သည်။ သတင်းရောက်သွားချိန်တွင် ကင်းလှည့်အဖွဲ့ ခေါင်းဆောင်အချို့မှာ သောက်စားပျော်ပါးနေကြချေ၏။
လူသန်ကြီးတစ်ဦးသည် အရက်အိုးထဲမှ အရက်များကို အကုန်သောက်လိုက်ပြီး အိုးကို မြေပြင်ပေါ်သို့ ခွဲပစ်ကာ ရယ်မောလျက် ထရပ်လိုက်လေသည်။
“ဟားဟား... အလုပ်လာပြီဟေ့.......... ညီအစ်ကိုတို့ ဆက်စားကြဦး... ငါ အရင် သွားလိုက်ဦးမယ်”
ကျန်သူများက အနည်းငယ် မကျေမနပ် ဖြစ်သွားကြချေ၏။ “ငါတို့ ညီအစ်ကိုတွေ ဆုံရတာ မလွယ်ပါဘူးကွာ။ အဲဒီကိစ္စကို လက်အောက်ငယ်သားတွေကို ခိုင်းလိုက်လို့ မရဘူးလား.........”
“ဟုတ်ပဗျာ... ဒီလိပ်ရိပ်ဈေးမှာ ငါတို့ကို မြင်ရင် ဘယ်သူက မရိုသေဘဲ နေမှာလဲ?”
“ဒီလောက် ညဉ့်နက်နေမှ လက်ဖက်ရည်ဖိုးလေး အနည်းအကျဉ်းအတွက်နဲ့ ကိုယ်တိုင်သွားနေဖို့ မလိုပါဘူးကွာ”
သူတို့၏ ဖျောင်းဖျမှုကို လူသန်ကြီးက ခေါင်းခါပြလိုက်လေ၏။ “ဒီတစ်ခါတော့ မတူဘူး။ ငါတို့ တကယ့် ခေါင်းမာတဲ့ရန်သူနဲ့ တိုးနေပြီ။ အခု သတင်းပို့လိုက်တဲ့သူက ယွီချောင်အော် ပဲ”
လူတိုင်း၏ မျက်နှာတွင် အံ့သြဟန်များ ပေါ်လာချေ၏။ “ယွီချောင်အော် ဟုတ်လား၊ ပိရွှေနတ်သမီးရဲ့ မြေးမလေး မဟုတ်လား.........”
“ဟုတ်တယ်” လူသန်ကြီးက ခေါင်းငြိမ့်ပြလိုက်လေသည်။ “ယွီချောင်အော်အကြောင်း မင်းတို့လည်း သိသားပဲ။ တကယ့်ကို ကိုင်ရခက်တဲ့ အခြေအနေမျိုး မဟုတ်ရင် ငါတို့ကို အခွင့်အရေး ပေးမှာ မဟုတ်ဘူး။ သူ တကယ့် သံပြားကို သွားကန်မိပြီ ထင်တယ်”
“ဒီလောက် သန်မာတာဆိုရင် ငါတို့ ညီအစ်ကိုတွေပါ လိုက်ကူပေးရမလား?”
“မလိုပါဘူး။ အဲဒီလူက ဘယ်လောက်ပဲ တော်တော် တစ်ယောက်တည်းပါပဲ။ ငါ အမြန်ပြန်လာခဲ့မယ်။ သူ့ကို ရှင်းပြီးတာနဲ့ ငါတို့ ပြန်သောက်ကြတာပေါ့”
လူသန်ကြီးက ပြုံး၍ ခေါင်းခါပြလိုက်ပြီးနောက် သူ၏ စစ်သည်များကို ခေါ်ဆောင်ကာ တည်းခိုခန်းကို ဝိုင်းရံရန် ထွက်ခွာသွားလေတော့သတည်း။
လမင်းကြီးမှာ ကောင်းကင်ယံတွင် မြင့်မားစွာ တည်ရှိနေချေပြီ။ နေ့ခင်းဘက်နှင့် နှိုင်းယှဉ်လျှင် ဈေးအတွင်းမှာ တိတ်ဆိတ်နေသော်လည်း လူများစွာမှာ ကင်းလှည့်အဖွဲ့၏ လှုပ်ရှားမှုကို သတိပြုမိကြလေသည်။
“နောက်ထပ် ကံဆိုးမယ့်သူ တစ်ယောက် ပေါ်လာပြန်ပြီ...” အချို့က ဂရုမစိုက်သလို ကြည့်နေကြပြီး အချို့မှာမူ သူတစ်ပါး ဒုက္ခရောက်သည်ကို ကြည့်၍ ပျော်နေကြချေ၏။
လူသန်ကြီးသည် သူ၏လူများကို ဦးဆောင်ကာ တည်းခိုခန်းသို့ ရောက်ရှိလာလေသည်။ သူ၏ အမိန့်ပေးချက်အရ တည်းခိုခန်းတစ်ခုလုံးကို ဝိုင်းရံထားလိုက်ပြီး ထွက်ပေါက်အားလုံးကို ပိတ်ဆို့ထားလိုက်လေ၏။
ဤမျှ ဆူညံသွားသဖြင့် ဆိုင်ရှင် ယွီချောင်အော်အနေဖြင့် မကြားဘဲ မနေနိုင်ချေ။ သူမသည် ရင်ခုန်စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ ဘာမှမသိသည့်အလား တည်းခိုခန်းပြင်သို့ ထွက်လာပြီး လူသန်ကြီးကို မကျေမနပ်ဖြစ်ဟန်ဖြင့် ကြည့်လိုက်လေသည်။
“လူကြီးမင်း... ဒါ ဘာလုပ်တာလဲ”
လူသန်ကြီးက အေးစက်စွာ ပြောလိုက်လေ၏။ “တည်းခိုခန်းထဲမှာ သူလျှိုတစ်ယောက် ပုန်းနေတယ်လို့ လျှို့ဝှက်သတင်း ရထားတယ်။ အဲဒီသူလျှိုကို ဖမ်းဆီးပြီး နှိမ်နင်းဖို့ ငါ ရောက်လာတာပဲ..........”