တန်ပြန်သတ်ဖြတ်ခြင်း
Vol. 7 Ch. 61
မုန့်ဝမ် သည် နှာခေါင်းရှုံ့လိုက်ရင်း ပလူပျံနေသော ဓားရိပ်များကြားမှ အသာအယာ ရှောင်ထွက်လိုက်ချေ၏။ သူမသည် လူသန်ကြီး၏ တိုက်ကွက်ကို အလွယ်တကူ ရှောင်တိမ်းကာ ကျန်ရှိနေသော ကင်းလှည့်သားများနောက်သို့ လိုက်လံတိုက်ခိုက်လေတော့သည်။ လူသန်ကြီးမှာ အသန်မာဆုံးဖြစ်သဖြင့် သူ့ကို နောက်ဆုံးမှ ကိုင်တွယ်ရန် ချန်ထားခြင်း ဖြစ်ပေလိမ့်မည်။
ကျန်ရှိသော ကင်းလှည့်သားများမှာ ထိုမြင်ကွင်းကို ကြည့်ကာ ထိတ်လန့်တုန်လှုပ်သွားကြချေ၏။ သူတို့နှင့် ပြိုင်ဘက်ကြားရှိ ကွာခြားချက်ကို အပြည့်အဝ နားလည်သွားကြပြီ ဖြစ်ရာ ထိုမိစ္ဆာကျင့်ကြံသူမလေး၏ ဖမ်းဆီးခြင်းကို ခံရပါက သေဘေးမှလွဲ၍ အခြားမရှိနိုင်ချေ။ ကင်းလှည့်သားများသည် မျက်နှာများ ဖြူလျော်လျက် လူစုခွဲ၍ ထွက်ပြေးကြသော်လည်း ယခုမှ ထွက်ပြေးရန် ကြံစည်ခြင်းမှာ နောက်ကျသွားခဲ့ချေပြီ။
မုန့်ဝမ်နောက်သို့ လိုက်လံဖမ်းဆီးစဉ်က သူတို့၏ ဝိညာဉ်စွမ်းအင်များစွာ ကုန်ဆုံးထားခဲ့ရလေပေ၏။ မုန့်ဝမ်သည် တစ္ဆေတစ်ကောင်အလား လျင်မြန်စွာ လှုပ်ရှားရင်း သူတို့နောက်သို့ အလွယ်တကူ မီသွားချေသည်။ ကင်းလှည့်သားများ၏ ထိတ်လန့်နေသော မျက်ဝန်းများရှေ့မှာပင် သူမ၏ လက်ဝါးမှာ သူတို့၏ ခန္ဓာကိုယ်ပေါ်သို့ အသာအယာ ကျရောက်သွားခဲ့လေတော့သတည်း။
အသက်ရှူကြိမ် သုံးလေးကြိမ်မျှအတွင်းမှာပင် ကင်းလှည့်သား နှစ်ဦးမှာ သွေးများအားလုံး စုပ်ယူခြင်းခံလိုက်ရပြီး မြေပြင်ပေါ်သို့ လဲကျသွားကြချေ၏။
“မိစ္ဆာမ... နင့်ကို ငါ သတ်မယ်”
