စနစ်၏ အထူးဆုလာဘ်များ
Vol. 1 Ch. 3
မည်သို့ပင်ဆိုစေကာမူ...
ကျုံးချင်၏အကြည့် သူတို့အပေါ်သို့ ကျရောက်သည်နှင့် တပြိုင်နက် လူတိုင်း အကြည့်လွှဲလိုက်ကြသည်။
မူဖူတောင်၏ အသုံးမကျသော တောင်သခင်အကြောင်း မသိသူ မည်သူရှိသနည်း...
သူသာ သူတို့ကို တကယ် ရွေးချယ်လိုက်ပါက ဘဝပျက်ပြီဟု ပြော၍ရသည်။
ထိုအချိန်တွင် တခြားတောင်သခင်များသည် စိတ်ထိခိုက်ပြီး နှလုံးကွဲကြေနေပေ၏။ ပါရမီထူးချွန်သော တပည့်ဆို၍ လက်တစ်ဆုပ်စာသာ ရှိသဖြင့် ကျုံးချင်သာ တစ်ယောက်ကို ခေါ်ယူလိုက်ပါက သူတို့အတွက် တစ်ယောက် လျော့သွားပေလိမ့်မည်။
အထူးသဖြင့် ကျုံးချင်က ခရမ်းရောင်ပါရမီရှင်ကို ကြည့်လိုက်ချိန်တွင် လူတိုင်း အံကြိတ်ထားလိုက်ကြသည်။
သွမ်ဖုန်းသည် သူ့ကို ပို၍ပင် စူးရဲစွာ စိုက်ကြည့်နေသည်။
ကျုံးချင်သည် ဤခရမ်းရောင်အဆင့် ပါရမီရှင်ကို ရွေးချယ်သွားမည်အား သူတို့ စိုးရိမ်နေကြခြင်းပင်။
"ခရမ်းရောင်အဆင့် ပါရမီ"
"တကယ့်ကို အားကျစရာကောင်းတဲ့ ပါရမီပဲ"
ကျုံးချင်သည် ကျင့်ကြံခြင်း မပြုလုပ်နိုင်သော်လည်း မသေမျိုးကျင့်ကြံခြင်းဆိုင်ရာ ဗဟုသုတကို သဘာဝကျကျ နားလည်ထားသဖြင့် ခရမ်းရောင်အဆင့် ပါရမီသည် အမှန်တကယ် အံ့မခန်းဖြစ်ကြောင်း သူ ဝန်ခံရပေမည်။
သို့သော် သူ တိုက်ရိုက်ဆုံးဖြတ်ချက် မချသေးဘဲ စနစ်နှင့် ဆက်သွယ်လိုက်၏။
"စနစ် မင်း သတ်မှတ်ထားတဲ့သူက ဘယ်သူလဲ"
ကျုံးချင်က မေးမြန်းလိုက်သည်။
"လက်ခံသူကို အစီရင်ခံပါတယ်... 'အမှိုက်နှောင်ကြိုးစနစ်' အသက်ဝင်ဖို့ တစ်ခုတည်းသော အခြေအနေက မင်း လက်ခံလိုက်တဲ့တပည့်က အမှိုက်စစ်စစ် ဖြစ်ရပါမယ်"
"အမှိုက်စစ်စစ် ဟုတ်လား..."
