← Chapters

ဧကရာဇ်အဆင့် သိုင်းကျမ်းတွေက တစ်အိတ်လုံးကြီးလား

Vol. 1 Ch. 6

ဧကရာဇ်အဆင့် သိုင်းကျမ်းတွေက တစ်အိတ်လုံးကြီးလား

Vol. 1 Ch. 6

လက်စွပ်ထဲက အဘိုးအို....

ငါ့ရဲ့တပည့်က တကယ်ပဲ ကောင်းကင်ဘုံက ရွေးချယ်ထားတဲ့သူ ဖြစ်လောက်တယ်...

"မင်း နေဖို့ နေရာတစ်ခု အရင်ရှာလိုက်အုံး....နေရာချပြီးရင် ငါ့ဆီ ပြန်လာခဲ့"

ကျုံးချင်က လင်းဖုန်းကို တည်ငြိမ်စွာ ညွှန်ကြားလိုက်သည်။

"ဟုတ်ကဲ့ ဆရာ"

လင်းဖုန်းက ယဉ်ကျေးစွာ ဦးညွှတ်လိုက်ပြီးနောက် လှည့်ထွက်သွားသည်။

လင်းဖုန်း ထွက်သွားပြီးနောက် ကျုံးချင်သည် အနီးနားရှိ ဂုံနီအိတ်တစ်လုံးကို ရှာတွေ့ပြီး ဂိုဒေါင်ထဲသို့ ဝင်သွားသည်။

မကြာမီ လင်းဖုန်းသည် အကြီးအကဲကျင်း၏ ညွှန်ကြားချက်အတိုင်း ဝင်္ကပါ၏ အဓိကနေရာတွင် တည်ရှိသော အကောင်းဆုံး လှိုဏ်ဂူအိမ်တစ်ခုကို ရှာတွေ့သွားသည်။ ဤနေရာတွင် ကျင့်ကြံခြင်းသည် အားစိုက်ထုတ်မှု တစ်ဝက်ဖြင့် ထိရောက်မှုနှစ်ဆ ရပေလိမ့်မည်။

"ဒီ မူဖူတောင်က ပုံမှန်အနေနဲ့ မဆိုးပါဘူး... အနှောင့်အယှက်မရှိဘဲ လှုပ်ရှားဖို့ အဆင်ပြေတယ်.... ဝင်္ကပါက နိမ့်ကျပေမယ့် ဘာမှမရှိတာထက်တော့ ပိုကောင်းပါတယ်...မင်းအတွက် ဆန်းကြယ်မီး​တောက်ကို ငါ ရယူပေးပြီးရင် မင်း ကျင့်ကြံနိုင်လိမ့်မယ်.... ငါ့ရဲ့ လမ်းညွှန်မှုနဲ့ဆိုရင် မင်းက ပါရမီရှင်လို့ ခေါ်တဲ့ကောင် အပါအဝင် လူတွေအားလုံးကို အချိန်တိုအတွင်းမှာ သေချာပေါက် ကျော်တက်သွားနိုင်လိမ့်မယ်"

အခန်းထဲတွင် အကြီးအကဲကျင်းသည် ဝိညာဉ်ပုံရိပ်ယောင်အဖြစ် ပေါ်ထွက်လာသည်။ သူ၏ ဆံပင်ဖြူများ လွတ်လပ်စွာ လူးလွန့်နေပြီး လက်နောက်ပစ်၍ မတ်တတ်ရပ်နေကာ လောကီနှင့်ကင်းကွာသော ထိပ်သီးပုဂ္ဂိုလ်တစ်ယောက်၏ အရှိန်အဝါကို ထုတ်လွှတ်ထားသည်။

"ကျေးဇူးတင်ပါတယ် အကြီးအကဲကျန်း..."