မိမိ၏ လက်အောက်ငယ်သားများ တစ်ဦးပြီးတစ်ဦး အသတ်ခံနေရသည်ကို မြင်သောအခါ လူသန်ကြီး၏ မျက်လုံးများမှာ သွေးရောင်လွှမ်းသွားပြီး ထိတ်လန့်မှုနှင့် ဒေါသတို့ ဒွန်တွဲနေပေတော့သည်။ ဤမျှ လူအများအပြား ဆုံးရှုံးသွားခဲ့ရာ ဤမိစ္ဆာမကို ဖမ်းမိလျှင်ပင် သူ အပြစ်ပေးခံရပေလိမ့်မည်။ သူသည် လရိပ်မှောင်ခိုဈေး တွင် ဆက်နေ၍ မဖြစ်တော့ချေ။ ဤမိစ္ဆာမကို သတ်ပြီးသည်နှင့် ပုန်းကွယ်ရာနေရာတစ်ခုကို အမြန်ရှာဖွေပြီး လူခြေတိတ်အောင် နေရပေတော့မည်။
လူသန်ကြီးသည် ဟိန်းဟောက်လိုက်ရင်း ဓားကြီးကို လက်နှစ်ဖက်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ကာ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင် အားလုံးကို ဓားအတွင်းသို့ လောင်းထည့်လိုက်ပြီးနောက် မုန့်ဝမ်ရှိရာသို့ အရှိန်အဟုန်ဖြင့် ခုတ်ပိုင်းလိုက်လေတော့သတည်း။ ပေအနည်းငယ်ခန့် ရှည်လျားသော ဓားအလင်းတန်းကြီး ထွက်ပေါ်လာပြီး မုန့်ဝမ်၏ ခါးလယ်သို့ ဦးတည်ကာ ဖြတ်ပိုင်းလိုက်ချေ၏။
ဤတိုက်ကွက်မှာ လူသန်ကြီး၏ အစွမ်းထက်ဆုံး တိုက်ကွက်ဖြစ်ပြီး အခြေခံစွမ်းအင်အဆင့် အထွတ်အထိပ်ရှိ ကျွမ်းကျင်သူ အမြောက်အမြားမှာပင် ဤဓားအလင်းအောက်တွင် အသက်ပျောက်ခဲ့ကြရပေသည်။ သို့သော် ဓားအလင်းတန်းမှာ မုန့်ဝမ်ကို ထိခိုက်တော့မည့်ဆဲဆဲတွင် သူမ၏ ပုံရိပ်မှာ ထပ်မံ ပျောက်ကွယ်သွားပြန်လေတော့သည်။
ဓားအလင်းတန်းမှာ ဟာလာဟင်းလင်း ဖြစ်နေသော လေထုကိုသာ ဖြတ်သန်းသွားပြီး မြေပြင်ပေါ်တွင် ဆယ်ပေခန့် ရှည်လျားသော အက်ကြောင်းကြီးတစ်ခု ဖြစ်ပေါ်သွားကာ ဖုန်မှုန့်များ ထောင်းထောင်းထသွားသဖြင့် လူသန်ကြီးမှာ အလွန်အမင်း ထိတ်လန့်သွားရပေသည်။ ထိုအချိန်မှသာ ခက်ခဲသော ရန်သူနှင့် တိုးနေပြီဖြစ်ကြောင်း နားလည်လိုက်ချေပြီဖြစ်၏။ထို့နောက် ဓားကို ပိုမိုမြဲမြံစွာ ဆုပ်ကိုင်ရင်း မုန့်ဝမ် ပုန်းအောင်းနေမည့်နေရာကို သတိကြီးစွာဖြင့် ရှာဖွေနေသော်လည်း ဖုန်မှုန့်များ ငြိမ်သက်သွားသည်အထိ သူမကို ရှာမတွေ့ခဲ့ချေ။
