အဆင့်ရှစ် လက်နက်စုတ်လေးနဲ့ လိမ်ဖို့ ကြိုးစားရဲတယ်ပေါ့
Vol. 1 Ch. 9
ထိုအမျိုးသမီးသည်လည်း ဤတောင်တန်းတွင် ကျင့်ကြံနေသူပင်။
သူမ၏ကျင့်ကြံဆင့်ကြောင့် မိုင်ပေါင်းဆယ်ချီသော အချင်းဝက်အတွင်း ဖြစ်ပျက်သမျှကို သူမ အာရုံခံနိုင်သည်။
လင်းဖုန်း နတ်ဆိုးသားရဲကို သတ်လိုက်ချိန်ကတည်းက သူမ သတိထားမိခဲ့ခြင်းဖြစ်သည်။
သို့သော် သူမ တစ်ချက်သာ ကြည့်ခဲ့ပေ၏။
ဟောက်ထျန်းနယ်ပယ်၌ ရှိနေသော ကောင်လေးတစ်ယောက်သည် သူမ၏ အာရုံစိုက်မှုကို ခံရရန် မထိုက်တန်သေးချေ။
သို့သော် လင်းဖုန်းသည် တစ်ရက်နှစ်ရက်အတွင်း ဟောက်ထျန်းနယ်ပယ် သတ္တမအဆင့် မှ ရှန်ထျန်းနယ်ပယ်သို့ ချိုးဖျက်နိုင်ခဲ့ကြောင်း တွေ့ရှိလိုက်ရချိန်၌ သူမ ဆက်လက်၍ မတည်ငြိမ်နိုင်တော့ပေ။
ဤသည်မှာ မည်သည့်အရာအား ဆိုလိုသနည်း...
ဤသည်က အဖြူရောင်အဆင့် ပါရမီရှင်များ သူတို့၏ဘဝတသက်လုံး လျှောက်လှမ်း၍ မပြီးနိုင်သော လမ်းကြောင်းတစ်ခု ဖြစ်နေသောကြောင့်ပင်။
အဓိကဂိုဏ်းကြီးများမှ အပြာရောင်အဆင့်ပါရမီရှိသော အအောင်မြင်ဆုံး တပည့်များပင်လျှင် ဤအဆင့်သို့ ရောက်ရန် ဆယ်နှစ်ခန့် ကြိုးစားရပေမည်။
ခရမ်းရောင်ပါရမီ ပိုင်ဆိုင်ပြီး ကျင့်ကြံခြင်း လျင်မြန်သော သူမကဲ့သို့ ပါရမီရှင်တစ်ယောက်အတွက်ပင် ရှန်ထျန်းနယ်ပယ်သို့ ရောက်ရှိရန် အနည်းဆုံး တစ်နှစ် သို့မဟုတ် နှစ်နှစ်ခန့် ကြာမြင့်နိုင်သည်။
သို့သော် ဤလူငယ်လေးသည် ထမင်းစားရေသောက်သည့်အလား လွယ်ကူစွာဖြင့် အဆင့်သစ်များကို ဖြတ်ကျော်နိုင်ခဲ့သည်။
သူမ မည်သည်ကြောင့် တည်ငြိမ်နိုင်တော့မည်နည်း...
