တခြားဘာမှ တွေးမနေနဲ့... နည်းစနစ်ကို စတင်ကျင့်ကြံပြီး အလုပ်သာလုပ်
Vol. 1 Ch. 8
"ကောင်းပြီလေ... ထတော့"
ကျုံးချင်က ညင်သာစွာ ပြုံးလိုက်ပြီးနောက် လင်းဖုန်းကို တွဲထူပေးကာ ပြောဆိုလိုက်သည်။
"နောက်တစ်ဆင့်အနေနဲ့ မင်းကို ဘယ်လိုကျင့်ကြံရမလဲဆိုတာ ငါသင်ပေးမယ်"
"ဒါပေမယ့် ဆရာ ကျွန်တော်က..."
ဤအချိန်တွင် လင်းဖုန်းက ခေါင်းငုံ့လိုက်ပြီး ပြောဆိုသည်။
"တကယ်တော့ ကျွန်တော့်မှာ ကျင့်ကြံဖို့ ပါရမီ လုံးဝမရှိပါဘူး ...အဖြူရောင်အဆင့် ပါရမီတောင် မရှိပါဘူး"
"တောင်းပန်ပါတယ် ဆရာ ကျွန်တော် ဆရာ့ကို လိမ်ခဲ့မိတယ်"
လင်းဖုန်းက အပြစ်ရှိသလို ခံစားနေရသည်။
ကျုံးချင်က ဖျော့တော့တော့ ပြုံးလိုက်သည်။
"မင်းရဲ့ ပါရမီအကြောင်း ငါသိနေတာ ကြာလှပြီ"
ထိုစကားကို ကြားလိုက်ရချိန်၌ လင်းဖုန်း၏ မျက်နှာသည် ရှက်ရွံ့မှုကြောင့် ပူထူသွားပြီး မြေကြီးထဲသို့ တိုးဝင်ပျောက်ကွယ်သွားချင်စိတ် ပေါက်သွားသည်။
'တကယ်ပါပဲ...'
'သူ့မှာ ပါရမီမရှိတာကို သူ့ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ဆရာက မြင်နေတာ ကြာပြီပဲ'
"ဒါဆို ဆရာက ဘာလို့ ကျွန်တော့်ကို တပည့်အဖြစ် လက်ခံခဲ့တာလဲ"
လင်းဖုန်းက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
"ငါ့ရဲ့မျက်စိထဲမှာ ကြည့်ကောင်းနေလို့ ဖြစ်မယ်"
ကျုံးချင်က ပြုံးလိုက်သည်။ သေချာသည်မှာ သူသည် အကြောင်းအရင်းအမှန်ကို ထုတ်ဖော်မပြောနိုင်သဖြင့် ဆက်လက်၍ ပြောဆိုလိုက်သည်။
"မင်းရဲ့ ပါရမီနဲ့ ပတ်သက်ရင် တခြားသူတွေရဲ့ မျက်လုံးထဲမှာ ကျော်လွှားလို့မရနိုင်တဲ့ ပြဿနာတစ်ခု ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် ငါ့အတွက်တော့ ပြဿနာမဟုတ်ဘူး"
ထိုစကားကို ကြားလိုက်ရချိန်၌...