အရိပ်များရှိရာသို့ ဓားဖြင့် အတင်းဝှေ့ယမ်းကာ သူမကို ထွက်လာအောင် ကြိုးစားသော်လည်း အကြိမ်ကြိမ် ခုတ်ပိုင်းပြီးသည့်တိုင် ဘာမျှ ဖြစ်မလာခဲ့ပေ။ လူသန်ကြီး၏ ရင်ထဲတွင် ကြောက်ရွံ့မှုများ ပိုမိုကြီးထွားလာပြီး စိုးရိမ်စိတ်များ ဝင်လာချေပြီ။ တစ်ဖက်လူမှာ အလွန်အစွမ်းထက်သော သွေးလမ်းစဉ်လျှို့ဝှက်နည်းစနစ်ရှိရုံမျှသာမက ပုန်းကွယ်ခြင်းနှင့် ချောင်းမြောင်းတိုက်ခိုက်ခြင်း တွင်လည်း ကျွမ်းကျင်လှပေသည်။ ရန်သူက ပုန်းကွယ်နေပြီး သူက လူမြင်ကွင်းတွင် ရှိနေသဖြင့် ဤအတိုင်း ဆက်သွားပါက သူသည်လည်း ယနေ့တွင်ပင် အသက်ပျောက်ရပေတော့မည်။
ဤနေရာမှ အမြန်ဆုံး ထွက်ခွာရပေမည်။
ထိုသို့ တွေးမိသည်နှင့် လူသန်ကြီးသည် လောဘစိတ်ကို နှိမ်နင်းလိုက်ပြီး ဆက်လက်တိုက်ခိုက်လိုစိတ် မရှိတော့ဘဲ အသက်လု၍ ထွက်ပြေးရန် လမ်းကြောင်းတစ်ခုကို အမြန်ရွေးချယ်လိုက်လေ၏။ ခြေလှမ်းအနည်းငယ်မျှ လှမ်းရသေးစဉ်မှာပင် သူ၏ တစ်ကိုယ်လုံးရှိ သွေးများမှာ ထိန်းချုပ်မရဘဲ ဆူပွက်လာပြီး ခန္ဓာကိုယ်ပြင်ပသို့ တိုးထွက်ရန် ကြိုးစားနေသည်ကို ရုတ်တရက် သိလိုက်ရချေသည်။ ဤအခြေအနေကြောင့် လူသန်ကြီး၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး အရှိန်မှာလည်း လျော့ကျသွားရလေတော့သည်။
မိမိ၏ လက်အောက်ငယ်သားများ မည်သို့သေဆုံးခဲ့သည်ကို ပြန်လည်အမှတ်ရလိုက်သောအခါ သူ၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး ခန္ဓာကိုယ်အတွင်းရှိ ထူးဆန်းသော အခြေအနေကို အစွမ်းကုန် နှိမ်နင်းရန် ကြိုးစားလိုက်လေ၏။ သို့သော် ထိုလျှို့ဝှက်ဆန်းပြားသော စွမ်းအားကို သူ၏ ကြိုးစားအားထုတ်မှုဖြင့် ယှဉ်ရန်မှာ မဖြစ်နိုင်သလောက်ပင်။ အချိန်ကြာလာသည်နှင့်အမျှ သွေးများမှာ ပိုမိုပြင်းထန်စွာ ဆူပွက်လာပြီး ပွက်ပွက်ဆူလာသည့် အဆင့်သို့ပင် ရောက်ရှိလာချေပြီ။
“ဒါ ဘယ်လို မိစ္ဆာပညာလဲ......”
