← Chapters

လက်ဦးမှု ရယူခြင်း

Vol. 6 Ch. 60

လက်ဦးမှု ရယူခြင်း

Vol. 6 Ch. 60

“သူလျှို ဟုတ်လား........”

ယွီချောင်အော် က မျက်မှောင်ကြုတ်လိုက်ရင်း “ကျွန်မရဲ့ တည်းခိုခန်းမှာ မိစ္ဆာကျင့်ကြံသူ တစ်ယောက်ပဲ တည်းနေတာပါ။ တစ်စုံတစ်ခု မှားနေတာများလား......” ဟု မေးလိုက်လေသည်။

“မှားတာ၊ မှန်တာကတော့ အဲဒီလူကို ဖမ်းပြီးရင် သိရမှာပေါ့”

လူသန်ကြီး က စကားဆုံးသည်နှင့် လက်ဝေ့ယမ်းလိုက်ရာ သူ၏ လက်အောက်ငယ်သားများမှာ တည်းခိုခန်းအတွင်းသို့ ချက်ချင်း ပြေးဝင်ကာ စတင်ရှာဖွေကြလေတော့သတည်း။

ယွီချောင်အော်၏ မျက်ဝန်းတွင် ဝမ်းသာရိပ်တစ်ခု ဖြတ်ပြေးသွားချေ၏။ ထိုမိစ္ဆာကျင့်ကြံသူမှာ ရင်ဆိုင်ရခက်သော ပြိုင်ဘက်တစ်ဦးဖြစ်သည်ကို သူမ သိသော်လည်း ကင်းလှည့်အဖွဲ့ ထဲသို့ ဝင်နိုင်သော ကျင့်ကြံသူများမှာလည်း ထိပ်သီးများသာ ဖြစ်ကြပေသည်။ အထူးသဖြင့် ကင်းလှည့်ခေါင်းဆောင်မှာ သာမန် အခြေခံစွမ်းအင်အဆင့် ကျင့်ကြံသူများထက် များစွာ သာလွန်သော ခွန်အားရှိသူ ဖြစ်ချေ၏။ သူမအနေဖြင့် ထိုမိစ္ဆာမလေး သေဆုံးသွားမည့် သတင်းကိုသာ စောင့်နေရုံပင်။

မုန့်ဝမ် သည် ပြတင်းပေါက်နားတွင် ရပ်နေရင်း အောက်ထပ်မှ ဆူညံပွက်လောရိုက်မှုများကို အကဲခတ်နေလေသည်။ တည်းခိုခန်းဆိုင်ရှင်မှာ သူမကို စိတ်မပျက်စေခဲ့ချေ။ သူမကို နှိမ်နင်းရန်အတွက် ကင်းလှည့်အဖွဲ့ တစ်ဖွဲ့လုံးကိုပင် ရှာဖွေနိုင်ခဲ့ပေသည်။ သို့သော် ကင်းလှည့်အဖွဲ့မှ ကျင့်ကြံသူများမှာ ဈေးအတွင်းမှ လူများသာ ဖြစ်ကြရာ သူတို့အားလုံးကို သတ်ပစ်လျှင် ပြဿနာများ ဖြစ်လာနိုင်မည်လော.......။

ထိုသို့တွေးမိသောအခါ မုန့်ဝမ်သည် ထွက်ပြေးရန် ပြင်လိုက်လေတော့သည်။ သူမသည် ပြတင်းပေါက်မှ ခုန်ချကာ ဈေး၏ အပြင်ဘက်သို့ တည့်တည့်မတ်မတ် ပြေးထွက်သွားချေ၏။ မုန့်ဝမ်၏ လှုပ်ရှားမှုကို ကင်းလှည့်သား နှစ်ဦးက မြင်သွားလေသည်။

“သူ ထွက်ပြေးဖို့ ကြိုးစားနေပြီ..........”

“တားကြ... သူ့ကို အလွတ်မပေးနဲ့..........”