လင်းဖုန်း၏မျက်လုံးများ တောက်ပသွားပြီး အသက်ရှူမြန်ဆန်လာသည်။
"မင်းက ငါပြောသလို လုပ်ဖို့ပဲ လိုတယ်"
ကျုံးချင်က တီးတိုးပြောဆိုလိုက်ပြီး တစ်ချိန်တည်းမှာပင် သူ၏စိတ်ထဲ၌ အကြံအစည်များ ဖြစ်ပေါ်လာသည်။
သူ့တပည့်များ၏ အဆတစ်ရာ တိုးမြှင့်မှုကို ချက်ချင်းအသက်မသွင်းရသည့် အကြောင်းအရင်းမှာ စတင်သည့် စမှတ်တစ်ခုကို ရှာဖွေလိုသောကြောင့်ပင်။
အခွင့်အလမ်းမရှိဘဲ သူ ကျင့်ကြံဆင့်တိုးမြှင့်မှုကို တိုက်ရိုက်အသက်သွင်းလိုက်လျှင် ပထမအချက်အနေဖြင့် တပည့်၏ ဆရာ့အပေါ် ယုံကြည်မှု သိသိသာသာ လျော့ကျသွားပေမည်။
ဒုတိယအချက်အနေဖြင့် တပည့်က မေးလာလျှင် ရှင်းပြရန် ခက်ခဲပေလိမ့်မည်။
လင်းဖုန်း၏ မျှော်လင့်တကြီး ကြည့်နေမှုအောက်တွင် ကျုံးချင် ဖျော့တော့တော့ပြုံးပြီး ပြောဆိုလိုက်သည်။
"ပထမဆုံးအနေနဲ့ ငါအခုလေးတင် ပေးလိုက်တဲ့ သိုင်းကျမ်းတွေထဲက မင်း အာရုံစိုက်ချင်တဲ့ တစ်ခုကို ရွေးလိုက်.... အခု ငါမင်းကို ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ ဂါထာတစ်ခု သင်ပေးမယ်.... မင်း ကျင့်ကြံနေတဲ့အချိန်ကျရင် ငါသင်ပေးလိုက်တဲ့ ဂါထာကို စိတ်ထဲမှာ ရွတ်ဆိုနေဖို့ပဲ လိုတယ်"
ထိုစကားပြောဆိုရင်း ကျုံးချင်သည် လင်းဖုန်းနှင့် ပို၍နီးကပ်သွားပြီး လျှို့ဝှက်ဆန်းကြယ်သော အသံပေးပို့ခြင်းဖြင့် ညွှန်ကြားချက်များ စတင်ပေးလိုက်သည်။
လင်းဖုန်း အာရုံစိုက်၍ နားထောင်နေသော်လည်း သူနားထောင်ပြီးနောက် ဘဝ၏ အဓိပ္ပာယ်ကို မေးခွန်းထုတ်ချင်သလို ခံစားလိုက်ရသည်။
"ဆရာ တကယ်ပဲ အဲ့ဒီလောက် ရိုးရှင်းတာလား"
"သေချာတာပေါ့...ရတာပေါ့ ...ငါပြောသလိုသာ လုပ်"
ကျုံးချင်က လေးလေးနက်နက် ညွှန်ကြားလိုက်သည်။
"မှတ်ထား.... ငါ ပေးလိုက်တဲ့ ဂါထာကို မင်းတစ်ယောက်တည်းပဲ သိရမယ် ...တခြားသူတွေကို ပြောပြလိုက်ရင် အစွမ်းမရှိတော့ဘူး"
"ကောင်းပြီ အခု ဘေးအခန်းမှာ သွားပြီးစမ်းကြည့်လိုက်"
ကျုံးချင်က သက်သောင့်သက်သာ ပြုံးလိုက်ပြီးနောက် ကုတင်ပေါ်တွင် ပြန်လှဲလိုက်သည်။
လင်းဖုန်းသည် ခေါင်းကုတ်လိုက်၏။
"တခြားဘာမှ တွေးမနေနဲ့....ကျင့်ကြံနည်းစနစ်ကို စတင်ပြီး အလုပ်သာလုပ်" ဟု ရွတ်ဆိုရုံဖြင့် သူ တကယ်ကြီး ကျင့်ကြံနိုင်မည်လော...
