← Chapters

စနစ်မှ ရွေးချယ်လိုက်သော တပည့်

Vol. 1 Ch. 2

စနစ်မှ ရွေးချယ်လိုက်သော တပည့်

Vol. 1 Ch. 2

နောက်တစ်နေ့...

ရှန်ကျန်းပင်မတောင်ထိပ်....

ရှန်ကျန်းဂိုဏ်းသည် မိုင်ပေါင်းသောင်းချီသော နယ်မြေအတွင်း တည်ရှိသည့် အဓိကဂိုဏ်းကြီးများအနက်မှ တစ်ဂိုဏ်းပင်။ ဤသည်မှာ မရေမတွက်နိုင်သော လူများ၏စိတ်နှလုံးသားထဲတွင် ကျင့်ကြံခြင်းအတွက် မြင့်မြတ်နယ်မြေတစ်ခု ဖြစ်သောကြောင့် ထိုနေရာတွင် လူများဖြင့် ပြည့်နှက်နေပေ၏။

"ငြိမ်ငြိမ်နေကြစမ်း..."

ထိုအချိန်တွင် နက်နဲသိမ်မွေ့သော စွမ်းအင်များ ပါဝင်နေသည့် ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာပြီး ဆူညံနေသော လူအုပ်ကြီး ချက်ချင်းတိတ်ဆိတ်သွားသည်။

ထို့နောက် ဉာဏ်ပညာနှင့် ပြည့်စုံပုံရသော အဘိုးအိုတစ်ဦးက စင်မြင့်ပေါ်သို့ လျှောက်လှမ်းလာသည်။

ထိုအဘိုးအို၏နောက်တွင် ခံ့ညားထည်ဝါသော ပုဂ္ဂိုလ်အများအပြား ထိုင်နေကြသည်။ အလယ်တွင် ထိုင်နေသူမှာ ရှန်ကျန်းဂိုဏ်း၏ ဂိုဏ်းချုပ် ရွှမ်ယွမ်ဟုန် ဖြစ်ပြီး ကျန်လူများသည် အဓိကတောင်ကြီးများ၏ တောင်သခင်များပင်။

"အားလုံးပဲ ....တန်းစီပြီး ကိုယ့်ရဲ့ ပါရမီကို တစ်ယောက်ချင်းစီ လာရောက်စစ်ဆေးကြပါ...."

အဘိုးအို၏အသံ ထပ်မံ၍ ထွက်ပေါ်လာသည်။

စင်မြင့်အောက်တွင် ပါရမီစမ်းသပ်ခြင်း ကျောက်တိုင်ဆယ်ခုကို ချထားပြီး ထိုအရာများ၌ အလင်းရောင်များ တောက်ပနေကာ အသစ်လက်ခံမည့် တပည့်များ၏ပါရမီကို စမ်းသပ်ရန် လမ်းကြောင်းဆယ်ခု ခွဲထားသည်။

မကြာမီ...

တပည့်များသည် တစ်ဦးပြီးတစ်ဦး သူတို့၏ ပါရမီကို စတင်စမ်းသပ်ကြတော့သည်။ ပါရမီ၏အားကောင်းမှုက အနာဂတ်တွင် သူတို့ မည်မျှအထိ ခရီးရောက်နိုင်မည်ကို ဆုံးဖြတ်ပေးမည်ဖြစ်သောကြောင့် သူတို့၏ နုပျိုသော မျက်နှာများပေါ်တွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေပေ၏။

ပါရမီစမ်းသပ်မှုမှာ ရိုးရှင်းသည်။ တစ်စုံတစ်ယောက်သည် သူ၏ချီစွမ်းအင်ကို စမ်းသပ်ကျောက်တိုင်ထဲသို့ ထည့်သွင်းပြီး ထိုအရာမှ ပြန်လည်ထွက်ပေါ်လာသော အလင်းရောင်ဖြင့် ပါရမီ၏အားကောင်းမှုကို ဆုံးဖြတ်ခြင်းပင်။

ပါရမီစမ်းသပ်ခြင်း ကျောက်တိုင်သည် အဖြူ၊ အစိမ်း၊ အပြာ၊ အနီ၊ ခရမ်း နှင့် ရွှေရောင်ဟူ၍ အရောင်ခြောက်မျိုး ပြသပေမည်။ အဖြူရောင်ပါရမီသည် သာမန်ပါရမီဖြစ်ပြီး အရောင်မြင့်လေလေ ပါရမီပိုကောင်းလေလေပင်။