မုန့်ဝမ်၏ ခွန်အားမှာ ထိုလူများနှင့် အဆင့်အတန်း မတူလှပေ။ သူမက ထွက်ပြေးချင်သည်ဆိုလျှင် သူတို့အနေဖြင့် တားဆီးနိုင်စွမ်း မရှိချေ။ ထိုသည်ကို မြင်သောအခါ ယွီချောင်အော်သည် စိတ်ပျက်လက်ပျက်ဖြင့် ခြေဆောင့်လိုက်ပြီးနောက် သူတို့နောက်သို့ လိုက်ပါသွားလေတော့သည်။ တစ်ဖက်လူ သေဆုံးသွားသည်ကို မျက်မြင်မတွေ့ရမချင်း သူမ စိတ်အေးနိုင်မည် မဟုတ်ချေ။

တည်းခိုခန်း တည်ရှိရာနေရာမှာ လူသူကင်းဝေးသဖြင့် မုန့်ဝမ်သည် သိပ်မပြေးလိုက်ရဘဲ ဈေး၏ နယ်နိမိတ်ပြင်ပသို့ ရောက်ရှိသွားချေ၏။ သို့သော် ဤနေရာမှာ ဈေးနှင့် နီးကပ်နေသေးသဖြင့် တိုက်ခိုက်ရန် နေရာကောင်း မဟုတ်သေးပေ။ မုန့်ဝမ်သည် သူမ၏ အရှိန်ကို ထိန်းညှိထားပြီး နောက်မှလိုက်လာသော ကင်းလှည့်သားများ မောဟိုက်လာသည့် အမူအရာပြတိုင်း အရှိန်လျှော့ပေးလိုက်လေသည်။ သူတို့ မျက်ခြေပြတ်သွားမည်ကို သူမ စိုးရိမ်နေပုံရပေ၏။

အချိန်အတော်ကြာ လိုက်လံဖမ်းဆီးပြီးနောက် လူသန်ကြီးသည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို ရိပ်မိလာချေ၏။ တစ်ဖက်လူက သူတို့ကို ဈေးနှင့်ဝေးရာသို့ တမင်တကာ မျှားခေါ်နေသကဲ့သို့ ခံစားနေရပေသည်။ ထိုသည်ကို သိလိုက်ရသောအခါ သူသည် လူစုခွဲရန်နှင့် တစ်ဖက်လူကို စမ်းသပ်ရန် အော်ဟစ်တော့မည့်ဆဲဆဲမှာပင် ရှေ့ဘက်မှ စူးရှသော အော်ဟစ်သံတစ်ခုကို ကြားလိုက်ရလေတော့သည်!

တစ်ယောက်ယောက် သေသွားပြီ!

လူသန်ကြီး၏ မျက်နှာတွင် ဒေါသရိပ်များ ဖုံးလွှမ်းသွားချေ၏။ သူသည် အခြားသူများကို သူ၏အနားသို့ စုရုံးရန် သတင်းပို့ရင်း ရှေ့သို့ ဆက်လက်လိုက်လံ ဖမ်းဆီးလေတော့သည်။ မုန့်ဝမ်သည် ကင်းလှည့်သား တစ်ဦးကို သတ်ပစ်ကာ ရန်ငြိုးကို အခိုင်အမာ တည်ဆောက်လိုက်ပြီးနောက် ဆက်လက် တိုက်ခိုက်ခြင်း မပြုသေးပေ။ လူများစွာကို တစ်ပြိုင်နက် သတ်ပစ်ပါက ကျန်ရှိသူများ ကြောက်လန့်တုန်လှုပ်ပြီး ထွက်ပြေးသွားမည်ကို သူမ စိုးရိမ်နေခြင်း ဖြစ်ပေ၏။

အကယ်၍ ထိုလူများ လူစုကွဲ၍ ထွက်ပြေးသွားပါက တစ်ယောက်ချင်းစီ လိုက်လံသတ်ဖြတ်ရန်မှာ အလွန်ပင် လက်ဝင်လှသည့်အပြင် သဲလွန်စများ ကျန်ရစ်သွားနိုင်သည်။ ထို့ကြောင့် ဆက်လက်ပြေးလွှားရင်း တိုက်ခိုက်ရန် အခွင့်အရေးကို ဖြည်းဖြည်းချင်း ရှာဖွေခြင်းကသာ ပို၍ ကောင်းမွန်ပေလိမ့်မည်။