သံသယများ ပြည့်နှက်နေရင်း လင်းဖုန်းသည် နံဘေးအခန်းတွင် ပလ္လင်ခွေ ထိုင်လိုက်သည်။
"ကောင်လေး...ငါ အခုလေးတင် စဉ်းစားကြည့်တာ မြေကမ္ဘာနဲ့သစ်သား မဟာသိုင်းကျမ်း က မင်းနဲ့ အသင့်တော်ဆုံးပဲ... မင်း အဲဒါကို ကျွမ်းကျင်သွားရင် ကောင်းကင်နဲ့မြေပြင်ရဲ့ မြေထုနဲ့ သစ်သားတွေကို စိတ်ကြိုက် အသုံးပြုနိုင်လိမ့်မယ်.... ဒါကြောင့် မြေကမ္ဘာနဲ့သစ်သား မဟာသိုင်းကျမ်းကို ကျင့်ကြံသင့်တယ်"
လက်စွပ်ထဲရှိ နယ်မြေမှနေ၍ အကြီးအကဲကျန်းက အကြံဉာဏ်ပေးလိုက်သည်။
ကျုံးချင် သင်ပေးလိုက်သော ဂါထာသည် လင်းဖုန်းကဲ့သို့ ပထမတန်းစား အမှိုက်တစ်ယောက်ကို အောင်မြင်စွာ ကျင့်ကြံနိုင်စေမည် ဟုတ်မဟုတ် စမ်းသပ်ရန် သူလည်း စိတ်အားထက်သန်နေသည်။
သေချာသည်မှာ သူသည် ဂါထာ၏ အကြောင်းအရာကို လိမ္မာပါးနပ်စွာဖြင့် မမေးမြန်းခဲ့ပေ။
"ကောင်းပြီ"
လင်းဖုန်းက လေးလေးနက်နက် သဘောတူလိုက်ပြီး မြေကမ္ဘာနှင့်သစ်သား မဟာသိုင်းကျမ်းကို ဖွင့်ကာ ထိုအရာ၏ အကြောင်းအရာများအတိုင်း စတင်ကျင့်ကြံရန် ကြိုးစားလိုက်သည်။
တစ်ချိန်တည်းမှာပင်...
သူသည် ကျုံးချင် သင်ပေးခဲ့သော ဂါထာကို တိတ်တဆိတ် ရွတ်ဆိုလိုက်သည်။
တခြားဘာမှ တွေးမနေနဲ့.....ကျင့်ကြံနည်းစနစ်ကို စတင်ပြီး အလုပ်သာလုပ်...
ခြံဝန်းခန်းမထဲတွင် ကျုံးချင်သည် သူ၏နတ်ဘုရားအာရုံကို အသက်သွင်းလိုက်ပြီး လင်းဖုန်းကို တစ်ချက်ကြည့်လိုက်ရာ အတော်လေး စိတ်ကျေနပ်သွားသည်။
ထို့နောက် သူသည် စိတ်ထဲ၌ စနစ်နှင့် တိတ်တဆိတ် ဆက်သွယ်ပြီး အမှိုက်နှောင်ကြိုး၏ အဆတစ်ရာတိုးမြှင့်မှုကို တိတ်တဆိတ် အသက်သွင်းလိုက်၏။
ဂါထာ၏ကာရန်နှင့် ပတ်သက်လျှင်....
အမှန်အားဖြင့် ကျုံးချင်သည် အလောတကြီး ဖြစ်သွားချင်၍ မဟုတ်ပေ။
သူသည်လည်း ဆွဲဆောင်မှုရှိသော သြဇာညောင်းသော သို့မဟုတ် ခမ်းနားသော စာသားအချို့ကို စဉ်းစားလိုပေ၏။
အနည်းဆုံးအနေဖြင့် ကာရန်ညီသော ကဗျာနှစ်ပုဒ် သို့မဟုတ် ထန်မင်းဆက်ခေတ် ကဗျာပေါင်း သုံးရာလောက်ကိုမူ စဉ်းစားသင့်သည်။
သို့သော် နတ်ဘုရားများ သိသည့်အတိုင်း ကမ္ဘာကူးလာသည်မှာ နှစ်ပေါင်းများစွာ ကြာပြီးနောက် သူ ယခင်ဘဝက သင်ယူခဲ့သော ဗဟုသုတအားလုံးနီးပါးကို မေ့လျော့နေလေပြီ။
ထိုအခြေအနေကို ကျော်လွှားရန် ကျပန်းစာကြောင်းတစ်ကြောင်း ဖန်တီးလိုက်ရုံမှတစ်ပါး အခြားနည်းလမ်း မရှိတော့ပေ။
ကံကောင်းသည်မှာ ဤဂါထာသည် အစပြုသည့် စမှတ်တစ်ခုသာ ဖြစ်ပြီး လက်တွေ့အကျိုးသက်ရောက်မှုကို မထိခိုက်စေပေ။
