ကျေးဇူးရှင်
Vol. 7 Ch. 62
လရိပ်မှောင်ခိုဈေးမှ ထွက်ခွာလာပြီးနောက် မုန့်ဝမ် သည် ရွှမ်ယင်ဂိုဏ်း သို့ တန်းတန်းမတ်မတ် ပြန်မသွားဘဲ မိုင်ပေါင်း သောင်းချီဝေးကွာသော ထျန်းဟန်တောင်တန်း ဆီသို့ ဦးတည်ထွက်ခွာလာခဲ့ချေ၏။
ရွှမ်ယင်ဂိုဏ်းသို့ ပြန်သွားပါက ဝိညာဉ်ကျောက်တုံးများနှင့် အရင်းအမြစ်များစွာ ရရှိနိုင်သည်မှာ အမှန်ပင် ဖြစ်သော်လည်း အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းရန် ပြင်ဆင်နေသော မုန့်ဝမ်အတွက်မူ အခြေခံစွမ်းအင်အဆင့်အရင်းအမြစ်များမှာ များစွာ အသုံးမဝင်တော့ပေ။ သူမအနေဖြင့် ရှေ့ဆက်တိုးနိုင်ရန်အတွက် အချိန်အတော်ကြာအောင် တရွေ့ရွေ့ စုဆောင်းကာ အခွင့်အလမ်းကို စောင့်ဆိုင်းရမည် ဖြစ်သလို တစ်ဖက်တွင်လည်း ဘေးအန္တရာယ်အချို့ကို ရင်ဆိုင်ရင်း အခြေခံတည်ဆောက်ခြင်းအဆင့် အရင်းအမြစ်များကို ရှာဖွေရပေလိမ့်မည်။
ရွှမ်ယင်ဂိုဏ်းမှာ ခိုလှုံရန် ကောင်းမွန်သော သစ်ပင်ကြီးတစ်ပင် ဖြစ်သော်လည်း ထိုသို့သော သစ်ပင်ကြီးအောက်တွင် ခိုလှုံခြင်းမှာ လွတ်လပ်မှု ကင်းမဲ့ခြင်းကိုလည်း ဖြစ်စေပေသည်။ အပြင်သို့ ထွက်လာခွင့်ရသည့် ရှားပါးသော အခွင့်အရေးကို မုန့်ဝမ်အနေဖြင့် အကျိုးရှိရှိ အသုံးချလိုခြင်း ဖြစ်ချေ၏။
ထျန်းဟန်တောင်တန်းမှာ မိုင်ပေါင်း သိန်းချီ၍ ကျယ်ပြန့်လှပြီး သားရဲများ၏ နိဗ္ဗာန်ဘုံတစ်ခုပင် ဖြစ်ချေသည်။ ထိုတောင်တန်း၏ အနက်ရှိုင်းဆုံးနေရာများတွင် နက်နဲသော ဝိညာဉ်အဆင့်ရှိသော သားရဲကြီးများပင် တိုက်ပွဲဖြစ်ပွားခဲ့ဖူးကြောင်း ကောလာဟလများ ရှိပေသည်။ သို့သော် ထိုသို့သော အဆင့်အတန်းမှာ မုန့်ဝမ်နှင့် အလွန်ဝေးကွာလှပေ၏။
သူမသည် ထျန်းဟန်တောင်တန်း၏ မြောက်ဘက်တွင် တည်ရှိသော ဟန်ယွဲ့မြို့ ရှိ အခြေအနေများကို အရင်ဦးစွာ စုံစမ်းရန်နှင့် အခြေခံတည်ဆောက်ခြင်းအဆင့်အတွက် အရင်းအမြစ်များ ရရှိနိုင်မလားဆိုသည်ကို လေ့လာရန် စိတ်ကူးထားချေ၏။
အတိအကျ ဆိုရလျှင် ဟန်ယွဲ့မြို့မှာ နှစ်ပေါင်း ထောင်ချီသော သမိုင်းကြောင်း ရှိပေသည်။ ၎င်း၏ ထူးခြားသော ပထဝီဝင် အနေအထားကြောင့် ဂိုဏ်းကြီးငါးခု ၏ လက်အောက်တွင် မရှိဘဲ မည်သည့် အင်အားစုကမျှ တစ်ဦးတည်း ထိန်းချုပ်ထားနိုင်ခြင်း မရှိချေ။ ထို့ကြောင့်ပင် ဟန်ယွဲ့မြို့မှာ စနစ်တကျ မရှိဘဲ အင်အားစုမျိုးစုံ ရှုပ်ထွေးနေခြင်း ဖြစ်ချေ၏။ ဤနေရာတွင် ဂိုဏ်းအသီးသီး၏ အဖွဲ့ခွဲများ၊ တစ်ကိုယ်တော် ကျင့်ကြံသူများအဖွဲ့နှင့် အလိုရှိနေသော မိစ္ဆာကျင့်ကြံသူများစွာမှာ ရောနှောနေကြပေသည်။