မိမိ၏ သွေးများမှာ တဖြည်းဖြည်း ထိန်းချုပ်မရတော့သည်ကို အာရုံခံမိသောအခါ လူသန်ကြီးမှာ လည်ချောင်းများ ခြောက်ကပ်လာပြီး တစ်ကိုယ်လုံး စိမ့်တက်လာကာ အေးစက်သွားလေတော့သည်။ တစ်ဖက်လူ၏ နည်းလမ်းကို ကိုယ်တိုင် ကြုံတွေ့ရမှသာ ထိုကင်းလှည့်သားများ ဘာကြောင့် အလွယ်တကူ သေဆုံးခဲ့ရသည်ကို သူ နားလည်သွားခဲ့ရလေပေ၏။ တစ်ဖက်လူ၏ လျှို့ဝှက်နည်းစနစ်မှာ အလွန်ပင် အစွမ်းထက်လှရာ သူတို့၏ ခွန်အားချင်းမှာ အဆင့်အတန်း မတူလှပေ။
လူသန်ကြီးသည် ဆူပွက်နေသော သွေးများကို အတင်းအကြပ် နှိမ်နင်းရင်း “ဒုန်း” ကနဲ မြေပြင်ပေါ်သို့ ဒူးထောက်လိုက်လေသည်။
“နတ်သမီးလေး၊ ကျွန်တော့်အသက်ကို ချမ်းသာပေးပါ။ ကျွန်တော်က လရိပ်မှောင်ခိုဈေးရဲ့ စတုတ္ထမြောက် ကင်းလှည့်အဖွဲ့ ခေါင်းဆောင်ပါ။ ဈေးရဲ့ အကြီးအကဲရဲ့ လက်အောက်ငယ်သားလည်း ဖြစ်ပါတယ်။ ဈေးအကြီးအကဲရဲ့ မျက်နှာကို ထောက်ထားပြီး ကျွန်တော့်အသက်ကို ချမ်းသာပေးပါလို့ အနူးအညွတ် တောင်းပန်ပါတယ်”
ထိုစကားကို ကြားသောအခါ မုန့်ဝမ်သည် မျက်ခုံးကို အနည်းငယ် ပင့်လိုက်မိချေ၏။ အသက်ကို ကယ်ရန်အတွက် ဤသူသည် ဈေးအကြီးအကဲ၏ အမည်ကိုပင် ထုတ်သုံးလာခဲ့လေပြီ။ သို့သော် သူမအနေဖြင့် လူအများအပြားကို သတ်ဖြတ်ခဲ့ပြီးဖြစ်ရာ ရန်ငြိုးမှာ အခိုင်အမာ တည်ရှိနေခဲ့ပြီ ဖြစ်ချေ၏။ ယခုမှ ရပ်တန့်ရန်မှာ အလွန်နောက်ကျသွားခဲ့ချေပြီ။
ထိုသို့ တွေးမိသည်နှင့် မုန့်ဝမ်သည် သူမ၏ အရှိန်ကို မြှင့်လိုက်ပြီး လူသန်ကြီးကို တိုက်ရိုက် သန့်စင်လိုက်လေတော့သည်။ လူသန်ကြီးကို သန့်စင်ပြီးနောက် သူမ၏ ဆုံးရှုံးနေသော သွေးများမှာ နောက်ဆုံးတွင် ၇၀ ရာခိုင်နှုန်းခန့်အထိ ပြန်လည် ပြည့်ဝလာခဲ့ချေပြီ။
မုန့်ဝမ်သည် ကျေနပ်သွားမိ၏။ သူမသည် လရိပ်မှောင်ခိုဈေးတွင် ကြာရှည်နေရန် စိတ်ကူးမရှိခဲ့ဘဲ ဒဏ်ရာများ ပြန်လည်သက်သာရန်အတွက်သာ အခွင့်အရေး ရှာဖွေနေခဲ့ခြင်း ဖြစ်ချေ၏။ သွေးစွမ်းအင်များ အပြည့်အဝ ပြန်မရသေးသော်လည်း ကင်းလှည့်အဖွဲ့ တစ်ဖွဲ့လုံးကို သတ်ဖြတ်ခဲ့ပြီးဖြစ်ရာ လရိပ်ဈေးတွင် သူမကို ဆက်လက် လက်ခံတော့မည် မဟုတ်ချေ။ ဤကိစ္စကို လူမသိခင်မှာပင် အမြန်ဆုံး ထွက်ခွာရန် လိုအပ်ပေသည်။