ထိုစကားကို ကြားလိုက်ရချိန်၌ လင်းဖုန်းက ဝမ်းသာအားရ ကျေးဇူးတင်စကား ပြောဆိုလိုက်သည်။

"ကဲ ...မင်းရဲ့ ဆရာကို သွားတွေ့လိုက်အုံး"

ထို့နောက် အကြီးအကဲကျင်းက ပြောဆိုသည်။

"သူက မင်းကို အကူအညီ မပေးနိုင်ပေမယ့် မူဖူတောင်ကို ချောချောမွေ့မွေ့ ဝင်ရောက်နိုင်အောင်တော့ ကူညီပေးခဲ့တယ်... ပြီးတော့ မင်း ဒီမှာ အချိန်အကြာကြီး နေရမှာဖြစ်သလို သူနဲ့ နေ့တိုင်း အချိန်ကုန်ဆုံးရမှာဆိုတော့ ဆက်ဆံရေးကောင်း တည်ဆောက်ထားဖို့ လိုအပ်တာပေါ့"

"ဟုတ်ကဲ့ အကြီးအကဲကျင်း"

အချိန်တခဏခန့် အနားယူပြီးနောက် လင်းဖုန်းသည် ကျုံးချင် ရှိနေသော ခြံဝင်းဆီသို့ အပြေးသွားလိုက်၏။

ခြံဝင်းထဲတွင် နှင်းများ ထူထပ်သိပ်သည်းစွာ စုပုံနေသည်။

ခြံဝင်းခန်းမထဲတွင် ကျုံးချင်သည် ကုတင်တစ်လုံးပေါ်တွင် လှဲလျောင်းပြီး မီးလှုံနေသည်။

သူ၏ကျင့်ကြံဆင့်သည် ကြယ်တာရာနက်နဲသိမ်မွေ့နယ်ပယ်သို့ တိုက်ရိုက်ရောက်ရှိသွားပြီးနောက် ရာသီဥတု အခြေအနေများသည် ကျုံးချင်အပေါ် မည်သည့် သက်ရောက်မှုမျှ မရှိတော့ပေ။

သို့သော် ဤကဲ့သို့ ရေခဲမှတ်နီးပါး အေးနေသော ရာသီဥတုတွင် မီးမမွှေးလျှင် တစ်စုံတစ်ခု လိုအပ်နေသလို သူ ခံစားရသည်။

"ဆရာ"

လင်းဖုန်းက ကျုံးချင်၏ ရှေ့တွင် ရိုသေလေးစားစွာ မတ်တတ်ရပ်နေသည်။

"အင်း"

ကျုံးချင်က မျက်လုံးဖွင့်ကာ ထထိုင်ပြီး ပြောဆိုလိုက်၏။

"အခု မင်းက ငါ့ရဲ့တပည့် ဖြစ်လာပြီဆိုတော့ ဆရာတစ်ယောက်အနေနဲ့ ....မင်းအပေါ် အလေးထားတယ်ဆိုတာ ပြသမှ သဘာဝကျမယ်"

"ငါ့မှာ သိမ်းထားတဲ့ သိုင်းကျမ်းတချို့ ရှိတယ်... မင်းကြိုက်တာ နည်းနည်းလောက် ရွေးပြီး စတင်လေ့ကျင့်တော့..."

"ဒါက..."

လင်းဖုန်း တွန့်ဆုတ်နေပုံ ရသည်။

သူသည် အကြီးအကဲကျန်းထံမှ အကြံဉာဏ်ကို တိတ်တဆိတ် တောင်းခံလိုက်သည်။

အကြီးအကဲကျန်းက သူ ဆန်းကြယ်မီးတောက်ကို ဝါးမြိုပြီးပါက ကျင့်ကြံနည်းစနစ်တစ်ခု ပေးမည်ဟု ပြောထားသဖြင့် ကျုံးချင်ပေးမည့် ကျင့်ကြံနည်းစနစ်များကို သူ အမှန်တကယ် မလိုအပ်ပေ။

