← Chapters

ဒီသူတော်စင်အဆင့် သိုင်းကျမ်းများက တစ်ဆောင်းတွင်းလုံး မီးထိုးဖို့ လောက်ငရုံလေးပဲ

Vol. 1 Ch. 1

ဒီသူတော်စင်အဆင့် သိုင်းကျမ်းများက တစ်ဆောင်းတွင်းလုံး မီးထိုးဖို့ လောက်ငရုံလေးပဲ

Vol. 1 Ch. 1

အရှေ့ပိုင်းဒေသ...

ရှန်ကျန်းဂိုဏ်း...

မူဖူတောင်...

ဆောင်းရာသီအလယ်ဖြစ်ပြီး ကမ္ဘာလောကကြီးတစ်ခုလုံး နှင်းများဖုံးလွှမ်းနေသည့်အတွက် မြင်ကွင်းတဆုံး၌ အဖြူရောင်ကမ္ဘာကြီး ဖြစ်ပေါ်နေပေ၏။

"ဟူး..."

ဝါဂွမ်းအင်္ကျီ ဝတ်ဆင်ထားသော ကျုံးချင်သည် မီးဖိုဘေးတွင် ထိုင်ရင်း သက်ပြင်းချလိုက်မိသည်။

သူ ဤကမ္ဘာသို့ ရောက်လာခဲ့သည်မှာ ငါးနှစ်ရှိပြီဖြစ်သလို မူဖူတောင်ပေါ်တွင် နေထိုင်ခဲ့သည်မှာလည်း ငါးနှစ်ရှိခဲ့လေပြီ။

မူဖူတောင်သည် ရှန်ကျန်းဂိုဏ်း၏ တောင်ကြီးခုနစ်လုံးအနက် တစ်လုံးအပါအဝင်ဖြစ်ပြီး ကျုံးချင်သည် တောင်သခင်ရာထူးကို ရရှိထားသည်။ သို့ရာတွင် လက်တွေ့တွင်မူ မူဖူတောင်သည် လုံးဝအသုံးမဝင်သော နေရာတစ်ခုသာ ဖြစ်ပေ၏။

ကျုံးချင် တောင်သခင်ဖြစ်လာရသည့် အကြောင်းအရင်းမှာ သူ၏ဆရာဖြစ်သူ တာအိုပညာရှင်နိုင်းကြောင့်ပင်။

တခြားတောင်များတွင် တပည့်များဖြင့် ပြည့်နှက်နေသော်လည်း တာအိုပညာရှင်နိုင်းမှာမူ တစ်ကိုယ်တည်းဖြစ်ပြီး သေခါနီးအချိန်ကျမှသာ သူ့ကို တပည့်အဖြစ် လက်ခံခဲ့ခြင်းဖြစ်သည်။

သူ့တွင် နှစ်သက်စရာအချက်တစ်ခုခု ရှိနေ၍ လက်ခံခဲ့ခြင်းဟု ယုံကြည်ရခြင်းထက် တာအိုပညာရှင်နိုင်းတွင် ရွေးချယ်စရာမရှိတော့သဖြင့် လမ်းဘေးမှ လူတစ်ယောက်ကို အဆင်ပြေသလို ကောက်ယူကာ တာဝန်ကျေရုံ တပည့်လက်ခံခဲ့ခြင်းဟုဆိုလျှင် ပိုမှန်ပေလိမ့်မည်။

ထိုစဉ်က တာအိုပညာရှင်နိုင်း လက်ခံလိုက်သည့် ပထမဆုံးတပည့်ဖြစ်သည့်အတွက် ရှန်ကျန်းဂိုဏ်းတွင် အတော်လေး လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သေးသည်။

ကျုံးချင်ကလည်း သူ့ကိုယ်သူ ပါရမီရှင်တစ်ယောက်ဟု ထင်မှတ်ကာ ဘဝ၏အထွတ်အထိပ်သို့ ရောက်ရှိရန် မျှော်လင့်ခဲ့ဖူးပေ၏။