နှစ်ဖက်စလုံးသည် တစ်ဦးကိုတစ်ဦး လိုက်လံဖမ်းဆီးနေကြပြီး နာရီဝက်ခန့် ကြာပြီးနောက်တွင် လူသန်ကြီးနှင့် သူ၏လူများမှာ မုန့်ဝမ်ကို နောက်ဆုံးတွင် မီသွားလေတော့သည်။ အသက်ရှူ မောဟိုက်နေသော မုန့်ဝမ်ကို ကြည့်ကာ လူသန်ကြီး၏ မျက်ဝန်းတွင် ရက်စက်သော အမူအရာများ ပေါ်လာချေ၏။

“ပြေးစမ်းပါဦး... အခု ဘာလို့ မပြေးတော့တာလဲ..........”

မုန့်ဝမ်၏ မျက်နှာတွင် ကြောက်ရွံ့မှုများ ပေါ်လာဟန်ပြရင်း “အစ်ကိုကြီး... ကျွန်မ ရှင့်ကို ဘယ်နေရာမှာ ရန်စမိလို့လဲဆိုတာ တကယ်မသိပါဘူး။ ကျွန်မ အသက်ကို ချမ်းသာပေးပါနော်.............” ဟု ပြောလိုက်လေသည်။

“ငါ့လူကို သတ်ထားပြီးတော့တောင် အသက်ဘေးကနေ လွတ်ဖို့ တောင်းပန်နေသေးတယ်ပေါ့.........”

လူသန်ကြီးက နှာခေါင်းရှုံ့လိုက်ပြီး “နံပါတ်ငါး၊ နံပါတ်ခြောက်... သူ့ကို သွားဖမ်းစမ်း” ဟု အမိန့်ပေးလိုက်လေ၏။

“ဟုတ်ကဲ့....”

အချိန်အတော်ကြာ လိုက်ခဲ့ရသဖြင့် ထိုကင်းလှည့်သား နှစ်ဦးမှာလည်း အလွန်ပင် မောပန်းနေကြပြီ ဖြစ်သော်လည်း ကင်းလှည့်ခေါင်းဆောင်၏ အမိန့်ကို မလွန်ဆန်ဝံ့ကြချေ။ သူတို့နှစ်ဦးသည် မုန့်ဝမ်ကို သတိကြီးစွာ စိုက်ကြည့်နေပြီး သူတို့၏ ဝိညာဉ်လက်နက်များအတွင်းသို့ ဝိညာဉ်စွမ်းအင် များ ထည့်သွင်းရန် ပြင်လိုက်ကြလေသည်။

သို့သော် ထိုစဉ်မှာပင် မုန့်ဝမ်က ရုတ်တရက် လှုပ်ရှားလိုက်ချေ၏။ သူမသည် တစ္ဆေတစ်ကောင်အလား သူတို့နှစ်ဦးရှိရာသို့ လျင်မြန်စွာ တိုးဝင်သွားလေသည်။ ကင်းလှည့်သား နှစ်ဦးမှာ သူတို့၏ မျက်စိရှေ့တွင် အရိပ်တစ်ခု ဖြတ်ခနဲ မြင်လိုက်ရပြီး မတုံ့ပြန်နိုင်ခင်မှာပင် မုန့်ဝမ်၏ လက်ဝါးမှာ သူတို့၏ ရင်ဘတ်ပေါ်သို့ ခပ်သာသာ ကျရောက်သွားခဲ့ချေပြီ။