ကျုံးချင် ဆွံ့အသွားသည်။ ဤကွင်းပြင်သို့ ရောက်လာနိုင်သူများထဲတွင် အမှိုက်ကောင်စစ်စစ်ရှိနေရန်မှာ မဖြစ်နိုင်ပေ။
အနိမ့်ဆုံးအဆင့်ဖြစ်သော အဖြူရောင်ပါရမီရှင်ပင်လျှင် အနည်းဆုံးတော့ ကျင့်ကြံ၍ ရပေမည်။
"လက်ခံသူ စိတ်လှုပ်ရှားစရာ မလိုပါဘူး...မင်း အတွက် ပစ်မှတ်တစ်ခုကို ငါ ရှာတွေ့ထားတယ် ...ဒါက အဖြူရောင်ပါရမီရှင် လင်းဖုန်းပဲ"
စနစ်၏အသံ ပျောက်ကွယ်သွားကာ ကျုံးချင်ကို အဖြူရောင်ပါရမီရှင်များထဲမှ အနက်ရောင် ဝတ်ဆင်ထားသော လူငယ်တစ်ဦးထံသို့ တိုက်ရိုက်ညွှန်ပြလိုက်သည်။
အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်လေးသည် မတ်မတ်ရပ်နေပြီး ဖြောင့်မတ်တည်ကြည်ပုံ ပေါ်သည်။
"သူက အမှိုက်စစ်စစ် ဆိုတာ သေချာလား"
ကျုံးချင်က စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
"စနစ်က အမှားအယွင်း မရှိနိုင်ပါဘူး...ဒါကြောင့် စိတ်ချလက်ချ တပည့်လက်ခံလိုက်ပါ...တပည့်ကို အောင်မြင်စွာ လက်ခံပြီးတာနဲ့ ပိုင်ရှင်ကို အမည်မသိဆုလာဘ်တစ်ခု ပေးပါလိမ့်မယ်"
ကျုံးချင် စနစ်နှင့် ဆက်သွယ်နေစဉ် အဖြူရောင်ပါရမီရှင် အုပ်စုထဲမှ လင်းဖုန်းသည် ခေါင်းငုံ့ထားပေ၏။
သူသည် ဘယ်ဘက်လက်သူကြွယ်ရှိ သိုလှောင်လက်စွပ်ကို ညာလက်ဖြင့် ဖြည်းညှင်းစွာ လှည့်၍ဆော့ကစားနေသည်။
မကြာမီ အသံတစ်သံက သူ၏စိတ်ထဲသို့ ဝင်ရောက်လာသည်။
"ကောင်လေး...မင်းနဲ့ စာချုပ်ချုပ်မိတာ ငါ့အတွက် ကံဆိုးတာပဲ....မင်းရဲ့ သုံးစားမရတဲ့ ခန္ဓာကိုယ်နဲ့ စမ်းသပ်မှုအတွင်း အဖြူရောင်ပါရမီပဲ ပြသနိုင်အောင်နဲ့ အဖမ်းမခံရဘဲ ဂိုဏ်းထဲဝင်နိုင်အောင် လုပ်ဖို့အတွက်... ငါ ဘယ်လောက်ထိ အားစိုက်ထုတ်ခဲ့ရလဲဆိုတာ မင်း သိလား"
"အကြီးအကဲကျန်း ကျွန်တော် တကယ် တောင်းပန်ပါတယ်"
လင်းဖုန်းက ခေါင်းငုံ့ပြီး ပြောဆိုလိုက်သည်။
"ကဲပါ ကဲပါ.... စကားပြောတာ ရပ်လိုက်တော့ ငါတို့ စာချုပ်ချုပ်ပြီးပြီဆိုတော့ ငါတို့နှစ်ယောက်လုံး အတူတူ ဒုက္ခခံရမှာပဲ... ငါပြောသလိုသာလုပ်....ကံကြမ္မာရဲ့ လမ်းကြောင်းကို ပြောင်းပြန်လှန်ပြီးတော့ ပြိုင်ဘက်ကင်း အစွမ်းထက်တဲ့သူ ဖြစ်လာဖို့ဆိုတာ အိပ်မက်တစ်ခု မဟုတ်တော့ဘူး"
"ကောင်းပါပြီ အကြီးအကဲကျန်း....ခင်ဗျား ဘယ်လိုလုပ်စေချင်လဲ... ခင်ဗျားပြောသမျှ ကျွန်တော် လုပ်ပါ့မယ်"
လင်းဖုန်းက စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်၏။