သို့သော် သူသည် ဘာမှသုံးစားမရသော အမှိုက်တစ်ယောက်ဖြစ်နေမည်ဟု မည်သူက ထင်ထားမိမည်နည်း။

တာအိုပညာရှင်နိုင်းသည် နောက်ထပ်တပည့်တစ်ဦးကို ထပ်မံရွေးချယ်ခြင်း မပြုခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူသည် ကျုံးချင်ကို ကောင်းမွန်စွာ ဆက်ဆံပေးခဲ့သည်။

ထိုစဉ်က ကျုံးချင်၏ဘဝသည် အဆင်ပြေခဲ့သည်ဟု ဆိုရမည်။ မူဖူတောင်တစ်ခုလုံးတွင် သူတို့နှစ်ဦးတည်းသာ ရှိသော်လည်း တာအိုပညာရှင်နိုင်း၏အစွမ်းအစမှာ အခြားတောင်သခင်များထက် မလျော့နည်းသဖြင့် မည်သူမျှ အတင်းအဖျင်း မပြောရဲခဲ့ကြပေ။

သို့သော် တာအိုပညာရှင်နိုင်း ခရီးထွက်နေစဉ်အတွင်းတွင် သူ၏အသက်ဝိညာဉ်ကျောက်ပြား ကွဲကြေသွားခဲ့ပြီး အားကိုးရာမဲ့နေသော တပည့်ငယ်လေးကို ချန်ထားရစ်ခဲ့လေသည်။

တာအိုပညာရှင်နိုင်းသည် ဂိုဏ်းအတွက် ကြီးမားသော အကျိုးပြုမှုများ လုပ်ဆောင်ခဲ့ဖူးသဖြင့် မူဖူတောင်သည် ဖျက်သိမ်းခြင်းမခံရဘဲ တစ်ဦးတည်းသောတပည့်ဖြစ်သော ကျုံးချင်က တောင်သခင်ရာထူးကို ဆက်ခံခွင့် ရရှိခဲ့ခြင်းပင်။

သို့သော် လောကကြီးသည် ရက်စက်တတ်ပြီး ကျောထောက်နောက်ခံဖြစ်သော တာအိုပညာရှင်နိုင်း မရှိတော့သည့်နောက်တွင် ကျုံးချင်၏နေ့ရက်များ တဖြည်းဖြည်း ခက်ခဲလာခဲ့ရသည်။

အမှန်အားဖြင့် ကမ္ဘာကူးပြောင်းလာသူတစ်ယောက်အနေဖြင့် ကျုံးချင်သည် အထူးအခွင့်အရေးများ ရရှိခဲ့ပေ၏။

တာအိုပညာရှင်နိုင်း သေဆုံးပြီး တစ်လမပြည့်မီမှာပင် နေ့စဉ်တက်ရောက်စာရင်းသွင်းနိုင်သော စနစ်တစ်ခု သူ့ထံ၌ နိုးထလာခဲ့သည်။

ကျုံးချင်က သူ၏ဘဝအထွတ်အထိပ်သို့ ရောက်တော့မည်ဟု ထင်နေချိန်တွင် ဤစနစ်သည် အမှန်တကယ်ကို ချီးထုတ်စနစ်ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။

အကြောင်းအရင်းမှာ ထိုစနစ်သည် နေ့စဉ်တက်ရောက်စာရင်းသွင်းမှုအတွက် ဆုလာဘ်များကို ပေးသော်လည်း ကျင့်ကြံခြင်းအဆင့်ကိုမူ လုံးဝဂရုမစိုက်သောကြောင့်ပင်။

ဥပမာအားဖြင့် လက်ရှိ သူကိုင်ထားသော သူတော်စင်အဆင့် သိုင်းကျမ်းသည် နေ့စဉ်တက်ရောက်စာရင်းသွင်းခြင်းမှ ရရှိထားခြင်းဖြစ်သည်။