စမ်းသပ်မှု ပြုလုပ်နေစဉ် တချို့က ပျော်ရွှင်နေကြပြီး တချို့ကမူ စိုးရိမ်ပူပန်နေကြသည်။

တပည့်အများစုသည် အဖြူရောင်အရည်အချင်း ရှိကြပြီး အရေအတွက် အနည်းငယ်သာ အစိမ်းရောင်အရည်အချင်း ရှိကြကာ အပြာရောင်အရည်အချင်း ရှိသူမှာ လက်တစ်ဆုပ်စာသာ ရှိသည်။

ရှန်ကျန်းဂိုဏ်းသည် တပည့်များကို အုပ်စုများအလိုက် ခွဲခြားထားပြီးဖြစ်ကာ စမ်းသပ်မှု ပြီးစီးသွားသော တပည့်များကို သူတို့၏ အရည်အချင်းအလိုက် နေရာချထားသည်။

"ဒီနှစ်မှာရော.. အံ့သြစရာတွေများ ပါလာမလားမသိဘူး"

စားပွဲထိပ်တွင် ထိုင်နေသော ရွှမ်ယွမ်ဟုန်နှင့် တောင်သခင်တချို့ စကားစမြည် ပြောဆိုနေကြသည်။

"ဟုတ်တယ်... ခရမ်းရောင်အဆင့် ပါရမီရှင်တစ်ယောက်လောက် ထွက်လာရင် ကောင်းမှာပဲ"

တောင်သခင်တစ်ဦးက ပြောဆိုသည်။

"တကယ်လို့ ခရမ်းရောင်ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာခဲ့ရင် ဒါက ငါတို့ရှန်ကျန်းဂိုဏ်းအတွက် ကောင်းကင်ဘုံကပေးတဲ့ ဆုလာဘ်ပဲ"

ရွှမ်ယွမ်ဟုန်က သဘောကျစွာ ရယ်မောလိုက်သည်။ ထို့ထက်ပို၍မြင့်မားသော ရွှေရောင်ပါရမီရှင်အတွက်မူ သူ စိတ်ကူးပင် မယဉ်ရဲပေ။

မကြာမီတွင် အနီရောင်ပါရမီရှင်တစ်ဦး ကွင်းပြင်၌ ထွက်ပေါ်လာသည်။

ဤသည်မှာ လူအုပ်ကြီးကို အံ့အားသင့်သွားစေပေ၏။

ရွှမ်ယွမ်ဟုန်နှင့်တခြားသူများလည်း အလွန် စိတ်လှုပ်ရှားသွားကြသည်။

အနီရောင်ပါရမီရှင်များသည် အနာဂတ်တွင် ဂိုဏ်း၏ကျောရိုးများ ဖြစ်လာကြမည်ဖြစ်ပြီး ယခုချိန်၌ စားပွဲထိပ်တွင် ထိုင်နေသူအားလုံးသည်လည်း အတိတ်က အနီရောင်ပါရမီရှင်များသာ ဖြစ်ကြ၏။

ဤအနီရောင်ပါရမီရှင်များသည် တောင်သခင်အသီးသီးမှ သူတို့ထံ ခေါ်ယူရန် ကြိုးစားကြမည့် အဓိကပစ်မှတ်များလည်း ဖြစ်သည်။

အချိန် တဖြည်းဖြည်း ကုန်ဆုံးသွားပြီးနောက် ပါရမီစမ်းသပ်မှုသည် ပြီးဆုံးလုနီးပါး ဖြစ်နေလေပြီ။

အဖြူ၊ အစိမ်း နှင့် အပြာရောင်ပါရမီများအပြင် စုစုပေါင်း အနီရောင်ပါရမီရှင် ခြောက်ဦး ပေါ်ထွက်လာခဲ့သည်။

ဤသည်မှာ တကယ့်ကို မှတ်သားလောက်သော အောင်မြင်မှုတစ်ခုပါပင်။

လူများအားလုံးက ဤမျှဖြင့် အ​ဆုံးသတ်သွားပြီဟု ထင်နေကြချိန်တွင် ကွင်းပြင်၌ ခရမ်းရောင်အလင်းတန်းတစ်ခု ရုတ်တရက် ပွင့်အံ့ထွက်ပေါ်လာသည်။