"ဘာတွေ တွန့်ဆုတ်နေတာလဲ... အသုံးမဝင်ပေမယ့် ဒါက သူ့ရဲ့ စေတနာကို ပြသတဲ့ အမှတ်တရပစ္စည်းပဲ ....အဆိုးဆုံးကတော့ မင်းက ဒါကို မကျင့်ကြံရင်တောင် ဟန်ဆောင်ကောင်းအောင်တော့ နေရဦးမယ်"

အကြီးအကဲကျန်းက မနေနိုင်ဘဲ ဆူပူလိုက်သည်။

"ဟုတ်ကဲ့"

လင်းဖုန်း​က ခေါင်းညိတ်လိုက်ပြီးနောက် ကျုံးချင်ကို ကြည့်ကာ ပြောဆိုလိုက်၏။

"ကျေးဇူးတင်ပါတယ် ဆရာ"

"အဲဒီဘက်က အိတ်ထဲမှာ ရှိတယ် ....ကိုယ်တိုင်သာ ရွေးလိုက်တော့"

ကျုံးချင်က အိတ်တစ်လုံးကို ညွှန်ပြရင်း ညင်သာစွာ ပြောဆိုသည်။

အိတ်.. ဟုတ်လား...

လင်းဖုန်း အံ့အားသင့်သွားသည်။

ကျုံးချင်ပေးမည့် သိုင်းကျမ်းသည် သူ့အတွက် မလိုအပ်ကောင်း မလိုအပ်နိုင်သော်လည်း...

ကျုံးချင်သည် အနည်းဆုံး ကြယ်တာရာနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတစ်ဦး ဖြစ်သဖြင့် သူပေးမည့် သိုင်းကျမ်းသည် သိပ်အဆိုးကြီး မဟုတ်လောက်ပေ။

ထို့ကြောင့် လင်းဖုန်းသည် မျှော်လင့်ချက် အနည်းငယ် ထားခဲ့မိပေ၏။

သို့သော် သူ့အား ပေးမည့် သိုင်းကျမ်းသည် အိတ်တစ်လုံးထဲတွင် ရှိနေကြောင်း သိလိုက်ရချိန်၌ သူ အမှန်တကယ့်ကို ဆွံ့အသွားသည်။

အကြောင်းအရင်းမှာ မည်ကဲ့သို့သော ကောင်းမွန်သည့် နည်းစနစ်များသည် အိတ်တစ်လုံးထဲတွင် ပုန်းခိုနေနိုင်မည်နည်း....

ရှေးဟောင်းလက်စွပ်ထဲရှိ အကြီးအကဲကျန်းပင်လျှင် မျက်လုံးလှန်မကြည့်ဘဲ မနေနိုင်တော့ပေ။

"ထားလိုက်ပါ ကိစ္စမရှိပါဘူး... မင်းမှ မလိုအပ်တာ ဘယ်လိုနည်းစနစ်မျိုး ဖြစ်နေနေ အရေးမကြီးပါဘူး...ဟန်ပြအနေနဲ့ပဲ ယူလိုက်ပါ"

အကြီးအကဲကျန်းက သတိပေးလိုက်သည်။

လင်းဖုန်း ခေါင်းညိတ်လိုက်ပြီးနောက် ဘေးနားရှိ အိတ်ဆီသို့ လျှောက်သွားပြီး ပေါ့ပေါ့ပါးပါး ဖွင့်လိုက်သည်။

သို့သော်...

သူ ဖွင့်လိုက်သည်နှင့် ရှေးကျပြီး နက်နဲကာ ထိတ်လန့်ဖွယ်ရာ အရှိန်အဝါမျိုးစုံက သူ၏ မျက်နှာကို တိုက်ရိုက် ဝင်ဆောင့်လိုက်၏။

တစ်ချိန်တည်းမှာပင် ရွှေရောင် အနီရောင်နှင့် ပန်းနုရောင် အလင်းတန်းမျိုးစုံက သူ၏ မျက်လုံးများကို ပြူးကျယ်သွားစေသည်။

လင်းဖုန်း ချက်ချင်းထိတ်လန့်တုန်လှုပ်သွားပြီး သူ၏မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။

တစ်မှေးလောက် အိပ်ရန် ပြင်ဆင်နေသော အကြီးအကဲကျန်းသည် ရုတ်တရက် လန့်နိုးလာပြီး ဆဲဆိုလိုက်သည်။

"သောက်ကျိုးနည်း..."