ယခင်က တပည့်လက်ခံရန် တစ်ခါမျှ မစဉ်းစားဖူးသော သူမသည် ယခုအချိန်တွင် လုံးလုံးလျားလျား စိတ်ဝင်စားသွားခဲ့လေပြီ။
စကားတစ်ခွန်းမျှမပြောဘဲ သူမသည် ခြေလှမ်းတစ်လှမ်းလှမ်းလိုက်ပြီး ပေဆယ်ချီ မြင့်သော ကောင်းကင်သို့ ပျံသန်းသွားကာ အချိန်တိုအတွင်း၌ လင်းဖုန်း၏ဘေးနားသို့ ရောက်ရှိသွားသည်။
ရှန်ထျန်းနယ်ပယ်သို့ ရောက်ရှိပြီးကာစ လင်းဖုန်းသည် အကြီးအကဲကျန်း၏ ညွှန်ကြားချက်အတိုင်း သူ၏ကျင့်ကြံခြင်းကို တည်ငြိမ်စေရန် ရှန်ထျန်းနယ်ပယ် နတ်ဆိုးသားရဲတစ်ကောင် ရှာဖွေရန် ဟန်ပြင်လိုက်၏။ ထိုအချိန်မှာပင် သူ့ရှေ့တွင် အမျိုးသမီးတစ်ဦး မတ်တတ်ရပ်နေသည်ကို ရုတ်တရက် မြင်တွေ့လိုက်ရသည်။
ထိုအမျိုးသမီးသည် နှင်းကဲ့သို့ ဖြူဖွေးသော အဝတ်အစားကို ဝတ်ဆင်ထားပြီး အလွန်လှပသည်။
သို့သော် လင်းဖုန်း၏ မျက်လုံးများတွင် သတိကြီးစွာထားနေမှုများဖြင့် ပြည့်နှက်နေပေ၏။
အကြောင်းအရင်းမှာ ထိုအမျိုးသမီးသည် သူ့ကို လောင်ကျွမ်းလုမတတ် စူးရဲသော အကြည့်ဖြင့် ကြည့်နေသောကြောင့်ပင်။
"ခင်ဗျားက ဘယ်သူလဲ"
လင်းဖုန်းက သတိထားပြီး မေးမြန်းလိုက်သည်။
"ကောင်လေး... ငါက ကိုယ့်ကိုယ်ကိုယ် အရင် မိတ်ဆက်ပါရစေ... ငါ က အရှေ့ပိုင်းဒေသရဲ့ မြင့်မြတ်နယ်မြေတစ်ခုဖြစ်တဲ့ ချောင်ရှားတောင်ကြားက စုဝမ်ကျိုးပါ...နင့်ကို မေးခွန်းတစ်ခုမေးဖို့ ဒီကို ရောက်လာတာပါ... နင်က ငါ့ရဲ့ တပည့် ဖြစ်ချင်လား"
အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးသည် လေထဲတွင် မတ်တတ်ရပ်နေပြီး လင်းဖုန်းကို ငုံ့ကြည့်ကာ မေးမြန်းလိုက်၏။
"တပည့်ဖြစ်ချင်လား...ဟုတ်လား"
လင်းဖုန်း ခဏတာကြောင်အသွားပြီးနောက် လျှင်မြန်စွာ ငြင်းပယ်လိုက်သည်။
"တောင်းပန်ပါတယ် စီနီယာ... ကျွန်တော့်မှာ ဆရာရှိပြီးသားမို့ပါ"
"နင့်မှာ ဆရာရှိပြီးသား.... ဟုတ်လား"
စုဝမ်ကျိုးက မျက်မှောင်ကြုတ်လိုက်မိသည်။
'ဒီလို ပါရမီရှင်မျိုးမှာ ဆရာရှိနေတယ်တဲ့လား'
"ဒါဆို မေးပါရစေ... နင့်ရဲ့ဆရာက ဘယ်သူလဲ"
စုဝမ်ကျိုးက လက်မလျှော့ချင်သေးဘဲ မေးမြန်းလိုက်၏။
"ကျွန်တော်နဲ့ ဆရာက ဒီကနေ မိုင်တစ်ရာလောက်ဝေးတဲ့ ရှန်ကျန်းဂိုဏ်းမှာ နေတာပါ"
လင်းဖုန်းက အမှန်အတိုင်း ပြောဆိုသည်။
"ရှန်ကျန်းဂိုဏ်း...."