ကျုံးချင်က အဆတစ်ရာတိုးမြှင့်မှုကို အသက်သွင်းလိုက်သည်နှင့် မြေပြင်ပေါ်တွင် ပလ္လင်ခွေ ထိုင်နေသော လင်းဖုန်းသည် အကျိုးသက်ရောက်မှုများကို လျှင်မြန်စွာ မြင်တွေ့လိုက်ရသည်။
ကောင်းကင်နှင့်မြေပြင်၏ စိတ်ဝိညာဉ်စွမ်းအင်များ လည်ပတ်လာပြီး သူ၏ခန္ဓာကိုယ်ဆီသို့ တိုးဝင်လာသည်။
ချက်ချင်းဆိုသလိုပင် ယခင်က စိတ်ဝိညာဉ်စွမ်းအားများ လုံးဝမရှိဖူးသော လင်းဖုန်း၏ခန္ဓာကိုယ်အနှံ့အပြား၌ စိတ်ဝိညာဉ်စွမ်းအားများဖြင့် ပြည့်နှက်သွားသည်။
ခြောက်သွေ့နေသော မြစ်ကြမ်းပြင်တစ်ခုသည် ကြည်လင်သော စမ်းရေများဖြင့် ရုတ်တရက် ပြည့်လျှံသွားသည့်အလားပင်။
တိုးမြှင့်မှုအဆတစ်ရာနှင့် ဧကရာဇ်အဆင့် သိုင်းကျမ်း၏ အကျိုးသက်ရောက်မှုများ ပေါင်းစပ်လိုက်ချိန်၌ လင်းဖုန်း၏ ကျင့်ကြံခြင်းအမြန်နှုန်းသည် ပါရမီရှင်ဟု ခေါ်ဝေါ်ကြသူများနှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ဖြစ်သွားသည်။
နောက်ထပ်အချိနိတခဏတွင်...
လင်းဖုန်း၏အဆင့်တက်ခြင်း စတင်တော့သည်။
ရုပ်ခန္ဓာကိုယ်ထိန်းညှိခြင်းနယ်ပယ်...ပထမအဆင့်
ရုပ်ခန္ဓာကိုယ်ထိန်းညှိခြင်းနယ်ပယ် ဒုတိယအဆင့်
ရုပ်ခန္ဓာကိုယ်ထိန်းညှိခြင်းနယ်ပယ် တတိယအဆင့်...
မကြာမီ လင်းဖုန်း၏ ကျင့်ကြံဆင့်သည် ဟောက်ထျန်းနယ်ပယ်သို့ လျင်မြန်စွာ တိုးတက်သွားသည်။
"ဆရာ ကျွန်တော် လုပ်နိုင်ပြီ.... ကျွန်တော် တကယ် လုပ်နိုင်ပြီ"
သူ၏ခန္ဓာကိုယ်ထဲရှိ စွမ်းအားကို ခံစားလိုက်ရသဖြင့် မြေပြင်ပေါ်တွင် ပလ္လင်ခွေ ထိုင်နေသော လင်းဖုန်းသည် ပျော်ရွှင်စွာဖြင့် ကျုံးချင်၏ ဘေးနားသို့ ပြေးသွားကာ မျက်ရည်များ စီးကျနေရင်း စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်မိသည်။
သူ ဤနေ့ရက်ကို စောင့်မျှော်နေခဲ့သည်မှာ ကြာမြင့်နေလေပြီ။
လက်စွပ်ထဲရှိ အကြီးအကဲကျန်းသည်လည်း ထပ်တူ စိတ်လှုပ်ရှားနေသည်။
လင်းဖုန်းသည် သူ့ကို ဖခင်တစ်ယောက်လို ဆက်ဆံပြီး သူကလည်း လင်းဖုန်းကို ကိုယ်ပိုင်သားသမီးလို သဘောထားသည်။
လင်းဖုန်းအတွက် ဆန်းကြယ်မီးတောက်များဖြင့် ကျင့်ကြံနိုင်ရန် လမ်းကြောင်းတစ်ခု ခင်းပေးထားပြီး အသုံးမကျသော ခန္ဓာကိုယ်ကို လျစ်လျူရှုကာ ကျင့်ကြံခြင်း စတင်နိုင်စေခဲ့သည်။ သို့ရာတွင် ဆန်းကြယ်မီးတောက်များကို ရှာဖွေရာတွင် ရှိသော အန္တရာယ်များကို ထည့်မတွက်လျှင်ပင် ဤသမားရိုးကျမဟုတ်သော လမ်းကြောင်းကိုယ်တိုင်က အန္တရာယ်များဖြင့် ပြည့်နှက်နေသည်။