သို့သော် မထွက်ခွာမီ ကိုင်တွယ်ဖြေရှင်းရမည့် သေးငယ်သော ကိစ္စလေးတစ်ခု ရှိနေပေသေး၏။ မုန့်ဝမ်သည် တစ်စုံတစ်ရာကို အကဲခတ်သည့် အမူအရာဖြင့် ဦးတည်ချက်တစ်ခုသို့ လှမ်းကြည့်လိုက်ပြီးနောက် ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းကာ တည်းခိုခန်းဆိုင်ရှင်၏ လမ်းကို ပိတ်ဆို့ထားလိုက်လေသည်။
“ဆိုင်ရှင် ပွဲကြည့်ရတာ ကြာပြီဆိုတော့ ကျေနပ်ရဲ့လား”
“မိတ်... မိတ်ဆွေ... သူတို့က တည်းခိုခန်းထဲမှာ သူလျှိုရှိတယ်ဆိုလို့ လာရှာကြတာပါ။ ကျွန်မ... ကျွန်မ ဘာမှမသိပါဘူး”
ယွီချောင်အော်၏ မျက်နှာမှာ ဖြူလျော်နေပြီး အသံများမှာလည်း တုန်ရီနေချေ၏။ မုန့်ဝမ်၏ နည်းလမ်းများကြောင့် သူမ အမှန်တကယ် ထိတ်လန့်သွားပုံရပေသည်။ ကင်းလှည့်အဖွဲ့ တစ်ဖွဲ့လုံးမှာပင် သူမ၏ ပြိုင်ဘက် မဖြစ်နိုင်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့ချေ။ ယွီချောင်အော်သည် ယခုမှ နောင်တရနေသော်လည်း အခြေအနေမှာ အလွန်ပင် ခက်ခဲလှချေပြီ။ မုန့်ဝမ်ကိုသာ ပစ်မှတ်မထားခဲ့ပါက ဤကဲ့သို့ ဖြစ်လာမည် မဟုတ်ချေ။
ယခုမူ ဘာပြောပြော နောက်ကျသွားခဲ့ပြီ ဖြစ်ရာ သူမ၏ အဒေါ်ဆီသို့ ပေးပို့ထားသော သတင်းကို လက်ခံရရှိပြီး အမြန် ရောက်လာရန်သာ သူမ မျှော်လင့်နိုင်ပေတော့သည်။
“ဆိုင်ရှင်ကလည်း နောက်တာပဲ။ ရှင်က ကျွန်မအပေါ် စေတနာထားခဲ့တာပဲ၊ ကျွန်မက ဘယ်လိုလုပ် ကျေးဇူးကန်းနိုင်မှာလဲ”
မုန့်ဝမ်သည် တစ်ဖက်လူက အချိန်ဆွဲနေသည်ကို သတိမထားမိသည့်အလား ပြောလိုက်လေသည်။
“ဒါပေမဲ့ အခုက အခြေအနေက နည်းနည်း ခက်သွားပြီ။ ကင်းလှည့်အဖွဲ့ တစ်ဖွဲ့လုံး ဒီမှာ သေကုန်ပြီဆိုတော့ ရှင်းပြဖို့ ခက်လိမ့်မယ်”
ယွီချောင်အော်၏ အမူအရာမှာ အနည်းငယ် ပြေလျော့သွားပြီး “ဒါက ကိစ္စအသေးအမွှားလေးပါ မိတ်ဆွေ။ သူတို့သေတာက မိတ်ဆွေနဲ့ မပတ်သက်ကြောင်း ကျွန်မ သက်သေခံပေးပါ့မယ်။ ကျွန်မရဲ့ အဒေါ် မျက်နှာကို ထောက်ပြီး သူတို့လည်း သိပ်ပြီး စုံစမ်းမှာ မဟုတ်ပါဘူး။ အခုဆိုရင် မိတ်ဆွေ စိတ်အေးသွားပြီ မဟုတ်လား” ဟု မေးလိုက်လေသည်။
မုန့်ဝမ်သည် ခေတ္တမျှ သေချာစဉ်းစားဟန် ပြလိုက်ပြီးနောက် ခေါင်းငြိမ့်ပြလိုက်လေ၏။
“ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ် မိတ်ဆွေ”