အတိုချုပ် ပြောရလျှင် ဤနေရာမှာ အခွင့်အလမ်းနှင့် ဘေးအန္တရာယ်များ ပြည့်နှက်နေသော နေရာတစ်ခု ဖြစ်ပေသည်။ အချို့မှာ ဤနေရာတွင် တစ်ညတည်းနှင့် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းနိုင်သလို အချို့မှာမူ မြို့ထဲသို့ ခြေချသည်နှင့် ဓားပြကျင့်ကြံသူများ၏ ပစ်မှတ်ထားခြင်းကို ခံရကာ အသံတိတ် သေဆုံးသွားကြရချေ၏။ သို့သော်လည်း ကျင့်ကြံသူ အမြောက်အမြားမှာမူ ထိုသေးငယ်သော အခွင့်အရေးလေးကို ရရှိရန်အတွက် အရပ်မျက်နှာ အသီးသီးမှ ဟန်ယွဲ့မြို့သို့ စုပြုံရောက်ရှိလာကြပေသည်။
လရိပ်မှောင်ခိုဈေးမှ ထွက်လာကတည်းက မုန့်ဝမ်၏ ဆုံးရှုံးသွားသော သွေးများမှာ ၇၀ ရာခိုင်နှုန်းခန့် ပြန်လည်ပြည့်ဝလာခဲ့ပြီ ဖြစ်ချေ၏။ ထျန်းဟန်တောင်တန်းသို့ လာရာလမ်းတွင် တစ်ကိုယ်တော် ကျင့်ကြံသူအချို့နှင့် သားရဲအချို့ကို သတ်ဖြတ်ခဲ့ရာ သွေးစွမ်းအင်မှာ ၉၀ ရာခိုင်နှုန်းခန့်အထိ ပြန်လည် ပြည့်ဝသွားခဲ့လေပြီ။
သူမ၏ ခန္ဓာကိုယ်မှာ ပြန်လည် ပြည့်ဖြိုးလာပြီး အသားအရေမှာလည်း တင်းရင်းလာခဲ့ရာ မျက်နှာမှာ အနည်းငယ် ဖြူလျော်နေသည်မှအပ သာမန် ကျင့်ကြံသူတစ်ဦးနှင့် မခြားတော့ချေ။ သွေးလမ်းစဉ် နည်းလမ်းများကို အသုံးမပြုပါက သူမသည် မိစ္ဆာကျင့်ကြံသူတစ်ဦး ဖြစ်ကြောင်း မည်သူမျှ သိနိုင်မည် မဟုတ်ပေ။ မုန့်ဝမ်သည် ဤရလဒ်ကို အလွန်ပင် ကျေနပ်နေမိ၏။ မိစ္ဆာကျင့်ကြံသူများမှာ ပုန်းကွယ်နေတတ်ရန် လိုအပ်ပေသည်။ အကယ်၍ သူမ၏ ကိုယ်ပေါ်တွင် 'မိစ္ဆာကျင့်ကြံသူ' ဟု စာတန်းထိုးထားပါက တစ်ဖက်လူက မြင်သည်နှင့် ထွက်ပြေးသွားမည်ဖြစ်ရာ သူမအနေဖြင့် မည်သို့ လုပ်ဆောင်နိုင်ပါတော့မည်နည်း။
မုန့်ဝမ်သည် ဟန်ယွဲ့မြို့ရှိရာဘက်သို့ လှမ်းကြည့်လိုက်လေသည်။ ဤနှုန်းအတိုင်းဆိုလျှင် နာရီဝက်ခန့်အတွင်း မြို့သို့ ရောက်ရှိပေလိမ့်မည်။ လမ်းအနည်းငယ် ထပ်လျှောက်ပြီးနောက် သူမ၏ ညာဘက်အရှေ့ရှိ ချုံပုတ်များကြားမှ သိမ်မွေ့သော လှုပ်ရှားမှုအချို့ကို သူမ ကြားလိုက်ရချေ၏။ မုန့်ဝမ်၏ မျက်ဝန်းများမှာ လင်းလက်သွားသော်လည်း မသိကျိုးကျွန်ပြုကာ ရှေ့သို့ ဆက်လျှောက်သွားလေတော့သည်။
ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ချုံပုတ်ထဲမှ လူလေးငါးဦး ထွက်လာပြီး မုန့်ဝမ်ကို ဝိုင်းရံထားလိုက်ကြချေ၏။
“ဓားပြတိုက်တာဟေ့...ငါတို့က တစ်ကိုယ်တော် နတ်မင်းများ မဟာမိတ်အဖွဲ့ကပဲ။ နင် အသက်ရှင်ချင်ရင် နင့်ဆီမှာ ပါသမျှအကုန် ပေးစမ်း”
မုန့်ဝမ်မှာ လန့်သွားဟန် ပြလိုက်လေသည်။ သူမသည် ကြောက်လန့်တကြားဖြင့် ခါးကြားမှ သိုလှောင်အိတ် ကို ဖြုတ်ယူကာ ထိုလူစုဆီသို့ ပစ်ပေးလိုက်ချေ၏။
“ကျွန်မကို မသတ်ပါနဲ့....အကုန်ပေးပါ့မယ်... အကုန်လုံး ပေးပါ့မယ်”
ထိုသူများအနက် တစ်ဦးက သိုလှောင်အိတ်ကို ယူကာ အတွင်းကို ကြည့်ပြီးနောက် နှာခေါင်းရှုံ့လိုက်လေသည်။
“ခေါင်းဆောင် ဒီမိန်းမက အရမ်းဆင်းရဲတာပဲ။ တစ်အိတ်လုံးမှာ ဝိညာဉ်ကျောက်တုံး သုံးရာကျော်ရယ်၊ အရည်အသွေးနိမ့် ပျံသန်းရေးဓားတစ်လက်ရယ်၊ တန်ဖိုးမရှိတဲ့ ဆေးမြစ်အနည်းငယ်ရယ်ပဲ ပါတယ်”
ခေါင်းဆောင်ဖြစ်သူ ကျင့်ကြံသူ လူလတ်ပိုင်းမှာလည်း မကျေမနပ် ဖြစ်သွားချေ၏။ သူတို့မှာ ဤနေရာတွင် မုန့်ဝမ်ကို စောင့်နေသည်မှာ နာရီပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်ပေသည်။ သူမ၏ အခြေခံစွမ်းအင်အဆင့် ကိုး အဆင့်အတန်းအရ ချမ်းသာသော သိုးတစ်ကောင် ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားသော်လည်း အမှန်တကယ်တွင်မူ ဆင်းရဲသားတစ်ဦးသာ ဖြစ်နေပေသည်။
သို့သော်လည်း ဤအမျိုးသမီး ကျင့်ကြံသူမလေးမှာ အတော်ပင် လှပ၏။ အကယ်၍ သူမကို ပြည့်တန်ဆာရုံသို့ ရောင်းချပါက စျေးကောင်း ရနိုင်ပေလိမ့်မည်။ ထိုသို့ တွေးမိသောအခါ လူလတ်ပိုင်း ကျင့်ကြံသူ၏ အမူအရာမှာ ပျော့ပြောင်းသွားခဲ့လေပြီ။
“ကဲ....သွားကြစို့။ သူ့ကို အရင် ပြန်ခေါ်သွားမယ်”
ထိုလူစုက သူမအနားသို့ တိုးကပ်လာသည်ကို မြင်သောအခါ မုန့်ဝမ်မှာ ကြောက်လန့်တကြား နောက်သို့ ဆုတ်လိုက်လေ၏။
“ရှင်တို့ ကျွန်မကို လွှတ်ပေးမယ်လို့ ပြောခဲ့တယ် မဟုတ်လား”
“ဟဲဟဲ.. ရိုးလှချေလား မိန်းကလေး”
ထိုလူစုက မုန့်ဝမ်ကို ဝိုင်းရံရင်း လှောင်ပြောင်နေကြချေ၏။ သူတို့ လှုပ်ရှားရန် ပြင်လိုက်စဉ်မှာပင် နောက်ဘက်မှ ဓားစွမ်းအင် တစ်ခု ပျံသန်းလာပြီး ခဏချင်းအတွင်းမှာပင် လူတစ်ဦး၏ ဦးခေါင်းကို ဖြတ်တောက်လိုက်လေတော့သတည်း။
“ဘယ်သူလဲ”