ယခုကဲ့သို့ လွယ်လင့်တကူ ကျင့်ကြံခြင်း စတင်နိုင်သည်နှင့် မတူပေ။
ထို့ပြင် သူသည် အချိန်တိုအတွင်း ဟောက်ထျန်းနယ်ပယ်သို့ ရောက်ရှိသွားခဲ့သည်။
"ဘယ်လို ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ ဂါထာမျိုးမို့လို့ အသုံးမကျတဲ့ ခန္ဓာကိုယ်ကို လစ်လျူရှုနိုင်ရုံမကဘဲ ဒီလို ကြောက်စရာကောင်းတဲ့ ကျင့်ကြံခြင်းအမြန်နှုန်းကိုပါ ပေးစွမ်းနိုင်တာလဲ... တကယ့်ကို ကြောက်စရာကောင်းတာပဲ"
အကြီးအကဲကျန်းသည် စိတ်မထိန်းနိုင်ဘဲ ထိတ်လန့်သွားပြီး စိတ်လှုပ်ရှားသွားသည်။
ကျုံးချင်သည် သူ့နားလည်မှု၏ အကန့်အသတ်များကို အကြိမ်ကြိမ် ပြန်လည်သတ်မှတ်ပြနေသည်။
ထိုကဲ့သို့ စွမ်းရည်နှင့် နည်းလမ်းမျိုးကို သူ၏ ယခင်ဘဝ အထွတ်အထိပ်အချိန်ကပင် မကြားဖူးခဲ့ပေ။
"ငါမလိမ်ဘူးလို့ ပြောသားပဲ"
ကျုံးချင်သည် ဝမ်းသာမျက်ရည်များ ကျနေသော လင်းဖုန်းကို ကြည့်ကာ ခေါင်းကို ပုတ်ပေးပြီး အပြုံးနှင့် ညင်သာစွာ ပြောဆိုလိုက်၏။
"နောက်ဆို မင်း ပိုကြိုးစားရလိမ့်မယ်...မဟုတ်ရင် ငါ့ကို စိတ်ပျက်စေလိမ့်မယ်"
"ဟုတ်ကဲ့ ဆရာ.... တပည့်က ဆရာ့ကို စိတ်ပျက်အောင် မလုပ်ပါဘူး"
လင်းဖုန်းက ပြတ်သားစွာ ပြောဆိုလိုက်သည်။
ထိုသို့ ပြောပြီးနောက် လင်းဖုန်းသည် စိတ်လှုပ်ရှားစွာဖြင့် ထွက်ခွာသွားပြီး သူ၏လှိုင်ဂူအိမ်သို့ ဦးတည်သွားသည်။
မည်သို့ပင်ဆိုစေကာမူ လှိုဏ်ဂူအိမ်သည် ဝင်္ကပါဖြင့် အားဖြည့်ထားသဖြင့် ကျင့်ကြံခြင်း လုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်ပေးနိုင်သည်။
လင်းဖုန်း၏ စိတ်လှုပ်ရှားမှုကို မြင်လိုက်ရချိန်၌ ကျုံးချင်လည်း ထပ်တူပျော်ရွှင်သွားသည်။
လင်းဖုန်း၏ ကျင့်ကြံဆင့် တိုးတက်လာသည်နှင့်အမျှ သူ၏ ကိုယ်ပိုင်ကျင့်ကြံဆင့်သည်လည်း ထိတ်လန့်ဖွယ်ရာ နှုန်းထားဖြင့် တိုးတက်လာသည်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
အဆတစ်ထောင် တိုးမြှင့်ပေးသည့် ကျင့်ကြံဆင့်၏ တုံ့ပြန်မှုသည် တကယ့်ကို ကြောက်မက်ဖွယ်ကောင်းလှသည်။
အချိန်များ ဖြည်းညှင်းစွာ ကုန်ဆုံးသွားသည်။
လင်းဖုန်း လုံ့လဝီရိယရှိရှိ ကျင့်ကြံနေစဉ် ကျုံးချင်သည် သူ၏ ကျင့်ကြံဆင့် အချိန်တိုင်း တိုးတက်နေသည်ကို ခံစားနေရသည်။ ရက်အနည်းငယ်အတွင်း သူသည် ကြယ်တာရာနက်နဲသိမ်မွေ့နယ်ပယ်၏ အဆင့်ငယ်တစ်ခုကို ဖြတ်ကျော်နိုင်ခဲ့သည်။
လူများစွာ အိပ်မက်မက်ကြသော လမင်းနက်နဲသိမ်မွေ့နယ်ပယ်သို့ သူ ရောက်ရှိရန် မကြာတော့ဟု တွေးထင်ရပေ၏။
ယနေ့တွင်...