"အရှင်သခင်အဆင့် သိုင်းကျမ်း..."

အကြီးအကဲကျန်းက ကြောက်လန့်တကြား အသံဖြင့် ပြောဆိုလိုက်သည်။

ထိုအသံ ပျောက်ကွယ်သွားသည်နှင့် နောက်ထပ် စူးရှသော အော်သံတစ်ခု သူ၏ လည်ချောင်းထဲမှ ထွက်ပေါ်လာပြန်သည်။

"သူတော်စင်အဆင့် ဟုတ်လား...သောက်ကျိုးနည်း သူတော်စင်အဆင့်တောင် ပါသေးတယ်"

"မဟုတ်ဘူး ...ဒါက ဧကရာဇ်... ဧကရာဇ်... ဧကရာဇ်အဆင့်..."

"ဘုရားရေ ...ငါ တကယ် အိပ်မက်မက်နေတာတော့ မဟုတ်ဘူးမလား"

လင်းဖုန်းသည် သူ၏စိတ်ထဲရှိ ဓားအကြီးအကဲ၏ အာမေဋိတ်သံများကို ကြားလိုက်ရချိန်၌ မည်သို့ဖြစ်နေသည်ကို နောက်ကျမှ သဘောပေါက်လိုက်သည်။

သူ ကျင့်ကြံခြင်း မစတင်နိုင်သေးသော်လည်း အကြီးအကဲကျန်းက ဤကျင့်ကြံခြင်း ဗဟုသုတများကို မိတ်ဆက်ပေးထားပြီး ဖြစ်သည်။

ထို့ကြောင့် ဤနည်းစနစ်များက မည်သည့်အရာအား ကိုယ်စားပြုသည်ကို သူ ကောင်းကောင်း သိသည်။

အကြီးအကဲကျန်းက သူ့ကို ယခင်က ပြောပြခဲ့သော ကျင့်ကြံနည်းစနစ်သည်ပင် ဘုရင်အဆင့်သာ ရှိပေ၏။

ဘုရင်အဆင့် ကျင့်ကြံနည်းစနစ်တစ်ခုကို ထုတ်လိုက်လျှင် ကြီးမားသော ရုတ်ရုတ်သဲသဲဖြစ်မှုနှင့် သွေးထွက်သံယိုမှုများကို ဖြစ်စေနိုင်သည်။ ရှန်ကျန်းဂိုဏ်းတစ်ခုလုံးကို ရောင်းလိုက်လျှင်ပင် ဘုရင်အဆင့် ကျင့်ကြံနည်းစနစ်တစ်ခုကို ဝယ်ယူရန် လုံလောက်မည် မဟုတ်ပေ။

သို့သော် ဘုရင်အဆင့်သည် အရှင်သခင်အဆင့်နှင့် ယှဉ်လိုက်လျှင် အမှိုက်မှလွဲ၍ ဘာမျှမဟုတ်ပေ။

ပို၍မြင့်မားသော သူတော်စင်နှင့် ဧကရာဇ်အဆင့်များကိုမူ ဆိုဖွယ်ရာ မရှိတော့ချေ။

အချိန်တခဏကြာသည်အထိ လင်းဖုန်း၏ လက်များ တုန်ရီနေပြီး သူ၏ခန္ဓာကိုယ်ရှိ ကြွက်သားများအားလုံး တင်းမာနေသည်။ ဤအရာအားလုံး အိပ်မက်တစ်ခု ဖြစ်နေမည်ကို ကြောက်ရွံ့သည့်အလား သူ၏ မျက်နှာကို ပုတ်လိုက်မိပေ၏။