ထိုလက်ဝါးရိုက်ချက်မှာ အားမပါဘဲ ပေါ့ပါးနေသကဲ့သို့ ထင်ရသော်လည်း ထိမှန်သွားသောအခါ သူတို့၏ သွေးများမှာ ထိန်းချုပ်မရဘဲ ဆူပွက်လာလေတော့သည်။ ချက်ချင်းဆိုသလိုပင် သူတို့ခန္ဓာကိုယ်အတွင်းရှိ သွေးများအားလုံးမှာ လျှို့ဝှက်ဆန်းပြားသော စွမ်းအားတစ်ခု၏ ဆွဲငင်ခြင်းကို ခံလိုက်ရပြီး လက်ဝါးမှတစ်ဆင့် မုန့်ဝမ်၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားလေတော့သတည်း။

သွေးများကို သန့်စင်လိုက်သည်နှင့်အမျှ မုန့်ဝမ်၏ ပိန်ချောင်နေသော ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ပြန်လည်ပြည့်ဖြိုးလာပြီး မျက်နှာမှာလည်း သွေးရောင် ပြန်လည်လွှမ်းမိုးလာချေ၏။ ခေတ္တမျှကြာသော် မုန့်ဝမ်သည် မျက်လုံးဖွင့်လိုက်လေသည်။ သစ်သားခြောက်ကဲ့သို့ ဖြစ်သွားသော ကင်းလှည့်သား အလောင်းနှစ်ခုကို လျစ်လျူရှုကာ သူမ၏ အခြေအနေကို ဂရုတစိုက် အာရုံခံကြည့်လိုက်ပေ၏။

ကင်းလှည့်အဖွဲ့အတွက် ရွေးချယ်ခံရသော ကျင့်ကြံသူများ ဖြစ်သဖြင့် သူတို့၏ သွေးနှင့် စွမ်းအင်မှာ သာမန် တစ်ကိုယ်တော် ကျင့်ကြံသူများထက် များစွာ ပိုမိုပြည့်ဝလှပေသည်။ ဤနှစ်ယောက်ကို သန့်စင်လိုက်ရုံမျှဖြင့် သူမ၏ အားနည်းနေသော အခြေအနေမှာ တစ်ဝက်ခန့် ပြန်လည် ကောင်းမွန်လာခဲ့ပြီ ဖြစ်ချေ၏။

အကယ်၍ ဤကင်းလှည့်အဖွဲ့ တစ်ဖွဲ့လုံးကိုသာ သန့်စင်နိုင်ပါက သူမ၏ အခြေအနေမှာ အနည်းဆုံး ၇၀ ရာခိုင်နှုန်းခန့်အထိ ပြန်လည် ပြည့်ဝလာနိုင်ပေလိမ့်မည်!

မုန့်ဝမ်က သူမ၏ အခြေအနေကို အာရုံခံနေစဉ်မှာပင် လူသန်ကြီးနှင့် ကျန်ရှိသော ကင်းလှည့်သားများ၏ မျက်နှာများမှာ ပျက်ယွင်းသွားကြချေ၏။ မုန့်ဝမ်နောက်သို့ လိုက်နေစဉ် သူတို့၏ အဖော်များ အော်ဟစ်သံကို ကြားခဲ့ရသော်လည်း မုန့်ဝမ်၏ တိုက်ခိုက်မှုကို မျက်ဝါးထင်ထင် မြင်တွေ့ရသည်မှာ ယခုမှ ပထမဆုံးအကြိမ် ဖြစ်လေပေသည်။ သူမ၏ ပထမဆုံး လှုပ်ရှားမှုမှာပင် ကာကွယ်ရန် အလွန်ခက်ခဲသော အစွမ်းထက်သည့် သွေးလမ်းစဉ် သတ်ဖြတ်ခြင်း ကျင့်စဉ်တစ်ခု ဖြစ်နေလေသည်။