စုဝမ်ကျိုး အနည်းငယ် အံ့အားသင့်သွားသည်။
လင်းဖုန်း၏ဆရာသည် ကြီးကျယ်ခမ်းနားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်မည်ဟု သူမ တွေးထင်ထားသော်လည်း ရှန်ကျန်းဂိုဏ်းမှ လူတစ်ယောက်သာ ဖြစ်နေသည်။
သူမ သိသလောက်ဆိုလျှင် ရှန်ကျန်းဂိုဏ်းသည် အရှေ့ပိုင်းဒေသတစ်ခုလုံးတွင် ဒုတိယတန်းစား အင်အားစုတစ်ခုအဖြစ်သာ သတ်မှတ်နိုင်ပေ၏။
သာမန် ဒုတိယတန်းစား အင်အားစု၏ ခေါင်းဆောင်တစ်ဦးလောက်က သူမ၏ မျက်စိထဲတွင် အရာမဝင်ချေ။ ထိုကဲ့သို့ လူစားမျိူးသည် ဤကဲ့သို့ ထူးချွန်သော တပည့်ကို မည်သည်ကြောင့် ပိုင်ဆိုင်ထားသနည်း။
သူမကဲ့သို့ မြင့်မြတ်နယ်မြေမှ လူတစ်ဦးသာလျှင် ဤကဲ့သို့ တပည့်မျိုးနှင့် ထိုက်တန်သည်။
"ကောင်လေး... ရှန်ကျန်းဂိုဏ်းက အရှေ့ပိုင်းဒေသမှာ ဒုတိယတန်းစား ဂိုဏ်းတစ်ခုပဲလေ... နင့်ရဲ့ပါရမီနဲ့ဆိုရင် ဒုတိယတန်းစားဂိုဏ်းမှာ သောင်တင်နေမယ့်အစား ပိုကောင်းတဲ့ အနာဂတ်ကို ပိုင်ဆိုင်သင့်တယ်"
စုဝမ်ကျိုးက ကမ်းလှမ်းချက်တစ်ခု ပေးလိုက်သည်။
"ငါ့ရဲ့ ချောင်ရှားတောင်ကြားက အရှေ့ပိုင်းဒေသရဲ့ မြင့်မြတ်နယ်မြေတွေထဲက တစ်ခုပဲ...နင် ခေါင်းညိတ်လိုက်တာနဲ့ အခုချက်ချင်း ငါ နင့်ကို ခေါ်သွားပေးမယ်"
"တောင်းပန်ပါတယ်... ကျွန်တော် စိတ်မဝင်စားဘူး"
လင်းဖုန်းက နောက်တစ်ကြိမ် တဲ့တိုးငြင်းပယ်လိုက်သည်။
လူငယ်လေး မလှုပ်မယှက် ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ စုဝမ်ကျိုးက စိတ်ပျက်လက်ပျက်ဖြင့် ပြောဆိုလိုက်၏။
"မြင့်မြတ်နယ်မြေတစ်ခုရဲ့စွမ်းအားကို မင်း မသိလို့လား"
"ကျွန်တော် သိပါတယ်"
အကြီးအကဲကျန်းက ဤဗဟုသုတများကို သူ့အား ယခင်ကတည်းက ရှင်းပြထားပြီးဖြစ်သည်။
"နင်က သိရက်နဲ့ ဘာလို့ ငြင်းနေတာလဲ..."