ထိုခရမ်းရောင်အလင်းတန်း ပေါ်လာသည်နှင့် တစ်ပြိုင်နက် လူတိုင်း အံ့အားသင့်သွားကြ၏။

ရွှမ်ယွမ်ဟုန်နှင့် တခြားသူများလည်း မတ်တတ်ထရပ်လိုက်ကြပြီး သူတို့၏မျက်လုံးများ ပြူးကျယ်သွားကြသည်။

"ဝိုး... ခရမ်းရောင်ပါရမီရှင်​က တကယ်ကြီး ထွက်ပေါ်လာတာပဲ"

ရွှမ်ယွမ်ဟုန်က မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်သည်။

ခရမ်းရောင်ပါရမီ ရှိကြောင်း တွေ့ရှိရသူမှာ အဝတ်အစားကောင်းများ ဝတ်ဆင်ထားသော လူငယ်တစ်ဦးပင်။ ထိုအချိန်တွင် သူသည် လူတိုင်း၏ အားကျသော အကြည့်များကို ခံယူနေပြီး သူ၏မျက်နှာပေါ်တွင် မောက်မာသည့် အရိပ်အယောင်များ ပေါ်လွင်နေသည်။

သို့သော် သူ့ထံတွင် မောက်မာပိုင်ခွင့် ရှိပေ၏။

အကြီးအကဲများအားလုံး သူ့ကို မျက်စိကျနေကြပြီး လှုပ်ရှားရန် အသင့်ဖြစ်နေကြကာ ဤခရမ်းရောင်ပါရမီရှင်ကို သူတို့၏အဖွဲ့ထဲသို့ မည်သို့ခေါ်ယူရမည်ကို စဉ်းစားနေကြသည်။

သို့သော် ဤခရမ်းရောင်ပါရမီရှင်ပြီးနောက် ဆက်လက်စမ်းသပ်သော တပည့်များသည် မည်သည့် အံ့အားသင့်စရာမျှ ဖြစ်ပေါ်စေခြင်း မရှိတော့ပေ။

နောက်ဆုံးတွင် ပါရမီစစ်ဆေးခြင်း ပြီးဆုံးသွားသည်။

ထုံးစံအရ တောင်သခင်တစ်ဦးစီသည် တပည့်လက်ခံပွဲ အခမ်းအနားတိုင်းတွင် တပည့်ရင်းတစ်ဦး ရွေးချယ်ခွင့်ရှိသောကြောင့် တောင်သခင်များ တပည့်ရွေးချယ်ရမည့်အချိန်သို့ ရောက်ရှိလာလေပြီ။

"စလိုက်ကြရအောင် ဂိုဏ်းချုပ်"

ဓားနတ်ဘုရားတောင်၏ တောင်သခင် သွမ်ဖုန်းက စိတ်အားထက်သန်စွာ ပြောဆိုသည်။ ပင်မတောင်ထိပ်မှလွဲ၍ ဓားနတ်ဘုရားတောင်သည် ရှန်ကျန်းဂိုဏ်းတစ်ခုလုံးတွင် အသန်မာဆုံးဖြစ်ပြီး ထုံးတမ်းစဉ်လာအရ သူသည် တပည့်များကို ပထမဆုံး ရွေးချယ်ခွင့် ရရှိပေမည်။

ထို့ကြောင့် သူ့အနေဖြင့် ဤခရမ်းရောင်ပါရမီရှင်ကို လက်ခံရန် အခွင့်အရေးအများဆုံး ရှိနေသည်။

ဤအခြေအနေကို မြင်လိုက်ရချိန်၌ တခြားတောင်သခင်များသည် ဤခရမ်းရောင်ပါရမီရှင် သူတို့လက်ထဲ ရောက်လာရန် မဖြစ်နိုင်ကြောင်း သိသဖြင့် မကျေမနပ် ဖြစ်နေကြသည်။

"မဟုတ်သေးဘူး... မူဖူတောင် မရောက်သေးဘူး"

ရွှမ်ယွမ်ဟုန်က သူ၏နံဘေးရှိ လွတ်နေသော ထိုင်ခုံကို ကြည့်ကာ ခေါင်းခါယမ်းလိုက်၏။

"မူဖူတောင် ဟုတ်လား..."