သို့သော် သူ၏မျက်နှာပေါ်မှ နာကျင်မှုက သူ အိပ်မက်မက်နေခြင်း မဟုတ်ကြောင်း ပြောပြနေသည်။

ဤသည်ပ သူ့မျက်စိရှေ့မှာ တကယ် ဖြစ်ပျက်နေသော အရာတစ်ခုပင်။

အရှင်သခင် သူတော်စင် နှင့် ဧကရာဇ်ကဲ့သို့သော အဆင့်အမျိုးမျိုးရှိသည့် နည်းစနစ်များကို အိတ်တစ်လုံးထဲတွင် ထည့်ထားပြီး သူ၏ရှေ့တည့်တည့်၌ ချထားသည်။

"ဟေ့ကောင်လေး... မြန်မြန် တစ်ခုရွေး မြန်မြန် တစ်ခုရွေးစမ်း...."

လက်စွပ်ထဲတွင် အကြီးအကဲသည်ကျန်း လုံးဝဂနာမငြိမ် ဖြစ်နေပြီး ကိုယ်တိုင်သာ ထွက်ပြီး ရွေးချယ်လိုက်ချင်စိတ် ပေါက်နေသည်။

“ဟိုစာအုပ် ဟို ဧကရာဇ်အဆင့် မဟာကန္တာရသိုင်းကျမ်း... အာ မဟုတ်ဘူး ....တခြားတစ်ခု ရွေးရအောင် ဧကရာဇ်အဆင့် မီးဧကရာဇ်ကျမ်း”

"ပြီးတော့ ဟို ကောင်းကင်နဲ့မြေကြီး အထွေထွေသိုင်းကျမ်းကလည်း မင်းနဲ့ အရမ်းကိုက်ညီတယ်"

"နေဦး နေဦး နေဦး.... ဟို မဟာကျိုးကန္တာရအရိုး ကျင့်ကြံနည်းစနစ်ကလည်း မဆိုးဘူး..."

ထိုအချိန်တွင် လင်းဖုန်း၏ အမြင်အာရုံနောက်သို့ လိုက်နေသော အကြီးအကဲကျန်းသည် မျက်စိလည်နေကာ 'ဒါက ကောင်းတယ် ဟိုဟာက ပိုသင့်တော်တယ်... ဒါပေမယ့် တခြားတစ်ခုကိုလည်း မစွန့်ပစ်ချင်ဘူး'ဟု တွေးတောနေသည်။

အကြီးအကဲကျန်း၏ခေါ်သံနောက်သို့ လိုက်ရင်း လင်းဖုန်းသည် စာအုပ်တစ်အုပ်ကို ကောက်ကိုင်လိုက် ပြန်ချလိုက် နောက်တစ်အုပ်ကို ကောက်ကိုင်လိုက်နှင့် နောက်ထပ်တစ်အုပ်ကို သဘောကျသွားပြန်သည်။

နံဘေးတွင် ရပ်နေသော ကျုံးချင်သည် လင်းဖုန်း၏ အတွေးများကို ရိပ်မိသွားပုံရသည်။

သူ မနေနိုင်ဘဲ ခပ်ဖျော့ဖျော့ ပြုံးလိုက်မိသည်။

"မင်း အကုန်ကြိုက်နေမှတော့ အကုန်ယူလိုက်လေ"

ကျုံးချင်က ညင်သာသောလေသံဖြင့် အကြံပြုလိုက်၏။

"တကယ် ရလို့လား"