စုဝမ်ကျိုးသည် လက်မလျှော့ချင်သေးဘဲ လင်းဖုန်းကို ကြည့်ရင်း မျက်မှောင်ကြုတ်ကာ ပြောဆိုလိုက်သည်။
"နင်က ငါ့ရဲ့တပည့် ဖြစ်ချင်သရွေ့ နင်လိုချင်တဲ့ ကျင့်ကြံခြင်းအရင်းအမြစ်တွေ အဆင့်မြင့် ကျင့်ကြံနည်းစနစ်တွေ လက်နက်တွေနဲ့ မှော်ရတနာတွေကို ရနိုင်တယ်"
လင်းဖုန်းကို စည်းရုံးရန် သူမသည် နှုတ်ဖြင့် ပြောရုံနှင့် မလုံလောက်ပုံရသည်။
သူမသည် စကားပြောနေရင်း သူမ၏သိုလှောင်လက်စွပ်ထဲမှ မီးတောက်ကဲ့သို့ နီမြန်းနေသော ဓားရှည်တစ်လက်ကို ဆွဲထုတ်လိုက်သည်။
သူမ လက်ဝှေ့ယမ်းလိုက်သည်နှင့် ဓားချီစွမ်းအင်များ ထွက်ပေါ်လာပြီး မီးပွားများ လေထဲတွင် လွင့်ပျံလာကာ တောက်ပသော ဓားပန်းပွင့်များက စူးရှတောက်ပသွားသည်။
ဓားတစ်ချက်တည်းဖြင့် မလှမ်းမကမ်းရှိ ချောက်ကမ်းပါး မျက်နှာပြင်တစ်ဝက်ကို ခွဲခြမ်းလိုက်၏။
ထိုဓား၏စွမ်းအားမှာ မယုံနိုင်လောက်အောင် ပြင်းထန်သည်။
စုဝမ်ကျိုးသည် ဓားရှည်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ဓားသွားကို ညင်သာစွာ ပွတ်သပ်ကာ အပြုံးနှင့် ပြောဆိုလိုက်သည်။
"ဒါက မီးကခုန်ခြင်းလို့ခေါ်တဲ့ အဆင့် ရှစ် နတ်ဘုရားလက်နက်ပါ...ငါ့ရဲ့ မနက်ခင်းရောင်ခြည်တောင်ကြားမှာရှိတဲ့ နံပါတ်တစ် လက်နက်သွန်းလုပ်သူရဲ့ တန်ဖိုးအထားရဆုံး လက်ရာတွေထဲက တစ်ခုပေါ့"
"နင် ခေါင်းညိတ်လိုက်ရင် အခုပဲ ဒီ မီးကခုန်ခြင်းဓားကို နင့်ကို ပေးနိုင်တယ်"
ထိုသို့ ပြောဆိုပြီးနောက် သူမသည် လင်းဖုန်းကို ထပ်မံ၍ မော့ကြည့်လိုက်၏။
သူမ၏ စိတ်ကူးထဲတွင် လင်းဖုန်းသည် မီးကခုန်ခြင်းဓား၏ အကျိုးသက်ရောက်မှုကြောင့် အံ့အားသင့်သွားပြီး မျက်လုံးမခွာနိုင် ဖြစ်သွားမည်ဟု တွေးထင်ထားသည်။
အဆင့်ရှစ်ပစ္စည်းတစ်ခုသည် ရှားပါးရတနာ ဖြစ်သည်ဟူသော အချက်ကို ဘေးဖယ်ထားလိုက်လျှင် လင်းဖုန်း၌ ထူးခြားသော ကျင့်ကြံခြင်းပါရမီ ရှိသော်လည်း သူ့အသက်အရွယ်နှင့် အင်အားအရ သူ၏အမြင်အာရုံ မည်မျှထိ မြင့်မားနိုင်မည်နည်း။
သို့သော်...
လင်းဖုန်းထံ၌ ခံစားချက် ကင်းမဲ့နေသည်။
သူသည် သူမ၏လက်ထဲရှိ မီးကခုန်ခြင်းဓားကို တစ်ချက်ပင် လှည့်မကြည့်ချေ။
"စီနီယာ... ကျွန်တော့်မှာ ဆရာရှိပြီးသားပါလို့ ပြောပြီးပြီပဲ... ကျေးဇူးပြုပြီး ဘာမှ ထပ်မပြောပါနဲ့တော့... စီနီယာ့ရဲ့ တောင်းဆိုမှုကို ကျွန်တော် လက်ခံမှာ မဟုတ်ပါဘူး"
လင်းဖုန်းက တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ငြင်းပယ်လိုက်သည်။
အရှေ့ပိုင်းဒေသမှ သေးငယ်သော မြင့်မြတ်နယ်မြေတစ်ခုကို မပြောနှင့် ဤကုန်းမြေပေါ်ရှိ မြင့်မြတ်နယ်မြေတစ်ခု ဖြစ်နေလျှင်ပင် သူ မည်သည်ကြောင့် အရေးစိုက်ရမည်နည်း...