ရုတ်တရက် အခြေအနေ ပြောင်းလဲသွားသဖြင့် ကျန်ရှိသော ဓားပြကျင့်ကြံသူများမှာ လန့်သွားကြချေ၏။ သူတို့သည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး သတိကြီးစွာဖြင့် နောက်ဘက်သို့ လှမ်းကြည့်လိုက်ကြလေသည်။ မုန့်ဝမ်သည်လည်း မျက်တောင်တဖြတ်ဖြတ် ခတ်ရင်း ထိုလူများ ကြည့်နေသည့်ဘက်သို့ လှည့်ကြည့်လိုက်မိပေ၏။
လူငယ်မောင်နှံ နှစ်ဦးမှာ လူတိုင်း၏ မြင်ကွင်းထဲသို့ ရောက်ရှိလာခဲ့လေပြီ။ နှစ်ဦးစလုံးမှာ အသက် ၂၀ ဝန်းကျင်ခန့်သာ ရှိပုံရပြီး အခြေခံစွမ်းအင်အဆင့် ကိုး တွင် ရှိနေကြချေ၏။ အမျိုးသားမှာ တည်ကြည်သော အမူအရာ ရှိပြီး အမျိုးသမီးမှာမူ ချစ်စရာကောင်းသော မျက်နှာထား ရှိရာ သူတို့၏ မျက်ခုံးများမှာ ဆင်တူနေကြပေသည်။
“အစ်ကို.. ဒီလူတွေက တကယ့်လူဆိုးတွေပဲ။ ကျွန်မ သူတို့ကို မကြိုက်ဘူး”
အမျိုးသမီး ကျင့်ကြံသူမလေးက ဓားပြများကို တစ်ချက်ကြည့်ကာ နှာခေါင်းရှုံ့ရင်း ပြောလိုက်လေသည်။
“မကြိုက်ရင်လည်း သတ်ပစ်လိုက်ပေါ့”
တည်ကြည်သော လူငယ်က ပြောပြီးသည်နှင့် ချက်ချင်း လှုပ်ရှားလိုက်ကာ ဓားစွမ်းအင်တစ်ခုကို ထပ်မံ ဖန်တီးပြီး ဓားပြများဆီသို့ ခုတ်ပိုင်းလိုက်လေတော့သည်။ ဓားပြများမှာ ထိတ်လန့်တုန်လှုပ်သွားကြပြီး မုန့်ဝမ်ကို ဂရုမစိုက်နိုင်တော့ဘဲ အသက်လု၍ ထွက်ပြေးကြလေတော့သတည်း။ သို့သော် သူတို့၏ အရှိန်မှာ ဓားစွမ်းအင်ကို မည်သို့ မီနိုင်ပါမည်နည်း။ သူတို့မှာ ခြေလှမ်းအနည်းငယ်မျှပင် မလှမ်းရသေးခင်မှာပင် ဓားစွမ်းအင်က သူတို့၏ ဦးခေါင်းများကို တစ်ခုပြီးတစ်ခု ဖြတ်တောက်သွားခဲ့လေပြီ။
ဤမြင်ကွင်းကို ကြည့်ကာ မုန့်ဝမ်၏ ရင်ထဲတွင် နှမြောတသ ဖြစ်သွားခဲ့ရလေသည်။ အခြေခံစွမ်းအင်အဆင့် ကိုး တစ်ဦး၊ အဆင့် ရှစ် သုံးဦးနှင့် အဆင့် ခုနစ် တစ်ဦး။ ဤလူများအားလုံးမှာ ကျင့်ကြံရန်အတွက် အလွန်ကောင်းမွန်သော ကုန်ကြမ်းများ ဖြစ်ကြပေသည်။ ထိုလူငယ်က ဤမျှ အလွယ်တကူ သတ်ပစ်လိုက်ခြင်းမှာ အလွန်ပင် ဖြုန်းတီးရာ ရောက်လှပေစွ။
မုန့်ဝမ်သည် စိတ်ထဲမှ သက်ပြင်းချလိုက်သော်လည်း ထိုမောင်နှံကို လှည့်ကြည့်လိုက်ချိန်တွင် သူမ၏ မျက်နှာမှာ အံ့သြဝမ်းသာနေသည့် အမူအရာသို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ချေ၏။
“ကျွန်မရဲ့ အသက်ကို ကယ်ပေးတဲ့ ကျေးဇူးရှင် နှစ်ဦးကို ကျေးဇူးတင်ပါတယ်။ ကျွန်မမှာ ကျေးဇူးဆပ်ဖို့ ဘာမှ မရှိပါဘူး။ ကျွန်မကိုယ်ကျွန်မပဲ ကျေးဇူးရှင်ကို ပေးအပ်ပါရစေ”