သိုင်းကျမ်းများနှင့် မှော်ရတနာများကို အဆင့်ကိုးဆင့် ခွဲခြားထားပြီး ဘုရင် ဧကရာဇ် အရှင်သခင် သူတော်စင် နှင့် အုပ်စိုးသူစသဖြင့် အဆင့်ဆင့်ရှိသည်။

သူတော်စင်အဆင့် သိုင်းကျမ်းသည် အဆင့်နိမ့်ပညာရပ် မဟုတ်ပေ။ ထိုအရာကို အပြင်လောကသို့သာ ပစ်ပေးလိုက်ပါက သွေးချောင်းစီးမည့် တိုက်ပွဲများကို အလွယ်တကူ ဖြစ်ပေါ်စေနိုင်သည်။ သို့သော် သူ့ကဲ့သို့ အမှိုက်တစ်ယောက်အတွက်မူ နည်းစနစ်ရှိသော်လည်း ကျင့်ကြံဆင့် မရှိသဖြင့် အသုံးမဝင်ပေ...

မည်သည့်နေရာ၌ အသုံးဝင်မည်နည်း....

ကျုံးချင်က ထိုစာအုပ်ကို သူ၏ရှေ့ရှိ မီးဖိုထဲသို့ တန်းတန်းမတ်မတ် ပစ်ထည့်လိုက်သည်။

မီးဖိုထဲတွင် မီးများတောက်လောင်နေပြီး မီးရောင်က ကျုံးချင်၏ နီမြန်းနေသော မျက်နှာကို လင်းလက်သွားစေကာ အနည်းငယ် နွေးထွေးသွားစေပေ၏။

မည်သို့ပင်ဆိုစေကာမူ ဤသည်ကသူတော်စင်အဆင့် သိုင်းကျမ်းတစ်အုပ်ဖြစ်သဖြင့် မီးရှို့ပစ်ရသည်မှာ နှမြောဖွယ် မကောင်းသလော...

ဤသည်မှာ သေချာပေါက် နှမြောဖွယ်ကောင်းသည့် ကိစ္စပင်။

သို့သော် ဤကဲ့သို့ အေးစက်သော ရာသီဥတုတွင် စာအုပ်တစ်အုပ်ကို သူ အချိန်မည်မျှထိကြာကြာ ကိုင်ထားနိုင်မည်နည်း။ ထိုစာအုပ်သည် မကြာမီမှာပင် အေးခဲပြီး ကျိုးပဲ့သွားပေလိမ့်မည်။ကျုံးချင်က မတ်တတ်ရပ်လိုက်ပြီး ဘေးနားရှိ သိုင်းကျမ်းများ အပြည့်ထည့်ထားသော အိတ်ကို ဆွဲယူကာ မီးဖိုကို ဆက်လက်တောက်လောင်နေစေရန် စာအုပ်အနည်းငယ်ကို မီးဖိုထဲသို့ ရံဖန်ရံခါ ပစ်ထည့်လိုက်သည်။

မီးဖိုပေါ်တွင် ရေနွေးအိုး တည်ထားပြီး အပူချိန်ပြင်းသောကြောင့် လျင်မြန်စွာ ဆူပွက်လာကာ တဝေါဝေါ မြည်သံများ ထွက်ပေါ်လာပေ၏။

ကျုံးချင်က လက်ဖက်ရည်တစ်ခွက် ဖျော်လိုက်သည်။ အေးစက်သော ဆောင်းရာသီတွင် လက်ဖက်ရည်တစ်ငုံ သောက်လိုက်ရသည်မှာ အလွန်သက်သောင့်သက်သာ ရှိလှသည်။

အမှန်အားဖြင့် လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း သူ အတွေ့အကြုံများ ရရှိခဲ့သည်။