"မူဖူတောင်ကို ဝင်လို့ရအောင် နည်းလမ်းရှာစမ်း"
အကြီးအကဲကျန်းက ပြောဆိုသည်။
"မူဖူတောင်ကို ဝင်ရမယ်...ဟုတ်လား"
လင်းဖုန်း အံ့အားသင့်သွားသည်။
"ဒီမူဖူတောင်သခင်က ကျွန်တော့်လို အသုံးမကျတဲ့သူ မဟုတ်ဘူးလား"
"အမှိုက်ဖြစ်တော့ ဘာဖြစ်လဲ....အမှိုက်ကို ရတနာအဖြစ် ပြောင်းလဲပေးဖို့ သူ့ကို မျှော်လင့်နိုင်တယ်လို့ ငါမပြောခဲ့ပါဘူး.... ငါဆိုလိုတာက ငါ့ရဲ့ ကံကြမ္မာဟောကိန်းအရ မူဖူတောင်အောက်မှာ မင်းလိုအပ်နေတဲ့ ဆန်းကြယ်မီးတောက် ရှိနေတယ်...အဲ့ဒီအရာကို ရပြီးရင် ဆေးလုံးတွေ ဖော်စပ်ဖို့ ဘယ်လိုအသုံးပြုရမယ်ဆိုတာ ငါသင်ပေးမယ်.... အဲဒါက မင်းကို ကျင့်ကြံခြင်းလမ်းစဉ်ပေါ် ရောက်ရှိစေပြီးတော့ သာမန်ပါရမီရှင်တွေကို အပြတ်အသတ် ကျော်တက်သွားနိုင်စေလိမ့်မယ်"
"ဒါ့ပြင် မူဖူတောင်သခင်က အသုံးမကျတဲ့သူ ဖြစ်နေတာက တကယ်တော့ မင်းရဲ့ကိစ္စတွေ လုပ်ဆောင်ဖို့ ပိုပြီးလွယ်ကူစေတယ်"
"ဒါကြောင့် မင်း မူဖူတောင်ကို အောင်မြင်စွာ ဝင်ရောက်နိုင်သရွေ့ ငါအာမခံတယ်..... မင်းက ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်အဖြစ်နဲ့ လဝက်အတွင်းမှာ ကျင့်ကြံခြင်းလမ်းစဉ်ကို စတင်နိုင်မယ်... သုံးနှစ်အတွင်း ချန်ရွှမ်နယ်ပယ်ကို ရောက်ရှိမယ်... ပြီးတော့ သုံးနှစ်ကြာရင် မင်းနဲ့စေ့စပ်ထားတဲ့ မိန်းကလေးကို တစ်ချက်တည်းနဲ့ အနိုင်ယူပြီး သူ့ရဲ့စိတ်နှလုံးကို တိုက်ရိုက်ရရှိလိမ့်မယ်"
"ကောင်းပြီ အကြီးအကဲကျန်း... ကျွန်တော် နားလည်ပါပြီ ...ကျွန်တော် သေချာပေါက် လုပ်ပါ့မယ်"
အကြီးအကဲကျန်း၏ အသံကို ကြားလိုက်ရချိန်၌ လင်းဖုန်းက စိတ်လှုပ်ရှားသွားပြီး လက်သီးကို ဆုပ်ပြီး ပြောဆိုလိုက်၏။ သူ၏အကြည့်သည် အလိုအလျောက် ကျုံးချင်ဆီသို့ ကျရောက်သွားတော့သည်။
ကျုံးချင်ကလည်း သူ့ကို ကြည့်နေသည်။
သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွားကြသည်။
"သူပဲ....အဲ့ဒီ အဖြူရောင်အဆင့် ပါရမီရှင်တပည့်"
ကျုံးချင်က လင်းဖုန်းကို ညွှန်ပြပြီး ပြောဆိုသည်။
ကျုံးချင်၏စကား ဆုံးသည်နှင့်...
လက်ရှိနေရာတွင် ရှိနေသူအားလုံး အံ့အားသင့်သွားကြသည်။
'ဘာကြီးလဲ....'
'ငါတို့က မင်းကို ပထမဆုံးရွေးချယ်ခွင့် ပေးလိုက်တာကို မင်းက အဖြူရောင်အဆင့် ပါရမီရှင်ကို ရွေးလိုက်တယ်...ဟုတ်လား...'