အကြီးအကဲကျန်း၏ ညွှန်ကြားချက်အတိုင်း လင်းဖုန်းသည် မူဖူတောင်နှင့် မိုင်တစ်ရာကွာဝေးသော တောင်တစ်လုံးသို့ ယာယီ ရောက်ရှိလာခဲ့သည်။
လက်သီးတစ်ချက်တည်းဖြင့် နှစ်ဖာလုံရှည်သော နတ်ဆိုးသားရဲတစ်ကောင်သည် သူ၏ခြေရင်းတွင် လဲကျသွားသည်။
"ဟူး"
လင်းဖုန်းသည် သူ၏အောင်ပွဲရပစ္စည်းများကို စိတ်ကျေနပ်စွာ ကြည့်လိုက်၏။
လွန်ခဲ့သည့် ရက်အနည်းငယ်က သူသည် ကျင့်ကြံခြင်း မပြုလုပ်နိုင်သော အသုံးမကျသူတစ်ဦး ဖြစ်ခဲ့သည်။ သို့ရာတွင် ရက်အနည်းငယ်အတွင်း ဤကဲ့သို့ နတ်ဆိုးသားရဲတစ်ကောင်ကို သူ၏လက်သီးတစ်ချက်တည်းဖြင့် သတ်နိုင်ခဲ့လေပြီ။
"ငါသာ မင်ရည်ဓားကို သုံးမယ်ဆိုရင် သူ့ထက် အဆင့်နှစ်ဆင့်မြင့်တဲ့ နတ်ဆိုးသားရဲကိုတောင် တစ်ချက်တည်းနဲ့ ခုတ်ပိုင်းနိုင်လိမ့်မယ်"
လင်းဖုန်းက မနေနိုင်ဘဲ ပြောဆိုလိုက်သည်။
"ဒါကို မှတ်ထားအုံး.... ကောင်လေး မင်းရဲ့ဆရာ မင်းရဲ့ရှေ့မှာ ရှိနေရင် မင်းကြိုက်တာ လုပ်လို့ရတယ်.... ဒါပေမယ့် မင်းဆရာ မရှိရင် ပြီးတော့ မင်း ပိုပြီးမသန်မာလာသေးခင်မှာ အရမ်းမလိုအပ်ရင် မင်ရည်ဓားကို မသုံးတာ အကောင်းဆုံးပဲ"
ထိုအချိန်မှာပင် အကြီးအကဲကျန်း၏ ဆူပူကြိမ်းမောင်းသံက သိုလှောင်လက်စွပ်ထဲမှ ထွက်ပေါ်လာသည်။
"ဟုတ်ကဲ့ အကြီးအကဲကျန်း... ကျွန်တော် နားလည်ပါတယ်"
လင်းဖုန်းက နှိမ့်ချစွာဖြင့် ခေါင်းညိတ်လိုက်၏။
"ကောင်းပြီ.... တိုက်ပွဲတစ်ခု ပြီးတဲ့နောက် မင်းရဲ့ လျင်မြန်တဲ့ အဆင့်တက်မှုအတွက် အခြေခံအုတ်မြစ်က ခိုင်မာသွားပြီ..... မင်းရဲ့ ကျင့်ကြံနည်းစနစ်ကို ဆက်လက် လည်ပတ်စေပြီးတော့ မင်းရဲ့ဆရာ သင်ပေးထားတဲ့ ဂါထာအတိုင်း အဲဒီနေရာမှာပဲ လေ့ကျင့်လိုက်.... နယ်ပယ်အနည်းငယ်ကို ဖြတ်ကျော်ပြီးရင် တိုက်ခိုက်ဖို့ နတ်ဆိုးသားရဲတစ်ကောင်ကို ထပ်ရှာလိုက်တော့"
အကြီးအကဲကျန်းက ပြောဆိုသည်။
"ဟုတ်ကဲ့"
လင်းဖုန်းက တုံ့ပြန်ပြီးနောက် နေရာတွင် ပလ္လင်ခွေ ထိုင်လိုက်သည်။