ရွှမ်ယွမ်ဟုန်၏ စကားကို ကြားလိုက်ရသောအခါ သွမ်ဖုန်းက စိတ်မထိန်းနိုင်ဘဲ ရယ်မောလိုက်သည်။

"ဂိုဏ်းချုပ်... အခု မူဖူတောင်မှာ သုံးစားမရတဲ့ အမှိုက်ကောင်လေးတစ်ယောက်ပဲ ရှိတော့တာလေ... သူလာတာ မလာတာက ဘာထူးမှာမို့လို့လဲ"

"ဒါ့ပြင် အဲဒီအသုံးမကျတဲ့ကောင်ကို ဘာလို့ ဒီနေရာကို ခေါ်ရတာလဲဆိုတာ ကျွန်တော် တကယ် နားမလည်ဘူး... သူ့ကို တပည့်လက်ခံခိုင်းပြီး တခြားကလေးတွေကို လမ်းမှားရောက်အောင် လုပ်စေချင်လို့လား"

သူ၏စကား အ​ဆုံးသတ်သွားချိန်မှာပင် ကျုံးချင်၏ပုံရိပ် ထွက်ပေါ်လာသည်။

"လမ်းမှားရောက်အောင် လုပ်တာ မလုပ်တာက ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ"

ထိုသို့ပြောရင်း အဖြူရောင်ဝတ်ဆင်ထားသော ကျုံးချင်သည် ရွှမ်ယွမ်ဟုန်၏ နံဘေးသို့ လျှောက်သွားကာ သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ပြီး နှုတ်ဆက်လိုက်သည်။

"ဂိုဏ်းချုပ်ကို အရိုအသေပြုပါတယ်"

"အင်း... မင်း ခရီးပန်းလာမှာပဲ"

ရွှမ်ယွမ်ဟုန်က ထိုစကားကို ကြားလိုက်သည်နှင့် တုံ့ပြန်ပြောဆိုလိုက်၏။

ကျုံးချင် စင်မြင့်ပေါ်သို့ တက်လှမ်းလာသည်နှင့် ပရိသတ်အားလုံး၏ မျက်လုံးများ သူ့အပေါ်သို့ ရောက်ရှိလာသည်။

သိသာထင်ရှားသည်မှာ လူတိုင်းသည် ဤမူဖူတောင်သခင်လေးအကြောင်း ကြားဖူးကြခြင်းပင်။

သူသည် ငြင်းဆန်၍မရအောင် ချောမောခန့်ညားသော်လည်း လုံးလုံးလျားလျား အသုံးမကျသူဖြစ်ပြီး သူ့ထံတွင် ကျင့်ကြံဆင့် လုံးဝမရှိကြောင်း တွေ့ရှိရသည်။

"ဟမ့်.. မင်းက ဒီကိုလာရဲသေးတယ်ပေါ့"

သွမ်ဖုန်းက ကျုံးချင်ကို အထင်သေးစွာ ကြည့်ပြီး လှောင်ပြောင်လိုက်သည်။

"နာမည်ခံပဲရှိတော့တဲ့ မူဖူတောင်ဆိုတာကို ဖျက်သိမ်းသင့်တာ ကြာလှပြီ"

"ခင်ဗျားတောင် လာရဲသေးရင် ကျုပ်က ဘာလို့ မလာရဲရမှာလဲ"

ကျုံးချင်က သူ့ကို အပြုံးဖြင့် ကြည့်လိုက်သည်။

"ကျုပ့်ရဲ့ဆရာက ခင်ဗျားအသက်ကို ကယ်ခဲ့ဖူးတယ်... ဒါပေမယ့် ခင်ဗျားက အငြိုးအတေး ထားနေတုန်းပဲ... ဘာလို့လဲဆိုတော့ သူက ကိစ္စတိုင်းမှာ ခင်ဗျားထက် ခြေတစ်လှမ်း အမြဲသာနေခဲ့ပြီး​​တော့ ခင်ဗျားက သူ့ကို အမြဲတမ်း ရန်စနေခဲ့လို့လေ... အဲဒါနဲ့ ယှဉ်လိုက်ရင် ကျုပ်က ခင်ဗျားထက် ပိုပြီးသာမနေဘူးလား"

"မင်းလို အမှိုက်ကောင်က ပြောရဲတယ်ပေါ့"