သူ့ကို ပေးမည့် မည်သည့်အရာမဆို ကျုံးချင် ပေးခဲ့သည့်အရာများနှင့် ယှဉ်နိုင်မည်လော...
သေချာသည်မှာ...
တစ်စုံတစ်ယောက်က ကျုံးချင် ပေးခဲ့သည့်အရာများထက် ပို၍တန်ဖိုးရှိသော အရာတစ်ခုကို ပေးမည်ဆိုလျှင်တောင် လင်းဖုန်း လက်ခံလိမ့်မည် မဟုတ်ပေ။
ဆရာဆိုသည်မှာ ယခုလက်ရှိ သူ့အတွက် ကျုံးချင် တစ်ယောက်တည်းသာ ရှိသည်။
သိုလှောင်လက်စွပ်ထဲရှိ နယ်မြေတွင် အကြီးအကဲကျန်းသည် ဒေါသထွက်လွန်းသဖြင့် ရယ်မောမိလုနီးပါး ဖြစ်နေသည်။
"ဘယ်တုန်းကများ အဆင့်ရှစ် ဓားစုတ်တစ်လက်က ပြဿနာရှာရဲသွားရတာလဲ"
"မူဖူတောင်ပေါ်က ပုဂ္ဂိုလ်ရဲ့ မျက်လုံးထဲမှာဆိုရင် အဆင့် ရှစ် ဓားစုတ်က မီးထိုးဖို့တောင် အရည်အချင်းမီမှာ မဟုတ်ဘူး"
ဤသည်မှာ ချဲ့ကားပြောဆိုခြင်း မဟုတ်ဘဲ ကျုံးချင်၏ လက်သည်းခွံလောက်ပေးကမ်းခြင်းသည် ထိုအမျိုးသမီး၏ မြင့်မြတ်နယ်မြေမှ ပေးနိုင်သည်ထက် ပိုများနေခြင်းပင်။
လင်းဖုန်းသည် ထိုစကားကိုပြောဆိုပြီး ထွက်ခွာသွားသည်ကိုကြည့်ရင်း မီးကခုန်ခြင်းဓားကို ကိုင်ထားသော စုဝမ်ကျိုးသည် ကြောင်အပြီး ကျန်ရစ်ခဲ့သည်။
ဒေါသအရှိန်အဟုန်က သူမ၏ရင်ထဲ၌ လျှံတက်လာသည်။
'ဒီကောင်လေးက ငါ့ကို တကယ်ကြီး လျစ်လျူရှုသွားတာပဲ'
သို့သော် လင်းဖုန်း၏ ပါရမီကို ထည့်သွင်းစဉ်းစားပြီး သူမသည် ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေသော ရင်ဘတ်ကို ငြိမ်သက်စေကာ သူမ၏ဒေါသကို ထိန်းချုပ်လိုက်၏။
"ဒီကောင်လေးက လောကကြီးအကြောင်း သိပ်မသိသေးလို့ မြင့်မြတ်နယ်မြေနဲ့ ဒုတိယတန်းစား ဂိုဏ်းတစ်ဂိုဏ်းကြား ကွာခြားချက်က ဘာကို ကိုယ်စားပြုလဲဆိုတာ မသိတာ ဖြစ်လောက်တယ်"
"ပြီးတော့ ဒီကောင်လေး ပြောပုံအရဆိုရင် သူက သူ့ရဲ့ဆရာကို အတော်လေး လေးစားပုံရတယ်"
"ဒါက တကယ်တော့ ကောင်းတဲ့ကိစ္စပဲ..စိတ်ဓာတ်ကောင်းတဲ့တပည့်ကို ငါ ရနိုင်တာပေါ့"
"ကောင်လေး... နင့်ကို ကိုင်တွယ်လို့ မရမှတော့ နင့်ရဲ့ဆရာနဲ့ပဲ ဖြေရှင်းရတော့မှာပေါ့"