ကင်းလှည့်သား အချို့၏ မျက်နှာတွင် ကြောက်ရွံ့မှုများ ထင်ရှားစွာ ပေါ်လာသော်လည်း လူသန်ကြီး၏ မျက်ဝန်းနက်များထဲတွင်မူ ပြင်းထန်သော လောဘစိတ်များ တောက်လောင်လာခဲ့လေသည်။ အကယ်၍သာ ထိုကဲ့သို့သော လျှို့ဝှက်နည်းစနစ်ကို ရရှိခဲ့ပါက သူသည် အခြားသော ကင်းလှည့်အဖွဲ့ ခေါင်းဆောင်များကို သေချာပေါက် ကျော်လွန်နိုင်မည် ဖြစ်ပြီး ဈေး၏ အကြီးအကဲ၏ ယုံကြည်အားကိုးမှုကိုလည်း ရရှိပေလိမ့်မည်။ ထို့ပြင် အခြေခံတည်ဆောက်ခြင်း ဆေးလုံး ကို ရရှိနိုင်မည့် အခွင့်အရေးပင် ရှိနိုင်သဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့် သို့ တက်လှမ်းနိုင်မည် မဟုတ်ပါလော.........

ထိုသို့ တွေးမိသောအခါ လူသန်ကြီး၏ စိတ်မှာ လှုပ်ရှားလာပြီး ဤသွေးလမ်းစဉ် လျှို့ဝှက်နည်းစနစ်ကို မည်သို့ ရယူရမည်ကို ကြံစည်နေလေတော့သည်။

“ခေါင်းဆောင်... အခြေအနေက မကောင်းဘူး။ တစ်ဖက်လူရဲ့ နောက်ခံကိုလည်း မသိရသလို သူ့ရဲ့ နည်းလမ်းတွေကလည်း အရမ်း ထူးဆန်းလွန်းတယ်။ ကျွန်တော်တို့ အရင် ဆုတ်ခွာသင့်လား......”

ကင်းလှည့်သား တစ်ဦးက မုန့်ဝမ်ရှိရာသို့ ထိတ်လန့်စွာ ကြည့်ရင်း တံတွေးမြိုချကာ ပြောလိုက်လေသည်။ အကယ်၍ သူမက သူ့ကို ပစ်မှတ်ထားလိုက်ပါက သူလည်း သေမင်းလက်မှ လွတ်မြောက်နိုင်မည် မဟုတ်ကြောင်း ကြိုတင်ခံစားနေရပေ၏။

“ဆုတ်ခွာမယ် ဟုတ်လား......... ငါတို့ သူ့နောက်ကို လိုက်လာခဲ့တဲ့ အချိန်ကစပြီး ပြန်လှည့်စရာ လမ်းမရှိတော့ဘူး။ အခု ငါတို့အတွက် တစ်ခုတည်းသော နည်းလမ်းက တိုက်ဖို့ပဲ”

လူသန်ကြီးက ခေါင်းခါလိုက်လေသည်။ အခြေအနေက ဤအထိ ရောက်လာခဲ့ပြီဖြစ်ရာ တစ်ဖက်လူက သူတို့ကို တမင်တကာ မျှားခေါ်လာခဲ့ခြင်း ဖြစ်ကြောင်း သူ အတည်ပြုနိုင်ခဲ့ပြီ ဖြစ်ချေ၏။ သူမ၏ မြန်ဆန်လှသော အရှိန်နှင့် ထူးဆန်းစွာ အစွမ်းထက်သော သွေးလမ်းစဉ် နည်းလမ်းများအရ ဆုတ်ခွာခြင်းမှာ သူမကို တစ်ယောက်ချင်းစီ သတ်ဖြတ်ရန် အခွင့်အရေး ပေးလိုက်သလိုသာ ဖြစ်ပေလိမ့်မည်။

ကင်းလှည့်သားများ၏ မျက်နှာမှာ ပျက်ယွင်းသွားသော်လည်း သူတို့မှာ အောက်ခြေမှ တက်လာသော ကျင့်ကြံသူများ ဖြစ်ကြသဖြင့် ခေါင်းဆောင်ပြောသည်မှာ မှန်ကန်ကြောင်း နားလည်ကြပေ၏။

“အားလုံးပဲ ငါ့အမိန့်ကို နားထောင်........ အတူတူ တိုက်ခိုက်ကြ.... ဒီမိစ္ဆာမကို သတ်နိုင်ဖို့ အစွမ်းကုန် ကြိုးစားကြစမ်း.........”

“ဟုတ်ကဲ့.........”