သူ၏နာကျင်စရာအချက်ကို တိုက်ရိုက်ထိသွားသဖြင့် သွမ်ဖုန်း ချက်ချင်း ဒေါသထွက်သွားသည်။

"အဲဒီတုန်းက သူ့ကို ကယ်ပါလို့ ငါ မတောင်းဆိုခဲ့ဘူး... သူကသာ ကယ်ချင်ခဲ့တာ... ဒါ့ပြင် တခြားသူတွေအကုန်လုံး သေကုန်ပြီ ...မင်းလို အမှိုက်တစ်စပဲ ကျန်တော့တာ... မူဖူတောင်ကို စာရင်းထဲကနေ ထုတ်ပစ်သင့်တာ မဟုတ်ဘူးလား"

"တော်ကြစမ်း.. အဓိပ္ပာယ်မရှိတာတွေ ရပ်လိုက်ကြတော့"

နံဘေးနားရှိ ရွှမ်ယွမ်ဟုန်က တင်းမာစွာ အမိန့်ပေးလိုက်သည်။

"တပည့်လက်ခံတာကို စလိုက်ကြတော့...."

"ဟုတ်ကဲ့"

ကျုံးချင်က တည်ငြိမ်စွာ ပြုံးလိုက်ပြီး စနစ်က မည်သူ့ကို ရွေးချယ်ထားသလဲဟု စဉ်းစားကာ တစ်ခန်းလုံးကို ဝေ့ဝိုက်၍ကြည့်လိုက်သည်။

သွမ်ဖုန်းသည် ခရမ်းရောင်ပါရမီရှင်ကို သတိရသွားပြီး နှာခေါင်းရှုံ့ကာ ကျုံးချင်ကို လစ်လျူရှုလိုက်၏။

သွမ်ဖုန်းက သူ့အနေဖြင့် ပထမဆုံးတပည့်ကို လက်ခံရယူရန် ပြင်ဆင်နေချိန်တွင် ရွှမ်ယွမ်ဟုန်၏ စကားသံ ထွက်ပေါ်လာသည်။

"တာအိုပညာရှင်နိုင်းရဲ့ ဂိုဏ်းအတွက် ထူးချွန်တဲ့ အကျိုးပြုမှုတွေနဲ့ လက်ရှိ မူဖူတောင်ရဲ့ အခြေအနေကို ထည့်သွင်းစဉ်းစားပြီးတော့... ပထမဆုံး တပည့်ရွေးချယ်ခွင့်နေရာကို မူဖူတောင်ကို ပေးဖို့ ငါရည်ရွယ်ထားတယ်"

ရွှမ်ယွမ်ဟုန်၏အသံသည် နေရာတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။

ဤသည်က ချက်ချင်းဆိုသလိုပင် ကြီးမားသော ရုတ်ရုတ်သဲသဲဖြစ်မှုကို ဖြစ်ပေါ်စေခဲ့ပေ၏။

လူများအားလုံးထံ၌ မယုံကြည်နိုင်သော အမူအယာများ ထင်ဟပ်လာကြသည်။

တခြားတောင်သခင်များလည်း မျက်လုံးများ ပြူးကျယ်သွားကြပြီး အထူးသဖြင့် သွမ်ဖုန်း၏ မျက်လုံးများ နီမြန်းသွားသည်။

ပထမဆုံး တပည့်လက်ခံခွင့်နေရာကို မူဖူတောင်ကို ပေးလိုက်တယ်... ဟုတ်လား...

ဘာကြောင့်လဲ ...

"ဂိုဏ်းချုပ်... မဖြစ်ပါဘူး"

"ဟုတ်တယ်... မူဖူတောင်မှာ ဘာအရည်အချင်းတွေ ရှိလို့လဲ... တောင်တစ်ခုလုံးမှာ ကျုံးချင်တစ်ယောက်တည်း ရှိတာလေ... ပြီးတော့ သူက အသိအမှတ်ပြုခံထားရတဲ့ အမှိုက်တစ်ယောက်ပဲ... ဒါက မျိုးဆက်သစ်တွေကို လမ်းမှားရောက်အောင် ပို့နေတာ မဟုတ်ဘူးလား"

"လူသူကင်းမဲ့နေတဲ့ တောင်ပေါ်က အသုံးမကျတဲ့ကောင်က တပည့်လက်ခံမယ်တဲ့လား... သတင်းပေါက်ကြားသွားရင် လူတွေ အူတက်အောင် ရယ်ကြလိမ့်မယ်"

လူများအားလုံးက ဤအခြေအနေကို မေးခွန်းထုတ်ကြပြီး မျက်လုံးများ နီမြန်းနေသော သွမ်ဖုန်းက အော်ဟစ်လိုက်သည်။

"ပါးစပ်ပိတ်ထားကြစမ်း..."