လင်းဖုန်းက စိတ်လှုပ်ရှားစွာဖြင့် ကျုံးချင်ကို ကြည့်လိုက်သည်။

ကျုံးချင်က ခေါင်းညိတ်ပြသည်။

ထိုအရာကို မြင်လိုက်ရချိန်၌ အကြီးအကဲကျန်း၏ အကူအညီဖြင့် လင်းဖုန်းသည် အားနာမနေတော့ဘဲ သူ၏လမ်းစဉ်နှင့် အသင့်တော်ဆုံးဖြစ်သော ဧကရာဇ်အဆင့် သိုင်းကျမ်းငါးအုပ်ကို တိုက်ရိုက် ရွေးချယ်လိုက်သည်။

"ငါ အရမ်း စိတ်လှုပ်ရှားတယ်... အရမ်း စိတ်လှုပ်ရှားတယ်"

"အား..........."

"ဒါတွေက ဧကရာဇ်အဆင့် သိုင်းကျမ်း ငါးအုပ်ကြီးများတောင်...."

လက်စွပ်ထဲတွင် အကြီးအကဲကျန်းသည် ဤသိုင်းကျမ်းများက သူ့အတွက် လက်ဆောင်ဖြစ်သည့်အလား ပျော်ရွှင်စွာ ခုန်ပေါက်နေသည်။

တစ်ချိန်တည်းမှာပင် သူသည် လင်းဖုန်းကို လေးလေးနက်နက် သတိပေးလိုက်၏။

"ဟေ့ကောင်လေး..ဒါကို မှတ်ထားပါ.... မင်းမှာ ဧကရာဇ်အဆင့် သိုင်းကျမ်းငါးအုပ် ပိုင်ဆိုင်ထားတယ်ဆိုတာ မင်းနဲ့ မင်းဆရာကလွဲပြီး ဘယ်သူ့ကိုမှ မပြောပြမိစေနဲ့"

"သတင်းပေါက်ကြားသွားတာနဲ့ လာခိုးတဲ့လူတွေက အီးတစ်ချက်ပေါက်ရုံနဲ့တင် ဒီနေရာတစ်ခုလုံး ပျက်စီးသွားလိမ့်မယ်"

လင်းဖုန်းက လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။

သူသည် ငယ်ရွယ်သဖြင့် အရာများစွာကို နားမလည်ပေ။

သို့သော် ထိုအချက်က သူအသုံးမကျဟု မဆိုလိုချေ။

ကျုံးချင်သည် သူ၏ အကျင့်အတိုင်း ရေအေးဖြည့်ထားသော ကြေးရေနွေးအိုးတစ်လုံးကို ယူလာပြီး မီးဖိုပေါ် တင်လိုက်ကာ ခေါင်းစောင်းကြည့်ပြီး မေးလိုက်သည်။

"ရွေးပြီးပြီလား"

"ကျွန်တော် ရွေးပြီးပါပြီ ဆရာ"

လင်းဖုန်းက ရိုသေလေးစားစွာ ခေါင်းညိတ်လိုက်သည်။

"အင်း"

ကျုံးချင်က ခေါင်းညိတ်လိုက်ပြီးနောက် အိတ်ထဲသို့ လက်နှိုက်ကာ သိုင်းကျမ်းစာအုပ်တစ်ပုံကြီးကို ဆွဲယူပြီး မီးဖိုထဲသို့ တိုက်ရိုက်ပစ်ထည့်လိုက်သည်။

ရုတ်ချည်းဆိုသလိုပင် မီးဖိုထဲရှိ မီးများ တောက်လောင်လာသည်။

မကြာမီ ကြေးရေနွေးအိုးမှ ရေနွေးငွေ့များ စတင်၍ ထွက်ပေါ်လာသည်။

"ဟာ ...နှမြောစရာကြီး နှမြောစရာကြီးကွာ"

ထိုမြင်ကွင်းကို မြင်လိုက်ရချိန်၌ လက်စွပ်ထဲရှိ အကြီးအကဲကျန်းသည် ရူးလုနီးပါးဖြစ်ကာ လက်စွပ်ထဲမှနေ၍ ကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။

All Chapters