လူတိုင်း မယုံကြည်နိုင် ဖြစ်နေကြသည်။
သွမ်ဖုန်းသည် ကျုံးချင်ကို စူးစိုက်ကြည့်ရင်း မထိန်းနိုင်တော့ဘဲ အော်ဟစ်ရယ်မောလိုက်သည်။
"အမှိုက်ကောင်...မင်း ကိုယ့်ကိုယ်ကိုယ် ဒီလောက်ထိ သိနေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး....တခြားသူတွေကို နှောင့်နှေးစေမိမှာ သိလို့ အဖြူရောင်အဆင့် ပါရမီရှင်ကို သီးသန့်ရွေးလိုက်တာပေါ့....မင်းရဲ့ လုပ်ရပ်တွေက တကယ်ပဲ မင်းကို ပိုပြီး လေးစားသွားစေတယ်.... ဟားဟား...."
နံဘေးတွင် မတ်တတ်ရပ်နေသော ရွှမ်ယွမ်ဟုန်သည်လည်း မျက်နှာပျက်နေသည်။
ကျုံးချင် ဤကဲ့သို့ ဆုံးဖြတ်ချက် ချလိမ့်မည်ဟု သူ လုံးဝထင်ထားခဲ့ပေ။
သို့သော် သူ၏စေတနာကောင်းကို ဖြုန်းတီးပစ်သည့်အတွက် ကျုံးချင်ကို အပြစ်မတင်ဘဲ ဆန့်ကျင်ဘက်အနေဖြင့် သူ အနည်းငယ် စိတ်မကောင်း ဖြစ်မိသည်။
သွမ်ဖုန်း ပြောဆိုသကဲ့သို့ သူသည် တခြားလူများအား နှောင့်နှေးစေမည်ကို ကြောက်ရွံသောကြောင့် ဖြစ်နိုင်သည်။
"ကလေး...မင်း ရွေးချယ်မှု သေချာရဲ့လား....ငါ မင်းကို ပြန်ရွေးခိုင်းလို့ ရတယ်နော်"
ရွှမ်ယွမ်ဟုန်က ကျုံးချင်ကို မေးမြန်းလိုက်သည်။
"ကျွန်တော် သေချာပါတယ်... သူပါပဲ"
ကျုံးချင်က တည်ကြည်လေးနက်စွာ ပြန်ဖြေသည်။
"ကောင်းပြီလေ"
ကျုံးချင် ဆုံးဖြတ်ချက်ချပြီးကြောင်း တွေ့လိုက်ရသဖြင့် ရွှမ်ယွမ်ဟုန် ဘာမှဆက်မပြောတော့ပေ။ နောင်တွင် မူဖူတောင်ကို ထောက်ပံ့ရန် တခြားနည်းလမ်းများကို သူစဉ်းစားရပေမည်။
အတည်ပြုပြီးသည်နှင့် တပည့်များမှစ၍ တောင်သခင်များအထိ လက်ရှိနေရာတွင် ရှိနေသူအားလုံး သက်ပြင်းချလိုက်ကြ၏။
တပည့်များကလည်း သူတို့ အရွေးမခံရသည့်အတွက် စိတ်သက်သာရာ ရသွားကြသည်။
တောင်သခင်များကလည်း ကျုံးချင် ပါရမီရှိသော တပည့်များကို မရွေးချယ်ခဲ့သည့်အတွက် စိတ်သက်သာရာ ရသွားသည်။
"မင်း ငါ့ရဲ့တပည့် ဖြစ်ချင်လား"
ကျုံးချင်က ခေါင်းအနည်းငယ် မော့ကာ လူအုပ်ထဲရှိ လင်းဖုန်းကို စိုက်ကြည့်ရင်း မေးမြန်းလိုက်သည်။
လင်းဖုန်းသည် ကျုံးချင်၏ အသံကို ကြားမှသာမည်သည့်ကိစ္စများ ဖြစ်နေသည်ကို သဘောပေါက်လိုက်သည်။
သိသာသည်မှာ...