"ဘာလဲ... ငါ့ရဲ့အမိန့်တွေက အရာမဝင်တော့ဘူးလား"

ရွှမ်ယွမ်ဟုန်၏အမူအယာသည် ဒေါသထွက်ခြင်းသို့ ပြောင်းလဲသွားပြီး အစွမ်းထက်သော အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်လိုက်ရာ ကွင်းပြင်ရှိ မေးခွန်းထုတ်များအားလုံးကို ချက်ချင်း တိတ်ဆိတ်သွားစေသည်။

"ငါပြောသလို လုပ်ကြစမ်း"

ရွှမ်ယွမ်ဟုန်၏အမိန့်ကြောင့် လူအများ မငြင်းဆန်နိုင်တော့ပေ။

ထို့နောက် သူက သူ၏နံဘေးရှိ ကျုံးချင်ကို ကြည့်ကာ အပြုံးနှင့် ပြောလိုက်သည်။

"ကလေး... မင်းရွေးပါ... မင်းဘယ်သူ့ကို ရွေးရွေး ရတယ်"

ရှန်ကျန်းဂိုဏ်းကို စတင်တည်ထောင်ကတည်းက တောင်ကြီးခုနစ်လုံးဖြင့် ဖွဲ့စည်းထားခြင်းပင်။

သူ ဤသို့လုပ်ဆောင်ရခြင်း၏ အကြောင်းရင်းမှာ မူဖူတောင်၏အင်အားကို မြှင့်တင်ပေးချင်ပြီး တောင်ကို ပြန်လည်တည်ဆောက်ရာတွင် ကူညီပေးချင်သောကြောင့်ဖြစ်သည်။

သေချာသည်မှာ တာအိုပညာရှင်နိုင်းနှင့် သူ၏ ပုဂ္ဂိုလ်ရေးဆက်ဆံရေးသည်လည်း ထည့်သွင်းပြောဆိုရန် ထိုက်တန်ပေ၏။

သူတို့နှစ်ဦးသည် ငယ်စဉ်ကတည်းက ဂိုဏ်းတူညီအစ်ကိုများ ဖြစ်ကြသည်။ သူ ဆောင်ကြာမြိုင်သို့ ပထမဆုံးအကြိမ် သီချင်းနားထောင်ရန် သွားရောက်ခဲ့ခြင်းမှာ တာအိုပညာရှင်နိုင်း ခေါ်သွားခဲ့သောကြောင့်ပင်။ ထိုအချိန်မှစ၍ တာအိုပညာရှင်နိုင်းကို တရားဝင်အမည် တာအိုပညာရှင်နိုင်းဟု အမည်ပေးခဲ့ခြင်းပင်။

ကျုံးချင်တွင် ကျင့်ကြံဆင့်မရှိ၍ တပည့်များကို မသင်ကြားပေးနိုင်ခြင်းသည် ပြဿနာမဟုတ်ပေ။ အဆိုးဆုံးအနေဖြင့် သူ မူဖူတောင်သို့ မကြာခဏသွားပြီး တိတ်တဆိတ် သင်ကြားပေးနိုင်သည်။ သို့သော် သူတို့သည် မူဖူတောင်မှ လူများသာ ဖြစ်နေဆဲပင်။

ကျုံးချင်သည်လည်း ရွှမ်ယွမ်ဟုန်က သူ့ကို တပည့်ရွေးချယ်ရန် ပထမဆုံးနေရာ ပေးလိမ့်မည်ဟု မထင်ထားသဖြင့် အံ့အားသင့်သွားသည်။

သူသည် စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ချေ။

"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်"

ကျေးဇူးတင်ကြောင်း ပြောဆိုပြီးနောက် ကျုံးချင်သည် အားနာမနေတော့ဘဲ အခန်းတစ်ခုလုံးကို ချက်ချင်းဝေ့ဝိုက်၍ကြည့်လိုက်တော့သည်။

All Chapters