တစ်နှစ်ပတ်လုံး တက်ရောက်စာရင်းသွင်း၍ ရရှိသော သိုင်းကျမ်းများသည် သူ့အတွက် တစ်ဆောင်းတွင်းလုံး မီးထိုးရန် လောက်ငရုံသာ ရှိသည်။ သို့သော် ရွှေရောင်ဆုလာဘ်များ များများစားစားရလျှင်ဖြင့် ဆောင်းတွင်းကုန်သည်အထိ ဂိုဒေါင်တစ်ဝက်ခန့် ကျန်ကောင်းကျန်နေနိုင်သည်။

သေချာသည်မှာ...

တက်ရောက်စာရင်းသွင်းခြင်းသည် သိုင်းကျမ်းများကိုသာ ပေးသည်မဟုတ်ဘဲ အမျိုးမျိုးသော မှော်ရတနာများနှင့် နတ်ဘုရားလက်နက်များကိုလည်း ရရှိနိုင်သည်။

ဥပမာအားဖြင့် တံခါးဝတွင် ထင်းခွဲရန် အသုံးပြုသော ပုဆိန်နှင့် မီးဖိုချောင်ထဲမှ ဓားမကြီး...

ထို့ပြင် အနောက်ဘက်တောင်ကုန်းရှိ သစ်သီးခြံနှင့် ရေကန် ဝင်ပေါက်ရှိ ဟင်းသီးဟင်းရွက်စိုက်ခင်းနှင့် ဥယျာဉ်ထဲမှ စာခြောက်ရုပ်အပြင် လက်ရှိ ပန်းကန်ပြားထဲရှိ ကြက်ဥနှစ်လုံးသည်လည်း တက်ရောက်စာရင်းသွင်းခြင်းမှ ရရှိထားခြင်းပင်။

အတိုချုပ်ပြောရလျှင် ထူးဆန်းသော အရာမျိုးစုံ ရှိနေသည်။

ထိုသို့ရှိနေသော်လည်း ကျုံးချင်ကမူ ဆွံ့အနေဆဲပင်။

သိုင်းကျမ်း သို့မဟုတ် နတ်ဘုရားလက်နက်များသည် မည်မျှပင် အစွမ်းထက်ပါစေ ကျင့်ကြံဆင့်မရှိလျှင် အသုံးမဝင်ပေ။

သူသည် ရွှေတောင်ကြီးကို ပိုင်ဆိုင်ထားသော်လည်း အသုံးမပြုနိုင်သူ၏ စံပြဥပမာတစ်ခုပင်။

"လူလိမ္မာတို့သည် အပြစ်ကင်းသော်လည်း ရတနာပိုင်ဆိုင်ထားခြင်းက ရာဇဝတ်မှုဖြစ်သည်" ဟူသော သဘောတရားကို သူနားလည်သဖြင့် ဤအရာများကို ထုတ်ဖော်ပြသရဲခြင်း မရှိပေ။

ကံကြမ္မာက ရက်စက်လိုက်လေခြင်း...

သူ့အတွက် ကံကြမ္မာသည် အမှန်တကယ်ကို ရက်စက်ပေ၏။

ထိုအချိန်မှာပင် ဝေးကွာသော မိုးကုပ်စက်ဝိုင်းဆီမှ အလင်းတန်းတစ်ခု ပေါ်လာသည်။

သူ မော့ကြည့်လိုက်ရာ မိုးကုပ်စက်ဝိုင်းဆီမှနေ၍ ကြိုးကြာဖြူတစ်ကောင် ပျံသန်းလာသည်ကို တွေ့လိုက်ရပေ၏။

သူ၏မူဖူတောင်သို့ မည်သူမျှ မလာဖူးသဖြင့် တစ်စုံတစ်ယောက်သည် မည်သည်ကြောင့် သူ၏တံခါးဝသို့ ရောက်လာရသနည်းဟု တွေးတောမိလိုက်သည်။