သူသည်လည်း ကျုံးချင်၏ ရွေးချယ်မှုကြောင့် အံ့အားသင့်နေသည်။
အကြီးအကဲကျန်းက သူ့ကို မူဖူတောင်သို့ ဝင်စေချင်နေချိန်တွင် ကျုံးချင်က သူ့ကို ရွေးချယ်လိုက်လိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။
"ကောင်လေး... ဒါက ကံကောင်းတာပဲ... ကံကောင်းတာ သက်သက်ပဲကွ"
"ငါ့ရဲ့ လမ်းညွှန်မှုနဲ့ ဒီထူးခြားတဲ့ ကံတရားကြောင့် မင်းမှာ ဧကရာဇ်တစ်ပါး ဖြစ်လာနိုင်မယ့် အလားအလာ ရှိတယ်"
အကြီးအကဲကျန်း၏အသံက လင်းဖုန်း၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားသည်။
ထိုစကားကို ကြားလိုက်ရချိန်၌ လင်းဖုန်း သိသိသာသာ စိတ်လှုပ်ရှားသွားသည်။
"မင်း ဘာရပ်လုပ်နေတာလဲ...မြန်မြန် သဘောတူလိုက်လေ....ဒါပေမယ့် ဟန်ဆောင်လိုက်အုံး.... မင်းလို အသုံးမကျတဲ့ကောင်လေးက သူ့ရဲ့တပည့်ဖြစ်ဖို့ အရည်အချင်းမရှိပါဘူးဆိုတဲ့ ပုံစံမျိုးပေါ့"
အကြီးအကဲကျန်းက သူ့ကို ထပ်မံ၍ သတိပေးလိုက်သည်။
"ဟုတ်ကဲ့"
လင်းဖုန်းသည် ခေါင်းညိတ်လိုက်သော်လည်း ကျုံးချင်ကို ကျေးဇူးတင်နေဆဲပင်။
"ဒီတပည့်က လက်ခံပါတယ်"
မကြာမီမှာပင် လင်းဖုန်း ပြုံးလိုက်ပြီး လက်နှစ်ဖက်ကိုပူးဆုပ်ကာ အရိုအသေပြုလိုက်သည်။
"ကောင်းပြီ.... ဒါဆို ငါ့ဘေးနား လာခဲ့"
ကျုံးချင်က အပြုံးနှင့် ပြောလိုက်သည်။
"ဟုတ်ကဲ့"
လင်းဖုန်း ခေါင်းညိတ်လိုက်ပြီး ပျော်ရွှင်သော မျက်နှာထားဖြင့် ကျုံးချင်ထံသို့ လျှောက်သွားကာ သူ၏နောက်တွင် ဝင်ရပ်လိုက်သည်။
တခြားအဖြူရောင်အဆင့် ပါရမီရှင် တပည့်များ အပါအဝင် လူတိုင်းက လင်းဖုန်းကို အရူးတစ်ယောက်ကို မြင်ရသည့်အလား ကြည့်နေကြသည်။
'ဒီအသုံးမကျတဲ့ကောင်ရဲ့ လက်ထဲ ရောက်သွားတာတောင် သူက ပျော်ပျော်ရွှင်ရွှင် ထွက်လာသေးတယ်....သူ့ရဲ့တပည့် ဖြစ်ရတာက တခြားတောင်ပေါ်က အောက်ခြေသိမ်းတပည့် ဖြစ်ရတာလောက်တောင် ကောင်းမှာ မဟုတ်ဘူး'
ထို့နောက် သွမ်ဖုန်းနှင့်တခြားသူများ ရွေးချယ်မည့်အလှည့်သို့ ရောက်လာခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်း သွမ်ဖုန်းသည် ခရမ်းရောင်ပါရမီရှင် တပည့်ထံသို့ ကမ်းလှမ်းချက်များပေးကာ အကျိုးခံစားခွင့် အမျိုးမျိုး ပေးမည်ဟု ကတိပြုပြီး အောင်မြင်စွာ သိမ်းသွင်းလိုက်၏။
တခြားတောင်သခင်များသည် မကျေနပ်သော်လည်း ရွေးချယ်စရာမရှိသဖြင့် အနီရောင်ပါရမီရှင် တပည့်တစ်ဦးစီကို ရွေးချယ်လိုက်ကြသည်။
သို့သော် ထိုအချိန်တွင် ကျုံးချင်၏မျက်နှာပေါ်၌ ပျော်ရွှင်မှုများ ထင်ဟပ်နေသည်။
ဤသည်မှာ စနစ်၏ ဆုလာဘ်ကြောင့်ပင်။