ကင်းလှည့်သားများမှာ အမိန့်ရသည်နှင့် သူတို့၏ အစွမ်းထက်ဆုံး နည်းပညာများကို တစ်ပြိုင်နက် အသုံးပြုကာ မုန့်ဝမ်ရှိရာသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြလေတော့သည်။ အချို့က ရှောင်တိမ်းရန် ခက်ခဲသော လျှို့ဝှက်လက်နက်များကို ဆက်တိုက် ပစ်ခတ်ကြပြီး အချို့ကမူ တစ်နယ်မြေလုံးကို လွှမ်းခြုံနိုင်သော အဆိပ်ရှိသော ပိုးကောင်များကို ထုတ်လွှတ်လိုက်ကြချေ၏။ အချို့မှာမူ သူတို့၏ လျှို့ဝှက်နည်းစနစ်များကို သုံး၍ စွမ်းအားများကို အတင်းအကြပ် မြှင့်တင်ကာ အသေအလဲ တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြလေသည်။

သို့သော် မုန့်ဝမ်ကမူ ခပ်တိုးတိုး ရယ်လိုက်မိလေ၏။ လူအားလုံး၏ မျက်စိရှေ့မှာပင် သူမသည် ရုတ်တရက် ပျောက်ကွယ်သွားပြီး သူမ၏ အရှိန်အဝါမှာလည်း လုံးဝ ကင်းစင်သွားခဲ့ချေပြီ။ သူမ ပြန်လည် ပေါ်လာသောအခါတွင်မူ အဖွဲ့၏ နောက်ဆုံးဘက်တွင် ရှိနေပြီး ကာကွယ်မှု အားနည်းဆုံး နေရာသို့ ရောက်ရှိနေပေတော့သည်။

သူမသည် လူအားလုံး၏ ရှေ့မှာပင် လက်ကို မြှောက်လိုက်ပြီး ကင်းလှည့်သား နှစ်ဦးကို တိုက်ရိုက် ရိုက်နှက်လိုက်လေသည်။

“ရပ်စမ်း......”

လူသန်ကြီးမှာ အလွန်အမင်း ထိတ်လန့်သွားသလို ဒေါသလည်း ထွက်သွားသဖြင့် မုန့်ဝမ်ရှိရာသို့ စိုက်ကြည့်ကာ ဟိန်းဟောက်လိုက်လေတော့သည်။ မုန့်ဝမ်မှာမူ မကြားသည့်အလား သူမ၏ ဘေးရှိ လူနှစ်ဦးကို လက်ဝါးဖြင့် အသေအချာ ရိုက်နှက်လိုက်ချေ၏။ လက်ဝါး ထိမှန်သွားသည်နှင့် ကင်းလှည့်သား နှစ်ဦး၏ သွေးများမှာ ချက်ချင်းဆိုသလို စုပ်ယူခြင်း ခံလိုက်ရပြီး သူမ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားလေတော့သတည်း။

မုန့်ဝမ်၏ နည်းစနစ်မှာ သန့်ရှင်းသပ်ရပ်ပြီး ပြတ်သားလှရာ တွန့်ဆုတ်မှု တစ်စက်မျှ မရှိချေ။ ထိုနှစ်ဦး၏ သွေးများကို သန့်စင်ပြီးနောက် သူမ၏ ခန္ဓာကိုယ်မှာ ပိုမိုပြည့်ဖြိုးလာပြီး နောက်ဆုံးတွင်တော့ လူနှင့် တူလာခဲ့ချေပြီ။

“မိစ္ဆာမ... နင် သေချင်နေပြီပဲ...........”

လူသန်ကြီး၏ မျက်ဝန်းတွင် သတ်ဖြတ်လိုသော အရှိန်အဝါများ တောက်လောင်လာခဲ့ချေ၏။ထို့နောက် ခါးကြားမှ ဓားကြီးကို ဆွဲထုတ်လိုက်ပြီး ဝိညာဉ်စွမ်းအင်များကို အပြည့်အဝ ထည့်သွင်းကာ မုန့်ဝမ်ရှိရာသို့ ခုတ်ပိုင်းလိုက်လေသည်။

All Chapters