သူ စဉ်းစားနေစဉ်မှာပင် ကြိုးကြာဖြူသည် သူ၏ခေါင်းပေါ်သို့ ရောက်ရှိလာပြီး ထိုသားရဲပေါ်တွင် လူငယ်တစ်ယောက် မတ်တတ်ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။

"ငါးနှစ်တစ်ကြိမ် ကျင်းပတဲ့ တပည့်လက်ခံပွဲ အခမ်းအနားက မနက်ဖြန် စတင်တော့မယ်... ဂိုဏ်းချုပ်က ခင်ဗျားကို အခမ်းအနားတက်ရောက်ဖို့အတွက် ရှန်ကျန်းပင်မတောင်ထိပ်ကို လာခဲ့ဖို့ အမိန့်ပေးလိုက်တယ်"

လူငယ်က ကျုံးချင်ကို လှောင်ပြောင်သော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး သူ့ကို နှုတ်ပင်မဆက်ချေ။ သူ၏မျက်လုံးများထဲတွင် သရော်တော်တော် အရိပ်အယောင်များ ပေါ်လွင်နေသည်။

သူသည် ဂိုဏ်းချုပ်၏ ဆုံးဖြတ်ချက်ကို လုံးဝ နားမလည်နိုင်ပေ။

'ဒီအသုံးမကျတဲ့ကောင်က တပည့်လက်ခံပွဲမှာ ပါဝင်တော့ရော ဘာထူးမှာမို့လို့လဲ'

ကျုံးချင်သည် ခံစားချက်ကင်းမဲ့နေပြီး တပည့်လက်ခံပွဲကို စိတ်ဝင်စားခြင်း လုံးဝမရှိသလို ထိုကဲ့သို့သောနေရာသို့ သွားပြီး လှောင်ပြောင်မှုများကို သည်းခံရန်လည်း ပျင်းရိနေသည်။

သူ ငြင်းပယ်ရန် ဟန်ပြင်လိုက်စဉ်မှာပင် စနစ်၏အသံက သူ၏စိတ်ထဲ၌ ထွက်ပေါ်လာခဲ့သည်။

"စနစ်က တာဝန်အသစ်တစ်ခု ထုတ်ပြန်လိုက်ပါပြီ"

"ကျေးဇူးပြု၍ တပည့်လက်ခံရန် ရှန်ကျန်းတောင်ထိပ်သို့ ချက်ချင်းသွားရမည်.. သတ်မှတ်ထားသော တပည့်ကို အောင်မြင်စွာ လက်ခံနိုင်တာနှင့် တပြိုင်နက် 'အသုံးမဝင်သော ပါရမီ' နှောင်ကြိုးကို သင့်အတွက် အသက်သွင်းပေးမည်"

"အမှိုက်နှောင်ကြိုး ၁/၂ : ပိုင်ရှင်၏ ကျင့်ကြံခြင်းအမြန်နှုန်းသည် အဆ ၁၀၀ တိုးလာပြီး တပည့်အားလုံး၏ ကျင့်ကြံခြင်းရလဒ်သည် ပိုင်ရှင်ထံသို့ အဆ ၁၀၀၀ ပြန်လည်ရောက်ရှိမည်.... ၂/၂ : ပိုင်ရှင်၏ ကျင့်ကြံခြင်းအမြန်နှုန်းသည် အဆ ၁၀၀ တိုးလာပြီး တပည့်အားလုံး၏ ကျင့်ကြံခြင်းရလဒ်သည် ပိုင်ရှင်ထံသို့ အဆ ၁၀၀၀၀ ပြန်လည်ရောက်ရှိမည်"

စနစ်၏အသံကို ကြားလိုက်ရချိန်၌ ကျုံးချင်၏ တည်ငြိမ်နေသော မျက်နှာထား ရုတ်တရက် တောက်ပသွားသည်။

ငါးနှစ်...