မြေကမ္ဘာနှင့်သစ်သား မဟာသိုင်းကျမ်းကို လည်ပတ်စေရင်း "တခြားဘာမှ ဂရုမစိုက်နဲ့" ဟု သူ၏စိတ်ထဲတွင် တိတ်တဆိတ် ရွတ်ဆိုလိုက်၏။
ကျင့်ကြံနည်းစနစ်ကို စတင်သည်နှင့် သူသည် ကျင့်ကြံခြင်း အခြေအနေသို့ လျင်မြန်စွာ ဝင်ရောက်သွားပေ၏။
လင်းဖုန်းသည် ပလ္လင်ခွေထိုင်ပြီး ခဏအကြာတွင် ထပ်မံ၍ အဆင့်တက်သွားသည်။
ဟောက်ထျန်းနယ်ပယ် သတ္တမအဆင့်...
နှစ်နာရီကြာပြီးနောက်...
ဟောက်ထျန်းနယ်ပယ် အဋ္ဌမအဆင့်....
နေ့ဝက်ကြာပြီးနောက်....
ဟောက်ထျန်းနယ်ပယ် နဝမအဆင့်...
တစ်ရက်ကြာပြီးနောက် လင်းဖုန်းသည် ရှန်ထျန်းနယ်ပယ်သို့ တိုက်ရိုက်ဝင်ရောက်သွားသည်။
လင်းဖုန်း အဆင့်တက်သွားသည်ကို မြင်လိုက်ရချိန်၌ဃသိုလှောင်လက်စွပ်ထဲရှိ အကြီးအကဲကျန်းသည် ထုံကျင်နေခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
သူသာ စည်းကျော်မိမှာကို မကြောက်လျှင် ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အကျိုးသက်ရောက်မှုများ ရှိစေသည့် ကျင့်ကြံခြင်း ဂါထာသည် မည်သည့်အရာဖြစ်သည်ကို သူ အမှန်တကယ် သိချင်မိသည်။
အကြောင်းအရင်းမှာ ဧကရာဇ်အဆင့် သိုင်းကျမ်းများကိုသာ အားကိုးပြီး ဤကျင့်ကြံခြင်းအမြန်နှုန်းကို ရရှိရန် လုံးဝမဖြစ်နိုင်သောကြောင့်ပင်။
လင်းဖုန်း ဤမျှမြန်ဆန်သော ကျင့်ကြံခြင်းအမြန်နှုန်း ရှိရခြင်း၏ အကြောင်းရင်းအမှန်မှာ ထိုဂါထာကြောင့် ဖြစ်သည်ကို ပြသရန် လုံလောက်ပေ၏။
တစ်ချိန်တည်းမှာပင် လင်းဖုန်း ရှိနေသော တောင်တန်းများ၏ နက်ရှိုင်းသော နေရာတွင် လှပသော ရေတံခွန်တစ်ခုအောက်၌ အဖြူရောင်ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက မျက်လုံးဖွင့်ကြည့်လိုက်သည်။
"လောကကြီးထဲမှာ ဒီလောက်ထိမြန်မြန် ကျင့်ကြံနိုင်တဲ့ ပါရမီရှင်ကောင်လေးတစ်ယောက် ရှိနေတာပဲ"
"ဒီလို လူငယ်လေးမျိုးကို ငါရဲ့အဖွဲ့ထဲ ဝင်လာအောင် ခေါ်ယူရမယ်"