ယွီချောင်အော်၏ မျက်နှာမှာ ဝင်းပသွားပြီး စကားပြောရန် ပြင်လိုက်စဉ်မှာပင် သူမ၏ ဝိညာဉ်အာရုံ ထဲ၌ ရုတ်တရက် နာကျင်မှုကို ခံစားလိုက်ရပြီးနောက် မည်သည့် အာရုံမျှ မရှိတော့ဘဲ လဲကျသွားလေတော့သတည်း။
တစ်ဖက်လူက အချိန်ဆွဲနေစဉ်မှာပင် မုန့်ဝမ်သည်လည်း 'ဝိညာဉ်ခွဲအပ်' ဖြင့် သေစေနိုင်သော တိုက်ကွက်တစ်ခုအတွက် စွမ်းအားများကို စုစည်းနေခဲ့ခြင်း ဖြစ်ချေ၏။ သေပြီးသားလူသာလျှင် အမှန်တကယ် စိတ်ချရပေသည်။ တစ်ဖက်လူ၏ နောက်ခံမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူနှင့် ပတ်သက်နေသဖြင့် အနည်းငယ် လက်ဝင်လှပေသည်။
ထိုသို့ တွေးမိသောအခါ မုန့်ဝမ်သည် သက်ပြင်းချလိုက်မိလေ၏။ သူမသည် အလွန်ပင် သတိထားခဲ့ပြီး အားကောင်းသော ရန်သူများကို မရန်စမိရန် အစွမ်းကုန် ကြိုးစားခဲ့ပေသည်။ သို့သော် သူတစ်ပါးက သူမကို သတ်ချင်နေမှတော့ သူမအနေဖြင့် အရင်ဦးအောင် သတ်ပစ်ရန်သာ ရှိပေတော့မည်။
မုန့်ဝမ်သည် တစ်ဖက်လူ၏ သိုလှောင်အိတ် ကို ဖွင့်ကြည့်လိုက်သော်လည်း ဝိညာဉ်ကျောက်တုံးများနှင့် သာမန် ပစ္စည်းအချို့ကိုသာ ယူလိုက်ပြီး အခြားသော ဝိညာဉ်လက်နက်များကိုမူ တစ်စက်မျှ မထိခဲ့ချေ။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူက တစ်စုံတစ်ရာ ထောင်ချောက်ဆင်ထားမလား ဆိုသည်ကို မည်သူ သိနိုင်မည်နည်း။ ဘေးကင်းစေရန်အတွက် သူမ ဘာမှမယူရန် ဆုံးဖြတ်လိုက်ခြင်းပင်။
စစ်မြေပြင်မှ ပစ္စည်းများကို သိမ်းဆည်းပြီးနောက် မုန့်ဝမ်သည် နေရာကို ရှင်းလင်းရန် စိတ်မကူးတော့ဘဲ အဝေးသို့ အရှိန်အဟုန်ဖြင့် ထွက်ပြေးသွားလေတော့သည်။ အချိန်ပိုကြာသွားပြီး အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ မီလာပါက သူမအနေဖြင့် 'မိုင်တစ်ရာ နယ်မြေကူးပြောင်း အဆောင်' ကို ထပ်မံ အသုံးပြုရပေလိမ့်မည်။
ကံကောင်းထောက်မစွာဖြင့် ပိရွှေနတ်သမီး သည် သတင်းရရှိချိန်တွင် တံခါးပိတ်ကျင့်ကြံနေခဲ့ချေ၏။ သူမ ကျင့်ကြံရာမှ ထွက်လာပြီး သတင်းကို သိရှိရချိန်တွင်မူ ရက်အနည်းငယ်မျှ ကြာမြင့်သွားခဲ့ပြီ ဖြစ်လေသည်။ ထိုအချိန်တွင် မုန့်ဝမ်မှာ လရိပ်မှောင်ခိုဈေးနှင့် အဝေးသို့ ရောက်ရှိသွားခဲ့ပြီး သဲလွန်စမကျန်ဘဲ လွတ်မြောက်သွားခဲ့ပြီဖြစ်၏။