ငါးနှစ်ကြာပြီးမှ နောက်ဆုံးတော့ ရောက်လာပြီလား...

သူ့ရဲ့ရွှေတွင်းကြီးကို အသုံးပြုဖို့ နေရာတစ်ခုကို ရှာတွေ့သွားပြီလား...

ထို့အပြင် ဤနှောင်ကြိုးစနစ်သည် မယုံနိုင်လောက်အောင် အစွမ်းထက်ပုံရသည်။ ဥပမာအားဖြင့် "အသုံးမဝင်သော" တပည့်တစ်ဦးကို အသက်သွင်းလိုက်ရုံဖြင့် သူတို့၏ကျင့်ကြံခြင်းအမြန်နှုန်းကို အဆတစ်ရာ တိုးမြှင့်ပေးနိုင်ပြီး အသုံးပြုသူသည်လည်း အဆတစ်ထောင် ပြန်လည်ရရှိနိုင်သည်။

အကယ်၍ ထိုအားလုံးပေါင်းလိုက်လျှင် တပည့်၏ တစ်ရက်တာ ကျင့်ကြံခြင်းသည် ဆရာ၏ ရက်ပေါင်း၁၀၀၀၀၀ ကျင့်ကြံခြင်းနှင့် ညီမျှပေလိမ့်မည်။

အမှိုက်နှစ်ထပ်ကွမ်းနှောင်ကြိုးကို အသက်သွင်းခြင်းအတွက်မူ ပို၍ပင် ကောင်းမွန်ပေလိမ့်မည်။

"ကောင်းပြီလေ... မနက်ဖြန် ငါ သေချာပေါက် လာခဲ့မယ်"

ကျုံးချင် မတ်တတ်ရပ်ပြီး လူငယ်ကို မော့ကြည့်ကာ ပြောဆိုလိုက်သည်။

"ဒါဆိုရင် ခင်ဗျား ချက်ချင်း ထွက်လာတာ ပိုကောင်းလိမ့်မယ်... ဒီနေရာကနေ ရှန်ကျန်းပင်မတောင်ထိပ်အထိက ခရီးဝေးကြီးပဲ... တပည့်လက်ခံပွဲ ပြီးသွားတဲ့အထိ စောင့်မနေနဲ့ဦး"

လူငယ်က သရော်တော်တော်အကြည့်ဖြင့် ပြောဆိုသည်။

"တကယ်တော့ ခင်ဗျားကို ကြိုးကြာဖြူနဲ့ ခေါ်မသွားပေးနိုင်တာ မဟုတ်ဘူး... ဒါပေမယ့် ကျုပ်ရဲ့ တွဲဖက်သားရဲက ထူးဆန်းတဲ့ စိတ်သဘောထားရှိတယ်... သူ သဘောမကျတဲ့လူက သူ့အပေါ် အတင်းတက်စီးရင် အောက်ကို ပစ်ချလိမ့်မယ်"

ထိုသို့ပြောပြီးနောက် လူငယ်သည် အေးစက်စွာ ရယ်မောလိုက်ပြီး ကြိုးကြာဖြူကို စီးနင်းကာ ထွက်ခွာသွားတော့သည်။

ကျုံးချင်က ထိုလူငယ် ပြောသည်ကို ဂရုမစိုက်ပေ။

နှောင်ကြိုးစနစ် အသက်ဝင်လာသည်နှင့် တပြိုင်နက် မကြာမီအချိန်အတွင်း ဤလူငယ်ကို မဆိုထားနှင့် ရှန်ကျန်းဂိုဏ်းတစ်ခုလုံးကိုပင် သူ ဂရုစိုက်ရန် မလိုတော့ပေ။

သူသည် အလျင်အမြန် ပြင်ဆင်ပြီးနောက် ရှန်ကျန်းပင်မတောင်ထိပ်သို့ ဦးတည်ထွက်ခွာလာခဲ့သည်။

All Chapters