စုဝမ်ကျိုး၏မျက်လုံးထဲတွင် ဤသည်က ဒုတိယတန်းစား ဂိုဏ်းတစ်ဂိုဏ်းမျှသာ ဖြစ်သည်။ လင်းဖုန်းသည် ဂိုဏ်းချုပ်၏ ကိုယ်ပိုင်တပည့် ဖြစ်နေလျှင်ပင် ထူးခြားချက် မရှိနိုင်ချေ။
အကယ်၍ သူတို့၏အိမ်တံခါးဝသို့ သွားပြီး ခံစားချက်နှင့်အကြောင်းပြချက်များကို အသုံးပြုကာ သူတို့အတွက် ကြီးမားသော အကျိုးခံစားခွင့်များဟု ယူဆရမည့်အရာများကို ကမ်းလှမ်းလိုက်လျှင် ဤတပည့်ကို သိမ်းသွင်းရန် မခက်ခဲလောက်ချေ။
လင်းဖုန်း၏ဆရာသည် သူ၏အကျိုးကို လိုလားသရွေ့ သူမ၏ တပည့်ဖြစ်ခြင်းက သူ့အတွက် တကယ် ကောင်းမွန်ကြောင်း သိလာပေလိမ့်မည်။
သူမ၏လမ်းညွှန်မှုနှင့် ချောင်ရှားတောင်ကြား၏ အရင်းအမြစ်များဖြင့် လင်းဖုန်းသည် အနာဂတ်တွင် ပို၍ဝေးကွာသော ခရီးကို သေချာပေါက် ရောက်ရှိပေလိမ့်မည်။
ထိုသို့ တွေးတောပြီးနောက် သူမသည် ဒေါသကို ယာယီဘေးဖယ်ထားလိုက်ကာ လင်းဖုန်းနောက်သို့ ခပ်လှမ်းလှမ်းမှ လိုက်ပါသွားသည်။
လင်းဖုန်းသည် ထွက်ခွာသွားပြီးနောက် တောင်များထဲတွင် ရှန်ထျန်းအဆင့် နတ်ဆိုးသားရဲ အမြောက်အများကို တွေ့ရှိခဲ့ပြီး တိုက်ပွဲဝင်ခဲ့သည်။
တိုက်ပွဲတစ်ခုပြီးနောက် မကြာသေးမီက အဆင့်တက်ထားသော သူ၏ကျင့်ကြံဆင့်သည် မယုံနိုင်လောက်အောင် ခိုင်မာလာပြီး လက်တွေ့ တိုက်ခိုက်ရေး အတွေ့အကြုံများစွာလည်း ရရှိခဲ့သည်။
ခရီးစဉ် အောင်မြင်စွာ ပြီးဆုံးကြောင်း တွေ့ရသဖြင့် လင်းဖုန်းသည် အချိန်ဆွဲမနေတော့ဘဲ မူဖူတောင်သို့ အမြန်ပြန်လာခဲ့သည်။
မိုင် ၁၀၀ အကွာအဝေးသည် ယခုချိန်၌ လင်းဖုန်းအတွက် အချိန်အကြာကြီး မဟုတ်တော့ချေ။
မကြာမီ လင်းဖုန်း မူဖူတောင်သို့ ပြန်ရောက်လာသည်။
မူဖူတောင်အထက်တွင် စုဝမ်ကျိုးသည် လေထဲ၌ မတ်တတ်ရပ်နေပြီး တောင်တစ်တောင်လုံးကို လေ့လာကြည့်ရှုနေသည်။
"ဒါက အဲ့ဒီကောင်လေးရဲ့ ဆရာ ရှိတဲ့နေရာလား"
ထိုသို့ပြောပြီးနောက် သူမသည် လေထဲသို့ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည်။
သူမ ပြန်ပေါ်လာချိန်၌ သူမသည် မူဖူတောင်ပေါ်သို့ ရောက်ရှိနေလေပြီ။