မုန့်ဝမ်၏ မျက်နှာမှာ နီမြန်းသွားပြီး လူငယ်ကို ကြည့်သည့် အကြည့်မှာ ဝေခွဲမရ ဖြစ်နေဟန် ပြလိုက်လေသည်။ ထိုစကားကို ကြားသောအခါ ညီမဖြစ်သူက ရယ်မောလိုက်ရင်း သူမ၏ မျက်လုံးကြီးများကို ပုတ်ခတ်ကာ မုန့်ဝမ်ကို မကျေမနပ်ဖြစ်ဟန်ဖြင့် စနောက်လိုက်လေသည်။
“ဟေ့ မင်းကလည်း မတရားဘူးနော်။ ကျွန်မနဲ့ အစ်ကိုနဲ့ အတူတူ ကယ်ခဲ့တာလေ။ ဒါကို အစ်ကို့ကိုပဲ ကျေးဇူးဆပ်ပြီး ကျွန်မကိုကျတော့ ချန်ထားခဲ့တာလား”
မုန့်ဝမ်မှာ ဘာပြန်ပြောရမှန်းမသိဘဲ အခက်တွေ့နေဟန်ဖြင့် လူငယ်ကို သနားစဖွယ် ကြည့်လိုက်ပြီး အကူအညီတောင်းလိုက်လေ၏။ သို့သော် ထိုလူငယ်မှာ တည်ကြည်လွန်းပြီး သူ၏ စိတ်ဓာတ်မှာလည်း ဓားလမ်းစဉ်ပေါ်တွင်သာ အပြည့်အဝ ရှိနေသဖြင့် မုန့်ဝမ်၏ အကြည့်ကို သတိပြုမိပုံ မရပေ။ မုန့်ဝမ်မှာ မျက်လုံးများ ညောင်းလာသည်အထိ ကြည့်နေသော်လည်း ထိုလူငယ်ထံမှ အကူအညီစကား တစ်ခွန်းမျှ ထွက်မလာခဲ့ချေ။
“ဟားဟားဟား”
ညီမဖြစ်သူမှာ အလွန်ပင် ပျော်ရွှင်သွားပြီး မျက်ရည်ကျလုမတတ် ရယ်မောနေလေတော့သည်။ “နွားနားတရားဟောတယ်ဆိုတာ ဒါမျိုးကို ပြောတာပဲ။ ဒီနေ့တော့ တကယ့်ကို အတွေ့အကြုံသစ် ရလိုက်တာပဲ”
“ကဲပါ...... ငါ မင်းကို မစတော့ပါဘူး။ ကျေးဇူးဆပ်တယ်ဆိုတာလည်း နောက်တာပါ။ မင်းကို ကယ်တာက လမ်းကြုံလို့ ကူညီလိုက်တာပဲ။ မင်းကိုယ်မင်း ပေးအပ်မယ်ဆိုတာကတော့ ငါ့အစ်ကို သဘောတူ၊ မတူအပေါ်မှာပဲ မူတည်လိမ့်မယ်”
မုန့်ဝမ်မှာ အခက်တွေ့နေဟန်ဖြင့် ပြုံးလိုက်ပြီး မည်သို့မျှ ပြန်မပြောရန် ဆုံးဖြတ်လိုက်လေသည်။ ထိုနှစ်ဦး စကားပြောနေစဉ်မှာပင် လူငယ်ဖြစ်သူက စစ်မြေပြင်ကို ရှင်းလင်းကာ ပစ္စည်းများကို စုဆောင်းပြီးခဲ့ပြီ ဖြစ်ချေ၏။ သူသည် မုန့်ဝမ်၏ သိုလှောင်အိတ်ကို ပြန်ပေးလိုက်ရင်း အေးစက်စွာ ပြောလိုက်လေသည်။
“ဒါ မင်းရဲ့အိတ် မဟုတ်လား မူလပိုင်ရှင်ဆီ ပြန်ပေးတာပဲ”
မုန့်ဝမ်မှာ ဝမ်းသာအားရဖြင့် အိတ်ကို ယူလိုက်ရင်း “ကျေးဇူးတင်ပါတယ် ကျေးဇူးရှင်။” ဟု ဆိုလိုက်လေသည်။ မုန့်ဝမ်၏ စိုးရိမ်နေသော အမူအရာကို မြင်သောအခါ လူငယ်က အေးစက်စွာ ဆက်ပြောလိုက်လေ၏။
“ငါ့စကားကို နားထောင်ပါ၊ ဟန်ယွဲ့မြို့က မင်းသွားသင့်တဲ့ နေရာမျိုး မဟုတ်ဘူး။ မြို့ထဲ မရောက်သေးခင်မှာပဲ အမြန်ဆုံး လှည့်ပြန်သွားတာက မင်းအတွက် အကောင်းဆုံး ဖြစ်လိမ့်မယ်”